ခွဲခွာခြင်း
Vol. 54 Ch. 748
ဇူယွမ်မှာ သလင်းကျောက်ခေါင်းတလားအား ငြိမ်သက်စွာ ကြည့်ရှုလိုက်သည်။
ယောင်ယောင်မှာ ခေါင်းတလားအတွင်း လှဲလျောင်းနေလျက် ရှိသည်။ သူမ၏ လက်နှစ်ဖက်မှာ ရင်ဘတ်ပေါ်တွင် ယှက်လျက်ရှိနေပြီး နူးညံ့လှပသော အသားအရေပေါ်တွင် ရွှေရောင်အက်ကွဲရာများ ထင်ဟပ်နေသည်။
သူမ၏ မျက်နှာလေးမှာ ယခင်ကကဲ့သို့ အသက်ရှူမှားလောက်အောင် လှပနေဆဲ ဖြစ်သည်။ သို့သော် သူမ၏ အမြဲတစေ ကြည်လင်နေတက်သော မျက်ဝန်းများမှာ ယခုအခါတွင် အသက်ဓာတ် တစ်စုံတစ်ရာမရှိပဲ တင်းကြပ်စွာ ပိတ်နေလေသည်။
ဇူယွမ်မှာ ဝမ်းနည်းစွာဖြင့် ခေါင်းတလားအား ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။ ယောင်ယောင်၏ နွေးထွေးသော အပြုံးများမှာ ယခုအခါတွင် အတိတ်ပုံရိပ်အဖြစ်သာ ကျန်ရစ်တော့သည်။
ဇူယွမ်မှာ ဖြစ်ပျက်ခဲ့ရသော အခြေအနေများအတွက် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မဆုံး ဖြစ်နေမိသည်။ သူ့အတွက်ကြောင့်သာ မဟုတ်ပါက ယောင်ယောင်မှာလည်း သူမကိုယ်သူမ ထိုမျှအထိ ဖိအားပေးရလိမ့်မည် မဟုတ်ပေ။
အတိတ်ကာလများ၌ ဆရာသခင် ကန်းယွမ်သည် သူ့အား ယောင်ယောင့်ကို စောင့်ရှောက်ပေးရန် စကားဆိုခဲ့သည်။ သို့သော် ဖြတ်သန်းလာခဲ့သော နှစ်များအတွင်း ယောင်ယောင်မှသာ သူ့အား စောင့်ရှောက်ပေးခဲ့ရလေသည်။
သူမနှင့် တွေ့ဆုံခဲ့ရခြင်းမှာ ဇူယွမ်အတွက် ကောင်းချီးတစ်ခုပင် ဖြစ်သည်။
သို့သော် သူနှင့်တွေ့ဆုံခဲ့ရခြင်းမှာ ယောင်ယောင့်အတွက် ကောင်းချီးတစ်ခု မဟုတ်ခဲ့။ သူ့အတွက်ကြောင့်သာ မဟုတ်လျှင် ယောင်ယောင်မှာ ယနေ့အခြေအနေသို့ ရောက်ရှိစရာ အကြောင်းမရှိပေ။
ဇူယွမ်မှာ အားနည်းလွန်းကြောင့်သာ ထိုသို့ဖြစ်ခဲ့ရကြောင်း သူ့ကိုယ်သူ ကောင်းစွာသိရှိထားသည်။
ဇူယွမ်မှ ညင်သာစွာ ရေရွတ်လိုက်သည်။ "စိတ်မပူနဲ့နော် ယောင်ယောင်....ဘယ်လောက်ပဲ ခက်ခဲနေပါစေ မင်းပြန်ကိုနိုးထလာရမယ်။"
သူသည် ယောင်ယောင်အား အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေပြီးနောက် အနည်းငယ်မျှပင် တွေဝေမနေတော့ပဲ အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။
အနာဂတ်၌ မည်သည့်အရာများ စောင့်ကြိုနေမည်ကို မသိရှိနိုင်ပေ။ ဟွမ်းယွမ်ကောင်းကင်ဒေသသည် ကန်ရွှမ်းကောင်းကင်ဒေသနှင့် နှိုင်းယှဉ်မရလောက်အောင်ပင် ကျယ်ပြန့်လွန်းလှသည်ဟု သိရသည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ လက်လျော့လိုက်မည်မဟုတ်။
အိမ်ထဲမှ ထွက်ခွာလာပြီးနောက် အကန့်အသတ်မဲ့သော ချီစွမ်းအင်များမှာ ဇူယွမ်ရှေ့၌ စုဝေးလာကြသည်။ ကြည့်ရှုလိုက်သောအခါတွင် အနီးရှိ တောင်ကြားတစ်ခု၌ မူလမှော်စာလုံးများမှ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့ရှိလိုက်ရသည်။
ကန်းယွမ်မှာ ကောင်းကင်ထက်တွင် ရပ်နေလျက်ရှိပြီး လေထုအား လက်ဖြင့်ထိတွေ့လိုက်တိုင်းတွင် များစွာသော မူလမှော်စာလုံးများ ဖြစ်ပေါ်လာကာ အလင်းဇယားကွက်တစ်ခုအတွင်း စီစဉ်တကျ နေရာယူနေကြသည်။
ထိုသည်မှာ ကောင်းကင်ဒေသတစ်ခုမှ တစ်ခုထံ သွားနိုင်သော ကွမ်းကျန်လဲ့ဟုခေါ်သည့် တည်နေရာရွှေ့ပြောင်း မူလမှော်စာလုံး အစီအရင်တစ်ခု ဖြစ်သည်။
ထိုအစီအရင်သည် တည်ဆောက်ရန် ခက်ခဲလွန်းလှပြီး များပြားလှသော ချီစွမ်းအင်များကို လိုအပ်သည်။ သို့သော် ၎င်းသည်သူတော်စင်တစ်ဦးအတွက်မူ ပြဿနာတစ်ခု မဟုတ်ပေ။
ဤသို့ဖြင့် အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။
ကန်းယွမ်မှာ လှုပ်ရှားနေခြင်းကို ရပ်တန့်လိုက်ပြီးနောက် ကျေနပ်အားရနေဟန်ဖြင့် ကွမ်းကျန်လဲ့အား ကြည့်ရှုလိုက်သည်။ ထို့နောက် ဇူယွမ့်ထံသို့ ဖြည်းညင်းစွာ ဆင်းသက်လာလိုက်သည်။
ကန်းယွမ်မှာ အိမ်ထဲသို့ တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။ "မင်းအဆင်သင့်ဖြစ်ပြီလား။"
ဇူယွမ်မှာ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ကန်းယွမ်မှာ ခံစားချက်များ ပြည့်နှက်နေဟန်ဖြင့် ရှေ့တွင်ရှိနေသော လူငယ်လေးအား ကြည့်ရှုလိုက်သည်။ သူသည် ဇူယွမ်နှင့် စတင်တွေ့ဆုံစဉ်ကပင် တော်ဝင်နန်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရခြင်းကြောင့် ယောင်ယောင် အန္တရာယ်ကင်းစေရန် သူမအား ထိုလူငယ်လေးနှင့်အတူ ထားရစ်ခဲ့လိုက်ရသည်။ သို့သော် သူမနှင့် ဇူယွမ်တို့အကြားတွင် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှပင် တွေးထင်မထားခဲ့မိပေ။
ထိုသည်မှာ ကောင်းလားဆိုးလားပင် မပြောတက်တော့ချေ။
"ဇူယွမ်..."
ကန်းယွမ်မှာ တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက်
စကားဆိုလိုက်သည်။ "မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ပက်သတ်ပြီး ငါဘာမှ မပြောချင်ဘူး။ ဒါပေမယ့် ယောင်ယောင်ရဲ့ မူလဇစ်မြစ်က အရမ်းရှုပ်ထွေးနေတာကို မင်းနားလည်နိုင်မယ်ထင်တယ်။ တကယ်လို့...."
"တကယ်လို့ မင်းသူမနဲ့ အတူရှိချင်တယ်ဆိုရင် အရမ်းစွမ်းအားကြီးလာမှ ဖြစ်မယ်။"
"ကန်ရွှမ်းကောင်းကင်ဒေသမှာ ဖြစ်ခဲ့သလိုမျိုး မင်းလည်းထပ်မမြင်ချင်တော့လောက်ဘူးမလား။"
ဇူယွမ်မှာ လက်သီးများကို ခပ်တင်းတင်း ဆုပ်ထားလိုက်မိသည်။ ဆရာသခင် ကန်းယွမ်သည် သူ့အား အထင်အမြင် သေးနေခြင်းမဟုတ်ကြောင်း ဇူယွမ်မှ ကောင်းစွာနားလည်ထားသည်။
အချို့သော အရာများသည် ရက်စက်သည်ဟု ထင်မြင်ရပါသော်လည်း အမှန်တရားကို ရင်ဆိုင်ရဲရမည်သာ ဖြစ်သည်။
အကယ်၍ သူသာ လုံလောက်အောင် စွမ်းအားမကြီးခဲ့ပါက ယောင်ယောင်ပြန်လည်နိုးထလာလျှင်ပင် ယခင်ကဲ့သို့ အလားတူကိစ္စများ ထပ်မံဖြစ်ပေါ်နေပေလိမ့်ဦးမည်။
အဘယ့်ကြောင့်ဆိုသော် ယောင်ယောင်မှာ သာမန်ထက် အဆပေါင်းများစွာ ထူးခြားသော မိန်းမငယ်လေးတစ်ဦး ဖြစ်နေသောကြောင့်ပင်။
"ကျွန်တော်နားလည်ပါတယ် ဆရာသခင်..." ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။
"ဟွမ်းယွမ်ကောင်းကင်ဒေသဆီ သွားရတာကလည်း မင်းအတွက် ကောင်းတဲ့အခွင့်အရေးပဲ။ ဟွမ်းယွမ်ကောင်းကင်ဒေသဆိုတာ ထျန်းယွမ်ကမ္ဘာကြီးထဲက စွမ်းအားအကြီးဆုံးသူတွေနေတဲ့ နေရာတစ်ခုပဲ။ ကောင်းကင်မှာ တိမ်တိုက်တွေ အများကြီး မျောလွင့်နေသလို ဟွမ်းယွမ်ကောင်းကင်ဒေသမှာလည်း အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီးရှိတယ်။ သူတော်စင်အဆင့်တွေတောင်မှ ဟွမ်းယွမ်ကောင်းကင်ဒေသရဲ့ ထူးခြားမှုတွေကို အကုန်ရှာမတွေ့နိုင်သေးဘူး။"
"အဲ့ဒါကြောင့် ဘိုးဘေးနဂါးရဲ့ အမွေအနှစ် နှစ်ခုကို ရှာနေတဲ့အချိန်မှာ မင်းကိုယ်မင်း သန်မာလာအောင်လုပ်ဖို့ မမေ့နဲ့။"
"လုံလောက်အောင် သန်မာလာမှ အနာဂတ်မှာ မင်းလိုချင်တဲ့အရာတွေကို ဆုပ်ကိုင်ထားနိုင်လိမ့်မယ်။ အဲ့လိုမှမဟုတ်ရင်တော့..."
ကန်းယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်သွားသည်။ "မင်းကို ဘာမှမသိတဲ့ သာမန်လူတစ်ယောက်ပဲ ဖြစ်လာစေချင်တော့တယ်။ ယောင်ယောင် နိုးထလာဖို့ ငါတခြားနည်းလမ်းတစ်ခုပဲ စဉ်းစားလိုက်တော့မယ်။ မင်းရှေ့ကိုလည်း ယောင်ယောင်က ဘယ်တော့မှ ရောက်လာတော့မှာ မဟုတ်ဘူး။"
ဇူယွမ်မှာ တုန်လှုပ်သွားရပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ကန်းယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော် ဘယ်တော့မှ အရှုံးမပေးတက်ဘူးဆိုတာ ဆရာသခင် သိတယ်မလား။"
ကန်းယွမ်မှာ ဇူယွမ်၏ မျက်ဝန်းများအား ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "အဲ့ဒါဆိုလည်း ငါ့ကိုအလုပ်နဲ့ သက်သေပြပါ။"
ဇူယွမ်မှာ မည်သည့်စကားမှမဆိုပဲ ခေါင်းညိတ်ပြလိုက်သည်။
"ဝူး...."
ပုံရိပ်တစ်ခုမှ ဇူယွမ်၏ပုခုံးပေါ်သို့ ခုန်တက်လာသည်။ ထိုသည်မှာ ထန်ထန်ပင် ဖြစ်သည်။ ထန်ထန်သည် ဇူယွမ်ထွက်ခွာတော့မည်ကို သိရှိနေသောကြောင့် အတူလိုက်ပါလိုဟန် ရှိသည်။
သို့သော် ကန်းယွမ်မှာ ထန်ထန်အား ပွေ့ချီထားလိုက်သည်။ "ဒီတစ်ခါတော့ မင်းသူနဲ့လိုက်သွားလို့ မရဘူး။"
ထို့နောက် ကန်းယွမ်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ထန်ထန်ကလည်း သာမန်သားရဲတစ်ကောင် မဟုတ်ဘူး။ အဲ့ဒါကြောင့် ထန်ထန့်ကို သူနဲ့သင့်တော်မယ့် နေရာတစ်ခုစီ ပို့ထားဖို့ ငါစီစဉ်ထားတယ်။"
"ဂါး...."
ထန်ထန်မှာ စိတ်အလိုမကျဟန်ဖြင့် အော်ဟစ်လိုက်သည်။
ဇူယွမ်မှာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဟွမ်းယွမ်ကောင်းကင်ဒေသ၌ မည်သည့်အန္တရာယ်များဖြင့် ပြည့်နှက်နေမည်ကို မသိရှိနိုင်သောကြောင့် ထန်ထန်အား ထားရစ်ခဲ့ခြင်းမှာ ပို၍ကောင်းမွန်ပေလိမ့်မည်။
ဇူယွမ်မှာ ဝမ်းနည်းစွာဖြင့် ထန်ထန်အား ကြည့်ရှုလိုက်မိသည်။ ယောင်ယောင်နှင့် ထန်ထန်သည် သူ့အား နှစ်ပေါင်းများစွာ အဖော်ပြုပေးခဲ့ပါသော်လည်း ယခုအခါတွင်မူ ဟွမ်းယွမ်ကောင်းကင်ဒေသဆီသို့ တစ်ကိုယ်တည်း ထွက်ခွာရတော့မည် ဖြစ်သည်။
"ထန်ထန်....ငါတို့ခဏလောက် ခွဲနေကြရအောင်။ နောက်တစ်ခါပြန်တွေ့ရင် ငါမင်းကို မထားသွားတော့ဘူးနော်။" ဇူယွမ်မှ ထန်ထန်အားကြည့်၍ ပြုံးကာပြောလိုက်သည်။
ထန်ထန်မှာ ဝမ်းနည်းနေဟန်ဖြင့် အမြှီးလေးအား ဝေ့ယမ်းလိုက်သည်။
"ဝူး...."
ဝမ်းနည်းပက်လက်ဖြစ်နေသော ထန်ထန်ကြောင့် ဇူယွမ်မှာ မျက်ရည်များပင် ဝဲတက်လာရသည်။
ဇူယွမ်မှာ အလွန်စိတ်မကောင်း ဖြစ်နေပါသော်လည်း ခံစားချက်များအား ထိန်းချုပ်ကာ ကွမ်းကျန်လဲ့ထံ လျှောက်လှမ်းသွားလိုက်သည်။
"ကျွန်တော်အဆင်သင့်ဖြစ်ပြီ ဆရာသခင်..."
ကန်းယွမ်မှ ခေါင်းညိတ်ကာ စကားဆိုလိုက်သည်။ "ထျန်းယွမ်နယ်မြေကို တက်နိုင်သမျှ ငါစောင့်ကြည့်နေမယ်။ ဘိုးဘေးနဂါး ပစ္စည်းတွေကိုရပြီးရင် ငါပေးလိုက်တဲ့ တံဆိပ်ပြားကို ဖျက်စီးပစ်လိုက်။ အဲ့အချိန်ကြရင် ငါမင်းနဲ့လာတွေ့မယ်။"
ကန်းယွမ်မှာ လက်ဟန်အမျိုးမျိုးပြောင်းလဲကာ ကွမ်းကျန်လဲ့ထံမှ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
သို့သော် ကန်းယွမ်မှ ကွမ်းကျန်လဲ့အား အသက်သွင်းတော့မည့် အချိန်မှာပင် ကောင်းကင်မှာ အက်ကွဲသွားသည်။
ဇူယွမ်မှ ကြည့်ရှုလိုက်သောအခါတွင် အက်ကွဲသွားသော ကောင်းကင်ထက်၌ အဖျက်စွမ်းအားများ ပါဝင်နေသော မိုးကြိုးလျှပ်စီးများကို တွေ့ရှိလိုက်ရသည်။
ထိုမိုးကြိုးလျှပ်စီးမှာ ဆွတ်ဆွတ်ဖြူနေလေသည်။
၎င်းအဖြူရောင် မိုးကြိုးလျှပ်စီးနှင့် ဇူယွမ်မှာ ရင်းနှီးနေခဲ့ပြီးသား ဖြစ်သည်။
ထိုသည်မှာ တော်ဝင်နန်းတော်ပင်...
ထင်မှတ်ထားသည့်အတိုင်း ၎င်းတို့ရောက်ရှိလာခဲ့လေပြီ....