ဘိုးဘေးနဂါး၏အမွေအနှစ်
Vol. 54 Ch. 747
"ဟွမ်းယွမ်ကောင်းကင်ဒေသလား..."
ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ထျန်းယွမ်ကမ္ဘာကြီးမှာ တော်ဝင်နန်းတော်ကိုဖယ်လိုက်ရင် ဟွမ်းယွမ်ကောင်းကင်ဒေသက လူနေအထူထပ်ဆုံးနဲ့ အကောင်းဆုံးလို့ ကျွန်တော်ကြားဖူးတယ်။"
ထျန်းယွမ်ကမ္ဘာကြီးသည် ကောင်းကင်ဒေသကိုးခုဖြင့် ဖွဲ့စည်းထားကြောင်း ယောင်ယောင်မှ ပြောပြခဲ့ဖူးသည်။ တော်ဝင်နန်းတော်သည် ကောင်းကင်ဒေသလေးခုအား ကြီးစိုးထားပြီး များစွာသော သက်ရှိသတ္တဝါများမှာ ကျန်သောကောင်းကင်ဒေသငါးခု၌ ခွဲဝေနေထိုင်ကြသည်။ ဟွမ်းယွမ်ကောင်းကင်ဒေသသည် ကောင်းကင်ဒေသငါးခု၏ ဗဟိုချက်ကဲ့သို့ အရပ်မျိုး ဖြစ်သည်။
ဟွမ်းယွမ်ကောင်းကင်ဒေသ တည်ရှိနေသောကြောင့်သာ တော်ဝင်နန်းတော်သည် ကျန်ရှိနေသော ကောင်းကင်ဒေသငါးခုကို ကြီးစိုးရန် မဖြစ်နိုင်ခြင်း ဖြစ်၏။ ဟွမ်းယွမ်ကောင်းကင်ဒေသသည် တော်ဝင်နန်းတော်အား ဆန့်ကျင်ရာတွင် အင်အားအကြီးဆုံး ဖြစ်ပေသည်။
"ဟွမ်းယွမ်ကောင်းကင်ဒေသက ဘယ်လောက်အင်အားကြီးလဲဆိုတာရော မင်းသိလား။" ကန်းယွမ်မှ ပြုံးကာပြောလိုက်သည်။
ဇူယွမ်မှ ခေါင်းအားခါယမ်းပြလိုက်သည်။ သူသည် ဟွမ်းယွမ်ကောင်းကင်ဒေသအကြောင်း အများကြီး သိရှိထားခြင်းမရှိပဲ စုယုဝေနှင့် ဝူယောင်တို့မှာ ၎င်းဒေသထံ သွားရောက်ကျင့်ကြံနေကြသည်ကိုသာ သိရှိထားသည်။
ဟွမ်းယွမ်ကောင်းကင်ဒေသ၏ အင်အားကြီးကြောင်းများအား သူ့ကဲ့သို့ နတ်ဘုံခန်းဝါ အဆင့်သာရှိသော ကျင့်ကြံသူတစ်ဦးမှ မည်ကဲ့သို့ သိရှိနေလိမ့်မည်နည်း။
ကန်းယွမ်မှာ အသားချောင်းတစ်ခုကိုယူကာ မီးပုံပေါ်တွင် ကင်ထားလိုက်ပြီးနောက် စကားဆိုလိုက်သည်။ "ဟွမ်းယွမ်ကောင်းကင်ဒေသက အရမ်းကျယ်လွန်းတယ်။ ကန်ရွှမ်းကောင်းကင်ဒေသထက် အဆပေါင်းများစွာကြီးတယ်။ ဟွမ်းယွမ်ကောင်းကင်ဒေသကို နယ်မြေကိုးခု ခွဲခြားထားတယ်။"
"နယ်မြေတစ်ခုစီတိုင်းမှာ အရှင်သခင်တစ်ယောက်စီ အုပ်ချုပ်တယ်။"
"ပြီးတော့ နယ်မြေတွေကို ပိုင်စိုးထားတဲ့ အရှင်သခင်တိုင်းက သူတော်စင်အဆင့် ရှိတဲ့သူတွေချည်းပဲ။"
ဇူယွမ်မှာ ထိုစကားများကြောင့် အလွန်အံ့အားသင့်သွားရသည်။ "အဲ့ဒါဆို....သူတော်စင်ကိုးယောက်တောင်မှပေါ့။"
သူတော်စင်တစ်ဦးသည် မည်မျှအထိ အင်အားကြီးနိုင်သည်ကို ဇူယွမ်ကောင်းစွာ သိရှိထားခြင်း မရှိပေ။ သို့သော် ရွှေရည်စိမ် သူတော်စင်အဆင့်သာရှိသော ရှန့်ယွမ်သည်ပင် အလွန်အန္တရာယ်များလှသည်။
ကန်ရွှမ်းကောင်းကင်ဒေသ၌ ရွှေရည်စိမ် သူတော်စင်အဆင့်သည် လွန်စွာအင်အားကြီးသည်ဟု မှတ်ယူရနိုင်ပေသည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သောနေ့၌ ကန်းယွမ်သာ ရောက်ရှိလာခြင်း မရှိပါက ရှန့်ယွမ်အား မည်သူကမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ဟွမ်းယွမ်ကောင်းကင်ဒေသတွင် သူတော်စင်ကိုးဦးရှိသည်ဟု ကန်းယွမ်မှ ပြောပြလာလေသည်။
ထိုသူတော်စင်ကိုးဦးထဲမှ တစ်ဦးသာ ကန်ရွှမ်းကောင်းကင်ဒေသထံ ရောက်ရှိလာပါက တော်ဝင်နန်းတော် အပါအဝင် အခြားသော အင်အားကြီးကလန်ကြီးများအား လွယ်ကူစွာ ဖိနှိပ်နိုင်မည်ဖြစ်ပြီး ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင်အဖြစ် ကောင်းမွန်စွာ ရပ်တည်နိုင်မည်ပင် ဖြစ်သည်။
ဟွမ်းယွမ်ကောင်းကင်ဒေသသည် တော်ဝင်နန်းတော်အား ဆန့်ကျင်၍ ရပ်တည်နိုင်နေခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ ၎င်းတို့၏ အင်အားသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။
ကန်းယွမ်မှာ အံ့သြတကြီးဖြစ်နေသော ဇူယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "နယ်မြေအရှင်သခင်တွေက ဟွမ်းယွမ်ကောင်းကင်ဒေသကို ကြီးစိုးထားပြီးတော့ သက်ရှိသတ္တဝါတွေကို အုပ်ချုပ်ကြတယ်။"
"အဲ့နယ်မြေကိုးခုထဲမှာ ထျန်းယွမ်နယ်မြေလို့ခေါ်တဲ့ ဒေသတစ်ခုရှိတယ်။ အဲ့နေရာက ငါကိုယ်တိုင် ဖန်တီးထားတဲ့နေရာပဲ။"
ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ရှိနေသော ဆရာသခင် ကန်းယွမ်အားကြည့်ကာ အလွန်အံ့အားသင့်သွားရသည်။ ဆရာသခင် ကန်းယွမ်မှာ တည်ငြိမ်နေလျက်သာရှိပြီး အနည်းငယ်မျှပင် ဂုဏ်ယူဝံ့ကြွားနေဟန် မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ အရူးတစ်ယောက် မဟုတ်သောကြောင့် ရိုးရှင်းသော စကားတစ်ခွန်း၏ အတိမ်အနက်အား ကောင်းစွာနားလည်ပေသည်။
ထိုသည်မှာ ထျန်းယွမ်ကမ္ဘာကြီးအတွင်း အမြင့်မားဆုံး အဆင့်အတန်းတစ်ခု ဖြစ်သည်။
ကန်ရွှမ်းကောင်းကင်ဒေသ အရှင်သခင်ဖြစ်သော မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းသည်ပင် နယ်မြေအရှင်သခင်ဖြစ်သူ ဆရာသခင် ကန်းယွမ်အား နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်လောက်ချေ။
ဇူယွမ်မှာ လွတ်လွတ်လပ်လပ်နေတက်သော ဆရာသခင်ဖြစ်သူ ကန်းယွမ်သည် ဟွမ်းယွမ်ကောင်းကင်ဒေသမှ နယ်မြေအရှင်သခင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အချိန်အတော် ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ အသိစိတ် ပြန်ဝင်လာကာ အံ့အားသင့်နေဟန်ဖြင့်
မေးမြန်းလိုက်သည်။ "ဟွမ်းယွမ်ကောင်းကင်ဒေသက ယောင်ယောင်နဲ့ ဘယ်လိုပတ်သက်နေတာလဲဟင်။"
ဆရာသခင် ကန်းယွမ်၏ ဇစ်မြစ်နှင့်ပက်သတ်ကာ အံ့အားသင့်သွားရပါသော်လည်း ဇူယွမ်အတွက် အရေးအကြီးဆုံးမှာ ယောင်ယောင်ပြန်လည်နိုးထလာရန်သာ ဖြစ်သည်။
ကန်းယွမ်မှ ရယ်မောကာ ပြောလိုက်သည်။ "ယောင်ယောင်က တခြားသူတွေနဲ့ မတူဘူးဆိုတော့ သူမရဲ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းဖို့ကလည်း ပုံမှန်နဲ့တော့ နည်းနည်းကွဲပြားလိမ့်မယ်။"
ဇူယွမ်မှ အလျင်အမြန် မေးမြန်းလိုက်သည်။ "ပုံမှန်နဲ့ မတူတဲ့နည်းလမ်းလား။"
ကန်းယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် လေးနက်စွာဖြင့် စကားဆိုလိုက်သည်။ "ဘိုးဘေးနဂါးမီးအိမ်နဲ့ ဘိုးဘေးနဂါးအသွေးအသားပဲ။"
ဇူယွမ်မှာ အလွန်အံ့အားသင့်သွားရသည်။ "ဘိုးဘေးနဂါးမီးအိမ်နဲ့ ဘိုးဘေးနဂါးအသွေးအသားဟုတ်လား။"
ကန်းယွမ်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "အရာအားလုံးရဲ့ အစမှာတုန်းက ပထမဆုံး မွေးဖွားလာခဲ့တဲ့သူကို ဘိုးဘေးနဂါးလို့ သိကြတယ်။ ဘိုးဘေးနဂါးရဲ့ ခန္ဓာကိုယ်ကနေ သက်ရှိသတ္တဝါတွေ မွေးဖွားလာပြီး ထျန်းယွမ်ကမ္ဘာကြီး ဖြစ်ပေါ်လာခဲ့တယ်။"
ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် မေးမြန်းလိုက်သည်။ "အဲ့ဒါက ဒဏ္ဍာရီတွေ မဟုတ်ဘူးလား။"
သူသည် သက်ရှိသတ္တဝါများ ဖြစ်ပေါ်လာခြင်းနှင့်ပက်သတ်၍ များစွာသော ပါးစပ်ရာဇဝင်များ၊ ဒဏ္ဍာရီလာ ဇာတ်လမ်းများကို ကြားသိခဲ့ဖူးပါသော်လည်း တစ်ကြိမ်တစ်ခါမျှ အလေးအနက် လက်ခံခဲ့ခြင်း မရှိပေ။
"ပြီးတော့ အဲ့ဒါက အမှန်ဆိုရင်တောင် လွန်ခဲ့တဲ့ နှစ်တွေအများကြီးထဲက ဘိုးဘေးနဂါးက သက်ရှိသတ္တဝါတွေကို ဖန်တီးပြီး ပျောက်ကွယ်သွားပြီမလား။ ဒီကမ္ဘာကြီးထဲမှာ ဘိုးဘေးနဂါး အသွေးအသားတွေ ဘယ်လိုလုပ် ကျန်တော့မှာလဲ။"
ဇူယွမ်မှာ ဘိုးဘေးနဂါး၏ အသွေးအသားများသည် ဤကမ္ဘာပေါ်၌ တည်ရှိနေဦးမည်ဟု မထင်မိပေ။ ထို့အပြင် ယောင်ယောင်သည် လွန်စွာထူးခြားလှသော ဘိုးဘေးနဂါး၏ အသွေးအသားများအား အဘယ့်ကြောင့် လိုအပ်ရပါသနည်း။
ဆရာသခင် ကန်းယွမ် ပြောပြနေသော အကြောင်းအရာများအားလုံးမှာ ဆန်းကြယ်လွန်းနေသည်။
ကန်းယွမ်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ဟုတ်တယ်။ အခုအချိန်မှာ ဘိုးဘေးနဂါးရဲ့ အသွေးအသားကို ရှာဖို့အရမ်းခက်သွားပြီ။"
"ဒါပေမယ့် အရမ်းခက်တယ်ဆိုတာနဲ့ပဲ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"
ဇူယွမ်မှ ထပ်မံမေးမြန်းလိုက်သည်။ "ဘိုးဘေးနဂါးမီးအိမ်ဆိုတာကရော ဘယ်လိုမျိုးလဲ။"
"ဘိုးဘေးနဂါးမီးအိမ်ဆိုတာ ဟွမ်းယွမ်ကောင်းကင်ဒေသရဲ့ ထိပ်သီးအဆင့်ရှိတဲ့ သူတော်စင်အဆင့် ရတနာတစ်ခုပဲ။ ဘိုးဘေးနဂါးမီးအိမ်ကနေ ဖြာထွက်နေတဲ့ အလင်းတန်းတွေက ဘိုးဘေးနဂါးရဲ့ ရိုးတွင်းခြင်ဆီကနေ ထွက်ပေါ်လာတာလို့ ပြောစမှတ်ပြုကြတယ်။ နှစ်တစ်ရာတိုင်းမှာ နယ်မြေအရှင်သခင်တွေက မီးအိမ်ကို ဘယ်သူ့ဆီ လွှဲပြောင်းရမလဲဆိုတာ ဆုံးဖြတ်ကြတယ်။"
ဇူယွမ်မှ ခါးသက်စွာ ပြုံးလိုက်သည်။ "အဲ့ဒါဆို ကျွန်တော်တို့က ဘိုးဘေးနဂါးမီးအိမ်ကို ထျန်းယွမ်နယ်မြေကရအောင် လုပ်ကြရမှာပေါ့။"
ကန်းယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။
ဇူယွမ်မှ နားမလည်နိုင်စွာ မေးလိုက်သည်။ "ဆရာသခင်က ထျန်းယွမ်နယ်မြေရဲ့ အရှင်ပဲမလား။ ဟွမ်းယွမ်ကောင်းကင်ဒေသကို ရောက်တဲ့အချိန်ကြရင် ဘိုးဘေးနဂါးမီးအိမ်ကို ခဏငှားလိုက်လို့ မရဘူးလား။"
ကန်းယွမ်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ငါသာ ဟွမ်းယွမ်ကောင်းကင်ဒေသထဲ သွားလို့ရမယ်ဆိုရင် ဘာလို့တော်ဝင်နန်းတော် လက်ထဲကနေ ပြေးနေစရာလိုမှာလဲ။ ဟွမ်းယွမ်ကောင်းကင်ဒေသက တော်ဝင်နန်းတော်ကလူတွေတောင် ဝင်လာရဲတဲ့ နေရာမဟုတ်ဘူး။"
ဇူယွမ်မှာ ပို၍ရှုပ်ထွေးသွားရသည်။ "ဆရာသခင်က နယ်မြေအရှင်သခင် ကိုးယောက်ထဲက တစ်ယောက်မလား။ ဘာလို့ဟွမ်းယွမ်ကောင်းကင်ဒေသကို သွားလို့မရတာလဲ။"
ကန်းယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် အိမ်အတွင်းရှိ သလင်းကျောက်ခေါင်းတလားအတွင်း လှဲလျောင်းနေသော ယောင်ယောင်အား လှမ်း၍ကြည့်ရှုလိုက်သည်။
ဇူယွမ်မှာ နှလုံးသားများ တုန်လှုပ်သွားရ၏။ "ယောင်ယောင်ကြောင့်လား။"
"ယောင်ယောင်ရဲ့ တည်ရှိမှုက ထျန်းယွမ်ကမ္ဘာကြီးပေါ်က သက်ရှိသတ္တဝါတွေအတွက် အရမ်းအရေးကြီးတယ်။ ဒါပေမယ့် သူမက အရမ်းကို ထူးခြားလွန်းတယ်။ အဲ့ဒါကြောင့် ငါတို့နယ်မြေအရှင်သခင်ကိုးယောက်က သူမကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပက်သတ်ပြီး တစ်ခါမှ ညှိနှိုင်းလို့ မရခဲ့ဘူး။"
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါသူမကို ခိုးယူလာပြီး တိတ်တိတ်လေး ဖွက်ထားခဲ့တယ်။ အဲ့လိုနဲ့ တော်ဝင်နန်းတော်ဆီကရော တခြားနယ်မြေအရှင်သခင်တွေဆီကပါ ပုန်းနေခဲ့ရတယ်။"
"တကယ်လို့ ငါသာ ဟွမ်းယွမ်ကောင်းကင်ဒေသကို ပြန်သွားခဲ့ရင် ယောင်ယောင်အတွက် ကောင်းတော့မှာ မဟုတ်ဘူး။" ကန်းယွမ်မှ လေးနက်စွာဖြင့် ပြောလိုက်သည်။
ကန်းယွမ်သည် အခြားသော နယ်မြေအရှင်သခင်များနှင့် ပဋိပက္ခ ဖြစ်ထားလိမ့်မည်ဟု ဇူယွမ်မှ ထင်မှတ်မထားခဲ့ပေ။ ရှုပ်ထွေးမှုများသည် သူလိုက်မမီနိုင်အောင်ပင်။
"အဲ့ဒါကြောင့် ဟွမ်းယွမ်ကောင်းကင်ဒေသကို မင်းသွားပေးမှ ရမယ်။ အဲ့မှာ ငါ့ရဲ့တပည့်နှစ်ယောက်ရှိတယ်။ သူတို့က ဘိုးဘေးနဂါးမီးအိမ်ကိုရဖို့ မင်းကို ကူညီပေးလိမ့်မယ်။" ကန်းယွမ်မှ ပြောလိုက်သည်။
ဇူယွမ်မှာ မျက်ဝန်းများ တောက်ပသွားရသည်။ "ဆရာသခင် ပြောပြဖူးတဲ့ စီနီယာအကိုတော် နှစ်ယောက်လား။"
"စီနီယာအကိုတော် နှစ်ယောက်ဟုတ်လား။" ကန်းယွမ်မှာ အံ့အားသင့်သွားပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ပထမတစ်ယောက်ကတော့ မင်းပြောသလို စီနီယာအကိုတော်ပါပဲ။ အင်း....ဒုတိယတစ်ယောက်ကလည်း မင်းပြောတာ မှားတော့မမှားပါဘူးလေ။"
ဇူယွမ်မှာ ကန်းယွမ်ကြောင့် စိတ်ရှုပ်ထွေးသွားရသည်။
"ဘာပဲဖြစ်ဖြစ် ဟွမ်းယွမ်ကောင်းကင်ဒေသကနေ ငါထွက်လာတာ အရမ်းကြာနေပြီဆိုတော့ ထျန်းယွမ်နယ်မြေရဲ့ ဘယ်နားမှာလဲဆိုတာ အတိအကျတော့ မပြောတက်တော့ဘူး။ ထျန်းယွမ်နယ်မြေက အရမ်းကျယ်လွန်းတယ်။ ပြီးတော့ အဆင့်မြင့်ကျင့်ကြံသူတွေနဲ့ အင်အားကြီးကလန်ကြီးတွေလည်း အများကြီးရှိတယ်။ ငါရှိနေတုန်းက သူတို့က အေးအေးဆေးဆေး နေခဲ့ကြပေမယ့် အခုတော့ အခြေအနေတွေ ဘယ်လိုဖြစ်နေမလဲဆိုတာ ငါမပြောတက်ဘူး။"
"အဲ့ဒါကြောင့် ထျန်းယွမ်နယ်မြေထဲ ရောက်တဲ့အခါကြရင် ပိုသတိထားမှရမယ်။"
"နောက်ပြီးတော့ ငါ့ရဲ့တပည့်နှစ်ယောက်ကလွဲရင် တခြားသူတွေကို မင်းကငါ့ရဲ့ တတိယတပည့်ဆိုတာ မပြောပြရဘူး။ တခြားအဆင့်မြင့်ကျင့်ကြံသူတွေသာ အဲ့အကြောင်းသိသွားရင် မင်းဆီကနေ ငါ့ရဲ့လက်ရှိအခြေအနေကို ရအောင်ဖော်ထုတ်ကြလိမ့်မယ်။"
ကန်းယွမ်မှ ဖြည်းညင်းစွာ ဆက်လက်ပြောဆိုလိုက်သည်။ "ဘိုးဘေးနဂါး အသွေးအသားနဲ့ပက်သတ်တာကတော့ မင်းကိုယ်တိုင် ဟွမ်းယွမ်ကောင်းကင်ဒေသမှာ စုံစမ်းရှာဖွေရလိမ့်မယ်။"
ဇူယွမ်မှာ ကန်းယွမ်၏စကားများအား ဂရုတစိုက်ဖြင့် မှတ်သားနေလျက် ရှိသည်။ လိုအပ်သော ပစ္စည်းနှစ်ခုအား ရှာဖွေရယူရန်မှာ အလွန်ခက်ခဲသော တာဝန်ပင် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ ယောင်ယောင်သာ နိုးထလာမည်ဆိုပါက ဇူယွမ်မှာ မည်သည့်အရာကိုမဆို ပြုလုပ်ရန် ဆန္ဒရှိသည်။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်ကာ စကားဆိုလိုက်သည်။ "ကျွန်တော် နားလည်ပါပြီ။ ဘယ်အချိန် စထွက်ရမလဲ။"
ဤကိစ္စနှင့်ပက်သတ်၍ ထပ်မံဆွေးနွေးစရာ အကြောင်းမရှိတော့ပေ။ ယောင်ယောင်နိုးထလာရန်အတွက်ဆိုလျှင် ဇူယွမ်မှာ ဓားတောင်ကိုကျော်၍ မီးပင်လယ်အား လက်ပစ်ကူးရစေကာမူ တွေဝေနေမည်မဟုတ်။
ကန်းယွမ်မှာ ဆုံးဖြတ်ချက် ပြတ်သားနေဟန်ရှိသော ဇူယွမ်အားကြည့်ကာ ကျေနပ်သွားသည်။ သူသည် ကောင်းကင်အား မော့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "မြန်မြန်သွားလေ ကောင်းလေပဲ။ မြင့်မြတ်သောနန်းတော်က ငါ့ရဲ့တည်နေရာကို လိုက်ရှာနေပြန်ပြီ။"
ဇူယွမ်မှ ပြတ်သားနေသော မျက်ဝန်းများဖြင့် စကားဆိုလိုက်သည်။
"အဲ့ဒါဆိုလည်း မနက်ဖြန်ပဲ သွားလိုက်ပါ့မယ်။"