သေစမ်း ... တကယ့်ကို မောက်မာလွန်းတယ်
Vol. 28 Ch. 308
ထန်ထျန်း၏ ညွှန်ကြားချက်ကို ကြားလိုက်ရသောအခါ လီဟုန်မှာ မျက်လုံးပြူးသွားမိသည်။
"သခင်လေး..."
"တကယ်ပဲ အဲဒီအတိုင်း ရေးရမှာလား"
သူက မယုံကြည်နိုင်စွာ မေးလိုက်သည်။
ထျန်းဖူနန်းတော်သို့ ရောက်ရှိလာကတည်းက ထန်ထျန်းသည် အရင်ကကဲ့သို့ ခပ်အေးအေးနေတတ်သည့် ပုံစံကို ဖျောက်ဖျက်ပြီး မောက်မာလာခဲ့သည်မှာ အမှန်ပင်။
သို့သော် ဤမျှအထိတော့ မဟုတ်ခဲ့ဖူးပေ။
အရင်က ထန်ထျန်း ပြောဆိုလုပ်ကိုင်ခဲ့သည်များမှာ အကြောင်းပြချက် တစ်ခုခုကြောင့် ဖြစ်ပြီး အနည်းငယ် ထိန်းသိမ်းခဲ့သေးသည်။
သို့သော် ယခုတစ်ကြိမ်မှာမူ ဗြောင်ကျကျ တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ထန်ထျန်းကတော့ ဤစကားလုံးများတွင် ဘာမျှ မှားယွင်းသည်ဟု မခံစားရပေ။
"ဘာဖြစ်လို့လဲ"
" မသင့်တော်တာ ရှိလို့လား"
ထန်ထျန်းက အေးဆေးစွာ မေးလိုက်သည်။
လီဟုန်က ခြောက်ကပ်ကပ် ရယ်ရင်း "သခင်လေး... တကယ်လို့ အဲဒီအတိုင်း လုပ်မယ်ဆိုရင်တော့ အဲဒီတပည့်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာပဲ။"
" လူငယ်တွေဆိုတော့ ဒေါသကလည်း ကြီးကြတယ်လေ၊ သခင်လေး ဒီလိုမျိုး စိန်ခေါ်လိုက်ရင် သူတို့ သေချာပေါက် ရောက်လာကြမှာပဲ"
ထန်ထျန်းက ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် "ဒေါသကြီးရင် သူတို့ ဒေါသကို ငါကပဲ လျှော့ပေးလိုက်မယ်။"
" ငါက လူတိုင်း လွယ်လွယ်နဲ့ အပြစ်ပြောလို့ရတဲ့သူလို့ တကယ် ထင်နေကြတာလား"
"နောက်ပိုင်းမှာ တချိန်လုံး လာပြီး စိန်ခေါ်ခံနေရတာ အနှောင့်အယှက် ပေးခံနေရတာထက်စာရင်... "
"တစ်ခါတည်းနဲ့ ဝအောင် လုပ်ပေးလိုက်တာက ပိုကောင်းပါတယ်။ "
"အဲဒီလူတွေကို တစ်ခါတည်းနဲ့ နာသွားအောင်၊ ကြောက်သွားအောင် လုပ်လိုက်မှ နောက်ပိုင်းမှာ ဒီလို ပြဿနာတွေ ရှိတော့မှာ မဟုတ်ဘူး"
အခြေအနေက ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ အကယ်၍ ဤအတိုင်းသာ ဆက်သွားလျှင် နောက်ထပ် ပြဿနာပေါင်းများစွာ တသီတတန်းကြီး လိုက်လာပေလိမ့်မည်။
အနည်းဆုံးတော့ "ညီလေးကို ရိုက်တော့ အစ်ကိုကြီး ရောက်လာ၊ သားကို ရိုက်တော့ ဘိုးဘေး ရောက်လာ" ဆိုသလိုမျိုး ဖြစ်နေပေလိမ့်မည်။
ထန်ထျန်းက ပြဿနာများကို မုန်းသည်။
ပြဿနာများက မရှောင်လွှဲနိုင်တော့လျှင်မူ ထိုပြဿနာအားလုံးကို တစ်ခါတည်း အမြစ်ပြတ် ဖြေရှင်းပစ်ရန်သာ သူ ရွေးချယ်တတ်သည်။
ထန်ထျန်း ပြောသည့် စကားများကို ကြားပြီးနောက် လီဟုန် တိတ်ဆိတ်သွားသည်။
ဤကဲ့သို့ ရဲရင့်ပြီး မောက်မာသော စကားမျိုးကို ထန်ထျန်း တစ်ယောက်သာ ပြောဝံ့ပေလိမ့်မည်။
အကြောင်းမှာ ထန်ထျန်းက သူ့ ခွန်အားအပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသောကြောင့်ပင်။
"ကောင်းပါပြီ"
" ဒါဆိုရင် သခင်လေး ပြောတဲ့အတိုင်းပဲ ကျွန်တော် လုပ်လိုက်ပါ့မယ်"
လီဟုန်က ကျယ်လောင်စွာ ပြန်ပြော လိုက်သည်။
ခဏအကြာတွင် ချင်းရွှီခြံဝင်း၏ တံခါးမကြီးရှေ့တွင် အလံတိုင် အကြီးကြီး တစ်ခုကို ထောင်လိုက်လေသည်။
လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏
......
နဂါးတံခါး ပျက်စီးသွားပြီး တစ်လခန့်အကြာတွင် ယခုနှစ် တပည့်သစ်များ၏ ပါရမီစစ်ဆေးမှုနှင့် ခွဲဝေမှုများမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကြားထဲတွင် ကြီးမားသော အပြောင်းအလဲများ ရှိခဲ့သော်လည်း ထျန်းဖူနန်းတော် အဆင့်မြင့်ပုဂ္ဂိုလ်များ၏ စီမံခန့်ခွဲမှုအောက်တွင် အဆင်ပြေချောမွေ့ခဲ့သည်ဟု ဆိုရမည်။
ပါရမီ စစ်ဆေးပေးသူများမှာ အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့်ရှိသူများဖြစ်ရာ သူတို့၏ ဆုံးဖြတ်ချက်ကို သံသယဝင်သူ အလွန်နည်းပါးသည်။
လူအနည်းငယ်ကသာ မကျေမနပ် ဖြစ်နေကြသော်လည်း အကြီးအကဲများကို အပြစ်မတင်ဝံ့သဖြင့် နောက်ဆုံးတွင် သူတို့ ကျရှုံးရသည့် အကြောင်းရင်းအားလုံးကို ထန်ထျန်းပေါ်၌သာ ပုံချလိုက်ကြတော့သည်။
"ဒါတွေ အားလုံးက ထန်ထျန်းကြောင့်ပဲ..."
ဤစကားမှာ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသော စကားစုတစ်ခု ဖြစ်လာခဲ့သည်။
သူတို့၏ သူငယ်ချင်းများ သို့မဟုတ် ဆွေမျိုးများကလည်း ၎င်းကို အပြည့်အဝ ယုံကြည်နေကြသည်။
"မပူနဲ့... ငါ ထုန်းရှန့်တောင်ကို ရောက်တာနဲ့ မင်းအတွက် လက်စားချေဖို့ ထန်ထျန်းကို သေချာပေါက် ရှာလိုက်မယ်"
"ဟမ့်... ငါ တံခါးပိတ် ကျင့်ကြံနေတဲ့ နှစ်လအတွင်းမှာ အပြင်လောက က တပည့်တစ်ယောက်က ကောင်းကင်စာရင်းရဲ့ နံပါတ် (၂) နေရာကို ယူသွားတယ် ဟုတ်လား၊ တကယ်ကို မယုံနိုင်စရာပဲ"
"ကောင်းကင်စာရင်းရဲ့ ထိပ်တန်း (၁၀) ယောက်ဆိုတာ သခင်လေးယွီလိုမျိုး အသုံးမကျတဲ့သူတွေ မဟုတ်ဘူးဆိုတာ ငါ သိအောင် လုပ်ပြရမယ်"
စီနီယာ တပည့် အများအပြားသည်လည်း ထန်ထျန်းကို အသုံးချကာ နာမည်ကြီးချင်သည့် စိတ်ဖြင့် ရှေ့ဆုံးမှ တက်ကြွနေကြသည်။
"ဂျူနီယာလေးတို့ ခဏ ဖယ်ပေးကြဦး၊ ဒီ ထန်ထျန်းကိုတော့ ငါပဲ အနိုင်ယူမယ်၊ ဘယ်သူမှ လာမတားနဲ့... "
"မလောပါနဲ့ဦး၊ ငါ အရင်သွားပြီး သူ့ရဲ့ အရည်အချင်းကို စမ်းကြည့်ပါရစေ။ တစ်ယောက်ယောက်က စွမ်းရည် မပြည့်ဝဘဲ ရှုံးသွားရင် ငါတို့ မျက်နှာပျက်ရဦးမယ်"
"တောက်... မင်းရဲ့ မရိုးသားတဲ့ စိတ်ကူးတွေကို သိမ်းထားလိုက်စမ်းပါ။ ထန်ထျန်းကို ဘယ်သူ အရင်ရလဲ၊ အဲဒီလူ အနိုင်ယူတာပဲ"
တောင်ထိပ်တပည့်အဖြစ် အဆင့်တက်လာသော တပည့်အသစ်နဲ့အဟောင်းများ အားလုံးမှာ ထန်ထျန်းကို အရင်ဆုံး အနိုင်ယူနိုင်ရန် လက်ယားနေကြသည်။
နာမည်ကြီးချင်သည့် ကိစ္စမှာ မည်သည့် ကမ္ဘာတွင်မဆို ဖြစ်ပျက်တတ်သည် မဟုတ်ပါလား။
သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်က ပြောလိုက်သည်။
"နေပါဦး... ထန်ထျန်းက ငါတို့ ဒီလို အုံနဲ့ကျင်းနဲ့ လာတာကို သိရင် ကြောက်ပြီး ပုန်းနေမှာ မဟုတ်ဘူးလား"
ထိုစကားကြောင့် လူတိုင်း တိတ်ဆိတ်သွားသည်။
ဟုတ်ပေသည်။ ယခုအခါ ထန်ထျန်းကို နင်းခြေရန် ပြင်ဆင်နေသူများမှာ တပည့်အားလုံး၏ ထက်ဝက်နီးပါး ရှိနေပြီဖြစ်သည်။
ဤမျှ အင်အားစုကြီးကို မြင်လျှင် အသိဉာဏ်ရှိသူ မည်သူမဆို ပုန်းနေကြမည်သာ ဖြစ်သည်။
ထန်ထျန်းလည်း ထိုသို့ပင် ဖြစ်ပေလိမ့်မည်။
သို့သော် မကြာမီတွင် တစ်စုံတစ်ယောက်က အေးစက်စွာ ရယ်မောလိုက်သည်။
"ထုန်းရှန့်တောင်က ဒီလောက်လေးပဲ ကျယ်တာ၊ သူ တစ်သက်လုံး ပုန်းနေနိုင်မယ်လို့ ငါ မယုံဘူး"
"မှန်တယ်၊ တပည့်အသစ်တွေ တောင်ပေါ်တက်လာရင် လူခွဲဝေမှု အခမ်းအနား ရှိသေးတယ်၊ အဲဒီအချိန်ကျရင် သူ ဘယ်လိုမှ ပုန်းနေလို့ မရတော့ဘူး"
"ဟမ့်... သူက လိပ်လို ခေါင်းလျှိုနေရင်တောင် ငါက မြေကြီးကို သုံးပေအထိ တူးပြီး သူ့ကို ဖော်ထုတ်ပစ်မယ်"
လူတိုင်းက ကြုံးဝါးနေကြသည်။
သူတို့က ပါးစပ်မှသာ ပြောနေခြင်း မဟုတ်ဘဲ တိတ်တဆိတ်လည်း ပြင်ဆင်နေကြပြီ ဖြစ်သည်။
ထုန်းရှန့်တောင်ပေါ် ရောက်သည်နှင့် ထန်ထျန်းကို ရှာရန် အစွမ်းကုန် ကြိုးစားကြမည် ဖြစ်သည်။
ထန်ထျန်းကို ပထမဆုံး အနိုင်ယူနိုင်သူ၏ နာမည်မှာ ထျန်းဖူနန်းတော် တစ်ခုလုံးတွင် ဟိန်းထွက်သွားမည် ဖြစ်ရာ ဤဆွဲဆောင်မှုကို မည်သည့် တပည့်မျှ မတွန်းလှန်နိုင်ပေ။
လူတိုင်းက ရင်ခုန်စွာ စောင့်ဆိုင်းနေကြစဉ် နောက်ဆုံးတွင် တောင်ထိပ်တပည့်များ တောင်ပေါ်သို့ စတင်တက်လာကြပြီ ဖြစ်သည်။
တက်ကြွနေသော တပည့်အသစ်နဲ့အဟောင်းများကို ကြည့်ပြီး စီမံသူဟဲ မှာ အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ ဤကောင်တွေက ဘာတွေ ဒီလောက် စိတ်လှုပ်ရှားနေကြတာလဲ
ထန်ထျန်းက ပုန်းနေမှာလား
ကောင်းပြီလေ... အကယ်၍ သူသာ ထိုအလံကို မမြင်ခဲ့လျှင် သူလည်း ထိုသို့ပင် ထင်မိပေလိမ့်မည်။
သို့သော် သူကတော့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ရွှေရောင်အလံ၊ အနီရောင် စာလုံးကြီးများ၊ အတိုင်းအဆမရှိသော မောက်မာမှုနှင့် အဆုံးမဲ့သော တိုက်ခိုက်လိုစိတ်။
သူ ထိုစာလုံးအနည်းငယ်ကို မြင်လိုက်ရသည့်အချိန်တွင် လန့်ပင် လန့်သွားခဲ့သည်။
အခုခေတ် လူငယ်တွေကတော့ တကယ်ကို ရဲတင်းလွန်းလှသည်။
"တောင်ပေါ်ရောက်ရင် လူတိုင်း ထုန်းရှန့်တောင်ရဲ့ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာရမယ်။ "
"တစ်စုံတစ်ယောက်က ကျူးလွန်ဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်"
စီမံသူဟဲက စည်းမျဉ်းများကို ဖတ်ပြပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။
သို့သော် တပည့်များ၏ စိတ်ထဲတွင်တော့ ဤအရာများကို အာရုံမရှိကြပေ။
"စီမံသူဟဲ... ထုန်းရှန့်တောင်မှာ တခြားတပည့်တွေကို စိန်ခေါ်လို့ ရမလား"
"ထန်ထျန်းကို ရှာပြီး အနိုင်ယူဖို့အတွက် အနှောင့်အယှက် ဖြစ်မလား"
တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
စီမံသူဟဲက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး "ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုကို ထျန်းဖူနန်းတော်က အမြဲတမ်း အားပေးပါတယ်။ "
"သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကလွဲရင် အရင်က မင်းတို့ လုပ်နိုင်တာမှန်သမျှကို ထုန်းရှန့်တောင်မှာလည်း လုပ်လို့ရတယ်"
တပည့်များ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ထန်ထျန်းကို နင်းခြေရန် လမ်းကြောင်းပေါ်တွင် မည်သည့် အတားအဆီးမျှ မရှိတော့ဟု သူတို့ ထင်နေကြသည်။
သူတို့၏ ပုံစံကို ကြည့်ပြီး စီမံသူဟဲလည်း ဘာမျှ ဆက်မပြောတော့ပေ။
အားလုံးက ဆိုးသွမ်းသူတွေချည်းပဲမို့ ဆူညံချင်သလောက် ဆူညံကြပါစေတော့။
ဤကလေးတွေ ဆူညံတာက နဂါးကျွန်းလိုမျိုး ထုန်းရှန့်တောင်ကြီးကိုတော့ ပေါက်ကွဲသွားအောင် မလုပ်နိုင်ပါဘူးဟု သူ တွေးလိုက်သည်။
"မင်းတို့ အခုမှ ရောက်ခါစဆိုတော့ ထုန်းရှန့်တောင်ကို သိပ်မသိသေးဘူး။ "
"ဒါကြောင့် ဒီနေ့ တစ်ရက်ကိုတော့ မင်းတို့ စိတ်ကြိုက် သွားလာခွင့် ပေးလိုက်မယ်"
"လူစုခွဲကြတော့"
စီမံသူဟဲက တပည့်များကို လွှတ်ပေးလိုက်သည်။
တပည့်များ၏ စုပြုံနေသော ခံစားချက်များမှာ ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။
"ထန်ထျန်းကို သွားရှာကြစို့"
"ငါ့မှာ အတိအကျ သတင်းရှိတယ်၊ ထန်ထျန်းက ထုန်းရှန့်တောင်ကို ရောက်နေတာ ကြာပြီ၊ သူ မိုးမခတော ထဲမှာ ပုန်းနေတာ သေချာတယ်"
"သူ တစ်နေရာရာမှာ သေသေချာချာ ပုန်းနေမှာပဲ၊ ဘယ်နေရာကိုမှ လက်လွတ်မခံဘဲ ရှာကြစမ်း"
"ဟားဟား... ကောင်းပြီ၊ ဘယ်သူ အရင်ရှာတွေ့လဲ၊ အဲဒီလူပဲ အနိုင်ယူမယ်"
လူတိုင်းက မိုးမခတောအတွင်း၌ ပိုက်စိပ်တိုက် ရှာဖွေမှုများ စတင်လိုက်ကြသည်။
သို့သော် ရှာဖွေမှု စတင်ရုံရှိသေး တစ်စုံတစ်ယောက်က ထန်ထျန်း၏ နေအိမ်ကို ရှာတွေ့ပြီဟု အော်ပြောလိုက်သည်။
"ဒီလောက်တောင် မြန်လား"
"ဟားဟား... သူ့ရဲ့ ပုန်းကွယ်နိုင်စွမ်းကလည်း အညံ့စားပါပဲလား"
လူတိုင်း ရင်ခုန်စိတ်လှုပ်ရှားသွားပြီး ထန်ထျန်းရှိရာ ခြံဝင်းဆီသို့ စုပြုံရောက်ရှိလာကြသည်။
သို့သော် ခြံဝင်း၏ အပြင်ဘက်ရှိ အလံကြီးပေါ်မှ အနီရောင် စာလုံးကြီးများကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးထွက်ကုန်ကြသည်။
"သေစမ်း..."
"တကယ်ကို မောက်မာလွန်းတာပဲ"