← Chapters

စေတနာ လက်ဆောင်

Vol. 2 Ch. 15

စေတနာ လက်ဆောင်

Vol. 2 Ch. 15

"သုန်ကုန်းကုန်း... ထပါ..."

လင်ဝမ်ယိ ယဉ်ကျေးစွာ ပြောလိုက်လေသည်။ သုန်ယွီကျုံးရောက်လာသည်ကို သူမ အမှန်ပင် အံ့ဩမိသည်။

အရှင်မင်းကြီးက ပစ္စည်းပို့တာတောင် အချိန်သိပ်ရွေးတတ်ပါလား... လင်ကျစ်နန်းဆောင်မှာ ပြဿနာတက်လာတာမှ မကြာသေးဘူး... အခုမှ မီးလောင်ရာ လေပင့်သလို လာပို့နေတာလား... တကယ်စိတ်ဝင်စားနေတဲ့ပုံပဲ...

သို့သော် သူမက စိတ်ထဲတွင်သာ တွေးလိုက်ပြီး အပြင်ပန်းတွင်မူ နူးညံ့သိမ်မွေ့စွာ တည်ငြိမ်သည့်ဟန်ကို‌သာ ဆောင်ထားလျက်။

သုန်ယွီကျုံး လက်ဝှေ့ယမ်းပြလိုက်သည်နှင့် အနောက်မှ မိန်းမစိုးလေး နှစ်ယောက်က လင်ပန်းကို ကိုင်ပြီး ရှေ့တိုးလာကြသည်။ အထဲတွင် ပါလာသည်မှာ အဖိုးတန် ရတနာပစ္စည်းများ မဟုတ်ဘဲ သာမန် ဆန်ပြုတ်နှင့် အရံဟင်းပွဲလေး နှစ်ပွဲသာ ဖြစ်နေ၏။

အခြားသူများက ထူးဆန်းလိုက်တာဟု စိတ်ထဲတွင် တွေးနေကြသော်လည်း လင်ဝမ်ယိမှာမူ အံ့ဩသွားရသည်။

ဒါတွေက မနေ့ညက စားခဲ့တဲ့ ငါးဆန်ပြုတ်နဲ့ အရံဟင်းတွေမဟုတ်လား…အဲဒီတုန်းက ငါအားနာပြီး မစားလိုက်ရတာကို အရှင်မင်းကြီးတွေ့သွားပြီး ဒီနေ့လာပို့ခိုင်းလိုက်တာများလား…

အားလုံး ကြောင်အမ်းအမ်းဖြစ်သွားကြသည်ကို သုန်ယွီကျုံးက မြင်လျှင် ချက်ချင်းပင် ရှင်းပြလာသည်။

"မနေ့ညက သခင်မလေး သဘောကျတာကို အရှင်မင်းကြီး တွေ့လိုက်လို့ ဒီနေ့ အထူးတလည် လာပို့ခိုင်းတာပါ... တကယ်လို့ သခင်မလေး ကြိုက်တယ်ဆိုရင် နောက်ပိုင်း တော်ဝင်စားဖိုဆောင် ကို ရက်ခြားပြီး လာပို့ခိုင်းလိုက်ပါ့မယ်..."

နန်းတွင်းထဲတွင် ရွှေငွေရတနာ ချီးမြှင့်သည်လည်း ရှိ၏။ ပိုးဖဲကတ္တီပါ ချီးမြှင့်သည်လည်း ရှိ၏။ စားစရာ ချီးမြှင့်သည် ဆိုလျှင်ပင် မီးအေးအေးနှင့် ပေါင်းထားသော ရှားပါးဟင်းလျာများသာ ဖြစ်တတ်စမြဲ။

ယခုလို သာမန်ဟင်းလေးနှစ်ပွဲ ချီးမြှင့်သည်ကတော့… အရှင်မင်းကြီးတစ်ယောက် ဘာတွေတွေးနေသလဲမသိပေ။

အချစ်တော်လို့ ပြောရအောင်လည်း သိက္ခာကျသလိုလို... အချစ်တော် မဟုတ်ဘူး ပြောရအောင်လည်း ကိုယ်လုပ်တော်အသစ်တွေထဲမှာ ပထမဆုံး ဆုချခံရတာ ဖြစ်နေပြန်ရော...။

မုတာရင်သည် သိချင်စိတ်ကို ချုပ်တည်းရင်း ဘေးနားရှိ လင်ဝမ်ယိ ကို လှမ်းကြည့်လိုက်ရာ သူမက တည်ငြိမ်နေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူမက ရှောင်လုကျစ် ကို ပြောလိုက်လေသည်။

"အရှင်မင်းကြီးရဲ့ မေတ္တာကို ကျွန်တော်မျိုးမ ကျေးဇူးတင်ပါတယ်... ရှောင်လုကျစ်... မြန်မြန် သိမ်းထားလိုက်..."

"ဟုတ်ကဲ့ပါ သခင်မလေး..."

"ပစ္စည်းပို့ပြီးပြီဆိုတော့ ကျွန်တော်မျိုး ပြန်ပါဦးမယ်..."

"သုန်ကုန်းကုန်း... ကောင်းကောင်း ပြန်ပါ..."

သုန်ယွီကျုံး ပြန်သွားပြီးနောက် လင်ဝမ်ယိ သည် စားပွဲရှေ့တွင် ထိုင်ကာ ဟင်းပွဲလေး နှစ်ပွဲကို ကြည့်ရင်း တွေးတောနေမိသည်။

မနေ့ညက ငါ အဲဒီလောက်တောင် သိသာသွားသလား... ဒါမှမဟုတ် အရှင်မင်းကြီးက တမင်တကာ လုပ်တာလား... တောင်ကို ရိုက်ပြီး ကျားကို ခြောက်လိုက်တာလား...

သူမ အချိန်အတော်ကြာ စဉ်းစားသော်လည်း အဖြေရှာမရခဲ့ပေ။

ထိုစဉ် ရုတ်တရက် ဖခင်ဖြစ်သူက သူမ နန်းတွင်းမဝင်မီ မှာလိုက်သည့် ရုတ်တရက် သတိရလိုက်မိသည်။

အရှင်မင်းကြီးက ငယ်ငယ်လေးနဲ့ နန်းတက်ခဲ့တာဆိုတော့ သူ့အတွေးအခေါ်က သာမန်လူတွေနဲ့ မတူဘူး... သူ့ရှေ့မှာ ဟန်ဆောင်ပြနေမဲ့အစား ရိုးရိုးသားသား နေလိုက်တာက ပိုပြီး ဘေးကင်းနိုင်တယ်လို့ အဖေ ပြောဖူးတယ်...

ထိုသို့ တွေးမိလိုက်မှ သူမလည်း ထိုဟင်းပွဲလေးနှစ်ပွဲအပေါ် သံသယ ရှင်းသွားတော့သည်။

"မမ... မမ..."

မုတာရင် ၏ ခေါ်သံကြောင့် လင်ဝမ်ယိ အတွေးစ ပြတ်သွားသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ မုတာရင်သည် စတွေ့တုန်းကလိုပင် သူမကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်နေသည်ကို တွေ့ရ၏။

"ညီမလေးကို အားနာစရာပါပဲ... အိမ်မှာတုန်းက အိပ်ရာထ နောက်ကျတတ်တဲ့အကျင့် ပါလာလို့... အခု နန်းတွင်းရောက်တော့ စောစောထရတာနဲ့ စိတ်နဲ့လူနဲ့ မကပ် ဖြစ်သွားတာ..."

"ဒါဆိုရင် ညီမ ပြန်လိုက်ပါဦးမယ်... နောက်မှ မမ ဆီ လာလည်ပါ့မယ်..."

"ကောင်းပြီ... ဖြည်းဖြည်းသွားနော်..."

"စိတ်ချပါ..."

မုတာရင် ပြန်သွားမှ လင်ဝမ်ယိ သက်ပြင်းချလိုက်နိုင်တော့သည်။

ရှအန်း က လင်ဝမ်ယိ ၏ ပခုံးများကို နှိပ်နယ်ပေးရင်း မေးလိုက်လေသည်။

"သခင်မလေး... မုတာရင် နဲ့ အခုလို ရင်းနှီးတာ မြန်လွန်းတယ် မထင်ဘူးလား..."

ရှအန်း ဘာကို ဆိုလိုသည်ကို လင်ဝမ်ယိ ကောင်းကောင်း သိသည်။

"စိတ်မပူနဲ့... အပြန်အလှန် အကဲခတ်နေကြတာ... ဒီနေ့ ငါ့နန်းဆောင်ထဲမှာ သူမြင်သွားတာတွေကို မနက်ဖြန်ကျလို့ အသံထွက်လာတယ်ဆိုရင် သူက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါတို့ သိရတာပေါ့”

အော်... ဒီလိုကိုး။

"တကယ်လို့ မုတာရင် က အပြင်မှာ လျှောက်ပြောပြီး သခင်မလေး ကို မတရားအပုပ်ချတာမျိုးလုပ်ရင် ဘယ်လိုလုပ်မလဲ..."

"သူ မလုပ်ရဲပါဘူး... ကွေ့ဖေးမယ်မယ် ကို ကြောက်လို့ပဲဖြစ်ဖြစ် သူ မလုပ်ရဲဘူး... အလွန်ဆုံးရှိလှ အတင်းအဖျင်း နည်းနည်းပါးပါး ပြောရုံလောက်ပါပဲ”

အတင်းအဖျင်း စကားဆိုသည်မှာ အမတ်ချုပ်အိမ်တော် တွင် သူမ နားရည်ဝနေအောင် ကြားခဲ့ဖူးသည်မို့ ကိစ္စမရှိပေ။

ထို့နောက် ချွမ်ချီ ကို မှာလိုက်လေသည်။

"နင် ဒီရက်ပိုင်း နိုးနိုးကြားကြားနေ... အပြင်မှာ ကောလဟလတွေ ထွက်မထွက် စုံစမ်းကြည့်... ဒါဆိုရင် တစ်ဖက်လူက လူလား ဘီလူးလား ဆိုတာ သိရပြီ..."

"သခင်မလေး စိတ်ချပါ... သေချာ စောင့်ကြည့်ထားပါ့မယ်..."

သုံးယောက်သားမှာ အတွေးချင်းတစ်ထပ်တည်းကျနေသည်။ နန်းတွင်းတွင် ခြေလှမ်းတိုင်းကို သတိထားရမည် ဖြစ်သည်။ မဟုတ်လျှင် ကွေ့ဖေးမယ်မယ် က ယနေ့ ကာကွယ်ပေးနိုင်သော်လည်း မနက်ဖြန် ကာကွယ်ပေးနိုင်မည်ဟု အာမခံချက် မရှိ။

ကွေ့ဖေးအကြောင်း ပြောမိမှ လင်ဝမ်ယိ နောက်ထပ်ကိစ္စတစ်ခုကို သတိရသွားသည်။

ထို့ကြောင့် ရှအန်းကို သူမရှေ့သို့ ဆွဲခေါ်လိုက်ကာ တိုးတိုးသက်သာ မေးလိုက်၏။

"ငါ့ရဲ့ အအေးမိရောဂါ အခြေအနေ ဘယ်လိုလဲ..."

"သခင်မလေး ဘာလို့ ရုတ်တရက်ကြီး..."

ထို့နောက် လင်ဝမ်ယိ ၏ ဗိုက်ကို အုပ်ထားသော လက်ကို ကြည့်လိုက်ပြီး ရှအန်း သဘောပေါက်သွားလေသည်။

သူမ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ချွမ်ချီ က တံခါးဝတွင် စောင့်နေသည်ကို တွေ့မှ လေသံနှိမ့်ပြီး ပြောပြလေသည်။

“သခင်မလေးက ဒီနှစ်တွေတစ်လျှောက်လုံး ဆေးသောက်လာခဲ့တာဆိုတော့ အအေးဓာတ်လွှမ်းတာက ခုနစ်ပုံ ရှစ်ပုံလောက် ပျောက်ကင်းနေပါပြီ... ဒါပေမယ့် ကိုယ်ဝန်ရချင်တယ်ဆိုရင်တော့ နောက်ထပ် နှစ်နှစ်လောက် သေချာ ဂရုစိုက် ကုသရပါဦးမယ်”

"ဒါဆို ငါ အိပ်ဆောင်ဝင်တာက..."

"သခင်မလေး စိတ်မပူပါနဲ့... အအေးမိပျောက်ဆေးထဲမှာ ထိန်းညှိဆေးတွေ ပါပြီးသားပါ... လွယ်လွယ်နဲ့ ကလေးရလာမှာမဟုတ်ပါဘူး..."

"တော်သေးတာပေါ့..."

လင်ဝမ်ယိ စိတ်အေးသွားရသည်။

"သခင်မလေး က ကလေး မလိုချင်လို့လား..."

"မလိုချင်တာ မဟုတ်ဘူး... အခုအချိန်မှာ မလိုချင်သေးတာ... ကွေ့ဖေး က ငါ့ကို အနောက်ဆောင်ထဲသွင်းတာ ကလေးရဖို့လေ... ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် ကိုယ်ဝန်ရလာရင် ကိုယ့်ကိုယ်ကိုယ်ရော ကလေးကိုရော ကာကွယ်နိုင်မှာ မဟုတ်ဘူး... အဲဒါကြောင့်နောက်မှ ယူတာ ပိုကောင်းတယ်..."

ရှအန်း လည်း ခေါင်းညိတ်လိုက်သည်။

သခင်မလေး က တကယ့်ကို အမြော်အမြင် ရှိတာပဲ...

ထို့နောက် သူမက လင်ဝမ်ယိ၏ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သခင်မလေး စိတ်ချပါ... ကျွန်တော်မျိုးမ ရှိသရွေ့ သခင်မလေး ကို ဘာမှ မဖြစ်စေရပါဘူး..."

လင်ဝမ်ယိ က ရှအန်း ၏ လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး ချွမ်ချီ ကိုပါ လှမ်းခေါ်လိုက်ကာ သုံးယောက်သား ထိုင်ပြီး စကားပြောကြလေသည်။

“နန်းတွင်းထဲက အေးချမ်းတဲ့ရက်တွေဆိုတာ ဖြတ်သန်းရခက်တယ်... အထူးသဖြင့် ကိုယ့်မူလစိတ်ရင်းကို ထိန်းသိမ်းထားဖို့က အခက်ခဲဆုံးပဲ... ငါက သူများတွေနဲ့ ရန်ငြိုးဖွဲ့ဖို့ တစ်ခါမှ မစဉ်းစားဖူးပေမယ့် သူများ အနိုင်ကျင့်တာကို ခံနေမယ့်လူတော့ မဟုတ်ဘူး... နင်တို့က ငါ့ရဲ့ အရင်းနှီးဆုံးလူတွေလေ... အိမ်မှာတုန်းကတော့ ငါ နင်တို့ကို ကာကွယ်ပေးနိုင်ခဲ့တယ်... ဒါပေမယ့် နန်းတွင်းထဲမှာတော့ သေချာပေါက် ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး... ဒါကြောင့် နေထိုင်ပြောဆိုတာတွေကို သေချာ ဂရုစိုက်ကြနော်... ကြားလား”

"သခင်မလေး စိတ်ချပါ... ကျွန်မတို့ကို နန်းတွင်းမဝင်ခင်ကတည်းက သခင်မကြီး က အထပ်ထပ် မှာလိုက်ပါတယ်..."

ချွမ်ချီက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ သူမသည် ပျော်ပျော်နေတတ်သူဖြစ်သော်လည်း ငတုံးငအတစ်ယောက်တော့မဟုတ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်သည်၊ ဘာပြောသင့်သည်ကို သေချာ နားလည်သည်။

ရှအန်းကမူ မူလစရိုက်ကပင် တည်ငြိမ်သူဖြစ်၍ သည်ကိစ္စတွင် ပိုပြီး ဂရုစိုက်မည်မှာ အသေအချာပင်။

သုံးယောက်သား တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ် အပြင်ဘက်မှ ရှောင်လုကျစ် ၏ အသံ ထွက်ပေါ်လာ၏။

"သခင်မလေး... တော်ဝင်စားဖိုဆောင် က ဖန့်ကုန်းကုန်း လာတွေ့ပါတယ်..."

တော်ဝင်စားဖိုဆောင်...

ဖန့်ကုန်းကုန်း...

ဒီတစ်ခါရော ဘာလာလုပ်ပြန်တာလဲ…

ဟင်းရည် လာပို့ပြီးသွားပြီမို့ အခု ဆန်ပြုတ်ပါ လာပို့တာလား...

သူမမှာ ဒီတစ်မနက်ခင်းလုံး ဂါရဝပြုတာနှင့် ကုန်းကုန်းအသီးသီးကို ဧည့်ခံတာနှင့်သာ အချိန်ကုန်နေရသည်။ ဘယ်သူ့ကိုမှလည်း အပြစ်မလုပ်ရဲသဖြင့် အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြင်လိုက်ပြီး ရှောင်လုကျစ် ကို ပြောလိုက်ရသည်။

"ဖန့်ကုန်းကုန်း ကို ဝင်ခိုင်းလိုက်..."

"ဟုတ်ကဲ့ပါ..."

နန်းဆောင်တံခါးက ပွင့်နေသော်လည်း ပိတ်ပါးစဖြင့် ကာထားသည်။

ရှအန်း က ပိတ်ပါးစကို လှန်လိုက်သောအခါ တံခါးဝတွင် ရပ်နေသော ခပ်ဝဝ ကုန်းကုန်း တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာကမူ အထဲသို့ မျက်နှာလိုမျက်နှာရ အကြည့်တို့ဖြင့် ကြည့်နေလျက်။

"ဖန့်ကုန်းကုန်း... ကြွပါ..."

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... မိန်းကလေး အရင် ကြွပါ..."

သူ့ပုံစံက အောက်ကျို့ခံသည့် ပုံစံပင်။

တော်ဝင်စားဖိုဆောင် မှ လူများသည် မီးဖိုချောင်တွင် နေရသူများဖြစ်၍ ကိုယ်လုံးကိုယ်ပေါက် ပြည့်ဖြိုးပြီး ညော်နံ့များ အနည်းငယ်စွဲနေတတ်၏။

All Chapters