← Chapters

သစ္စာရှိတဲ့ အစေခံများ

Vol. 2 Ch. 19

သစ္စာရှိတဲ့ အစေခံများ

Vol. 2 Ch. 19

"ငါ အိမ်မှာ နေတုန်းက တောကြောင်တစ်ကောင် မွေးဖူးတယ်... အဲဒီနှစ် ဆောင်းတွင်းက နှင်းတွေကျလွန်းလို့ ကြောင်လေး ခဲပြီး သေခါနီး ဖြစ်နေတာ... နောက်တော့ ငါနဲ့ ချွမ်ချီ က အိမ်ထဲခေါ်လာပြီး သေချာ ဂရုစိုက်ပေးလိုက်တော့ လိမ္မာပြီး ချစ်စရာလေး ဖြစ်လာတယ်..."

"ဒါပေမဲ့ နွေဦးရောက်တော့ နေရာအနှံ့ လိုက်ရှာတာတောင် အရိပ်အယောင် မတွေ့ရတော့ဘူး... အဲဒီတော့မှ ငါ သိလိုက်ရတာက ငါ့ရဲ့ ခြံဝင်းလေးက သူ့အတွက် ယာယီနားခိုစရာတစ်ခုပဲ ဆိုတာကိုပေါ့... အပြင်လောကကြီးက ကျယ်ပြန့်တယ်လေ... ငါ့ ခြံဝင်းလေးထဲက နွေးထွေးမှုလောက်ကို သူက ဘယ်မက်မောပါ့မလဲ..."

လင်ဝမ်ယိ က အတိတ်ကို ပြန်ပြောင်းပြောပြရင်း သတိပေးလိုက်လေသည်။

"အဲဒီကတည်းက ငါ နားလည်သွားတယ်... မမှည့်‌ေသးဘဲခူးထားတဲ့ သစ်သီးက မချိုသလိုပဲ... အတင်းဆွဲထားတဲ့လူကလည်း သစ္စာရှိမှာ မဟုတ်ဘူး... ငါ့နားမှာ စိတ်ပါလက်ပါ မရှိတဲ့လူဆိုရင် ဘယ်လောက်ပဲ တော်နေပါစေ ငါ မလိုချင်ဘူး... ငါ့နားမှာ သစ္စာရှိတဲ့လူကိုပဲ ထားမယ်..."

ထိုစကားများက ရှောင်လုကျစ် ၏ မျက်နှာကို ရိုက်ချလိုက်သကဲ့သို့ ပူထူသွားစေသည်။

လင်ဝမ်ယိ ရှောင်လုကျစ်အား အနည်းငယ် သနားမိသွားသော်လည်း သူမက စိတ်ကိုတင်းထားလိုက်၏။

ဤနေရာက နန်းတွင်း ဖြစ်သည်။ သူမ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် အရိုးပါမကျန်အောင် ဝါးမြိုခံရမည့် နေရာမျိုး ဖြစ်သည်။

ရှောင်လုကျစ်သာ ချင်ကုန်းကုန်း ၏ သတင်းပေးအဖြစ် ဆက်လုပ်နေမည်ဆိုလျှင် သူ့အနားတွင် ဆက်ထား၍ မဖြစ်တော့ချေ။

ရှအန်း နှင့် ချွမ်ချီ တို့က ချက်ချင်း ဒူးထောက်ချလိုက်ပြီး လင်ဝမ်ယိ ကို သစ္စာဆိုကြလေသည်။

"ကျွန်တော်မျိုးမ တို့ သခင်မလေး ကို စိတ်ပါလက်ပါ ပြုစုပါ့မယ်... ဒီတစ်သက် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး.... သစ္စာဖောက်ခဲ့ရင် အသေဆိုးနဲ့သေရပါစေ..."

ရှောင်လုကျစ် လည်း လိုက်ပါ ဒူးထောက်လိုက်ပြီး သည်တစ်ကြိမ်တွင်တော့ ပြတ်သားစွာ ပြောဆိုလိုက်လေသည်။

"သခင်မလေး စိတ်ချပါ... ကျွန်တော်လည်း အစ်မတို့နှစ်ယောက်လိုပဲ သခင်မလေး ကို စိတ်ပါလက်ပါ ပြုစုပါ့မယ်... သစ္စာမဖောက်ပါဘူး... ချင်ကုန်းကုန်း ဘက်ကိုတော့ ကျွန်တော့်ဘာသာ ရှင်းလိုက်ပါ့မယ်..."

သူ၏ သစ္စာရှိမှုကို သည်စကားတစ်ခွန်းတည်းနှင့် ဆုံးဖြတ်၍ မရသေးချေ။ ရေရှည် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

သို့သော် လောလောဆယ်တွင်တော့ လင်ဝမ်ယိ သူ့ကို သုံးပုံတစ်ပုံလောက် ယုံကြည်ပေးလိုက်မည်။

ထို့ကြောင့် သူမက သက်ပြင်းချကာ ပြောလိုက်လေသည်။

"ထကြတော့... နားထောင်ကောင်းတဲ့ စကားတွေက အလကားပဲ... စိတ်ထဲမှာ တကယ်ရှိဖို့ကသာ အဓိကဆိုတာ မှတ်ထားကြ..."

"ဟုတ်ကဲ့ပါ..."

သူမသည် ဒန်းနှင့် စပျစ်စင် ကိစ္စကို အကြောင်းပြပြီး ရှောင်လုကျစ်ကို ပညာပေးလိုက်သည်။ ထိုကိစ္စပြီးသွားသည့်နောက်မှာတော့ လင်ဝမ်ယိက ထပ်မပြောတော့ဘဲ ဘာမှ မဖြစ်ခဲ့သလိုပင် နေလိုက်တော့သည်။

စပျစ်စေ့များ ရောက်လာသောအခါ ချွမ်ချီ က ရှောင်လုကျစ် ကို ခေါ်ပြီး နံရံမှာကပ်စိုက်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် ရယ်မောပျော်ရွှင်နေတတ်သော သူတို့နှစ်ယောက်သည် ယခုအချိန်မှာတော့ စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်နေကြ၏။

နောက်ဆုံးတွင်‌ေတာ့ ရှောင်လုကျစ် က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ချွမ်ချီ ကို အားနာစွာ မေးလိုက်သည်။

"မမချွမ်ချီ... ကျွန်တော့်ကို စိတ်ပျက်သွားပြီလား..."

သူ့လေသံမှာ ဝမ်းနည်းနေဟန်စွက်နေပြီး ချွမ်ချီလည်း ကြားရသည်ကို စိတ်မကောင်း ဖြစ်မိ၏။

"နည်းနည်းပါပဲ... သခင်မလေး က အော်ကြီးဟစ်ကျယ် ပြောတတ်တဲ့သူ မဟုတ်ဘူး... ငါ ပြုစုလာတာ ကြာပြီ... တစ်ခါမှ သူ စိတ်ဆိုးတာ မတွေ့ဖူးဘူး... အခုလို တည်တည်ငြိမ်ငြိမ်နဲ့ ဆူတာ ပထမဆုံး မြင်ဖူးတာပဲ..." ထို့နောက် သူမက ဆက်ပြောသည်။

"ဒီနန်းတော်ကြီးက ကြောက်စရာ ကောင်းလိုက်တာ... နေရာတိုင်းမှာ..."

သူမမှာ သခင်မလေး မှာထားသည်ကို သတိရလိုက်ပြီး စကားဆုံးအောင် မပြောရဲဘဲ ပါးစပ်ပိတ်ထားလိုက်ရသည်။

သူမက ဆက်မပြောသော်လည်း ရှောင်လုကျစ်ကမူ နားလည်လိုက်၏။

"မမ စိတ်ချပါ... ကျွန်တော် နန်းတွင်းထဲ နေလာတာ ကြာပြီ... သခင်တွေ အများကြီးကို ပြုစုဖူးတယ်... ဒါပေမဲ့ သခင်မလေး နဲ့ မမ တို့လောက် ကျွန်တော့်အပေါ် စေတနာထားတဲ့သူ မရှိဖူးဘူး... ကျွန်တော်က အ တယ်ဆိုပေမဲ့ ကျေးဇူးသိတတ်ပါတယ်... နောက်ဆို မလုပ်တော့ပါဘူး..."

"ဟုတ်ပါစေတော့ဟာ..."

ချွမ်ချီ သူ့ကို လွယ်လွယ်နှင့် မယုံရဲတော့ပေ။ သူ့ မျက်လုံးထဲက ဝမ်းနည်းမှုတွေကို သူမ မြင်နေရသော်လည်း မမြင်ချင်သာယောင် ဆောင်ထားလိုက်တော့၏။

ရှောင်လုကျစ်သည် သူအမှားလုပ်ထားမိမှန်း သိသဖြင့် ယခု သူ လုပ်နိုင်သည်မှာ အလုပ်ကို သေချာကြိုးစားလုပ်ပြီး သူတို့ခွင့်လွှတ်ပေးဖို့သာ မျှော်လင့်နိုင်တော့သည်။

ထို့ကြောင့် သူက ပုံမှန်ထက် ပိုကြိုးစားပြီး အလုပ်လုပ်လေတော့သည်။

လင်ဝမ်ယိသည် ပြတင်းပေါက်နားတွင် ထိုင်ရင်း “ယွင်ကျိုးမှတ်တမ်းအထွေထွေ” စာအုပ်၏ နဝမမြောက် အခန်းကို ဖတ်နေလေသည်။ သည်စာအုပ်ကို အစ်ကိုကြီးက သူမအတွက် အထူးတလည် ရှာဖွေပေးထားခြင်း ဖြစ်ပြီး ခရီးသွားရတာ ဝါသနာပါသော ပညာရှိတစ်ဦး ရေးသားထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

သူမသည် သူမအဖိုးနှင့်အတူ ၅နှစ်တာမျှ ခရီးထွက်ခဲ့စဉ်တုန်းက တာ့ဝေပြည် ၏ နေရာအနှံ့ ရောက်ဖူးသော်လည်း မြောက်ဘက်ပိုင်း ပြည်နယ်များကိုတော့ မရောက်ဖူးခဲ့ပေ။

ထို့ကြောင့် သည်မှတ်တမ်းကို ဖတ်ရသည်မှာ ကိုယ်တိုင်ရောက်သွားသလို ခံစားရပြီး အလွန် စိတ်ဝင်စားစရာ ကောင်းလေသည်။

ရှအန်း အနောက်ပြတင်းပေါက်မှ တဆင့် ရှောင်လုကျစ်နှင့် ချွမ်ချီတို့နှစ်ယောက်သား မြေကြီးများကို ဆွရင်း ရေလောင်းနေကြသည်ကို ‌တွေ့ရ၏။

သူမက ပြတင်းပေါက်ကို ချလိုက်ပြီး လင်ဝမ်ယိ ရှေ့သို့ လျှောက်လာကာ တိုးတိုးလေး ပြောလိုက်လေသည်။

"သခင်မလေး... ရှောင်လုကျစ် ကိစ္စက..."

"ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ လျှို့ဝှက်ချက်တွေ သူ့လက်ထဲ ရောက်သွားတာမှ မဟုတ်တာ... နောက်ပိုင်း သတိထားရင် ပြီးတာပါပဲ... အိမ်အကြောင်းတွေ သူ့ရှေ့မှာ မပြောမိစေနဲ့..."

"ဟုတ်ကဲ့ပါ..."

"ကြည့်ရတာ ရှောင်လုကျစ် က ချင်ကုန်းကုန်း ရှေ့မှာ မျက်နှာရတဲ့ပုံပဲ... ချွမ်ချီ ကို ပြောလိုက်ဦး... ဒီကိစ္စကြောင့် ရှောင်လုကျစ် ကို အရမ်းကြီး ဖိမဆက်ဆံနဲ့လို့”

"ကျွန်တော်မျိုးမ သိပါပြီ..."

ပြောပြီးသည်နှင့် လင်ဝမ်ယိ စာဆက်ဖတ်သော်လည်း စာထဲစိတ်မဝင်စားတော့ချေ။

နန်းတွင်းထဲမှာ အေးအေးဆေးဆေး နေဖို့ဆိုတာ တကယ် ခက်ခဲပါလား...

ချွမ်ချီမှာ တစ်မနက်ခင်းလုံး အလုပ်ရှုပ်နေသဖြင့် နေ့လယ်စာ မချက်လိုက်ရပေ။ ထို့ကြောင့် သူတို့ သုံးယောက်သား တော်ဝင်စားဖိုဆောင် မှ ပို့လာသော အစားအစာများကိုသာ စားလိုက်ရသည်။

ယနေ့ ဟင်းပွဲများက မဆိုးလှ။

အရိုးပြုတ်ရည်ဖြင့် ချက်ထားသော ဟင်းရည်ထဲတွင် “သုံးမျိုးစပ်အသားလုံး” များ ပါဝင်ပြီး အရောင်အဆင်း လှပကာ စားချင်စဖွယ် ဖြစ်နေသည်။

မီးပြင်းပြင်းနှင့် ကြော်ထားသော အမဲအူကြမ်းကြော်ထဲတွင် ပဲပင်ပေါက်များ ထည့်ထားသည်။ အူကြမ်းက ဝါးလို့ကောင်းသလို ပဲပင်ပေါက်ကလည်း လတ်ဆတ်ပြီး ကြွပ်ရွနေသည်။

အထဲတွင် အနံ့ပြင်းသော ငရုတ်သီးများ ထည့်ထားသော်လည်း လင်ဝမ်ယိအတွက်တော့ မစပ်လှပေ။

"သခင်မလေး က အစပ်စားနိုင်တာ တကယ်ပဲ..."

ချွမ်ချီ က အမဲအူကြမ်းကြော်ထဲက ငရုတ်သီးတွေကို ကြည့်ပြီး စားချင်စိတ် ပျောက်သွားတော့သည်။

သူမက အစပ်ကြောက်သူ ဖြစ်သည်။ နည်းနည်းလေး စားလိုက်တာနှင့် ချွေးတွေ ပြန်လာတတ်သည်။ လင်ဝမ်ယိ လိုမျိုး ပိုစပ်တာတွေကိုပင် စားနိုင်သူ မဟုတ်ပေ။

"အဘိုးအိမ်မှာတုန်းက ရှူကျိုးပြည်နယ် က စားဖိုမှူးတစ်ယောက် ရှိတယ်... ဟင်းချက်တိုင်း အစပ်ထည့်ချက်တတ်တယ်... အစတုန်းကတော့ ငါလည်း မစားတတ်ပါဘူး... နောက်တော့ အစပ်မပါရင် မစားတတ်တော့ဘူး..."

ရှအန်း ပြုံးလိုက်သည်။ သူမ သခင်မသုန် အိမ်မှာ ရှိစဉ်က ထို ရှူကျိုး စားဖိုမှူးကို တွေ့ဖူးသည်။ အစပ်အရမ်းထည့်သော်လည်း သူ့ဟင်းများက အပူကန်တာမျိုး မဖြစ်သဖြင့် အခြား စားဖိုမှူးများ မနာလို ဖြစ်ကြသည်ပင်။

တော်ဝင်စားဖိုဆောင် က လူတွေက လွန်ခဲ့တဲ့ရက်ပိုင်းက ပို့လိုက်သည့် အစားအစာတွေထဲမှ အစပ်ပါတာတွေကို လင်ဝမ်ယိ ကြိုက်မှန်း သိသွားလို့ သည်နေ့ အမဲအူကြမ်းကြော် ပို့လိုက်တာ ဖြစ်မည်။

လင်ဝမ်ယိသည် အူကြမ်းဖတ်ဟင်းနှင့် ထမင်းတစ်ဝက်ခန့် စားလိုက်လေသည်။ အရိုးပြုတ်ဟင်းရည် တစ်ခွက်ပါ သောက်လိုက်ရာ တစ်ကိုယ်လုံး နေလို့ကောင်းသွား၏။

ရှေးလူကြီးတွေ ပြောသလိုပဲ... စားဝတ်နေရေးက အဓိကပဲ... ဗိုက်ဝရင် စိတ်ချမ်းသာတယ် ဆိုတာ တကယ်ပဲ...

သို့သော် ထိုစိတ်ချမ်းသာမှုမှာ ကြာကြာမခံလိုက်ပေ။ သူတို့၏ အေးချမ်းမှုကို ဖျက်ဆီးမည့်သူ ရောက်လာလေသည်။

ရှောင်လုကျစ် က ဟယ့်ကုန်းကုန်း ကို ကြိုဆိုပြီး ခေါ်လာသည်ကို မြင်လိုက်ရုံနှင့် သူ ဘာပြောမည်ကို လင်ဝမ်ယိ သိလိုက်သည်။

ချွမ်ချီကတော့ ဟယ့်ကုန်းကုန်း ကို မြင်သည်နှင့် မျက်နှာတွင် ပျော်ရွှင်မြူးထူးသွားတော့၏။

သခင်မလေး အိပ်ဆောင်ဝင်ခဲ့တာ ရက်တော်တော် ကြာနေပြီ... အရှင်မင်းကြီးသာ ထပ်မခေါ်ရင် အပြင်လူတွေ အတင်းပြောကြတော့မှာ...

ထို ဟယ့်ကုန်းကုန်း သည် အိပ်ဆောင်ဝင်မည့်ကိစ္စများကို စီမံရသော ခေါင်းဆောင်မိန်းမစိုး ဖြစ်သည်။ ကြည့်ရသည်မှာ ပိန်ပိန်ပါးပါးနှင့် စကားနည်းပုံရသော်လည်း အမှန်မှာမူ စကားပြော ချိုသာလှသည်။ သူသည် တွေ့သမျှလူတိုင်းကို ယဉ်ကျေးစွာ ဆက်ဆံတတ်သည်။ ယခုလည်း သူက ပြုံးရွှင်စွာ ပြောလာလေ၏။

"ကျွန်တော်မျိုး သခင်မလေး ကို ဂါရဝပြုပါတယ်..."

"ဟယ့်ကုန်းကုန်း... ထပါ..."

"ကျေးဇူးတင်ပါတယ် သခင်မလေး... ကျွန်တော်မျိုး ဒီနေ့ လာတာက သခင်မလေး ကြိုတင်ပြင်ဆင်ထားဖို့ လာပြောတာပါ... အရှင်မင်းကြီးက သခင်မလေး ရဲ့ အမည်စာလွှာကို ရွေးလိုက်ပါတယ်... ခဏနေရင် ဝေါယာဉ် လာကြိုပါလိမ့်မယ်..."

ပထမတစ်ကြိမ် အတွေ့အကြုံရှိထားပြီမို့ ယခုတစ်ကြိမ်တွင် လင်ဝမ်ယိ သိပ်မကြောက်တော့ပေ။

All Chapters