အခြေမခိုင်သေးဘူး
Vol. 2 Ch. 13
ယွီရှူးနန်းဆောင်တွင်းရှိ ခရမ်းရောင် စန္ဒကူးသားထိုင်ခုံကြီးပေါ်တွင် ယီဖေး သည် တင့်တယ်ကျော့ရှင်းစွာ ထိုင်နေလေသည်။ ဘေးနားရှိ စားပွဲခုံလေးပေါ်တွင် ရွှေကွပ်ထားသည့် ကြေးနီမီးဖိုလေး ရှိပြီး အထဲတွင် အနောက်မြောက်ဒေသထွက် လမင်းသင်းပျံ့နံ့သာ ကို ထွန်းညှိထားသည်။ သင်းပျံ့မွှေးကြိုင်သော ရနံ့က နှလုံးသားအထိ စိမ့်ဝင်သွားစေနိုင်သည့် ချိုမြိန်မှုမျိုးကို ပေးစွမ်းလျက်။
ယင်းမှာ ယီဖေး အနှစ်သက်ဆုံး ရနံ့ပင် ဖြစ်ေလသည်။
သို့သော် ထိုမျှကောင်းမွန်သော ရနံ့ကို ထိုနေရာရှိ အခြားတစ်ယောက်ကတော့ စိတ်ဝင်စားခြင်းမရှိပေ။
ချူကွေ့ရန်မှာ မကျေမနပ် ဒေါသထွက်လျက်ရှိသည်။ သူမက ယီဖေး မရောက်ခင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြနေရင်း လင်ဝမ်ယိအကြောင်းကို စိတ်ရှိလက်ရှိ လုပ်ကြံဖန်တီး ပုံဖော်ပြောဆိုနေတော့သည်။ လင်ဝမ်ယိကို တိုင်းပြည်ဖျက်မည့် မိန်းမယုတ်ဟု မပြောရုံတမယ်ပင်။
"သခင်မ... အဲဒီ လင်တာရင် က ကြည့်လိုက်တာနဲ့ အရှင်မင်းကြီးကို မြှူဆွယ်မယ့် ပုံစံမျိုး... တကယ်လို့သာ အရှင်မင်းကြီး အချစ်တော် ဖြစ်သွားခဲ့ရင် ကွေ့ဖေးအတွက် ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်သွားမှာပေါ့..."
သူမသည် လင်ဝမ်ယိ ကို မုန်းတီးလွန်းသဖြင့် ယီဖေး ၏ လက်ကိုပင််ငှားပြီး ချက်ချင်း သွားသတ်ပစ်ချင်နေမိသည်။
တကယ်တမ်း ပြောရလျှင် လင်ဝမ်ယိ နှင့် သူမအကြား ကြီးမားသော ရန်ငြိုးရန်စ ရှိသည်မဟုတ်ပေ။ သူမ မာန ထိခိုက်ခဲ့ရခြင်းကြောင့်ပင်။
အပျိုဘော်ဝင်ချိန်ကတည်းက သူမသည် နေရာတိုင်းတွင် ထိပ်ဆုံးမှသာ နေချင်ခဲ့သူ ဖြစ်သည်။ အထူးသဖြင့် စစ်သူကြီးအိမ်တော်များ စုဝေးရာ အနောက်မြောက်ဒေသ တွင် သူမ၏ တောက်ပသော အလှတရားသည် အခြားသူများထက် အပုံကြီးသာသည်ဟု ဆိုနိုင်သည်။
ယခု နန်းတွင်းဝင်လာသောအခါ သူမ၏ ရုပ်ရည်သည် အလယ်အလတ်အဆင့်လောက်သာ ရှိတော့သည်။
နန်းတွင်းဝင်ခွင့် ရသူတိုင်းအတွက် အလှပဂေးလေးများ ဖြစ်ကြသည်မှာ အခြေခံအချက်ပင် ဖြစ်သည်။ အထူးသဖြင့် လင်ဝမ်ယိ နှင့် ယှဉ်လိုက်လျှင် သူမ၏ သာမန်ရွက်ကြမ်းရည်ကျိုမျှသာ ဖြစ်သွားသဖြင့် သူမ အလွန်မကျေမနပ် ဖြစ်ရလေသည်။
“ကွေ့ဖေးက ကိုယ်တိုင် သားမမွေးနိုင်တော့ အိမ်က ငယ်ငယ်ချောချောလေးတစ်ယောက် ရှာသွင်းလိုက်တာ ဘာသဘောလဲဆိုတာ ဘယ်သူမဆို ကြည့်တာနဲ့ သိနိုင်တာပဲ…သခင်မ... ကျွန်မတို့ရဲ့ တတိယမင်းသားက အခုချိန်မှာ အရှင်မင်းကြီးရဲ့ အချစ်တော်ဆိုပေမယ့် မင်းသားတွေ တသီတတန်းကြီး မွေးလာကြရင် အဲဒီ့အချစ်တော်နေရာက ဘယ်လောက်ကြာကြာ ခံပါ့မလဲ…တတိယမင်းသားရဲ့ ရှေ့ရေးကို ထိခိုက်လာရင် မကောင်းဘူးလေ”
ချူမိသားစု သည် အနောက်မြောက်နယ်စားမင်း ကို မှီခိုနေရသလို ချူကွေ့ရန် သည်လည်း ယီဖေး ကို မှီခိုနေရသည်။
ထိုစကားများက ယီဖေးတွေးနေသည်နှင့် တစ်ထပ်တည်းပင်။ သူမက လက်ထဲမှ ကျောက်စိမ်းလှိမ့်တုံး လေးကို ကစားနေလိုက်သည်။ ထိုအရာသည် လွန်ခဲ့သော ရက်ပိုင်းက သူမ မိဘအိမ်မှ လူလွှတ်ပြီး ပို့ပေးလိုက်ခြင်း ဖြစ်ကာ အလှအပထိန်းသိမ်းရာတွင် အလွန်ကောင်းမွန်သည်ဟု ဆိုကြ၏။
သူမ၏ မျက်နှာသွင်ပြင်မှာ သာမန်မျှသာ ဖြစ်သော်လည်း အထိန်းအသိမ်းကောင်းသဖြင့် လင်ကွေ့ဖေး ထက် အသက်ကြီးသော်လည်း ချူကွေ့ရန်ယှဉ်လျှင် ရွယ်တူကဲ့သို့ဖြစ်နေလေသည်။
“မင်းမြင်တဲ့အကွက်ကို လင်တာရင်ကလည်း မြင်မှာပါပဲ… စိတ်ချလက်ချသာ နေစမ်းပါ… လင်မိသားစုက အလိုလိုကို ရှုပ်ထွေးနေတဲ့ သပွတ်အူတွေ… ငါတို့က အခြေအနေကို စောင့်ကြည့်ရုံပဲ ရှိတာ”
“သခင်မ...”
ယီဖေးက နန်းတွင်း ရောက်နေသည်မှာ ကြာပြီဖြစ်၍ နန်းဆောင်အသီးသီးမှ ကိုယ်လုပ်တော်များ၏ နောက်ကြောင်းကို ကောင်းကောင်း နားလည်ထားသည်။
ထို့ကြောင့် အမတ်ချုပ်အိမ်တော် ၏ အခြေအနေကိုလည်း အကြမ်းဖျင်း သိထားပြီး ဖြစ်သည်။
သူမအနေဖြင့် ကိုယ်တိုင်ဝင်ပါစရာပင်မလို၊ လင်ကွေ့ဖေး ကိုယ်တိုင်ကပင် ဒီလင်တာရင်ကို အမြင့်သို့ အလွယ်တကူ တက်လှမ်းခွင့် ပြုလိမ့်မည်မဟုတ်ဟု တွေးမိသည်။
ကျားနှစ်ကောင် တစ်တောင်တည်း မနေနိုင် ဆိုသကဲ့သို့ လင်ညီအစ်မနှစ်ယောက် အတူလက်တွဲပြီး နေရာယူနိုင်သလို၊ အချင်းချင်း ပြန်ကိုက်ပြီး ပြိုင်ဆိုင်နိုင်ချေလည်း ရှိသည်မဟုတ်ပေလား။
ထိုသို့ တွေးမိသောအခါ ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာသည်ဟု သူမ ထင်မိ၏။
ချူကွေ့ရန်မှာမူ ထိုအရာကို သဘောမပေါက်နိုင်ဘဲ ယီဖေး၏ လုပ်ရပ်သည် ကျားကို တောထဲလွှတ်ပေးလိုက်သလို ဖြစ်နေသည်ဟုသာ တွေးနေမိသည်။ လင်ဝမ်ယိ နန်းတွင်းသို့ ရောက်ကာစအချိန်မှာ အပြတ်အသတ် နှိပ်ကွပ်မထားဘဲ အချစ်တော် ဖြစ်လာမှ ပြိုင်မှာတဲ့လား…။
သူမမှာ ရင်ထဲတွင် ဒေါသများ ပြည့်နေသော်လည်း ယီဖေး ရှေ့မို့ မပေါက်ကွဲရဲပေ။
ယီဖေး ကမူ ချူကွေ့ရန် ၏ စူပုတ်နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ ဘာတွေးနေသည်ကို သိနေလေသည်။
"ကဲပါ... ဒီနေရာ ရှန်းကျင်း မြို့တော် နန်းတော်ကြီး... အနောက်မြောက်ဒေသ မဟုတ်ဘူး... ညီမလေး အဲဒီ လင်မျိုးနွယ် ကို ပညာပေးချင်ရင်တောင် သူ့နောက်က အမတ်ချုပ်အိမ်တော် ကို ထည့်တွက်ရဦးမယ်... သူ့အဘိုးက အခု နန်းတွင်းမှာ အာဏာရှိတဲ့လူ... လင်မိသားစု ကို ရန်စမိရင် ချူမိသားစု ခံနိုင်ရည်ရှိပါ့မလား ဆိုတာလည်း စဉ်းစားဦး..."
ယီဖေး ၏ သတိပေးစကားကြောင့် ချူကွေ့ရန် ၏ မာန်စွယ်များ အတော်ကျသွားသည်။
"သူက အိမ်တော်မှာ မျက်နှာမရဘူးလို့ ပြောကြတယ် မဟုတ်လား..."
"မျက်နှာမရလည်း အမတ်ချုပ်အိမ်တော် ရဲ့ ဒုတိယသမီးတော် ဂုဏ်ပုဒ်နဲ့ ဝင်လာတာလေ... သူနဲ့ အမတ်ချုပ်အိမ်တော် က တစ်လှေတည်းစီးပဲ... တစ်ယောက်ကောင်းစားရင် အကုန်ကောင်းစားမယ်... တစ်ယောက် ဒုက္ခရောက်ရင် အကုန် ဒုက္ခရောက်မယ်... သဘောပေါက်လား..."
"ညီမ သိပါပြီ..."
"သိရုံနဲ့ မပြီးဘူး... ပြဿနာ မရှာနဲ့တော့... အခု ညီမလေးက နန်းတွင်းမှာ အခြေမခိုင်သေးဘူး... အရှင်မင်းကြီးရဲ့ မေတ္တာကို ပိုရအောင် ကြိုးစားဖို့က အဓိကပဲ... ဖရဲသီးကို ပစ်ပြီး နှမ်းစေ့ကို လိုက်ကောက်သလို မဖြစ်စေနဲ့..."
ယီဖေး ထိုသို့ ပြောလိုက်မှ ချူကွေ့ရန် သဘောပေါက်သွားတော့သည်။
လင်ဝမ်ယိ ဘယ်လောက်ပဲ အချစ်ခံရပါစေ အခုချိန်မှာ တာရင် အဆင့်လေးပဲ ရှိသေးသည်။ မိမိက ကွေ့ရန် အဆင့်… အကယ်၍ တစ်ဆင့်သာ ထပ်တက်နိုင်လျှင် ဖင် ဖြစ်လာမည်ပင်။
(ဖင်အဆင့် = ကွေ့ရန်အဆင့်ထက် တစ်ဆင့်မြင့်၊ ဖေး အဆင့်ထက် တစ်ဆင့်နိမ့်တဲ့ ကိုယ်လုပ်တော်အဆင့်)
ထိုအခါကျလျှင် ရီဟွားနန်းဆောင် ၏ ပင်မဆောင်တွင် သူမ နေနိုင်ပြီ ဖြစ်သည်။
ရီဟွား ပင်မဆောင်၏ ခမ်းနားထည်ဝါမှုများကို သူမ တွေးမိလိုက်သည်နှင့် လင်ဝမ်ယိ အပေါ် မုန်းတီးမှုများပင် သူ့အတွက် အရေးမပါတော့သလို ဖြစ်သွားသည်။
“လမ်းညွှန်ပြသပေးတဲ့အတွက် သခင်မကို ကျေးဇူးတင်ပါတယ်”
သူမ၏ ဒေါသများ လျော့သွားသည်ကို မြင်မှ ယီဖေး လည်း လေသံမာမာကိုလျှော့လိုက်ရင်း အနောက်မြောက်ဒေသမှ ပျော်ရွှင်ဖွယ်ရာ အကြောင်းအရာများကို ရယ်ရယ်မောမောဖြင့် နှစ်ယောက်သား ပြန်လည်ပြောဆို နေတော့သည်။
ချူကွေ့ရန် မသိလိုက်သည်မှာတော့ သူမနှင့် နန်းဆောင်တစ်ခုတည်း အတူနေထိုင်ကြသော တာရင်နှစ်ပါးမှာမူ နွေဦးကာလ၏ သာယာလှပမှုတို့ လွှမ်းခြုံထားသည့် တော်ဝင်ဥယျာဉ်အတွင်း စကားလက်ဆုံကျနေကြသည်ကိုပင်။
"မမ လည်း သိတဲ့အတိုင်း ညီမက တောင်ပိုင်း ဟွိုင်ယန်ခရိုင် ကလေ... အဲဒီမှာ တစ်နှစ်ပတ်လုံး ပန်းတွေ စုံအောင် တွေ့ရတတ်ပေမယ့်… ဒီ တော်ဝင်ဥယျာဉ် ထဲက ပန်းအများစုကို အရင်က တစ်ခါမှ မမြင်ဖူးဘူး..."
သူမ လက်ညှိုးထိုးပြလိုက်သော နေရာတွင် ပန်းခင်းကြီး ရှိနေသည်။ ဖြူဖွေးသော ပန်းပွင့်များ၏ အလယ်တွင် ကြက်ဥနှစ်ရောင် သမ်းနေပြီး လိမ္မော်ရောင် ဝတ်ဆံလေးများဖြင့် ပွင့်ဖူးနေချိန်တွင် အလွန် လှပနေပေသည်။
"ဒါက အနောက်တိုင်းကလာတဲ့ ပန်းနုရောင်ခေါင်ရန်းပန်း လေ... အဘွားရဲ့ အခန်းထဲမှာ နှစ်ပင်လောက် တွေ့ဖူးတယ်... တန်ဖိုးကြီးတယ်လို့ ကြားတယ်..."
"အနောက်တိုင်းက ဟုတ်လား..."
"အင်း... အနောက်တိုင်း ကုန်သည်အဖွဲ့တွေက သူတို့ဒေသက ပန်းမျိုးစေ့တွေ ယူလာတတ်ကြတယ်... ရှန်းကျင်း မြို့တော်ထဲမှာလည်း ကျွမ်းကျင် ဥယျာဉ်မှူးတွေ ရှိတော့ ဒီ ပန်းနုရောင်ခေါင်ရန်းပန်း တွေ ပွင့်လာတာပေါ့..."
"ပန်းနုရောင်ခေါင်ရန်းပန်း ဟုတ်လား... မမ ပြောမှ သေချာကြည့်မိတာ... ပုံမှန် မြင်နေကျ ခေါင်ရန်းပန်း နဲ့ တူသလိုလိုပဲ..."
"ဒီ ပန်းနုရောင်ခေါင်ရန်းပန်း မှာ အရောင်အမျိုးမျိုး ရှိတယ်လို့ ကြားတယ်... ဒါပေမယ့် နန်းတော်ထဲမှာက အဝါရောင်က အမြတ်ဆုံးဆိုတော့ အဝါရောင်သမ်းတဲ့ ပန်းနုရောင်ခေါင်ရန်းပန်း မျိုးစိတ်ကိုပဲ ယူထားတာ ဖြစ်မယ်..."
"အော်... အဲဒီလိုကိုး... မမ က ဗဟုသုတအရမ်းရှိတာပဲ... ညီမ အားကျပါတယ်..."
လင်ဝမ်ယိ ပြုံးလိုက်မိသည်။ ပန်းပင်လေးတစ်ပင်အကြောင်း ပြောပြရုံနှင့် ဗဟုသုတရှိသည်ဟု မဆိုသာပေ။
သို့သော် အဘိုးနှင့် ဦးလေးနှစ်ယောက်တို့နှင့်အတူ တောင်ပေါ်တောင်အောက် လှည့်လည်သွားလာခဲ့ဖူးသည့် ထိုငါးနှစ်တာကာလကို ပြန်လည်သတိရသွားပြီး အရင်ကသူနှင့် ဘဝချင်းခြားသွားပြီဟု ခံစားလိုက်ရသည်။
"မမ စိတ်မရှိဘူးဆိုရင် နောက်ပိုင်း ညီမကို လန်ချွမ်း လို့ပဲ ခေါ်ပါလား... အဲဒါ ညီမရဲ့ ငယ်နာမည်လေ..."
"လန်ချွမ်း..."
"ဟုတ်... ညီမကို သုံးလပိုင်းကုန်မှာ မွေးတာ... ဖေဖေက နာမည်ပေးတဲ့အချိန်မှာ ခြံဝင်းထဲက နွေဦးပန်းပင်တွေကို ကြည့်ပြီး ပေးလိုက်တာတဲ့... နာမည်နဲ့ လိုက်အောင် ညီမကလည်း ငယ်ငယ်ကတည်းက ဥယျာဉ်ထဲ လျှောက်သွားရတာ ကြိုက်တယ်..."
"ဒါဆို ညီမလေး မွေးနေ့ ကျော်သွားပြီပေါ့..."
ယခု လေးလပိုင်း လအလယ်ပင် ရောက်နေပြီဖြစ်ရာ သေချာပေါက် ကျော်သွားလောက်ပြီပင်။
မုတာရင် ခေါင်းညိတ်လိုက်ပြီး အနည်းငယ်ဝမ်းနည်းသော အသံလေးဖြင့် ပြောသည်။
"အရင်တုန်းက အိမ်မှာဆိုရင် မွေးနေ့ရောက်တိုင်း ဖေဖေ မေမေ တို့နဲ့ အတူရှိရတယ်... အခု ၁၅ နှစ်ပြည့်မွေးနေ့ကိုတော့ ညီမနဲ့ ယင်အာ နှစ်ယောက်တည်းပဲ ဖြတ်သန်းရတော့မှာ..."
မိန်းကလေးတစ်ယောက်၏ ဆံထုံး ထုံးပွဲ (အရွယ်ရောက်ခြင်းအခမ်းအနား) သည် တာ့ဝေပြည်တွင် အလွန်အရေးကြီးသော ပွဲတစ်ပွဲဖြစ်သည်။
ချမ်းသာသူများက ချမ်းသာသလို၊ သာမန်လူများက သာမန်လူလို ကျင်းပကြသည်။
သို့သော် မုတာရင် ၏ ၁၅ နှစ်ပြည့်ပွဲလေးကတော့ ခြောက်ကပ်ကာ အထီးကျန်ဆန်လွန်းလှ၏။
နန်းတော်ထဲတွင် ၁၅ နှစ်ပြည့် မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းရသည်ကို မဆိုနှင့် နောက်ဆို တသက်လုံး ဤ တံတိုင်းမြင့်ကြီးများလက်မှ လွတ်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့ တွေးမိသောအခါ လင်ဝမ်ယိ သူမကို သနားသွားမိသည်။
ထို့ကြောင့် သူမက ပြုံးလျက် နှစ်သိမ့်ပေးလိုက်လေသည်။
"ညီမလေး မငြင်းဘူးဆိုရင် ခဏနေ မမ နဲ့ အတူ လက်ဝဲဆောင် ကို လိုက်ခဲ့ပြီး သက်ရှည်ခေါက်ဆွဲ လိုက်စားပါလား... ချွမ်ချီရဲ့ လက်ရာက အကောင်းဆုံးပဲ... သူ့ကို တစ်ပွဲ လုပ်ခိုင်းလိုက်မယ်..."