အရှင်မင်းကြီးကို စောင့်ဆိုင်းခြင်း
Vol. 2 Ch. 20
" အသိပေးတဲ့ ဟယ့်ကုန်းကုန်း ကို ကျေးဇူးတင်ပါတယ်..."
"သခင်မလေး ယဉ်ကျေးလွန်းနေပါပြီ... ဒါဆိုရင် ကြိုတင်ပြင်ဆင်ထားလိုက်ပါ... ကျွန်တော်မျိုး ပြန်ပါဦးမယ်..."
"ရှောင်လုကျစ်... ဟယ့်ကုန်းကုန်း ကို လိုက်ပို့ပေးလိုက်..."
"ဟုတ်ကဲ့ပါ..."
ဟယ့်ကုန်းကုန်း ပြန်သွားသည်နှင့် ချွမ်ချီ က လင်ဝမ်ယိ အနား ရောက်လာပြီး ချွဲနွဲ့စွာ ပြောလေသည်။
"သခင်မလေး... ဒီနေ့ ဘယ်လို ပြင်ဆင်မလဲ... ကျွန်မ ပြင်ပေးမယ်..."
သူမအမြင်တွင် သခင်မလေး က ရိုးရှင်းလွန်းသည်။ နေ့တိုင်း မိတ်ကပ်မလိမ်းဘဲ နေတတ်သည်။ သို့သော် ယနေ့က အိပ်ဆောင်ဝင်ရမည့် နေ့ထူးနေ့မြတ် ဖြစ်၍ သေချာ ပြင်ဆင်မှ ဖြစ်မည်။
ချန်အန်းနန်းဆောင် ရောက်ရင် ရေချိုးပြီး ပြင်ဆင်ရဦးမှာ ဆိုပေမဲ့ အခုကတည်းက လှနေဖို့ လိုတယ်လေ...
"ငါ့ဆံပင်ကို သေချာ ထုံးပေးရင် ရပြီ... အဝတ်အစားကတော့ လိပ်ပြာပန်းပွင့်ပုံ ပန်းထိုးထားတဲ့ အဖြူရောင် ဝတ်စုံကိုပဲ ဝတ်မယ်..."
ချွမ်ချီ မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။
ရိုးလွန်းနေမလား... ဒါပေမဲ့ နန်းတွင်းဝင်တုန်းက အဝတ်အစား သိပ်မပါလာဘူး... တာရင် ရာထူးကလည်း နိမ့်တော့ ပို့လာတဲ့ နန်းတွင်းဝတ်စုံတွေကလည်း ရာထူးအလိုက်ပဲ ပို့လာတာဆိုတော့... အရမ်း ထင်ပေါ်အောင် ဝတ်ဖို့ကလည်း မဖြစ်နိုင်ဘူး…
ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး အဝတ်အစား သွားရှာလိုက်သည်။ တချိန်တည်းမှာပင် ရှအန်း ကို ရေနွေးပြင်ခိုင်းလိုက်ပြီး သခင်မလေး ၏ ဆံပင်ကို စတင် ပြင်ဆင်ပေးလေသည်။
ချွမ်ချီ ၏ ဆံပင်ထုံးသည့် လက်ရာက ထိပ်တန်းအဆင့် ဖြစ်သည်။ သူမက အိမ်မှာ နေစဉ်ကတည်းက အဘွားကြီးတစ်ယောက်ဆီက သင်လာခြင်း ဖြစ်သည်။ သူမက လူကသာ ဂယောက်ဂယက်နိုင်သော်လည်း လက်မှုပညာတွင်မူ ကျွမ်းကျင်လှသည်။
ဟင်းချက်သလိုပင် တစ်ခါကြည့်ရုံနှင့် ဘယ်လိုလုပ်ရမလဲ တန်းပြောနိုင်လေသည်။
လင်ဝမ်ယိ နှင့် လိုက်ဖက်သော ဆံထုံးပုံစံအသစ် အများအပြားကိုလည်း တီထွင်ထားပြီ စေတနာများအပြည့်နှင့် အသေးစိတ်ပြင်ပေးတတ်လေသည်။
လင်ဝမ်ယိ မျက်လုံးမှိတ်ပြီး သူမ ပြုစုသမျှခံနေသော်လည်း စိတ်ထဲတွင်မူ သည်တစ်ခေါက် အိပ်ဆောင်ဝင်ရမည့် ကိစ္စကို တွေးတောနေမိသည်။
လွန်ခဲ့သော ရက်ပိုင်းက လင်ကျစ်နန်းဆောင် သို့ သွားရောက် ဂါရဝပြုတုန်းက လင်ကွေ့ဖေးသည် သူမကို သီးသန့် ခေါ်တွေ့ခဲ့သည်။
ပြောလိုက်လျှင်လည်း ဤရခဲလှသည့် အခွင့်အရေးကို သေချာ အသုံးချရန်၊ မဟုတ်လျှင် နန်းတော်ထဲမှာ ဖယ်ကျဉ်ခံရကာ ဒုက္ခရောက်တတ်ကြောင်းတွေချည်း သွယ်ဝိုက်ပြီး ပြောနေတော့သည်။
အချစ်တော် ဖြစ်မဖြစ်ဆိုသည့် အရေးကို လင်းကွေ့ဖေးက သူမထက်တောင် ပိုပြီး စိတ်ပူနေသေးသည်။
ဒါပေမယ့် သူက အရှင်မင်းကြီးရဲ့ စိတ်ကို ထိန်းချုပ်လို့မှ မရတာ… ဘယ်သူ့ကို ခေါ်မလဲဆိုတာ အရှင်မင်းကြီး သဘောပဲလေ…သူ ဘယ်လောက် စိတ်ပူပူ အလကားပဲ…။
ထို့ကြောင့် သူမက လင်ဝမ်ယိကိုသာ အာရုံစိုက်လိုက်တော့တာ ဖြစ်သည်။
ဤတစ်ခေါက် အိပ်ဆောင်ဝင်ရခြင်းမှာ လင်ကွေ့ဖေးနှင့် ဆိုင်သလား၊ မဆိုင်သလား မသိရပေ။ သူမက သူ့ကို အချစ်တော်ဖြစ်ဖို့ စိတ်လောနေသည်မှာ ကလေးလိုချင်လို့ပင်။
ကလေးအကြောင်း တွေးမိတော့ လင်ဝမ်ယိ စိုးရိမ်လာသည်။
ရှအန်း ကို လှမ်းကြည့်လိုက်ရာ သူမ သဘောပေါက်သွားသည်။
သူမက ဆေးဗီရိုဆီသို့ သွားပြီး ဆေးလုံးသေးတစ်လုံး ထုတ်ကာ ရေနွေးထဲ ထည့်ဖျော်ပြီး လင်ဝမ်ယိ ကို ကမ်းပေးလိုက်လေသည်။
"သခင်မလေး... ထမင်းစားပြီးပြီဆိုတော့ ဆေးသောက်ရမယ့် အချိန် ရောက်ပါပြီ..."
"အင်း..."
မော့သောက်လိုက်ပြီးမှ လင်ဝမ်ယိ ၏ စိုးရိမ်မှုများ အနည်းငယ် လျော့ပါးသွားတော့သည်။
သူမ ပြင်ဆင်ပြီးချိန်တွင် ဝေါယာဉ် ရောက်ရှိလာပြီး လူတိုင်း မျှော်မှန်းကြသော ချန်အန်းနန်းဆောင် သို့ ခေါ်ဆောင်သွားလေသည်။
စည်းမျဉ်းအတိုင်းပင် ရေချိုးသန့်စင်ပြီးနောက် နန်းတွင်းဝတ်စုံအသစ် လဲလှယ်ဝတ်ဆင်ကာ ခေါင်းဆောင်မားမားက အတွင်းဆောင်ထဲသို့ ပို့ဆောင်ပေးလိုက်သည်။ ယခင်နေရာဖြစ်သော စားပွဲဝိုင်းဘေးတွင် ထိုင်ခိုင်းလိုက်သည်။
သည်တစ်ခေါက်မှာတော့ သူမ မလာခင်ကတည်းက ကျောက်စိမ်းဖြူမုန့် နှစ်တုံး စားလာခဲ့သဖြင့် ဗိုက်ပြည့်နေသည်။
ခေါင်းထဲတွင် မားမား ပြောပြသော စည်းကမ်းများကို ပြန်စဉ်းစားနေစဉ် သုန်ယွီကျုံး ဝင်လာသည်ကို တွေ့လိုက်ရသည်။ အနောက်တွင် မိန်းမစိုးအများအပြား ပါလာသည်။
လင်ဝမ်ယိ မတ်တတ်ထရပ်လိုက်ပြီး သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
သုန်ယွီကျုံးက ရှေ့တိုးလာပြီး ပြောလေသည်။
"အရှင်မင်းကြီးက တိုင်းပြည်အရေး ဆွေးနွေးစရာတွေ ရှိနေသေးလို့ နာရီဝက်လောက် ကြာဦးမယ်... သခင်မလေး ဗိုက်ဆာနေမှာစိုးလို့ တော်ဝင်စားဖိုဆောင် ကို အစားအစာတွေ လုပ်ခိုင်းပြီး လာပို့တာပါ... သခင်မလေး သုံးဆောင်နှင့်ပါ..."
"သုန်ကုန်းကုန်း က ယဉ်ကျေးလွန်းပါပြီ... အရှင်မင်းကြီးကရော... ညစာ သုံးဆောင်ပြီးပြီလား..."
“သခင်မလေး စိတ်မပူပါနဲ့... ကျွန်တော်မျိုး သုံးဆောင်ဖို့ ပြင်ဆင်ပေးပြီးပါပြီ”
တော်သေးတာပေါ့...
မဟုတ်လျှင် တစ်တိုင်းပြည်လုံး၏ ဘုရင်က ထမင်းမစားရသေးဘဲ သူမလို တာရင်အဆင့် သေးသေးလေးက အရင်စားရတယ်ဆိုသည်မှာ မဖြစ်သင့်ပေ။
သို့သော် သူမက ကျောက်စိမ်းဖြူမုန့် စားထားသဖြင့် ဗိုက်ပြည့်နေပြီး စားပွဲပေါ်က ဟင်းပွဲတွေကို ကြည့်ရင်း စားချင်စိတ်ရှိမနေ။
သူမ တွန့်ဆုတ်နေသည်ကို မြင်သောအခါ သုန်ယွီကျုံးက ကောင်းကောင်းမွန်မွန် မေးလာလေသည်။
"သခင်မလေး မကြိုက်လို့လား..."
"မဟုတ်ပါဘူး... မလာခင်က မုန့်နည်းနည်း စားလာမိလို့ အခု ဗိုက်မဆာသေးတာပါ..."
သုန်ယွီကျုံး ပြုံးလိုက်သည်။ သူသည် အရှင်မင်းကြီးနားတွင် အကြာဆုံး နေခဲ့ရသော မိန်းမစိုးချုပ် ဖြစ်၍ အရှင်မင်းကြီး၏ စိတ်သဘောထားကို ကောင်းကောင်း နားလည်သည်။
အခုမှ နန်းတွင်းရောက်လာသော တာရင်လေး ဆိုလျှင်တော့ သူ့မျက်လုံးထဲမှာ ဖန်သားလို ဘာတွေးနေသလဲပါ အထင်းသား မြင်နေရသည်။
"သခင်မလေး အားနာမနေပါနဲ့... အရှင်မင်းကြီးက ဒီရက်ပိုင်း တိုင်းပြည်အရေးတွေ ရှုပ်နေလို့ နန်းတွင်းထဲက မယ်မယ် တွေကို မတွေ့ဖြစ်ဘူး... သည်တစ်ခေါက် သခင်မလေး ကို တွေ့တာက ပထမဆုံးပဲ..."
သည်စကားက ငါ့ကို တမင် ကြားအောင် ပြောတာများလား...
ရက်အတော်ကြာအောင် ဘယ်သူ့ကိုမှ မခေါ်ဘူးဆိုတော့ ဧကရာဇ်မ လုပ်ရတာလည်း မလွယ်ကူပါလား…။
"သုန်ကုန်းကုန်း ပြောပြတာ ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ကောင်းကောင်း ပြုစုပါ့မယ်..."
လင်ဝမ်ယိ၏ စိတ်နေသဘောထားကြောင့် ဖြစ်မည်။ သုန်ကုန်းကုန်းက သူမ၏ ထူးခြားမှုကို ချက်ချင်း သတိပြုမိလိုက်သည်။
နန်းတော်ထဲက ကိုယ်လုပ်တော်များတွင် တစ်မျိုးမဟုတ် တစ်မျိုး လိုချင်မက်မောမှု ရှိကြသည်။ သူတို့က မိသားစုအတွက် ဖြစ်စေ၊ သားသမီးအတွက် ဖြစ်စေ အိပ်ဆောင်ဝင်တိုင်း အရှင်မင်းကြီး သတိထားမိအောင် နည်းမျိုးစုံ ကြိုးစားတတ်ကြသည်။
သူမကတော့ အေးအေးဆေးဆေးပဲ…မျက်နှာလိုမျက်နှာရ လုပ်တာမျိုးလည်း မရှိဘူး… ဒါပေမဲ့ သူ့နားနေရရင် စိတ်အေးချမ်းသလို ခံစားရတယ်။
အရှင်မင်းကြီးလည်း သူမနားနေရင် အနားရသလို ခံစားရမှာပဲ...
သုန်ကုန်းကုန်း၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ပိုထင်ရှားလာပြီး လင်ဝမ်ယိကို ဂါရဝပြုကာ ပြောလိုက်လေသည်။
"ဒါဆို သခင်မလေး ခဏ စောင့်ပါဦး... လိုတာရှိရင် တံခါးဝက ချိုးမင် ကို ခေါ်လိုက်ပါ... သူက ကျွန်တော်မျိုးရဲ့ တပည့်ပါ... ဒီနန်းဆောင်မှာ တာဝန်ထမ်းတာ ကြာပါပြီ... ကျွန်တော်မျိုး အရှင်မင်းကြီးနား ပြန်သွားပြီး ပြုစုရပါဦးမယ်..."
"သုန်ကုန်းကုန်း စိတ်ချပါ... အရှင်မင်းကြီးကို တိုင်းပြည်အရေးက ပိုအရေးကြီးကြောင်း ပြောပေးပါဦး..."
"ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး ခွင့်ပြုပါဦး..."
သုန်ယွီကျုံး ထွက်သွားချိန်တွင် တံခါးဝက ချိုးမင် ကို သေချာ ကြည့်သွားသည်။ သူသည် ကြည့်ရတာ ငယ်သေးသော်လည်း တည်ငြိမ်မည့်ပုံ ပေါက်သည်။
အရှင်မင်းကြီးနား နေရတဲ့သူဆိုတော့ မျက်စိရှင်ပြီး နားပါးနေမှ ဖြစ်မှာလေ…။
သုန်ကုန်းကုန်း ထွက်သွားတော့ အတွင်းဆောင်ထဲမှာ သူမတစ်ယောက်တည်း ကျန်ခဲ့ပြန်သည်။
စားပွဲပေါ်က ဟင်းပွဲတွေကို ကြည့်ပြီး လင်ဝမ်ယိ တူကို ကိုင်လိုက်ရသည်။
ဟင်းများကို အရှင်မင်းကြီး အကြိုက် ချက်ထားတာ ဖြစ်မည်။ အရသာက ပေါ့ပါးပြီး လတ်ဆတ်သည်။
အထဲက သုံးမျိုးစပ်ဟင်းရည် က မဆိုးလှပေ။ လင်ဝမ်ယိ နည်းနည်းလောက် စားလိုက်ပြီး ကျန်တာတွေကိုတော့ မြည်းရုံလောက်သာ စားလိုက်၏။
ပြန်သိမ်းသွားချိန်တွင် ဟင်းလေးပွဲနှင့် ဟင်းရည်တစ်ခွက်မှာ အများကြီး ကျန်နေသေးသည်။
ဖြုန်းတီးရာ ရောက်ပေသည့် သူ ဘာမှ ဝင်မပြောရဲပေ။
လက်ဆေး၊ ပလုပ်ကျင်းပြီးချိန်တွင် ခေါင်းဆောင်မားမားက နှင်းဆီသကြားရည် တစ်ခွက် လာချပေးသည်။ သူမ သောက်လိုက်တော့ လည်ချောင်း ရှင်းသွားသလို ပါးစပ်ထဲက ဟင်းနံ့တွေလည်း ပျောက်သွားသည်။
လင်ဝမ်ယိ သည်နေရာကို လာတာက ထမင်းလာစားတာမှ မဟုတ်တာ… အိပ်ဆောင်ဝင်ဖို့က အဓိကပဲလေ…။
ထို့ကြောင့် လင်မယားပြန်ဆုံမည့်ရက်ကို အေးစက်သည့်ဂူထဲတွင် စောင့်နေခဲ့သော “ဝမ်ပေါင်ချွမ်း” လိုမျိုး ကျွန်းသစ်သားစားပွဲလေးတွင် ထိုင်စောင့်နေလိုက်၏။
ကြာသလိုနှင့် ခပ်မြန်မြန်ပင် နာရီဝက်ဆိုသည့် အချိန်တစ်ခု ကုန်ဆုံးသွားခဲ့တော့၏။
လင်ဝမ်ယိ ငိုက်ချင်လာချိန်မှ အပြင်ဘက်က ခြေသံကို ကြားလိုက်ရသည်။
သူမသည် ချက်ချင်း အိပ်ချင်ပြေသွားပြီး ပါးပြင်ကို အသာအယာ ပုတ်ကာ မတ်တတ်ထရပ်ပြီး အရှင်မင်းကြီးကို စောင့်ဆိုင်းလိုက်သည်။
သူမအတွက် ဤသည်မှာ အရှင်မင်းကြီးကို ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။ သူမသည် စည်းကမ်းတွေကို မှတ်မိနေသေးသော်လည်း သည်တစ်ခေါက်တွင်တော့ ပထမတစ်ခေါက်ကလို မရှက်တော့ဘဲ တည်ငြိမ်နေလေသည်။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."
"အင်း... ထတော့..."
ထုံးစံအတိုင်း ဩရှရှ အသံနက်ကြီး ထွက်ပေါ်လာသည်။ အရှင်မင်းကြီးက နည်းနည်း ပင်ပန်းနေပုံ ရသည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."
အရင်တစ်ခေါက်တုန်းက သူမ ခေါင်းငုံ့ထားတော့ အရှင်မင်းကြီး ဘယ်လိုပုံစံလဲဆိုတာ သေချာမမြင်လိုက်ရခင်မှာပဲ ခြေတော်တင်ခံလိုက်ရတာ…။