← Chapters

ဒန်းနှင့် စပျစ်စင်

Vol. 2 Ch. 18

ဒန်းနှင့် စပျစ်စင်

Vol. 2 Ch. 18

နောက်ဖေး ခြံဝင်းအတွင်း။

ချင်အန်း ယူလာသော သစ်သားတုံးများသည် စောစီးစွာကပင် လွှဖြတ်ပြီးရုံသာမက ဆက်ကြောင်းရာများပါ ဖော်ပြီးသားဖြစ်၍ တပ်ဆင်လိုက်ရုံသာ ရှိလေသည်။

ရှောင်လုကျစ်က ထိုလက်သမားဆရာ၏ နောက်သို့လိုက်ကာ တူကူထုပေးလိုက်၊ ပစ္စည်းကူသယ်ပေးလိုက်ဖြင့် သိပ်မကြာမီမှာပင် ဒန်းတစ်ခု ပုံဖော်ပြီးစီးသွားလေသည်။

အနီရောင်တောက်တောက်မှာ လင်ဝမ်ယိ၏ လက်ရှိရာထူးဖြင့် သုံးခွင့်မရှိသော အရောင်ဖြစ်၍ သစ်သားအပြင်ဘက်တွင် ဆေးသုတ်ထားခြင်း မရှိပေ။ သို့သော် သစ်သားကို ချောမွတ်နေအောင် တိုက်ပြီး ဆီစိမ်ထားသည်မှာ ကြာပြီဖြစ်၍ သစ်သား၏ သဘာဝအရောင်မှာ ပို၍ပင် ပေါ်လွင်လှပနေလေသည်။

သစ်သားဆက်ကြောင်းများမှာလည်း သပ်ရပ်လွန်းသဖြင့် မည်သည့်နေရာတွင် ဆက်ထားမှန်းပင် မသိသာဘဲ သဘာဝအတိုင်း ဖြစ်တည်နေသကဲ့သို့ပင် ရှိလေသည်။

ရှောင်လုကျစ်က သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး ခိုင်ခံ့မှုရှိကြောင်း သေချာမှ စင်ထိုးရန် စတင် ပြင်ဆင်ကြလေသည်။

ဒန်းမှာ နန်း‌ေဆာင်၏ မျက်နှာချင်းဆိုင်တည့်တည့်တွင် ရှိနေသဖြင့် စင်ထိုးရသည်မှာ လွယ်ကူသည်။

နံရံကို ကျောမှီပြုကာ ခြံဝန်း၏ တစ်ဝက်ခန့်ကို သစ်သားဘောင်ခတ်လိုက်ပြီး၊ အပေါ်မှ ဒေါင်လိုက်နှင့် အလျားလိုက် သစ်သားချောင်းများ ဆက်လိုက်ရာ မကြာမီမှာပင် စင်၏ အမိုးပိုင်း ပြီးစီးသွားလေသည်။

လောလောဆယ် ကြည့်လိုက်လျှင်တော့ ပြောင်ရှင်းရှင်းနှင့် ရုပ်ဆိုးနေသော်လည်း နောင်နှစ် နွယ်ပင်များ တက်လာလျှင် လှပသွားပေလိမ့်မည်။

ထိုအချက်ကိုတော့ ချွမ်ချီ စိတ်မပူပေ။

ထို့ကြောင့် ချင်ကုန်းကုန်း ကို လှည့်ပြီး ရိုးသားစွာ ပြောလိုက်လေသည်။

"ချင်ကုန်းကုန်း ကို ဒုက္ခပေးရပြန်ပြီ... အဆင်ပြေမယ်ဆိုရင် စပျစ်စေ့လေးတွေပါ ရှာပေးပါဦး..."

"ဒါက လွယ်ပါတယ်... ခဏနေရင် လာပို့ခိုင်းလိုက်ပါ့မယ်..."

"ကျေးဇူးတင်ပါတယ် ကုန်းကုန်း..."

ပြောပြီးသည်နှင့် ချင်ကုန်းကုန်း ကို ဒူးညွှတ်ကာ ဂါရဝပြုလိုက်သည်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... ချွမ်ချီ က ယဉ်ကျေးလွန်းပါပြီ..."

နန်းတော်ထဲတွင် ချင်ကုန်းကုန်းနှင့် ရှောင်လုကျစ်ကဲ့သို့သော လူမျိုးများနှင့် ဆုံတွေ့ရလိမ့်မည်ဟု ချွမ်ချီ ထင်မှတ်မထားခဲ့ပေ။ သူမက စိတ်ကြီးဝင်နေသည့် လူများကိုသာ တွေ့ရမည်ဟု တွေးထင်ထားခဲ့သော်လည်း လက်တွေ့တွင်မူ အားလုံးက ပြောဆိုဆက်ဆံရ အတော်လေးလွယ်ကူသည်ပင်။

ပြန်စဉ်းစားကြည့်လိုက်တော့လည်း သခင်မလေး က အချစ်တော် ဖြစ်နိုင်ချေ အများဆုံးမို့လို့ နေမှာပါလေ…

ဒါပေမဲ့ ၇ ရက် ၈ ရက်လောက် ရှိနေပြီ... ချန်အန်းနန်းဆောင် ဘက်က ဘာသံမှ မကြားရသေးဘူး...

သူမ မေးချင်သော်လည်း သခင်မလေး ကို ဒုက္ခပေးမိမှာစိုးလို့ အောင့်ထားလိုက်ရသည်။

သို့သော် သူမ၏ အတွေးကို ချင်ကုန်းကုန်းက ရိပ်မိသွားလေသည်။

ထို့ကြောင့် ပြုံးကာ သူမအား ပြောလေသည်။ “ချွမ်ချီ စိတ်မပူပါနဲ့... သခင်မလေးက ဘုန်းကံကြီးမားပါတယ်”

ထိုစကားမှာ ဘာမျှရေရေရာရာပြောပြလိုက်သည် မဟုတ်သော်လည်း ချွမ်ချီကမူ ကြားလိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားသည်။

သူမ ‌မျက်လုံးများ အရောင်လက်သွားပြီး မျက်နှာပေါ်မှ ပျော်ရွှင်မှုများကို ဖုံးဖိ၍ မရတော့ပေ။ သူမက အမှားပါသွားမည်စိုးသဖြင့် အမြန်ပြောလိုက်လေသည်။

“ကုန်းကုန်း ခဏစောင့်ပါဦး... ကျွန်မ မီးဖိုချောင်ထဲမှာ ဟင်းချို ချက်ထားတယ်... အားလုံး သောက်ရအောင် နှစ်ပန်းကန်လောက် သွားယူလိုက်ဦးမယ်”

ချင်ကုန်းကုန်း ပြန်မပြောနိုင်ခင်မှာပင် သူမ လှည့်ထွက်သွားလေပြီ။

တကယ့်ကို စေတနာကောင်းတဲ့ ကောင်မလေးပဲ... ဒီလို စိတ်ထားလေး အမြဲ ရှိနေပါစေလို့ မျှော်လင့်တယ်...

လက်သမားဆရာက စင်ကို သေသေချာချာ ဆောက်လုပ်နေစဉ် ချင်ကုန်းကုန်း က ရှောင်လုကျစ် ကို ဘေးသို့ ခေါ်ထုတ်သွားပြီး လေသံနှိမ့်ကာ မေးမြန်းလိုက်သည်။

"ဘယ်လိုလဲ... ဒီမှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား..."

"ဟုတ်ကဲ့... သခင်မလေး က သဘောကောင်းတယ်... တစ်ခါမှ ရိုက်နှက်ဆူပူတာမျိုး မရှိဘူး... သူ့နားက အစ်မနှစ်ယောက်ကလည်း သဘောကောင်းပါတယ်... မမချွမ်ချီ က နေ့တိုင်း စားစရာ လုပ်ကျွေးတယ်... မမရှအန်း ကလည်း အမြဲ ဂရုစိုက်ပြီး ပစ္စည်းကောင်းလေးတွေ ပေးတတ်တယ်..."

ထိုစကားကြားမှ ချင်အန်း စိတ်သက်သာရာ ရသွားသည်။

ကြည့်ရတာ ဒီကို ပို့လိုက်တာ မှန်သွားပြီ...

ထို့ကြောင့် ရှောင်လုကျစ် ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

“ကောင်းတယ်... ဒါဆိုရင် မင်း ဒီမှာ သေချာ ကြိုးစားပြီး အလုပ်လုပ်... ငါကြည့်ရသလောက် ဒီ လင်းသခင်မလေးက သာမန်လူ မဟုတ်ဘူး... နောက်ဆိုရင် သေချာပေါက် ကံကောင်းခြင်းတွေ ရောက်လာလိမ့်မယ်... မင်း အခုကတည်းက သူ့နောက်လိုက်ပြီး သစ္စာရှိရှိ အလုပ်လုပ်ထားရင် သူ ရာထူးတက်တဲ့အခါ မင်းလည်း အလိုလိုနေရင်း ဒီမှာ ဆက်နေခွင့်ရသွားမှာ”

"သခင် ပြောတာ မှန်ပါတယ်... ကျွန်တော် နားလည်ပါပြီ..."

ချင်ကုန်းကုန်းက ‌ရှောင်လုကျစ်ကို ချစ်ခင်စွာကြည့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်နှင့် ပြန်နေလိုက်သည်။

ချွမ်ချီ ဟင်းချို ယူပြီး ပြန်ရောက်လာချိန်တွင် အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေလေပြီ။

ချင်ကုန်းကုန်း က ဘေးကနေ ကြည့်နေပြီး ရှောင်လုကျစ် နှင့် လက်သမားဆရာတို့ လုပ်နေသော စင်မှာလည်း ပြီးခါနီးနေပြီ ဖြစ်သည်။

နာရီဝက်ခန့် အကြာတွင် ဒန်းနှင့် စင် ဆောက်လုပ်ပြီးစီးသွားလေပြီ။

ချင်ကုန်းကုန်းနှင့် သူ့လူများလည်း လင်ဝမ်ယိကို နှုတ်ဆက်ပြီး ပြန်ထွက်သွားကြတော့လေသည်။

သူတို့ ပြန်သွားကြမှ လင်ဝမ်ယိ လည်း ရှအန်း ကို ခေါ်ပြီး လာကြည့်လေသည်။

ဒန်းက မကြီးလှ၊ တစ်ယောက်ထိုင်စာသာ ရှိသည်။ သို့သော် ခိုင်ခံ့ပုံရသည်။ အကောင်းဆုံးအချက်မှာ ဘေးနားတွင် နေရာလွတ် ကျန်နေသေးသဖြင့် နွေရာသီ အပျင်းပြေ အနားယူချင်လျှင် ကုလားထိုင်ရှည်တစ်လုံး ယူလာပြီး သက်တောင့်သက်သာ လှဲနေလို့ ရသည်။

စင်ကမူ အမိုးပွင့်ပုံစံပင်။ မြေပြင်အနေအထားနှင့် နံရံကို အမှီပြုပြီး ခြံဝင်းတစ်ဝက်လောက်ကို မိုးထားသော်လည်း အိပ်ခန်း၏ နောက်ပြတင်းပေါက်ကိုတော့ ကွယ်မနေပေ။

ဒီလိုဆိုရင် နွယ်ပင်တွေ တက်လာရင်တောင် လောင်းရိပ်မိမှာ မဟုတ်ဘူး… လေတိုက်လာရင် စပျစ်သီးရနံ့တွေတောင် ရနိုင်သေးတယ်…ကောင်းလိုက်တာ…တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ...

“ချင်ကုန်းကုန်းက အလုပ်လုပ်တာ တကယ် စေ့စပ်သေချာတာပဲ... ရွေးလာတဲ့လူတွေကလည်း ကျွမ်းကျင်လိုက်ကြတာ”

လင်ဝမ်ယိ စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်တာဖြစ်သော်လည်း ရှောင်လုကျစ် ကြားအောင် တမင် ပြောလိုက်တာလည်းဖြစ်၏။

ရှောင်လုကျစ်က အသက်ငယ်သေးသော်လည်း နန်းတွင်းထဲရောက်နေသည်မှာ ကြာပြီဖြစ်၍ ထိုစကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ပေသည်။

ထို့ကြောင့် ချက်ချင်း ဒူးထောက်ချလိုက်ပြီး တောင်းပန်လေတော့သည်။

"သခင်မလေး... ကျွန်တော့်ကို အပြစ်ပေးပါ..."

သူ ဒူးထောက်လိုက်သည်ကို ရှအန်း က ဘာမှ မဖြစ်သလို နေသော်လည်း ချွမ်ချီ မှာမူ မျက်မှောင်ကြုတ်သွားမိသည်။

ကောင်းတာ လုပ်ပေးတာပဲဟာ... ဘာလို့ အပြစ်ပေးခိုင်းရတာလဲ...

သူမ၏ သခင်မလေး ကို မော့ကြည့်လိုက်သောအခါ သူမက တည်ငြိမ်နေသည်ကို တွေ့ရသည်။

ပုံမှန် သဘောကောင်းသော သခင်မလေး က ယခုအခါ တစ်ခွန်းမှမဆိုသည်ကို တွေ့လိုက်ရလျှင် ရှောင်လုကျစ်တစ်ယောက် သူ ပေါ့ဆသွားမှန်း သိလိုက်လေသည်။

ထို့ကြောင့် ကမန်းကတန်း ပြောလိုက်လေသည်။

"ကျွန်တော် သခင်မလေး ပြောတဲ့စကားကို သခင့်ဆီ သွားပြန်ပြောမိတာ မှားသွားပါတယ်... မရည်ရွယ်ပေမဲ့ သခင်မလေး ကို သစ္စာဖောက်သလို ဖြစ်သွားပါတယ်... ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ သခင်မလေး ကို ဒုက္ခပေးချင်တဲ့စိတ် တစ်စက်မှ မရှိပါဘူး... ရှိခဲ့ရင် အသေဆိုးနဲ့သေပါစေ..."

ပြောပြီးသည်နှင့် ခေါင်းကို ကြမ်းပြင်နှင့် စောင့်ကာ အလေးပြုလိုက်ပြီး လင်ဝမ်ယိကို ပြတ်သားသော အကြည့်များဖြင့် မော့ကြည့်လာသည်။ မျက်ဝန်းအိမ်တွင်မူ မျက်ရည်များ ဝိုင်းနေလျက်။

ထိုအခြေအနေကို မြင်မှ ချွမ်ချီ သဘောပေါက်သွားတော့သည်။

ဒီ ရှောင်လုကျစ် က သူတို့ နန်းဆောင်က လူ မဟုတ်ဘူးလေ… သူ့အထက်က သခင်အစစ်က ချင်ကုန်းကုန်း ပဲ…။

ဒါပေမဲ့ ဒီရက်ပိုင်း အတူနေရင်း ခင်ပြီး အဲဒါကိုမေ့သွားတာ။

တော်သေးတာပေါ့... ဒန်းလုပ်ချင်တဲ့အကြောင်းလေးပဲ ပါသွားလို့... တကယ်လို့များ မပြောသင့်မပြောထိုက်တဲ့ စကားတွေသာ ပါသွားရင် သခင်မလေး ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး...

ထိုသို့တွေးမိရင်း သူမကျောချမ်းသွားရသည်။

ချွမ်ချီ၏ ရှောင်လုကျစ် ကို ကြည့်လိုက်သော အကြည့်များတွင် ရှုပ်ထွေးမှုနှင့် သံသယအငွေ့အသက်များ စွက်လာ၏။

လေပြည်လေညှင်းများ တိုက်ခတ်နေပြီး နေမင်းကြီးလည်း မြင့်တက်လာလေပြီ။ နွေးထွေးသော နေရောင်ခြည်က ရှောင်လုကျစ် ကိုယ်ပေါ် ကျရောက်နေသော်လည်း သူကမူ နွေးထွေးမှုကို မခံစားရပေ။

ဒူးထောက်ရတာ ကြာလို့ ဒူးများပင် ထုံကျင်လာမှ လင်ဝမ်ယိ ၏ အေးစက်စက် အသံကို ကြားလိုက်ရသည်။

"ထတော့…”

"ကျေးဇူးတင်ပါတယ် သခင်မလေး..."

ကြမ်းပြင်ပေါ်တွင် ကျောက်စရစ်ခဲများ မရှိသာ တော်တော့သည်။ မဟုတ်လျှင် သူ့ဒူးများ သွေးထွက်ကုန်တော့မှာပင်။

သို့သော် သူ စိုးရိမ်နေဆဲပင်။ သခင်မလေး က သူ့ကို ခွင့်လွှတ်ကြောင်းမပြောသေးပေ။ အကယ်၍ သည်ကိစ္စကြောင့် သူသာ ဒီမှာ ဆက်နေခွင့် မရတော့ရင် ကိုယ့်ထမင်းအိုး ကိုယ်ခွဲသလို ဖြစ်သွားတော့မည်။

ထို့ကြောင့် အံကိုကြိတ်ပြီး အလျင်အမြန် ပြောလိုက်လေသည်။

"သခင်မလေး... ကျွန်တော် ၆ နှစ်သားကတည်းက နန်းတွင်းရောက်လာတာ... အခုဆို ၈ နှစ် ရှိပါပြီ... နန်းတွင်းထဲမှာ ဒုက္ခပေါင်းစုံ ကြုံဖူးတယ်... လူပေါင်းစုံ တွေ့ဖူးတယ်... ချင်ကုန်းကုန်းကသာ ကျွန်တော့်ကို သိုလှောင်ရုံကနေ ဆွဲထုတ်ပြီး မစောင့်ရှောက်ခဲ့ရင် ကျွန်တော်မျိုး သခင်မလေးဆီမှာ လာပြီး အမှုထမ်းခွင့် ရမှာ မဟုတ်ပါဘူး... ဒီတစ်ခေါက်က ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် လုပ်မိတာပါ... သခင်မလေး ခွင့်လွှတ်ပေးပါ... နောက်ဆို မလုပ်ရဲတော့ပါဘူး..."

သူပြောပုံက ရိုးသားမှန်ကန်သဖြင့် လင်ဝမ်ယိ လည်း သံသယ မဝင်ပေ။

သို့သော် လူတစ်‌ေယာက်က စိတ်နှစ်ခွ ထားလို့ မရသလို၊ အစေခံတစ်ယောက်က သခင်နှစ်ယောက်ကို ပြိုင်တူ အမှုထမ်း၍ မရပေ။ အကယ်၍ သူ တကယ် ဆက်နေချင်သည်ဆိုလျှင် ဤအချက်ကို ရှင်းရှင်းလင်းလင်း သိထားမှ ရမည်။

All Chapters