← Chapters

အခန်း (၁၀၄၃-၁၀၄၄)

Vol. 62 Ch. 1043-1044

အခန်း (၁၀၄၃-၁၀၄၄)

Vol. 62 Ch. 1043-1044

အပိုင်း (၁၀၄၃)

ရှမ့်လန်က တစ်ဖက်လူ၏ စကားကို တိုက်ရိုက် ပြန်မဖြေခဲ့ချေ။ ထိုအစား မေးမြန်း၏။ “နာကျည်းမှုကို တွေ့ခွင့်ရနိုင်မလား။”

စေတီတောင်ရဲ့ မင်းသမီးက ဖြေသည်။ “မပေးနိုင်ပါဘူး။”

ရှမ့်လန်က ပြော၏။ “မင်းသမီး အခွင့်အလမ်းက အရမ်းကို နည်းပါးတယ် ဆိုပေမဲ့ မင်းသမီး ပုံမှန် ပြန်ဖြစ်ဖို့ နည်းလမ်းကို ကျုပ် အစွမ်းကုန် ကြိုးစားရှာဖွေပေးမယ်။ အဲဒီနည်းလမ်းကို တွေ့တာနဲ့ မင်းသမီးအနေနဲ့ စေတီတောင်နဲ့ တော်ဝင်ချန်မင်းဆက်တို့ ပူးပေါင်းဖို့ ကိစ္စကို စဉ်းစားပေးစေချင်တယ်။

ကျုပ်ရဲ့ စကားတစ်ချို့က ယုတ္တိမတန်သလို ထင်ရပေမဲ့ ဒါက တကယ်တော့ အမှန်တရားတွေပါ။ ကျုပ်ရဲ့ သွေးမျိုးဆက်က ရင်ဝူမင်ထက် အများကြီး ပိုပြီး မြင့်မြတ်ပါတယ်။ ကျုပ် မွေးဖွားလိုက်တဲ့ ကလေးတွေက လောကမှာ အတော်ဆုံးတွေချည်းပဲ။ ကျုပ်နဲ့ မင်းသမီးနဲ့ ရမယ့် ကလေးက သေချာပေါက် အမြင့်မားဆုံးသော သွေးမျိုးဆက် ပါရမီတွေ ဖြစ်လာလိမ့်မယ်။ အဲဒါက စေတီတောင်ကို ကျောက်စိမ်းဖြူမြို့တော်ရဲ့ နေရာကို စိန်ခေါ်နိုင်စေမှာပါ။”

စေတီတောင် မင်းသမီးက ဆို၏။ “ကျွန်မ အဝတ်အစားတွေကို တစ်ကြိမ် ချွတ်ပြပေးပြီးပြီ။ အရှုံးကို လက်ခံဖို့လည်း ဆန္ဒရှိတယ်။ အခုထိ လောင်းကြေးကလည်း အသက်ဝင်နေတုန်းပဲ။ ရှင် ဘယ်အချိန်မဆို လာပြီး လောင်းကြေးကို ယူနိုင်တယ်။”

ရှမ့်လန်က ပြောသည်။ “ပေါက်ကရတွေ ပြောမနေပါနဲ့တော့။ မင်းသမီးရဲ့ ဖောက်ထွင်းမြင်နေရတဲ့ အရေပြားက အထိမခံဘူး။ ဘယ်လို အထိအတွေ့မျိုးကိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ စောစောက ကျုပ် မင်းသမီးရဲ့ လည်ပင်းကို လက်နဲ့ ထိလိုက်တာနဲ့ မင်းသမီးက မီးလောင်ခံရသလို ခံစားရတယ် မဟုတ်လား။

ကျုပ် မမှားဘူးဆိုရင် မင်းသမီးရဲ့ လည်ပင်းက မီးလောင်ထားသလိုမျိုး ပူလောင်နေလောက်ပြီ။ အဲဒီအပေါ်မှာ ထင်ရှားတဲ့ မီးလောင်ရာတွေ ကျန်နေလိမ့်မယ်။ ပြန်ကောင်းဖို့ ဘယ်လောက် ကြာမလဲတောင် မသိဘူး။ ကျုပ် မီးတောက်သိုင်းကို တတ်မြောက်သွားခဲ့ပြီလို့တောင် ထင်မိမတတ်ဘဲ။

ကျုပ်ကိုယ်ကျုပ် မူးအောင်လုပ်ပြီး မင်းသမီးနဲ့ အတူအိပ်မယ် ဆိုရင်တောင် မင်းသမီးရဲ့ ရိုက်နှက်မှုကြောင့် ကျုပ် တစစီ သေဆုံးသွားနိုင်လိမ့်မယ်။ သွားတော့မယ် မင်းသမီး။ ကျုပ်ပြောတာတွေကို စဉ်းစားကြည့်ပါ။ လူဆိုတာ မျှော်လင့်ချက် ထားရှိရတယ်။ တစ်နေ့နေ့မှာ မင်းသမီးရဲ့ ဒီထူးဆန်းတဲ့ ဗီဇပြောင်းလဲမှုသာ ပျောက်ကင်းသွားနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ မမေ့ပါနဲ့ ... ကျုပ်က လောကမှာ နံပါတ် ၁ သမားတော် တစ်ယောက်ပဲ။ အခု မကုသပေးနိုင်ရင်တောင် အနာဂတ်မှာ မဖြစ်နိုင်ဘူးလို့ မဆိုလိုဘူး။”

ပြီးနောက် ရှမ့်လန်က အခန်းထဲမှ ထွက်ခွာသွား၏။

ခဏကြာမှာတော့ ဂူသင်္ချိုင်းများအတွင်းရှိ မီးများ ပြန်လည် လင်းလက်လာ၏။ စေတီတောင် မင်းသမီးက မှန်ချပ်ကြီး တစ်ခု၏။ ရှေ့သို့ ရောက်ရှိလာ၏။ အမှန်ပင် သူမ၏ ထွင်းဖောက်မြင်နေရသည့် လည်ပင်းပေါ်တွင် အမာရွတ် ၅ ခု ရှိနေ၏။ စောဏက ရှမ့်လန်၏ လက် ၅ ချောင်းနှင့် ထိတွေ့ခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်မှာတော့ ရဲရဲတောက်နေသည့် သံလက်ဝါးဖြင့် အကပ်ခံထားရသကဲ့သို့ပင် ဖြစ်နေသည်။

ထို့ကြောင့် ရှမ့်လန်က သူမ၏ ထွင်းဖောက်မြင်နေရသည့် ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ သူမနှင့် တကယ်တမ်း အတူ အိပ်ခဲ့သည်ဆိုပါက ထိုမျှ ကြီးမားသည့် ခန္ဓာကိုယ်ချင်း ထိတွေ့မှုက သူမကို သေလုမတတ် ခံစားရစေပေလိမ့်မည်။ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ခံထားရသကဲ့သို့ ခံစားရမှာ ဖြစ်၏။ ထို့အပြင် သူမ၏ သိုင်းပညာက တကယ်ကို မြင့်မားလွန်းသောကြောင့် အနည်းငယ် ရုန်းကန်လိုက်ရုံနှင့် နုနယ်လွန်းသည့် ရှမ့်လန်က တစစီ ကြေမွသွားပေလိမ့်မည်။

မှန်ထဲရှိ မိမိကိုယ်ကိုယ် ပြန်ကြည့်ရင်း စေတီတောင်မင်းသမီးက အစပထမ၌ တည်ငြိမ်သည့် အကြည့်မျိုးဖြင့် ကြည့်နေမိ၏။ အဘယ်ကြောင့်ဆိုသော် ဤခန္ဓာကိုယ်က ကံကြမ္မာက ပေးအပ်ထားခြင်း ဖြစ်သည်ဟု သူမက အမြဲတမ်း ပြောလေ့ရှိသောကြောင့်ပင်။

သူမက လက်ခံသည်။ တခြားသောသူများ သူမကို မည်သို့ကြည့်သည်ကို ဂရုမစိုက်ဘူး ဆို၏။ သို့သော်လည်း မကြာမီမှာပင် သူမက သူမ၏ အစစ်အမှန် အကြည့်နှင့် စိတ်ဝင်စားမှုများကို ထုတ်ဖော်ပြသ၏။ သူမက သူမ၏ခန္ဓာကိုယ်ကို အလွန်အမင်း ရွံရှာမိသည်။ အဘယ်ကြောင့် ကံကြမ္မာက သူမအပေါ် ဤသို့ ပြုလုပ်ရသနည်း။

သူမက အထင်အရှား လူသားတစ်ယောက် ဖြစ်၏။ ထို့အပြင် သပ်ရပ်လှပလွန်းသည့် အမျိုးသမီး တစ်ယောက်ပင်။ အဘယ်ကြောင့် သရဲတစ္ဆေကဲ့သို့ ကြောက်စရာကောင်းသည့် ထွင်းဖောက်မြင်နေရသော ခန္ဓာကိုယ်မျိုးကို ပေးအပ်ခဲ့ရသနည်း။ သူမက ထင်ရှားသည့် လူသားတစ်ယောက်ပင်။ အဘယ်ကြောင့် မြေအောက် ဂူသင်္ချိုင်းအတွင်း ထာဝရ နေထိုင်ပြီး မြေပြင်ပေါ်သို့ ဘယ်တော့မှ မတက်ရသနည်း။

သူမ၏ သိုင်းပညာက ဤမျှ ကောင်းမွန်နေသည် ဆိုလျှင်ပင် အဘယ်ကြောင့် ပူပြင်းသည့် နေရောင်ခြည် တစ်စက်စာကိုပင် ခံနိုင်ရည် မရှိရသနည်း။ သူမက ဤမျှ ဉာဏ်ကောင်း၏။၊ သန်မာ၏။၊ စွမ်းအားကြီး၏။ အဘယ်ကြောင့် စေတီတောင်၏ အမွေအနှစ်များကို တိုက်ရိုက် မထိန်းချုပ်နိုင်ရသနည်း။ အဘယ်ကြောင့် တခြားသောသူများကို အားကိုးနေရသနည်း။ အဘယ့်ကြောင့်နည်း။

................

ရှမ့်လန်က အခန်းသို့ ပြန်ရောက်လာ၏။ ထိုအရာက စတုရန်း မီတာ ၂၀ ခန့်သာ ရှိသည့် အခန်းငယ်လေး တစ်ခု ဖြစ်သောကြောင့် ခြေတစ်လှမ်းမှ အပြင်ထွက်၍ မရချေ။ နောက်ရက်အနည်းငယ်အတွင်း သူက စားလိုက်၊ အိပ်လိုက်၊ အိပ်လိုက်၊ စားလိုက်နှင့် လေ့ကျင့်ခန်း ပြန်လည် လုပ်၏။ ဦးနှောက် ဖောက်စားသည့် စကားလုံး လေးလုံးတွဲများ မရှိတော့သလို ယောင်ယမ်း စကားပြောခြင်းများလည်း မရှိတော့ချေ။

သူ၏ဘေးခန်းရှိ ခိုးနားထောင်သူ လူနှစ်ဦးက ငိုက်မြည်းနေကြ၏။ သို့သော်လည်း နားစွင့်နေရဆဲပင်။ သူတို့က တစ်မိနစ်၊ တစ်စက္ကန့်ခန့်မျှပင် အလွတ်မခံကြချေ။ အကြောင်းအမျိုးမျိုးတို့ကြောင့် ဤအချိန်တွင် သူတို့က ရှမ့်လန်၏ ဦးနှောက်ဖောက်စားသည့် စကားလုံးများကို လွမ်းဆွတ်နေမိ၏။

ဟင်း... လူများက တကယ်ပင် ဆန်းကြယ်လှချေ၏။ နေ့တိုင်း စာလုံးရေ သောင်းနှင့်ချီကို ကူးရေးနေသည့် အချိန်တုန်းက သေချင်လောက်အောင် နာကျင်ခံစားရ၏။ ငရဲကျနေသကဲ့သို့ပင်။ သို့ပေမည့် စာတစ်လုံးမှ မရေးရတော့သည့် အခြေအနေမျိုးသို့ ရောက်ချိန်မှာတော့ ဟာတာတာနှင့် အထီးကျန်ဆန်ပြီး အေးစက်မှုကို ခံစားနေရပြန်သည်။

ရုတ်တရက် တစ်နေ့မှာတော့ ရှမ့်လန်က ပြော၏။ “ကျုပ် ခင်ဗျားတို့ မင်းသမီးကို ကုသပေးပြီး ပုံမှန် လူသားတစ်ယောက် ပြန်ဖြစ်အောင် ကြိုးစားပေးချင်တယ်။ သက်ဆိုင်ရာ ရှေးဟောင်းကျမ်းစာအုပ်တွေ အကုန်လုံး ကျုပ်ဆီ ယူခဲ့ပေး။ ကျုပ်က နံပါတ် ၁ ဉာဏ်ကြီးရှင်ပဲ။ ပြီးတော့ ရုပ်အချောဆုံး လူသားပဲ။ လောကပေါ်မှာ ရန်ယင်ယင်ကို ကုသပေးနိုင်မယ့်သူ ရှိတယ်ဆိုရင် အဲဒီလူက ကျုပ်ပဲ ဖြစ်မယ်။ ရန်ယင်ယင်.... ခင်ဗျားက အခုဆိုရင် အရာအားလုံးနဲ့ ဓာတ်မတည့် ဖြစ်နေတယ်။ ဒီတော့ ကလေးယူဖို့ မဖြစ်နိုင်ဘူး။ ရန်ယင်ယင်.... ကျုပ် ခင်ဗျားကို ကုသပေးမယ်။”

နောက်ပိုင်း ရှမ့်လန်က သူမကို ပြန်လည် ဝါဒမှိုင်းတိုက်နေ၏။ ပထမ ဝါကျက ရှည်လျားသော်လည်း နောက်ဆုံးမှာတော့ အထက်ပါ စကားလုံး ရှစ်လုံးထိ တိုတောင်းသွားခဲ့၏။ ပြီးနောက် စကားပြော စက်ရုပ်တစ်ခုကဲ့သို့ ထိုအရာကိုသာ ထပ်တလဲလဲ ရေရွတ်နေတော့သည်။

“ရန်ယင်ယင်... ကျုပ် ခင်ဗျားကို ကုသပေးမယ်။”

အကြိမ်ပေါင်း တစ်သိန်းခန့် ရွတ်ဆိုပြီးနောက် ခိုးနားထောင်သူများက စိတ်ဓာတ် ပြိုလဲသွားကြသလို ရန်ယင်ယင်ကလည်း စိတ်ဓာတ် ပြိုလဲလုနီးပါး ဖြစ်၏။ အဘယ်ကြောင့်ဆိုတော့ သူမ၏ နာမည်က ရန်ယင်ယင် မဟုတ်သောကြောင့်ပင်။ သို့သော်ငြား ထိုအရာက အရေးမကြီးပေ။

နောက်ဆုံး စေတီတောင် မင်းသမီးက ထပ်ပြော၏။ “ရှင်ပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စမ်းပါ။”

အကြောင်းအမျိုးမျိုးကြောင့် ရှမ့်လန်က ဤစကားကို ကြားဖူးနားဝ ရှိသလို ခံစားမိ၏။ သို့သော်လည်း သူ လိုချင်သည့် ရှေးဟောင်း ကျမ်းစာအုပ်များကိုတော့ မရရှိခဲ့ချေ။

...............

ထည်ဝါခန့်ညားလွန်းသည့် အမျိုးသမီး စစ်သည်တော်က ပြော၏။ “အဝတ်အစားတွေ ဝတ်ပြီး ကျွန်မနောက် လိုက်ခဲ့တော့။”

အဘယ်ကြောင့် ရှမ့်လန်က အဝတ်အစား မဝတ်ထားရသေးသနည်း။ ထိုအရာကလည်း အရေးမကြီးတော့ပေ။

“အစ်မကြီး... ဒီတစ်ခါရော မင်းသမီးက ဘာကိစ္စနဲ့ ရှာတာလဲ။ အစ်မကြီး.... အစ်မကြီး ဒီရက်ပိုင်း ပိန်သွားတယ်။ ကိုယ်လုံးကိုယ်ပေါက်က ပိုပြီး စစ်လာသလိုပဲ။ မျက်နှာပုံစံကလည်း ပိုပြီး ကြည့်ကောင်းလာတာ သတိထားမိတယ်။

အစ်မကြီး သိလား။ အရင်တုန်းက ကျုပ်ဆီမှာ ရှမ့်နုဆိုတဲ့ ဗလတောင့်တောင့်နဲ့ အမျိုးသမီး စစ်သည်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက အရပ် ရှစ်ပေလောက်ရှိပြီး တောင့်တင်းခိုင်မာလွန်းတယ် ကြွက်သားတွေကလည်း အကြီးကြီးပဲ။ နောက်ဆုံးမှာတော့ သူက ပေါင်တစ်ရာလောက် ဝိတ်ချနိုင်ခဲ့တယ်။ အခု အရမ်းလှတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပြီ။”

ကြွက်သား အမြှောင်းမြှောင်းနှင့် အမျိုးသမီး စစ်သည်တော်က နားပင်းနေသူ တစ်ယောက်ကဲ့သို့ တစ်ခွန်းမှ ပြန်မပြောချေ။ သို့သော်လည်း သူမက အမှန်ပင် ဝိတ်အနည်းငယ် ကျသွားခဲ့၏။

ရှမ့်နုအကြောင်းကို ပြောရင်း ရှမ့်လန်က တိတ်ဆိတ်သွားမိ၏။ ကျင်းမင်းသား၊ ရှမ့်နု၊ ဝူလဲ့၊ နာကျည်းမှု၊ လန်ညီအစ်ကို ဆယ်ယောက် စသဖြင့် .... ဤလူတွေက သူ့အပေါ် သစ္စာအရှိဆုံးသော လူတွေ ဖြစ်၏။ ယခု ထိုသူတို့ မည်သို့ နေကြသနည်း သူ မသိချေ။

“အစ်မကြီး... တကယ်တော့ အစ်မကြီးရဲ့ မျက်နှာပုံစံက အရမ်းကြည့်ကောင်းတာ သတိထားမိတယ်။ အောင်အောင်မြင်မြင်နဲ့သာ ကိုယ်အလေးချိန် ချနိုင်မယ်ဆိုရင် သေချာပေါက် အလှပဂေးတစ်ယောက် ဖြစ်လာမှာပဲ။ ပြီးတော့ အစ်မကြီးကအရပ်ရှည်တယ်။ ခြေတံတွေကလည်း ရှည်တယ်။”

ကြွက်သား အမြှောင်းမြှောင်းနှင့် အမျိုးသမီး စစ်သည်တော်က မကြားချင်ယောင်ဆောင်ပြီး ရှမ့်လန်ကို ရှေ့သို့ ဆက်လက် ခေါ်ဆောင်သွား၏။ သို့သော်လည်း ဤလမ်းက ဂူသင်္ချိုင်းကြီးဆီသို့ သွားသောလမ်း မဟုတ်ချေ။ ထိုအစား သူတို့က အပေါ်ထပ်သို့ ဆက်လက် လျှောက်လှမ်းနေ၏။

သူတို့က မြေအောက်မြို့တော်မှ ထွက်ခွာတော့မည်လား။ ဘယ်ကို သွားကြမည်နည်း။

မိနစ် ၂၀ ခန့် လမ်းလျှောက်ပြီးနောက် သူတို့၏ရှေ့တွင် လှေကားထစ် ထောင်ပေါင်းများစွာ ပေါ်လာ၏။ ဘယ်ကို ရောက်သွားမည်နည်း မသိနိုင်ချေ။ ပြီးနောက် ခန့်ညားလွန်းသည့် အမျိုးသမီး စစ်သည်တော်က ရပ်တန့်လိုက်သည်။

ရှမ့်လန်က ပြော၏။ “ကျုပ်ကို ရိုက်ပြီး သတိမေ့အောင် လုပ်တော့မလို့လား။”

တစ်ဖက်လူက ခေါင်းညိတ်ပြသည်။

ရှမ့်လန်က ပြော၏။ “ဖြည်းဖြည်းလုပ်နော်။ တိတိကျကျလုပ်၊ ကျုပ်က အနာမခံနိုင်ဘူး။ ပြီးတော့ ဦးနှောက်ကို မထိစေနဲ့။ အား...။”

ကြွက်သားအမြှောင်းမြှောင်းနှင့် အမျိုးသမီး စစ်သည်တော်က သူ့ကို လက်ဝါးဖြင့် တိုက်ရိုက် ရိုက်ချ၏။ တစ်ခွန်းမှ မပြောနိုင်တော့ဘဲ ရှမ့်လန်က ချက်ချင်း သတိလစ်သွား၏။ ဤမျှ အားနည်းသည့် လူမျိုးကို တစ်ခါမှ သူမ မမြင်ဖူးချေ။ ကံကောင်း၍ နှိပ်စက်ညှဉ်းပန်းမှုများ မပြုလုပ်မိခြင်းပင်။ မဟုတ်ပါက ခဏလေးနှင့် သေဆုံးသွားနိုင်သည်။

.................

ဤနေရာက တကယ်ကို မြင့်မားသည့် တောင်တစ်လုံး ဖြစ်၏။ တောင်ပေါ်တွင် အဆောက်အအုံ တစ်ခုတည်းသာ ရှိ၏။ အတွင်း၌ လူနှစ်ဦး ရှိ၏။

ရင်ကွမ်းက ပြောသည်။ “ဝမ်းနည်းပါတယ် အစ်ကိုရန်။”

စေတီတောင်သခင်က ဆို၏။ “အစ်ကိုရင်... ကျုပ်တို့မှာ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု ရှိထားကြတယ်။ ဒါက အရမ်းကို ဆိုးဝါးတယ်။ ကျုပ်က စေတီတောင်ရဲ့ လျှို့ဝှက်အခြေစိုက်စခန်းနဲ့ မဟာဗျူဟာမြောက် အရင်းအမြစ် အားလုံးကို ခင်ဗျားကို တစ်ဖက်သတ် ဖွင့်ပြခဲ့ပြီးပြီ။ ဘာကြောင့် ကျုပ်ကို ဖုံးကွယ်ထားရတာလဲ။ တော်ဝင်ရန်ဧကရာဇ်ရဲ့ နဂါးနောင်တသာ မရှိခဲ့ရင် ခင်ဗျား ကျုပ်ကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားအုံးမှာလဲ။”

ရင်ကွမ်းက ပြောသည်။ “တောင်းပန်ပါတယ်။ ဒါက ကျုပ်ရဲ့ အပြစ်ပါပဲ။”

ပြီးနောက် သူက စာရွက်တစ်ရွက်ကို ထုတ်ယူကာ ပြော၏။ “ဒါက ကျုပ်တို့ ချန်နိုင်ငံသစ်ရဲ့ မဟာဗျူဟာမြောက် အရင်းအမြစ်တွေပါပဲ။ မဟာဗျူဟာ လျှို့ဝှက်ချက်တွေပါပဲ။ ကျေးဇူးပြုပြီး ကြည့်ပါ အစ်ကိုရန်။”

စေတီတောင်သခင်က ထိုအရာကို လက်ခံရယူပြီး တစ်ချက်ကြည့်၏။ သူ၏ မျက်နှာက အနည်းငယ် တွန့်ဆုတ်သွားမိ၏။

“အစ်ကိုရင်... ခင်ဗျားရဲ့သားက ကျုပ်သမီးနဲ့ လက်ထပ်မှာပါ။ သူတို့ ကလေးက ချန်နိုင်ငံသစ်ကို ဆက်ခံရုံတင်မကဘူး ၊ စေတီတောင်ကိုပါ ဆက်ခံမှာ။ အပြန်အလှန် ရိုးသားမှုရှိမှ ရှိသမျှ အရာအားလုံးကို ပေးမှ ၊ စစ်မှန်စွာ ပူးပေါင်းမှသာ စွမ်းအားကြီးမားတဲ့ တော်ဝင်အင်ပါယာကို တော်လှန်နိုင်မှာပဲ။”

စေတီတောင်သခင်က ပြောသည်။ “ကျုပ်တို့ကြားမှာ ဘာအက်ကြောင်းမှ ရှိလို့မဖြစ်ဘူး မဟုတ်လား။”

ရင်ကွမ်းက လက်သီးကို ဆုပ်ကာ ဦးတိုက်၏။ “အစ်ကိုရန်... အားလုံး ကျုပ်ရဲ့ အပြစ်တွေပါပဲ။”

စေတီတောင်သခင်က ဆိုသည်။ “ကောင်းပြီ၊ ဒီစာမျက်နှာက ပြီးသွားပြီ။ အခု အရေးကြီးဆုံးက လက်ရှိ အကျပ်အတည်းကို ဘယ်လို ဖြေရှင်းကြမလဲ တော်ဝင်ရန်ဧကရာဇ်ကို ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတာပါပဲ။”

ရင်ကွမ်းက ပြော၏။ “နဂါးနောင်တကို တုံ့ပြန်နိုင်တာ နဂါးနောင်တ ကိုယ်တိုင်ပဲ ရှိတယ်။ ကျုပ်တို့က မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုကို အသုံးပြုနိုင်သရွေ့ နှစ်ဖက်စလုံးကို သောင်မတင် ရေမကျ အခြေအနေမျိုး ဖြစ်အောင် တွန်းအားပေးထားနိုင်လိမ့်မယ်။ ဒါကြောင့် ကျုပ်က နဂါးနောင်တ အနည်းငယ်လောက် တောင်းချင်ပါတယ်။”

စေတီတောင်သခင်က မေးသည် “ဘယ်နှစ်ခုလောက် လိုချင်တာလဲ။”

ရင်ကွမ်းက ဖြေ၏။ “သုံးခု လိုချင်ပါတယ်။”

စေတီတောင်သခင်က ခေတ္တမျှ တိတ်ဆိတ်သွား၏။ ပြီးနောက် ပြောသည်။ “ကောင်းပြီ။ တော်ဝင်ရန် အင်ပါယာကို ခြိမ်းခြောက်ချင်ရင် တစ်ခုဆိုရင် ရပြီ။ အဲဒီနောက် ရင်ဝူမင်က ဘာအတားအဆီးမှ မရှိဘဲ သဘာဝလွန် အင်အားစုများ ညီလာခံမှာ စေတီတောင်ကို ကိုယ်စားပြုနိုင်လိမ့်မယ်။ ကျန်တဲ့ နှစ်ခုကို ဘယ်နေရာတွေဆီ ပစ်ဖို့ စီစဉ်ထားလဲ။”

“တစ်ခုကတော့ အရန်အနေနဲ့ပါပဲ။ နောက်တစ်ခုကတော့ ဒီနေရာကို ပစ်မှတ်ထား နေတာပါ။” ရင်ကွမ်းက မြေပုံတစ်ခုပေါ်သို့ ထပ်မံကာ လက်ညှိုးညွှန်ပြ၏။

စေတီတောင်သခင်က ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ “ပထမ ပစ်မှတ်အတွက် ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ ဒုတိယတစ်ခုကို ဒီနေရာဆီ ပစ်မယ်ဆိုတာ သေချာရဲ့လား။”

“သေချာပါတယ်။” ရင်ကွမ်းက ပြော၏။

စေတီတောင်သခင်က ပြောသည်။ “ကောင်းပြီ။ ဒါဆိုရင် ကျုပ် ခင်ဗျားကို သုံးခု ပေးမယ်။”

ပြီးနောက် သူက ဆက်ပြော၏။ “ဖြစ်နိုင်ရင် အဲဒီရှမ့်လန်ကို မသေမရှင် ဒုက္ခိတဖြစ်အောင် လုပ်ပစ်သင့်တယ်။ သူက ပြဿနာကောင်ပဲ။ ပြီးတော့ ကျုပ်သမီးကို မြှူဆွယ်နေတယ်။”

ရင်ကွမ်းက ပြောသည်။ “ကျုပ် သိပါတယ်။”

.........

မြေအောက်မြို့တော် ဂူသင်္ချိုင်း...

“ရှမ့်လန်ကို ပို့လိုက်ပြီ။” စေတီတောင်သခင်က ပြော၏။

စေတီတောင်မင်းသမီးက လျစ်လျူရှုထားသည့် ပုံစံဖြင့် တုံ့ပြန်သည်။

စေတီတောင်သခင်က ပြော၏။ “သမီး... သူ သမီးကို မြှူဆွယ်သေးလား။”

“အင်း ....။” စေတီတောင် မင်းသမီးက ဖြေသည်။

စေတီတောင်သခင်က မေးလိုက်၏။ “ဘယ်လိုမျိုး ခံစားရလဲ။”

စေတီတောင် မင်းသမီးက ပြန်ဖြေသည်။ “လူပြက်တစ်ယောက် ဖျော်ဖြေသွားသလိုပါပဲ။”

စေတီတောင်သခင်က ပြန်မေး၏။ “သူ ထွက်မသွားခင် သမီးကို ကုပေးမယ်လို့ ပြောသွားသေးတယ်။ သမီး စိတ်မလှုပ်ရှားဘူးလား။ ဘာကြောင့် သက်ဆိုင်ရာ ရှေးဟောင်း မှတ်တမ်းတွေကို သူ့ကို မပေးလိုက်ရတာလဲ။ သူက တကယ်ကို ဉာဏ်ကောင်းပြီး ပါရမီရှင် သမားတော် တစ်ယောက်ဆိုတာ သေချာတယ်။”

စေတီတောင်မင်းသမီးက ဖြေသည်။ “အရေးကြီးဆုံး လုပ်ရမယ့်အရာက ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ် လက်ခံဖို့ပဲ။ ကျွန်မက ကျွန်မရဲ့ ကံကြမ္မာကို လက်ခံလိုက်ပြီ။ မျှော်လင့်ချက် ရှိနေရင် ထောင်ချောက်ထဲကို ကျရောက်သွားလိမ့်မယ်။ အမြဲတမ်း အမြတ်ထုတ်ခံရပြီး လုံးဝ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးထိအောင် ကျရောက်သွားနိုင်တယ်။”

“သမီး...”

စေတီတောင်သခင်က ပြော၏။ “တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ရှမ့်လန်က မိစ္ဆာပဲ။ အထူးသဖြင့် မိန်းမတွေရဲ့ နှလုံးသားကို ဖမ်းစားတတ်တဲ့ မိစ္ဆာပဲ။”

စေတီတောင်မင်းသမီးက အထင်မြင်သေးစွာဖြင့် ပြုံးသည်။

စေတီတောင်သခင်က ဆို၏။ “သမီး တကယ်ပဲ အထင်သေးတာလား။ စိတ်လှုပ်ရှားနေတာလား။ ဘာပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးဘူး။ ဘာလို့လဲဆိုတော့ သူ ပြန်လာနိုင်မှာ မဟုတ်လို့ပဲ။ ပြန်လာခဲ့ရင်တောင်မှ လုံးဝ ဒုက္ခိတတစ်ယောက် ဖြစ်လာမှာ။ လမ်းလျှောက်နေတဲ့ အလောင်းကောင်နဲ့ မခြားနားတဲ့ ဒုက္ခိတတစ်ယောက် ဖြစ်လာမှာ မို့လို့ပဲ။”

စေတီတောင် မင်းသမီးက ခေတ္တမျှ တိတ်ဆိတ်သွား၏။ ပြီးနောက် ပြောသည်။ “ဪ...”

“အဖေ သွားတော့မယ်။” စေတီတောင်သခင်က ထရပ်ကာ ထွက်ခွာသွား၏။

“ကောင်းပါပြီ အဖေ။”

..........

အပိုင်း (၁၀၄၄)

မည်မျှ ကြာမြင့်သွားသည် မသိချေ။ ရှမ့်လန်က ပြန်လည် နိုးထလာ၏ သူက လုံးဝကို သူစိမ်းဆန်သည့် နေရာတစ်ခုသို့ ရောက်ရှိနေ၏

ချောမောသော်လည်း အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာတစ်ခုက ရှမ့်လန်၏ ရှေ့တွင် ပေါ်လာ၏ ထိုအရာက ရုပ်ချောချော အမျိုးသားတစ်ယောက် ဖြစ်ပြီး တကယ်ကို လွန်ကဲစွာ ချောမောသော လူတစ်ယောက်ပင်။

“အရှင်ရှမ့်လန်... မိတ်ဆက်ပေးပါရစေ။ ကျုပ်နာမည်က ရင်ဝူချယ်လို့ ခေါ်တယ်။”

ရုပ်ချောချောနှင့်လူက ပြောသည်။ “အရှင် ရင်ကွမ်းကို သိတယ်မလား။”

ရင်ဝူချယ်... ရှမ့်လန်က ထိုနာမည်ကို ကြားချိန်မှာတော့ မျက်လုံးများ အလိုအလျောက် ကျဉ်းမြောင်းသွား၏ ဤလူက ရင်ကွမ်း၏ ဒုတိယသားတော် ဖြစ်ကြောင်း သူ သေချာပေါက် သိ၏ ကျန်းလီက ရင်ဝူမင်လောက် ထိုသူ့ကို အထင်မကြီးသော်လည်း ထိုသူက အပြောချိုပြီး လူချစ်လူခင် ပေါများ၏

အငြိုးအတေး ကြီးမားမှုအရ ဆိုပါက ဤလူကလည်း ထိပ်ဆုံးအဆင့်တွင် ရှိ၏ ရင်ဝူချယ်က သုံးနှစ်အရွယ်မှာပင် စေ့စပ်ထားပြီး ဖြစ်၏ ထိုအမျိုးသမီးက ကျန်းလင်း၏ သမီး ကျန်းရှီ ဖြစ်၏ တော်ဝင်ချန်အင်ပါယာ၏ မြို့စား၊ ကျန်းလီ၏ ညီတော်။ သူက မကြာခဏ မူးရူးသောက်စားလေ့ရှိပြီး စည်းကမ်းမဲ့သည့် တော်ဝင်မျိုးနွယ် တစ်ယောက် ဖြစ်၏ သူက ရှမ့်လန်ကို ကာကွယ်ရင်း အဖြစ်ဆိုးနှင့် အသေဆုံးသွားခဲ့သည့် မြို့စားမင်း တစ်ယောက်ပင်။

ရင်ဝူချယ်နှင့် ကျန်းရှီတို့က ငယ်သူငယ်ချင်းများ ဖြစ်၏ သူတို့က ကောင်းကင်ဘုံက ပေးအပ်ထားသည့် ပြီးပြည့်စုံသည့် စုံတွဲပင်။ ကျန်းလီကလည်း ကျန်းရှီကို အလွန် ချစ်မြတ်နိုး၏ သူမ၏ ဖခင် ကျန်းလင်းက မြို့စားမင်းတစ်ပါးသာ ဖြစ်သော်လည်း ကျန်းလီက ကျန်းရှီကို မင်းသမီးဘွဲ့ ပေးသနားထားသည်။

အကယ်၍သာ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်ပျက်ခဲ့သည် ဆိုပါက ရင်ဝူချယ်နှင့် မင်းသမီး ကျန်းရှီတို့က အားကျဖွယ်ရာ ကောင်းသည့် နတ်ဖက်သည့် စုံတွဲ ဖြစ်လာပေလိမ့်မည်။ သို့သော်ငြား ကျန်းလီ ရုတ်တရက် သေဆုံးပြီးနောက်မှာတော့ ရင်ကွမ်းနှင့် သူ၏သားတို့က ကျန်းမိသားစု ထောင်ပေါင်းများစွာ တို့ကို သတ်ဖြတ်ခဲ့၏

ရင်ဝူချယ်က သူ၏ စေ့စပ်ထားသူ မင်းသမီး ကျန်းရှီကို ကိုယ်တိုင် သတ်ဖြတ်ခဲ့၏ ထိုစဉ်က ထိုသူက အသက် ၁၃ နှစ်သာ ရှိသေး၏ ဤမင်းသမီး ကျန်းရှီက ရှမ့်လန်၏ ဝမ်းကွဲအစ်မ ဖြစ်၏ ပို၍ အရေးကြီးသည်က ရှမ့်လန်က မြို့စားမင်း ကျန်းလင်းအပေါ်တွင် ကျေးဇူးတရား ကြီးမားစွာ တင်ရှိနေခြင်းပင်။

................

“အရှင်ရှမ့်လန်... ကျုပ်နောက်ကို လိုက်ခဲ့ပါ။” ရင်ဝူချယ်က ပြော၏

ရှမ့်လန်က မတ်တတ်ထရပ်ပြီးနောက် အပြင်ဘက်သို့ ထွက်ခွာသွားသော ရင်ဝူချယ်၏ နောက်သို့ လိုက်သည်။

“အရှင်ရှမ့်လန်.... နဂါးနောင်တကို ခိုးယူဖို့အတွက် ကျုပ်အစ်ကိုရဲ့ ဖမ်းဆီးခြင်းကို တမင်တကာ ခံခဲ့တယ်လို့ ကြားတယ်။ အစ်ကို့ကို နွားကျစေချင်ပြီးတော့ စေတီတောင်ရဲ့ မင်းသမီးကို မြှူဆွယ်ဖို့အတွက်ပါ လုပ်ခဲ့သေးတယ်ဆို။” ရင်ဝူချယ်က မေး၏။

“သိပ်မှန်တာပေါ့။” ရှမ့်လန်က ပြန်ဖြေသည်။

“အံ့အားသင့်စရာပဲ။”

ရင်ဝူချယ်က ပြော၏။ “ဒီလောက်ရူးသွပ်တဲ့လူမျိုးကို ကျုပ် ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ။ ဒါပေမဲ့ အရှင်ရဲ့ ရည်ရွယ်ချက်တွေက ရှင်းနေပြီဆိုတော့ ပြောပြပေးနိုင်မလား။ နဂါးနောင်တကို ဘယ်လို ခိုးမှာလဲ။ ကြက်တစ်ကောင်ကိုတောင် ဖမ်းဖို့ အားမရှိဘဲနဲ့ ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ။”

ရှမ့်လန်က ပြောသည်။ “ကောင်းကင်ပေါ် တက်ရတာထက် ပိုခက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ခေါင်းတောင် ပေါက်ကွဲတော့မယ်။ နည်းလမ်းကို စဉ်းစားလို့ မရသေးဘူး။”

ရင်ဝူချယ်က မေး၏ “ဒါဆိုရင် စေတီတောင် မင်းသမီးကို အောင်မြင်စွာ မြှူဆွယ်နိုင်ခဲ့သေးလား။”

“မအောင်မြင်ခဲ့ပါဘူး။”

ရှမ့်လန်က ပြောသည်။ “လူတွေရဲ့ဘဝမှာ စိတ်တိုင်းမကျစရာတွေက ၁၀ ခါမှာ ၉ ခါလောက် ရှိတတ်စမြဲပဲလေ။ ဒါက သဘာဝပါ။”

ပြီးနောက် ရှမ့်လန်က ရုတ်တရက် မေး၏ “ရင်ကွမ်းလည်း ဒီမှာ ရှိနေတယ်မလား။”

“ဟုတ်ပါတယ်။”

ရင်ဝူချယ်က ပြော၏ “အဖေက မြင့်မားတဲ့ အမြင့်တည်နေရာတစ်ခုမှာ ရှိနေပါတယ်။ ဒါပေမဲ့ အရှင်ကို မတွေ့ချင်ဘူး။”

“ဪ...” ရှမ့်လန်က ဤအတိုင်း ရေရွတ်၏။

မကြာမီမှာပဲ ရှမ့်လန်က ကြီးမားသည့် ခံတပ်ကြီးတစ်ခုသို့ ရောက်ရှိပြီး သူ ရင်းနှီးနေသည့် အရာတစ်ခုကို မြင်တွေ့ရ၏။ ထိုအရာက နဂါးနောင်တ တပ်ဆင်ထားခဲ့သည့် နဂါးအရှိန်အဝါ ပစ်လွှတ်စင်ပင် ဖြစ်သည်။

နောက်ဆုံးမှာတော့ သူက နဂါးနောင်တကို ထပ်မံ မြင်တွေ့ခွင့် ရလေပြီ။ တကယ့်ကို သရေကျစရာပင်။ ကြီးမားလှသည့် ဖျက်ဆီးအားရှိသော မဟာဗျူဟာမြောက် လက်နက်တစ်ခု။ ရှမ့်လန်၏ နှလုံးခုန်သံများက မြန်ဆန်လာ၏ ။တစ်ခုလောက် ရှိလျှင်ပင် နုရှောင့်မြို့တော် ဘေးကင်းပေးလိမ့်မည်။

ရင်ဝူချယ်က ပြော၏။ “အရှင်ရှမ့်လန် နဂါးနောင်တကို မခိုးချင်ဘူးလား။ ဒီနဂါးနောင်တက အရှင်ရဲ့ မျက်စိရှေ့မှာ ရောက်နေပြီ။ ခိုးနိုင်မလား။”

ရှမ့်လန်က ပြောသည်။ “ကျုပ် မသယ်နိုင်ဘူးလေ။”

ရင်ဝူချယ်က ပြော၏။ “ဒါဆိုရင် ဘာမှ မပြောနဲ့။ ဘာမှ မမေးနဲ့။ ကျုပ် ခိုင်းတာကိုပဲ လုပ် ဟုတ်ပြီလား။”

ရှမ့်လန်က ပြန်ပြောသည်။ “ပြဿနာ မရှိပါဘူး။”

ရင်ဝူချယ်က ပြော၏။ “ဒီနဂါးနောင်တရဲ့ ပစ်ခတ်မယ့် အကွာအဝေးနဲ့ ပစ်မှတ်ကို သတ်မှတ်ပြီးသား။ အရှင် လုပ်ရမှာ တစ်ခုတည်းရှိတယ်။ နဂါးနောင်တရဲ့ လုပ်ပိုင်ခွင့်ကို အသက်သွင်းပြီး ပစ်ခတ်ပေးရုံပဲ။”

ဤအရာက ရှမ့်လန်၏ အကြီးမားဆုံးသော မဟာဗျူဟာမြောက် တန်ဖိုးပင် ဖြစ်၏ စေတီတောင်၌ နဂါးနောင်တတွေ အများကြီးရှိသော်လည်း ပစ်လွှတ်၍ မရနိုင်ချေ။

စက်တင်ဘာ ၆ ရက်နေ့က တော်ဝင်ချန် အင်ပါယာက နဂါးနောင်တတစ်ခုကို ပစ်လွှတ်ခဲ့ပြီး ဟွမ်လူမြို့ကို ဖျက်ဆီးကာ ရင်ကွမ်းကို သေစေနိုင် လောက်သည့် ထိုးနှက်ချက်တစ်ခု ပေးအပ်ခဲ့သည်။

ထိုအရာက ချန်နိုင်ငံသစ်နှင့် စေတီတောင်တို့၏ အုပ်စုကို တိုက်ရိုက် ခြိမ်းခြောက်လိုက်ခြင်းပင်။ ဤရက်ပိုင်း အတွင်း ရင်ဝူမင်က တော်ဝင်ရန်မြို့တော်၌ အသံတိတ်နေ၏ သူက သဘာဝလွန် အင်အားစုများဆီမှ ကိုယ်စားလှယ်များကို သွားရောက် တွေ့ဆုံခြင်းမျိုး မလုပ်ခဲ့ချေ။ သဘာဝလွန် အင်အားစုများရဲ့ ညီလာခံ၌ စေတီတောင်ကို ကိုယ်စားပြု ရောက်လာသည် မဟုတ်ဘဲ အလည်ပတ်သက်သက် ရောက်လာသကဲ့သို့ပင် သူက နေထိုင်နေ၏။

ထို့ကြောင့် ရင်ဝူချယ်က တွေဝေနေသော်လည်း ဤနဂါးနောင်တက တကယ်ကို အရေးကြီး၏။ အကယ်၍ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်ဆိုပါက ရင်ကွမ်းက တော်ဝင်အင်ပါယာကို အောင်မြင်စွာ ပြန်လည် ခြိမ်းခြောက်နိုင်ပါမှာပင်။ နှစ်ဖက်စလုံးက မဟာဗျူဟာမြောက် ချိန်ခွင်လျှာ ညီမျှမှု အခြေအနေဆီသို့ တစ်ဖန် ပြန်ရောက်ရှိပေလိမ့်မည်။

ယခုအချိန်မှာတော့ ရင်ဝူမင်က တက်ကြွ လှုပ်ရှားလာ၏။ သူက သဘာဝလွန် အင်အားစုများ ညီလာခံ၌ စေတီတောင်ကို တရားဝင် ကိုယ်စားပြုပြီး ချန်နိုင်ငံသစ်နှင့် စေတီတောင်တို့ လွတ်လပ်ရေး ရဖို့၊ တော်ဝင်ချန် အင်ပါယာ၏ အရှေ့တိုင်း အမိန့်အာဏာစက်ဝန်းကနေ ခွဲထွက်ဖို့ လုပ်ဆောင်ပေးနိုင်ပေလိမ့်မည်။

အကယ်၍ ပစ်လွှတ်မှုသာ မအောင်မြင်ခဲ့ပါက ရင်ဝူမင်က သဘာဝလွန် အင်အားစု ညီလာခံအကြောင်းကို ပြောတော့မှာ မဟုတ်ချေ။ စေတီတောင်အကြီးအကဲက တော်ဝင်ရန်မြို့တော်သို့လာပြီး ညီလာခံကို တက်ရောက်ကာဖြင့် တော်ဝင်ဧကရာဇ်၏ အရှေ့တိုင်း အမိန့်အာဏာကို ဆက်လက် ထောက်ခံသွား ပေလိမ့်မည်။ စေတီတောင်နှင့် ချန်နိုင်ငံသစ်တို့ကလည်း ဆက်လက် ပုန်းအောင်းနေပေလိမ့်မည်။

ထို့ကြောင့် ရှမ့်လန် ရှေ့တွင် ရှိနေသည့် နဂါးနောင်တက အရှေ့လောကတစ်ခုလုံး၏ အနာဂတ်နှင့် ကံကြမ္မာကို အလုံးစုံ ဆုံးဖြတ်ပေးပေလိမ့်မည်။ တော်ဝင်ရန်အင်ပါယာ တရားဝင် ပြိုကွဲမည်လား ဆိုသည်ကို ကိုယ်စားပြု၏။ ထို့ကြောင့် တင်းယွမ်မြို့၏ တိုက်ပွဲပြီးနောက် အရှေ့လောက တစ်ခုလုံးက အကြီးအကျယ် ပြောင်းလဲမှုတွေ ကြုံရခြင်းပင်။

အဓိကကျသည့် ခြေလှမ်းတိုင်းလိုလိုက လောက၏ ကံကြမ္မာကို သက်ရောက်မှု ရှိလာ၏။ထိုအရာက ရှမ့်လန်အတွက် အကျိုးရှိတာ သေချာသည်။ သူက ရင်ကွမ်းနှင့် စေတီတောင်တို့၏ လွတ်လပ်ရေး ရမည့် အခြေအနေကို လုံးဝ ထောက်ခံ၏။ ရင်ဝူမင်က သဘာဝလွန် အင်အားစုများ ညီလာခံ၌ စေတီတောင်ကို ကိုယ်စားပြုသည့် ကိစ္စရပ်မျိုးကို သူ နှစ်သက်၏။ ဤဘီလူးကြီး နှစ်ကောင် အချင်းချင်း ရန်ဖြစ်နေမှသာလျှင် အားနည်းလွန်းသည့် တော်ဝင်ချန်အင်ပါယာက အသက်ရှူပေါက် ရမှာပင်။

“အရှင်ရှမ့်လန် ကျုပ်ကို ယုတ်မာတယ်လို့ အပြစ်မတင်ပါနဲ့။”

ရင်ဝူချယ်က ဓားကို ဆွဲထုတ်ပြီး ရှမ့်လန်၏ လည်ပင်းပေါ်သို့ တင်၏။ “အကယ်၍ အရှင်က ဒီနဂါးနောင်တကို ပစ်လွှတ်နိုင်အောင် မလုပ်ပေးဘူးဆိုရင်တော့ အရှင်က တန်ဖိုးမရှိတော့ဘူး။ ကျုပ် အရှင်ရဲ့ ခေါင်းကို ဖြတ်ရပါလိမ့်မယ်။”

ရှမ့်လန်က နဂါးအရှိန်အဝါ ပစ်လွှတ်စင်ဆီသို့ သွား၏။ ပြီးနောက် နဂါးနောင်တ၏ ပစ်မှတ်ကို ဖတ်ကြည့်၏။ သို့သော်လည်း ကွန်ပျူတာ မဟုတ်သောကြောင့် မဖတ်နိုင်ချေ။ သူ၌ ပစ်လွှတ်ခွင့် အာဏာသာ ရှိ၏။ ဤနဂါးနောင်တက မည်သည့်နေရာကို ပစ်မည်နည်း ဆိုသည်ကို သူ လုံးဝ မသိချေ။

“အရှင်ရှမ့်လန်... စလိုက်ကြရအောင်။” ရင်ဝူချယ်က ပြော၏။ ပြီးနောက် သူက ဓားကို ရှမ့်လန်၏ လည်ပင်းနှင့် ကပ်ထားသည်။

ရှမ့်လန်က ပြော၏။ “ကျုပ် သေတ္တာကို ယူလာပေး။ ခင်ဗျားတို့ ယူထားတဲ့ ရွှေရောင် သေတ္တာ။”

ခဏကြာမှာတော့ ရင်ဝူချယ်က သေတ္တာတစ်ခုကို ရှမ့်လန်၏ ရှေ့၌ ချပေး၏။ သေတ္တာက ပွင့်လျက်သား ဖြစ်နေ၏။ အတွင်း၌ ရှေးဟောင်းလူသား၏ သွေးကျောက်ဖြစ်ရုပ်ကြွင်းက ရှိနေသေးသည်။

ရှမ့်လန်က အသာအယာ လှမ်းတောင်း၏။ “ဓားမြှောင်။”

ဓားမြှောင်တစ်ချောင်းက သူ၏ လက်ထဲသို့ ရောက်လာ၏။ သူက လက်ချောင်းကို ခပ်ဖွဖွလှီးပြီး သွေးကို သေတ္တာထဲသို့ ကျစေ၏။ သွေးက ရှေးဟောင်း လူသား၏ သွေးကျောက်ဖြစ်ရုပ်ကြွင်းနှင့် ပေါင်းစပ်သွားခဲ့ပြီး နေရောင်ခြည်အရောင် သွေးရောင် တစ်ခုက ဖြစ်လာသည်။

ရင်ဝူချယ်က ချက်ချင်းပဲ အသက်ရှူ အောင့်လိုက်မိ၏။

အရိပ်ထဲမှ အရာအားလုံးကို စောင့်ကြည့်နေသူ ရင်ကွမ်း၏ မျက်လုံးများကလည်း ကျဉ်းမြောင်းသွားသည်။

“နေရောင်ခြည် သွေးလား။”

အရှင်ရှမ့်လန်၏ သွေးမျိုးဆက် ပါရမီက တကယ်ကို ထူးခြားလွန်း၏ သန်းတစ်ထောင်တွင် တစ်ယောက်သာ ရှိတာမျိုးပင်။

ဤလောကကြီးက တကယ်ကို မတရားချေ။ ရှမ့်လန် မည်မျှ အားနည်းနေပါစေ၊ မည်မျှ အစွမ်းအစမဲ့နေပါစေ သူက အစားထိုး မရနိုင်သည့် လူတစ်ယောက် ဖြစ်နေဆဲပင်။ သူက ဤလောကကြီး၏ အမြင့်ဆုံး မဟာဗျူဟာ အခွင့်အာဏာကို တိုက်ရိုက် ဆုပ်ကိုင်ထား၏။

တော်ဝင်ရန်ဧကရာဇ်... သူက အဘယ်ကြောင့် နဂါးနောင်တကို ပစ်လွှတ်နိုင်ရသနည်း။ သူက အဘယ်ကြောင့် ဤကဲ့သို့သော အခွင့်အာဏာမျိုး ရှိနေရသနည်း။ ရှမ့်လန်၏ သွေးမျိုးဆက်မျိုး ဒုတိယ လူတစ်ယောက် မရှိသင့်တော့ပေ။

ပြီးနောက် ရှမ့်လန်က သွေးအရောအနှောထဲသို့ လက်ချောင်းကို နှစ်ပြီး နဂါးနောင်တ ဟူသည့် စာလုံးကို အသာပွတ်သပ်လိုက်၏။ ချက်ချင်းပဲ နဂါးနောင်တ စာလုံးများက တောက်ပလာ၏၊ လေထုက ပြင်းထန်စွာ တုန်ခါလာ၏၊ နဂါးတစ်ကောင် နိုးထလာသကဲ့သို့ အမှန်တကယ် ခံစားရသည်။

အထူးသဖြင့် ရင်ကွမ်းက နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အားကောင်းသည့် စွမ်းအားတစ်ခုကို ခံစားမိ၏။ နဂါးတစ်ကောင်က အသံမထွက်ဘဲ ဟိန်းဟောက်လာသကဲ့သို့ပင်။ ခံတပ်တစ်ခုလုံးနှင့် အခြေစိုက်စခန်း တစ်ခုလုံးက နဂါးနောင်တ၏ ကြီးမားသည့် စွမ်းအင်လွှမ်းခြုံမှုကို ခံရ၏။

“ပြီးပြီ။”

ရှမ့်လန်က ပြောသည်။ “အခု ပစ်လွှတ်လို့ ရပြီ။”

ရင်ဝူချယ်က မေး၏ “ဒီလောက် လွယ်တာလား။”

ဤလုပ်ငန်းစဉ်က တကယ်ကို ရိုးရှင်းလွန်း၏။ လုပ်ရသည်က ရှမ့်လန်၏ သွေးကို နဂါးနောင်တ စာလုံးပေါ် သုတ်လိမ်းလိုက်ရုံပင်။ ထင်မှတ်ထားသလို ရှုပ်ထွေးခြင်း၊ မြင့်မြတ်ခြင်း၊ ခမ်းနားခြင်းမျိုး မဟုတ်ချေ။

“အဖေ..” ရင်ဝူချယ်က လှမ်းအော်သည်။

ရင်ကွမ်းက ပေါ်လာ၏။ သူက နဂါးအရှိန်အဝါ ပစ်လွှတ်စင်ဆီသို့ လျှောက်လာပြီး ခလုတ်ကို လှည့်ကာ ပစ်လွှတ်လိုက်၏။

“ဝှစ်...” နဂါးဟိန်းသံကဲ့သို့သော အသံကျယ်ကြီးနှင့်အတူ နဂါးနောင်တ ပစ်ထွက်သွားသည်။

မီတာ ရာပေါင်းများစွာ ပျံသန်းပြီးနောက် ရုတ်တရက် အပြာရောင် ပလက်စမာ မီးတန်းတစ်ခုက ထွက်ပေါ်လာ၏။

“ဂျိုင်း...”

နဂါးနောင်တက လေထဲတွင် ဆက်လက် အရှိန်မြင့်တင်နေ၏။ အသံထက် နှစ်ဆ မြန်သည့် အရှိန်... ပြီးနောက် အသံထက် သုံးဆ မြန်သည့် အရှိန်... ပြီးနောက် အသံဗုံးများ ကွဲသလို အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဥက္ကာခဲ တစ်ခုကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းကာဖြင့် ကီလိုမီတာ ရာပေါင်းများစွာ အကွာရှိ ပစ်မှတ်ထံသို့ ဦးတည်သွား၏။

မိနစ် အနည်းငယ် အကြာမှာတော့... “ဝုန်း... ဝုန်း...”

လောကပျက်လုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏ နောက်ထပ် ကြီးမားလွန်းသည့် ငရဲကြာပန်း တစ်ပွင့်က မြေပြင်ပေါ်မှ ပွင့်အာထွက်လာ၏ နောက်ထပ် မြို့တစ်မြို့က အလုံးစုံသော အပျက်အစီးပုံ ဘဝသို့ ရောက်ရှိသွား၏။

“အောင်မြင်ပြီပဲ။” ရင်ကွမ်းက စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ ပိတ်လိုက်မိသည်။

တော်ဝင်ရန်အင်ပါယာပေါ်သို့ သူ၏ ပြန်လည် ခြိမ်းခြောက်မှု အောင်မြင်သွားခဲ့ပြီဖြစ်၍ တော်ဝင်ရန် အင်ပါယာနှင့် အိမ်ရှေ့စံတို့ အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားကြပေလိမ့်မည်။ ရင်ဝူမင် သဘာဝလွန် အင်အားစုများ ညီလာခံ၌ စေတီတောင်ကို ကိုယ်စားပြုမည့် ကိစ္စသည် မလွဲမသွေ ဖြစ်လာတော့မည်။

အမှောင်ထဲတွင်ရှိနေသော စေတီတောင်သခင်၏ နှလုံးသားများကလည်း တုန်လှုပ်နေ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူက မရေတွက်နိုင်လောက်သည့် နည်းလမ်းများကို စဉ်းစားခဲ့ပြီး အာကာသ ဟင်းလင်းပြင်လောက် ကြီးမားသည့် တန်ဖိုးများကို ပေးဆပ်ခဲ့ရသည်။ သို့တိုင်အောင် သူက နဂါးနောင်တ တစ်ခုကိုမှ မပစ်လွှတ်နိုင်ခဲ့ချေ။

သို့သော်ငြား ရှမ့်လန် လုပ်လိုက်သည်က လက်ချောင်းလေးများနှင့် ခပ်ဖွဖွ သုတ်လိုက်ရုံသာလျှင်။ ဤလောကကြီး က တကယ်ကို မတရားချေ။ အချို့သော လူများက မွေးဖွားလာစဉ်တည်းက အမြင့်ဆုံးသော အခွင့်အာဏာနှင့် မွေးဖွားလာကြ၏။ ထိုသူတို့၌ မည်သည့် အခွင့်အရေးများ ရှိနေသနည်း။

ရင်ကွမ်းက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၏။ ရှမ့်လန်နှင့် စကားတော့ မပြောခဲ့ချေ။ သူက ချက်ချင်း ထွက်ခွာသွားခဲ့၏။ ရင်ဝူချယ်ကိုသာ လှမ်းပြောသည်။ “လုပ်လိုက်တော့။”

ရင်ဝူချယ်က ရှမ့်လန်ကို ပြုံးပြ၏။ “အရှင်ရှမ့်လန်... နဂါးနောင်တ ပစ်လွှတ်တာက ဒီလောက် လွယ်ကူနေတာပဲ။ ကျုပ်တို့ နည်းလမ်း သိသွားပြီ။ ဒါကြောင့် အရှင်က တန်ဖိုး မရှိတော့ဘူး။ ကျုပ်တို့ အရှင်ကို ဒုက္ခိတဖြစ်အောင် လုပ်ရမယ်။ စိတ်မပူနဲ့။ မသေစေရပါဘူး။ အရှင့်ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုကိုပဲ ဖြတ်ထုတ်ပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင်ဖြစ်အောင် လုပ်မှာပါ။ ဘာပဲပြောပြော နဂါးနောင်တ လိုအပ်လာတဲ့အခါ ရှင့်ရဲ့ လက်ချောင်းကိုဖြတ် သွေးနည်းနည်း ထုတ်ပြီး နဂါးနောင်တပေါ် သုတ်လိုက်ရုံပဲ။ အရှင်ရှမ့်လန် ... နည်းနည်းတော့ နာလိမ့်မယ်။ သည်းခံပေးပါအုံး။”

ရင်ဝူချယ်က ပြောသည်။ ပြီးနောက် သူက ဓားချွန်ကို ရှမ့်လန်၏ ဦးခေါင်းအား ချိန်ရွယ်ပြီး ဖြည်းညင်းစွာ ထိုးစိုက်၏။ ရှမ့်လန်၏ ဦးနှောက်နှင့် အသိစိတ်ကို လုံးဝ ဖျက်ဆီးပစ်ချင်သည်။

ရှမ့်လန်က အထင်သေးစွာ ပြုံးသည်။ ပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်၏။ “ခင်ဗျားတို့ အားလုံးက ငတုံးတွေပဲ။”

...........

All Chapters