သက်ရှည်ခေါက်ဆွဲစားခြင်း
Vol. 2 Ch. 14
"တကယ်လား မမ..."
လင်ဝမ်ယိ က မျက်လုံးလေး မှေးစင်းသွားသည်အထိ ပြုံးပြပြီး ခေါင်းညိတ်လိုက်သောအခါ မုတာရင် တစ်ယောက် ဝမ်းသာလွန်း၍ နေရာတွင်ပင် ကခုန်မတတ် ဖြစ်သွားရှာသည်။
"ဒါဆိုရင် ညီမ အားမနာတော့ဘူးနော်..."
ပျော်ရွှင်တက်ကြွနေသော မိန်းမပျိုလေး၏ စိတ်နေစိတ်ထားမှာ အထင်းသား ပေါ်လွင်နေသည်။ လင်ဝမ်ယိက သူမထက် နှစ်နှစ်သာ ကြီးသော်လည်း နှစ်ေယာက်သား၏ တည်ငြိမ်ရင့်ကျက်မှုကတော့ မိုးနှင့်မြေလို ကွာခြားလှပေသည်။
ရီဟွားနန်းဆောင် လက်ဝဲဆောင်အတွင်း။
ချွမ်ချီမှာ သူမ၏ သခင်မလေး ပြန်ရောက်လာသည့်အချိန်တွင် သူစိမ်းနှစ်ယောက် ပါလာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားမိသည်။
"ကျွန်တော်မျိုးမ ချွမ်ချီ... သခင်မလေးကို ဂါရဝပြုပါတယ်... ဒီဘက်ကဧည့်သည်က..."
လင်ဝမ်ယိ မဖြေရသေးခင်မှာပဲ မုတာရင် က ပွင့်ပွင့်လင်းလင်းပင် ဝင်ပြောလိုက်လေသည်။
"ကျွန်မက လက်ယာဆောင်က က မုတာရင် ပါ... မမလင် နဲ့အတူ သက်ရှည်ခေါက်ဆွဲ လာစားတာပါ..."
အော်... ဒီလိုကိုး...။
ထိုအခါမှ ချွမ်ချီလည်း ခေါင်းငုံ့ကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။
"ကျွန်တော်မျိုးမ ချွမ်ချီ မုတာရင် ကို ဂါရဝပြုပါတယ်... မုတာရင် ကျန်းမာပါစေ..."
"ထပါ... ထပါ... ကျွန်မက ကိန်းကြီးခမ်းကြီးမနိုင်ပါဘူး... အိမ်မှာတုန်းကတောင် မေမေ ဆူတာ ခဏခဏ ခံရတာ..."
ကိုယ့်အိမ်တွင်း အဖြစ်အပျက်များကို ထုတ်ပြောရင်း ဟာသလုပ်ခြင်းဟာ အချင်းချင်းပိုပြီးရင်းနှီးသွားစေသည်ပင်။
တခြားဟာတွေကို မဆိုနှင့်ဦး…ဤမုတာရင်၏ လူခင်မင်အောင်ပေါင်းသင်းတတ်သည့် အရည်အချင်းတစ်ခုတည်းနှင့်ပင် လင်ဝမ်ယိတို့ သုံးဦးသားမှာ အတော်ကလေး နေရခက်သွားရသည်။
"ချွမ်ချီ... ရှောင်လုကျစ် ကို သွားကြည့်ခိုင်းလိုက်... တော်ဝင်စားဖိုဆောင် မှာ ခေါက်ဆွဲရှိမရှိ မေးပြီး နည်းနည်းလောက် ယူလာခိုင်းလိုက်ပါ..."
"ဟုတ်ကဲ့ပါ... သခင်မလေး..."
"ရှောင်လုကျစ်... မမ ဆီမှာ မိန်းမစိုးလေး အသစ် ရထားတာလား..."
နှစ်ဦးသားမှာ ရာထူးတူတူချင်း ဖြစ်သော်လည်း သူမ နန်းတွင်းရောက်သည်မှာ တစ်လရှိပြီဖြစ်သော်လည်း သူမအနားမှာ အိမ်ကပါလာသည့် အိမ်စေမလေး ယင်အာ နှင့် အလုပ်ကြမ်းများလုပ်ရသည့် အဆင့်နိမ့်အပျိုတော် တစ်ယောက်ကလွဲရင် အခြား မည်သူမျှမရှိ။ သူမသည် မိန်းမစိုးဟူ၍ အရိပ်အယောင်မျှပင် မမြင်ဖူးခဲ့ရ၍ သိချင်စိတ်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
“အသစ်ရယ်တော့ မဟုတ်ပါဘူး… အလုပ်ကူလုပ်ဖို့ အတွင်းရေးဌာနက ပို့လိုက်တာ…လူကတော့ အတွင်းရေးဌာနက လူပဲ”
"အော်... အဲဒီလိုကိုး..."
မုတာရင်၏ ပုံစံမှာ အမှန်ပင် အပြစ်ကင်းစင်သော ဟန်ပန်မျိုး။ သူမက ဟန်ဆောင်ပင် ကောင်းသည်လား၊ တကယ်ပင် ရိုးသားသည်လားကိုတော့ မသိရသေးပေ။ လင်ဝမ်ယိလည်း အချိန်အတော်ကြာသည်အထိ အကဲခတ်ကြည့်နေသော်ငြား ယခုထိ သေချာ တပ်အပ်မပြောနိုင်သေးပေ။
အတွင်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့် မုတာရင်၏ မျက်နှာပေါ်တွင် အံ့ဩမှင်သက်မှုတို့ ကြီးစိုးသွားပြန်သည်။
အတွင်းေဆာင်မှာ အခန်းသုံးခန်းကို ဆက်စပ်ထားပြီး ဧည့်ခန်းမဆောင်၌ ထင်းရှူးဝါသား စားပွဲတစ်လုံးကို ခင်းကျင်းထားသည်။ ဘယ်ညာတစ်ဖက်စီမှာတော့ ပုံစံတူ ကုလားထိုင်နှစ်လုံးစီ ယှဉ်လျက်သား ရှိနေ၏။ သေချာကြည့်မည်ဆိုလျှင် လက်ရမ်းနှင့် နောက်မှီတို့တွင် ထွင်းထုထားသော ပန်းပုလက်ရာမှာ တောင်ဝှေးပန်းပွင့်ပုံများ ဖြစ်နေသည်ကို တွေ့ရပေမည်။
ထိုအပေါ်၌ ပန်းပွင့်ဝိုင်းပုံများ ထိုးထားသော ပိုးဖဲကတ္တီပါ မွေ့ရာထိုင်ခင်းများထပ်တင်ထားသည်ဖြစ်ရာ ထင်းရှူးဝါသား၏ လေးလံထိုင်းမှိုင်းမှုကို အတော်အတန် လျော့ပါးသွားစေသည်။
ဘယ်ညာအခန်းများကိုမူ လေးချိုးကန့်လန့်ကာဖြင့် ကာရံထား၏။ တစ်ဖက်တွင် နွေ၊ မိုး၊ ဆောင်း၊ ဦး ရာသီလေးပါး၏ ရှုခင်းအလှပုံများ ရှိပြီး၊ အခြားတစ်ဖက်တွင်တော့ မက်မွန်၊ သစ်ခွ၊ ဝါး၊ ဂန္ဓမာ တို့၏ ကြော့ရှင်းသည့် အလှပုံရိပ်များ ရှိနေသည်။ အသုံးပြုထားသော ကုန်ကြမ်းများမှာ အကောင်းစားများဖြစ်ကြောင်း ပြောနေစရာပင်မလို။ အခန်းတွင်းတွင် လှပတင့်တယ်သော အငွေ့အသက်တို့ တငွေ့ငွေ့ပျံနေလျက်။
"မမ ရဲ့ လက်ဝဲဘက်ဆောင် အပြင်အဆင်က တကယ် လှတာပဲ... အခန်းက ညီမရဲ့ လက်ယာဆောင် နဲ့ အကျယ်ချင်း တူတူလောက်ပဲ ဆိုပေမဲ့ အတွင်းက ပရိဘောဂတွေကျတော့ မိုးနဲ့မြေလို ကွာနေပါရောလား... မမ မှာက နောက်ခံရှိတော့ အစေခံတွေက သေချာ ဂရုစိုက်ပေးကြတာပဲ..."
ပြောရင်းနှင့် သူမမျက်ဝန်းထဲ ဝမ်းနည်းရိပ်သန်းသွားသည်။ လင်ဝမ်ယိ စကားပြန်မဆက်မိချေ။ အဘယ်ကြောင့်ဆိုသော် သူမပြောသည်မှာ အမှန်ပင်။
သူမ စရောက်တုန်းကလည်း အခန်းပြင်ဆင်ထားပုံ မဆိုးဘူးဟု ထင်ခဲ့သည်။
သို့သော် ရှောင်လုကျစ် ရောက်လာချိန်တွင် ထူးထူးဆန်းဆန်းဖြစ်မနေသည်ကို မြင်လိုက်ရကတည်းက နန်းတွင်းရေးရာဌာန က ကြိုတင်စီစဉ်ပေးထားမှန်း သိလိုက်ရ၏။
လင်ကွေ့ဖေး မျက်နှာကြောင့်လား…အမတ်ချုပ်အိမ်တော် မျက်နှာကြောင့်လား ဆိုသည်ကိုတော့ မသိရပေ။
ဆွေမျိုးဇာတိ ဆိုသည်မှာ ပြောင်းလဲ၍ မရနိုင်သော အရာပင်။
အခြားသူများအမြင်တွင် သူမသည် အမတ်ချုပ်အိမ်တော်မှ တရားဝင်ဒုတိယသခင်မလေး၊ ရွှေပေါ်မြတင် ထားခံရသူ၊ အဆင့်အတန်းမြင့်မားသူတို့ ဖြစ်နေသော်လည်း သူမခံစားခဲ့ရသည့် ဒုက္ခများမှာတော့ အခြားသူတို့ကို ထုတ်ဖော်ပြောပြဖွယ်ရာပင် မရှိ။
"သက်ရှည်ခေါက်ဆွဲက ရဖို့ ကြာဦးမှာဆိုတော့... မုတာရင် ရေနွေးကြမ်းသောက်ပြီး လည်ချောင်းရှင်းထားနှင့်ပါဦး”
ရှအန်းသည် ရုတ်တရက် ရောက်လာသော မုတာရင် အပေါ် သတိထားနေဆဲပင်။ ထို့ကြောင့် သူမက အခန်းပြင်ဆင်ပုံအကြောင်း ပြောလာသည့်အခါ တမင်တကာ စကားလမ်းကြောင်း လွှဲလိုက်ခြင်းဖြစ်သည်။
မုတာရင် က လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။ သူမ မျက်နှာတွင် အပြုံးမပျက်သော်လည်း စကားလမ်းကြောင်းပြောင်းသွား၏။
“လက်ဝဲဘက်ဆောင်… လက်ယာဘက်ဆောင်ရယ်… အနောက်ဆောင်ရယ်က ပင်မနန်းဆောင်နဲ့ဆိုရင် စင်္ကြံလမ်းကနေ တစ်ဆင့်သွားရတာနော်…လခြမ်းကွေးတံခါးတွေလည်း ခံထားသေးတယ်… အကယ်လို့ အစ်မသာ တိတ်တိတ်ဆိတ်ဆိတ် နေချင်တယ်ဆိုရင် လခြမ်းကွေးတံခါးတွေကို ပိတ်ထားလိုက်ရုံပဲ… ဒါဆို သီးသန့်ခြံဝင်းလေးလို ဖြစ်သွားပြီ”
ဤအချက်ကို လင်ဝမ်ယိ သတိမထားမိခဲ့ပေ။ သူမ မနေ့က နန်းတွင်းရောက်ကတည်းက အလုပ်ရှုပ်နေသဖြင့် သူနေရသည့် ခြံဝင်းကိုပင် သေချာ လိုက်ကြည့်ဖို့ အချိန်မရခဲ့။ မုတာရင် ပြောပြမှ စိတ်ထဲ ကျေနပ်သွားမိသည်။
အခြားသူများကို ထားလိုက်ပါတော့၊ အနောက်ဆောင်နှင့်ကတော့ အဆက်အဆံ နည်းလေ ကောင်းလေပင်။ မဟုတ်လျှင် ချူကွေ့ရန် ဒေါသထွက်စရာ နေရာမရှိလို့ လက်ဝဲဆောင် ကို လာပြီး မဲနေမှ သူမ၏ အေးချမ်းသော ဘဝလေး ပျက်စီးသွားလိမ့်မည်။ သူမ၏ အကြည်တို့တွင် အပြုံးရိပ်တို့ ယှက်သန်းသွားပြီး ပြောလိုက်သည်။
"အဲဒီလိုဆို ကောင်းတာပေါ့... အိမ်မှာတုန်းကလည်း မမ က လျှောက်သွားရတာ မကြိုက်ဘူး... ကိုယ့်ခြံဝင်းထဲမှာပဲ ကိုယ်နေပြီး အေးအေးဆေးဆေး နေရတာကို ပိုကြိုက်တယ်..."
"မမ စိတ်ကူးယဉ်မှပဲရလောက်မယ်ထင်တယ်..."
သူမ၏ မျက်လုံး ကလယ်ကလယ်နှင့် ပုံစံလေးနှင့် မေးလိုက်သည့် ပုံစံလေးမှာ အတော် ရယ်စရာကောင်းနေ၏။
"ဘာဖြစ်လို့လဲ..."
"ကွေ့ဖေးမယ်မယ် ပြောတယ်လေ... မနေ့ညက မမ ပြုစုတာ အရှင်မင်းကြီး သဘောကျတယ်ဆို... ကြည့်ရတာ အရှင်မင်းကြီး ခဏခဏ လာခေါ်တော့မယ့်ပုံပဲ..."
ရုတ်တရက် ထိုအကြောင်း ပြောလာသဖြင့် လင်ဝမ်ယိ မျက်နှာပူသွားရသည်။ သူမ၏ ပါးပြင်ပေါ်သို့ သွေးရောင်များ ဖြည်းဖြည်းချင်း လွှမ်းမိုးလာပြီး ဘာပြောရမှန်းမသိတော့ဘဲ ရှက်ရွံ့သွားမိ၏။
မုတာရင် က သူမထက် နှစ်နှစ်ငယ်သော်လည်း ဤကိစ္စတွင်တော့ ပွင့်လင်းလှချေသည်။ လင်ဝမ်ယိ နေရခက်နေသည်ကို မြင်လျှင် မုတာရင်က လက်ကိုင်ပုဝါဖြင့် ပါးစပ်ကိုအုပ်ရင်း ခိုးရယ်ရှာသည်။
နှစ်ယောက်သား စကားပြောနေစဉ်မှာပင် ချွမ်ချီ က သက်ရှည်ခေါက်ဆွဲ လင်ဗန်းကို ကိုင်ပြီး ဝင်လာသည်။
ကြည်လင်သော ဟင်းရည်၊ အမျှင်မပြတ်သော ခေါက်ဆွဲသားတို့၏ အပေါ်တွင် ကြက်သွန်မြိတ်ခပ်ပါးပါးလေးများ ဖြူးထားသည်မှာ စားချင်စဖွယ်ပင်။
မုတာရင်က မြင်သည်နှင့် ပြုံးရွှင်စွာ တူကို ကောက်ကိုင်လိုက်တော့သည်။
"ကျေးဇူးပါ မမ... ကျေးဇူးပါ ချွမ်ချီ... ဒီ သက်ရှည်ခေါက်ဆွဲ က ညီမ အိမ်မှာ စားနေကျ ပုံစံအတိုင်းပဲ..."
ခေါက်ဆွဲကို တူဖြင့် အသာညှပ်ယူကာ မြည်းစမ်းကြည့်လိုက်ရာ အရသာမှာ အမှန်ပင် ကောင်းမွန်လှ၏။ သူမ နှစ်သက်သည်ကိုမြင်တော့ ချွမ်ချီလည်း ဝမ်းသာသွားပြီး အလျင်အမြန် ပြောလိုက်သည်။
"မုတာရင်... ပူဦးမယ်နော်..."
"အင်း..."
ခေါက်ဆွဲက သိပ်မများလှ၊ ပန်းကန်လုံး တစ်လုံးစာသာ ရှိသည်။
မုတာရင်က ခဏလေးနှင့် ကုန်စင်အောင် စားလိုက်ပြီး မဝသေးသည့်ပုံစံဖြင့် ချွမ်ချီ ကို ကြည့်ကာ ချီးကျူးလိုက်လေသည်။
"ချွမ်ချီ ရဲ့ လက်ရာက တကယ် ကောင်းတာပဲ... တော်ဝင်စားဖိုဆောင် က ပို့တာထက် ပိုစားကောင်းတယ်..."
နောက်ဆုံးတစ်ကြောင်းတွင် အသံကိုတမင်တိုးလိုက်သည့် သူမပုံစံကြောင့် လူတိုင်းရယ်ချင်ပက်ကျိဖြစ်သွားကြလေသည်။
"မုတာရင် ကြိုက်ရင် ပြီးတာပါပဲ... နောက်ဆို စားချင်တဲ့အချိန် ကျွန်တော်မျိုးမဆီ လာခဲ့ပါ... လုပ်ပေးပါ့မယ်..."
"စိတ်ချပါ... နောက်ဆို မမ ဆီကို ခဏခဏ လာနှောင့်ယှက်ရတော့မှာပဲ..."
လင်ဝမ်ယိ နှင့် ရင်းနှီးကျွမ်းဝင်နေသည့် ပုံစံကို ဘေးလူတစ်ယောက်ယောက်သာ မြင်သွားပါက သူမတို့ နှစ်ယောက် စသိကြသည်မှာ နှစ်နာရီခန့်သာ ရှိသေးကြောင်း ယုံကြည်မည်ပင် မဟုတ်ပေ။
လင်ဝမ်ယိ လက်ထဲမှ လက်ဖက်ရည် နှစ်ငုံလောက် သောက်ပြီးချိန်တွင် အပြင်ဘက်မှ လူတစ်ယောက် အော်လိုက်သံ ကြားလိုက်ရသည်။
"တာရင်... အရှင်မင်းကြီး ဆီက ပစ္စည်းလာပို့ပါတယ်..."
အရှင်မင်းကြီး...။
ပစ္စည်းလာပို့တယ်...။
ထိုစကား ကြားသည်နှင့် ရှိနေသူအားလုံး၏ မျက်နှာထားများ အမျိုးမျိုး ပြောင်းလဲသွားကြသည်။
လင်ဝမ်ယိက အနည်းငယ် အံ့ဩသွားသည်။ ချွမ်ချီ က ဝမ်းသာသွားသည်။ မုတာရင်ကတော့ သိချင်စိတ်အပြည့်နှင့်။ သူတို့ထဲတွင် ရှအန်း ၏ မျက်နှာထားက ပုံမှန်အတိုင်း ရှိသော်လည်း လက်နှစ်ဖက်ကို ပွတ်နေပုံက သူမ စိုးရိမ်နေကြောင်း ဖော်ပြနေသည်။
"အမြန် ဝင်ခိုင်းလိုက်..."
"ဟုတ်ကဲ့ပါ..."
သူမ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ အရှင်မင်းကြီး ပို့လိုက်သော ပစ္စည်းကိုတော့ ရိုရိုသေသေ လက်ခံရမည်သာ။
ထို့ကြောင့် အားလုံးက မတ်တတ်ရပ်ပြီး စားပွဲရှေ့တွင် စောင့်နေလိုက်ကြသည်။ ဝင်လာသူမှာ အရှင်မင်းကြီး၏ အပါးတော်မြဲ သုန်ယွီကျုံး ကုန်းကုန်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူသည်ကား ချန်အန်းနန်းဆောင်၏ ခေါင်းဆောင်မိန်းမစိုး ဖြစ်၍ သူကိုယ်တိုင် လာရောက်ပို့ဆောင်သည်ဆိုခြင်းမှာ အတိုင်းအဆမဲ့သော မျက်နှာသာပေးမှုပင် ဖြစ်ချေသည်။
သုန်ယွီကျုံး ကုန်းကုန်း ဝင်လာပြီး သူတို့အားလုံးကို တွေ့သောအခါ သူက ဖော်ရွေစွာဖြင့် လင်ဝမ်ယိ နှင့် မုလန်ချွမ်း ကို ဂါရဝပြုလိုက်လေသည်။
"ကျွန်တော်မျိုး သုန်ယွီကျုံး... လင်တာရင် နဲ့ မုတာရင် ကို ဂါရဝပြုပါတယ်... တာရင် နှစ်ပါးလုံး ကျန်းမာပါစေ..."