အခန်း (၁၀၄၅-၁၀၄၆)
Vol. 62 Ch. 1045-1046
အပိုင်း (၁၀၄၅)
ရှမ့်လန်က သက်ပြင်းချ၏။ “ရင်ဝူချယ်..... ကျုပ်က ငတုံးတစ်ယောက်နဲ့ တူနေလို့လား။ ဒီမှာ လူတွေ အများကြီး၊ ဒီက လူတွေ အကုန်လုံး ..... ကျုပ်က ငတုံးတစ်ယောက်နဲ့ တူနေလို့လား။”
မည်သူကမှ စကားမပြောကြချေ။ အကယ်၍ ရှမ့်လန်သာ ငတုံး ဖြစ်ခဲ့လျှင် တစ်လောကလုံးက ငတုံးများ ဖြစ်ပေလိမ့်မည်။ ရှမ့်လန်က အားနည်းလွန်း၏။ ရှမ့်လန်က လူယုတ်မာ။ ရှမ့်လန်က အရှက်မရှိဟု ပြော၍ ရသော်လည်း သူက ငတုံးဟု လုံးဝ ပြော၍ မရချေ။ သူက အံ့ဖွယ်ရာများကို မြည်မျှ ဖန်တီးခဲ့သနည်း။ လူမည်မျှကို လက်ဝါးပေါ်တင်ကာ ဆော့ကစားခဲ့သနည်း။
ရှမ့်လန်က ဆက်ပြောသည်။ “ကျုပ်ရဲ့ လက်ချောင်းကို သွေးအရောအနှောထဲ နှစ်ပြီး နဂါးနောင်တ စာလုံးပေါ်ကို သုတ်လိမ်းလိုက်ရုံနဲ့ ပစ်လွှတ်လို့ရမယ်ဆိုရင် ကျုပ်က ဒီနေရာကို လာပါ့မလား။ သေဖို့ သက်သက်နဲ့ ဒီနေရာကို ရဲရဲဝံ့ဝံ့ လာပါ့မလား။”
ရင်ဝူချယ်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ “ဘာကို ဆိုလိုတာလဲ။”
ရှမ့်လန်က ဆိုသည်။ “နဂါးနောင်တထဲမှာ ဘာရှိလဲ သိလား။ အရမ်း လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးတဲ့ အင်အားတစ်ခု ရှိတယ်။ အရေးကြီးဆုံးက အဲဒါက သက်မဲ့ အရာဝတ္ထု မဟုတ်ဘူး။ အသက်ရှိနေတဲ့ စွမ်းအင် တစ်ခုပဲ။ ကျုပ် နဂါးနောင်တကို အသက်သွင်းလိုက်တုန်းက ခင်ဗျားတို့ ထူးဆန်းတာ ဘာတစ်ခုမှ မခံစားရဘူးလား။”
သူတို့ ခံစားမိ၏။ အထူးသဖြင့် ရင်ကွမ်းနှင့် စေတီတောင် သခင်တို့ပင်။ သူတို့ ရှင်းလင်းစွာ ခံစားရ၏။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခု နိုးထလာသကဲ့သို့ သို့မဟုတ် အသက်ဝင်လာသကဲ့သို့ အမှန်တကယ် ဖြစ်ခဲ့၏။ ပြီးနောက် ပစ်လွှတ်လိုက်သည့် အချိန်တွင် နဂါးဟိန်းသံပင် ထွက်ပေါ်လာသေး၏။
ဤနဂါးဟိန်းသံက အားရပါးရ ဟိန်းဟောက်လိုက်သည့် အသံမျိုး မဟုတ်ဘဲ သက်ပြင်းချသည့် အသံမျိုးနှင့် ဖြစ်နေခြင်းပင်။ ထို့ကြောင့် ဤနဂါးနောင်တက သက်မဲ့ အရာဝတ္ထု သို့မဟုတ် လက်နက် တစ်ခုသတ်သတ်နှင့် တကယ် မတူချေ။
ရှမ့်လန်က ပြောသည်။ “ဒါကြောင့် နေရောင်ခြည်ပါတဲ့ သွေးအရောနှောကို အားကိုးနေရုံနဲ့ အသက်ဝင်ဖို့ ဆိုတာ မလုံလောက်ဘူး။ အဲဒါက ကျုပ်ရဲ့ စိတ်ဝိညာဉ်နဲ့ ပဲ့တင်ထပ်ဖို့လည်း လိုသေးတယ်။ ကျုပ်ရဲ့ စိတ်ဝိညာဉ်ကို အာရုံခံနိုင်ဖို့ ကျုပ်ရဲ့ဆန္ဒကို အာရုံခံနိုင်ဖို့ လိုသေးတယ်။ ဒါက မဟာဗျူဟာမြောက် လက်နက်ပဲ။
ရှေးအင်ပါယာ ခေတ်တုန်းကတောင်မှ ဒါကို ပစ်လွှတ်ဖို့ အင်မတန် မြင့်မားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ လိုအပ်တယ်။ အာဏာရှိသူရဲ့ဆန္ဒပါမှ ပစ်လွှတ်လို့ ရတာ။ မဟုတ်ရင် အာဏာရှိသူကို ရိုက်နှက် သတိမေ့အောင် လုပ်ပြီး သူ့ရဲ့ လက်ချောင်းကို သုံးပြီး ဘယ်သူမဆို ပစ်လွှတ်လို့ ရနေမှာပေါ့။ ဒါဆိုရင် တစ်လောကလုံး ဖရိုဖရဲတွေ ဖြစ်ကုန်မှာပေါ့။”
ရင်ဝူချယ်က အေးစက်စက်နှင့် ရယ်မော၏။ “ကျုပ်တို့က ဘာလို့ ခင်ဗျားကို ယုံရမှာလဲ။ အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်မယ့်၊ ဘာမဆို ပြောမယ့်သူပဲလေ။”
ရှမ့်လန်က နှာခေါင်းရှုံ့ကာ ပြောသည်။ “ဒီအချက်ကို သက်သေပြဖို့ အင်မတန် လွယ်ကူတယ်။ ဒီရွှေရောင် သေတ္တာထဲက သွေးအရောအနှောက မကုန်သေးဘူး။ အာနိသင်ကလည်း မပျက်သေးဘူး။ ကျုပ်ကို ရိုက်ပြီး သတိမေ့အောင် လုပ်လိုက်။ ပြီးရင် ကျုပ်ရဲ့ လက်ချောင်းကို သွေးအရောအနှောထဲကို နှစ်ပြီး နဂါးနောင်တ စာလုံးပေါ် ပွတ်ကြည့်လိုက်။ အသက်ဝင်လား မဝင်လား ကြည့်ကြပေါ့။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ရင်ဝူချယ်က ရင်ကွမ်းကို မကြည့်ဘဲ မနေနိုင် ဖြစ်သွား၏။
“လာလေ စမ်းကြည့်လိုက်စမ်းပါ။ လက်တွေ့ လုပ်ဆောင်လိုက်ခြင်းက အမှန်တရားကို စမ်းသပ်တဲ့ နည်းလမ်း တစ်ခုပဲ။ ဒါက မှန်ကန်တယ် ဆိုတဲ့ စံနှုန်းတစ်ခုကို ဖော်ပြလိမ့်မယ်။”
ရှမ့်လန်က ပြောသည်။ “ကျုပ်ကို ရိုက်ပြီး သတိမေ့အောင် လုပ်။ ဒါပေမဲ့ ဖြည်းဖြည်းတော့ လုပ်။ ကျုပ်က အင်မတန် နုနယ်တယ်။ နည်းနည်းလေး ပိုပြီး အားပြင်းသွားတာနဲ့ ကျုပ်က သတိပြန်လည်လာတော့မှာ မဟုတ်ဘူး။ ဒါဆိုရင် တစ်သက်လုံး နဂါးနောင်တကို သုံးလို့ မရဘဲ နေအုံးမယ်။”
ရင်ဝူချယ်က ရှေ့သို့ လှမ်းတက်၏။ ရှမ့်လန်၏ ဦးခေါင်းနောက်ပိုင်းကို ရိုက်ချလိုက်၏။ ချက်ချင်းပဲ ရှမ့်လန်က သတိလစ်သွားပြန်၏။
“အဖေ။” ပြီးနောက် ရင်ဝူချယ်က ရင်ကွမ်းကို ဦးညွှတ်သည်။
ရင်ကွမ်းက စေတီတောင် သခင်ကို ကြည့်ကာ မေး၏။ “အစ်ကိုရန်။”
စေတီတောင် သခင်က ဆိုသည်။ “ကောင်းပြီ။ ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့။”
ရင်ကွမ်းက ပြော၏။ “နဂါးနောင်တ အသစ် တစ်ခုကို စင်ပေါ် တင်လိုက်တော့။”
အလွန် လျင်မြန်စွာပင် အထူးစစ်သည်တချို့ ထွက်ပေါ်လာခဲ့၏။ ကြီးမားသည့် အထူးသေတ္တာကြီး တစ်ခုကို သယ်ဆောင်လာ၏။ ရင်ကွမ်း ကိုယ်တိုင် အရှေ့ဆီသို့ လှမ်းတက်ပြီးနောက် သေတ္တာကြီးကို ဖွင့်ရန် အိပ်မက်ဆိုး ကျောက်တုံးများကို တစ်ခုပြီးတစ်ခု လှည့်သည်။
ပြီးနောက် အထူးစစ်သည်များက နဂါးနောင်တအသစ်ကို နဂါးအရှိန်အဝါ ပစ်လွှတ်စင်ပေါ်သို့ မတင်၏။ ဘာပဲဖြစ်ဖြစ် အသက်သွင်း၍ ရမရ စမ်းသပ်ကြည့်ရုံသာ။ နဂါးနောင်တကို အလဟဿ အဖြစ်ခံစရာ အကြောင်းမရှိပေ။
ရင်ဝူချယ်က ရှမ့်လန်၏လက်ချောင်းကို ဆွဲယူပြီး ရွှေရောင် သေတ္တာထဲရှိ သွေးအရောအနှောထဲသို့ နှစ်၏။ ပြီးနောက် စာလုံးပေါ်သို့ သွေးဖြင့် ပွတ်ဆွဲ၏။
အစမှ အဆုံးထိ ရှမ့်လန်က သတိလစ်နေ၏ သူက မည်သည့် လှုပ်ရှားမှုမှ မလုပ်သလို မည်သည့် ခုခံမှု ကိုမှလည်း မလုပ်ချေ။ အဆုံးမှာတော့ နဂါးနောင်တထံမှ မည်သည့် တုံ့ပြန်မှုမှ မရချေ။ အချိန်ကြာသွား၍များလား။ သွေးအရောအနှောက အာနိသင် ပျက်ပြယ်သွားခြင်းလား။
ရင်ဝူချယ်က ရွှေရောင်သေတ္တာ၏ ဒုတိယအလွှာမှ ရှေးဟောင်း လူသား သွေးကျောက်ဖြစ်ရုပ်ကြွင်းကို အနည်းငယ် ယူ၏ ပြီးနောက် ရှမ့်လန်၏ လက်ချောင်းကို လှီးဖြတ်ပြီး သွေးတစ်စက်ကို ထိုအထဲသို့ ချ၏။ တစ်ဖန် နေရောင်ခြည် အရောင် သွေးအရောအနှောကို စပ်ပြန်သည်။ ပြီးနောက် ရှမ့်လန်၏ လက်ချောင်းကို သွေးထဲသို့ နှစ်ပြီး နဂါးစာလုံးပေါ်သို့ ပွတ်ဆွဲပြန်သည်။
အလွန် လျင်မြန်စွာပင် နေရောင်ခြည် သွေးအရောအနှောက စာလုံးထဲသို့ လုံးဝ စိမ့်ဝင်သွား၏။ အစအန မကျန်ဘဲ ပျောက်ကွယ်သွား၏။ သို့တိုင်အောင် အသက်မဝင်သေးသလို မည်သည့် အလင်းရောင်မှလည်း ထွက်မလာခဲ့ချေ။ ရင်ဝူချယ်၏ မျက်နှာထားက တကယ်ကို ရုပ်ဆိုးသွား၏။ လက်တွေ့ အခြေအနေအရ ရှမ့်လန် မှန်ကန်ကြောင်း သက်သေပြနေ၏။
“သူ့ကို နှိုးပြီးတော့ ပြန်စမ်းခိုင်းလိုက်။” ရင်ကွမ်းက ပြောသည်။
ရင်ဝူချယ်က အပ်တစ်ချောင်းကို ထုတ်၏။ ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောဆုံမှတ်တချို့ကို ထိုးစိုက်၏။ ချက်ချင်းပဲ ရှမ့်လန်က တစ်ကိုယ်လုံး တုန်တက်ကာ နိုးလာ၏။
“အား... ခင်ဗျား ကျုပ်လက်ချောင်း နောက်တစ်ခါကို ထပ်ပြီး လှီးလိုက်ပြန်ပြီလား။ ဘာလို့ ဒီလောက် အကြီးကြီး လှီးရတာလဲ။ အမာရွတ် ကျန်ရင် ဘယ်လို လုပ်မလဲ။ ကျုပ် ဘာဆက်လုပ်ရမှာလဲ။”
ရှမ့်လန်က ဒေါသတကြီး ဖြစ်သွားမိသည်။ “ကျုပ်ရဲ့ ဒီလက်က လောကမှာ အလှဆုံး အမျိုးသမီးတွေကို ပွတ်သပ်တဲ့ နေရာမှာ သုံးတာ။ ကျုပ်ရဲ့ ဒီလက်က မသေမျိုး ကဗျာတွေ ရေးဖို့ သုံးရမှာ။ နောင်အမာရွတ် ကျန်နေခဲ့မယ်ဆိုရင် ဘယ်လို လုပ်မလဲ။”
ပြီးနောက် ရှမ့်လန်က သူ၏လက်ချောင်းပေါ်ရှိ တစ်စင်တီမီတာခန့် ရှိသော ဒဏ်ရာကို ကြည့်၏။ “သောက်ကျိုးနည်း... ဒီလို ဒဏ်ရာမျိုးက ချုပ်ရတာ လွယ်တာ မဟုတ်ဘူး။ မလိုအပ်ဘဲနဲ့ ဘာလို့ ဒီလောက် ကြီးကြီးမားမား လှီးဖြတ်ရတာလဲ။ အမာရွတ်ထင်မှာ သေချာပြီ။”
ရင်ဝူချယ်က အေးစက်စက်နှင့် ပြောသည်။ “ရှမ့်လန် မင်းပြောတာ မှန်တယ်ဆိုတာကို သက်သေပြပြီး နဂါးနောင်တကို အသက်သွင်းလိုက်။ မဟုတ်ရင် ပြတ်သွားမှာ လက်ချောင်း မဟုတ်ဘဲနဲ့ လည်ပင်း ဖြစ်သွားလိမ့်မယ်။”
ရှမ့်လန်က ပြော၏။ “မလုပ်ပါနဲ့။ အဲဒီလက်ချောင်းက ခင်ဗျားခယ်မ သုံးဖို့ စောင့်နေတာပါ။”
ပြီးနောက် သူက နေရောင်ခြည်အရောင် သွေးအရောအနှောထဲသို့ လက်ချောင်းကို နှစ်၏။ ပြီးနောက် နဂါးနောင်တပေါ်သို့ ပွတ်ဆွဲလိုက်သည်။
သွေးအရောအနှောက စာလုံး သုံးလုံးထဲသို့ ထပ်မံ စိမ့်ဝင်သွား၏ ပြီးနောက် နဂါးနောင်တရှိ စာလုံး သုံးလုံးက ရုတ်တရက် လင်းလက်လာ၏။
“ဝုန်း”
နေရာကြီး တစ်ခုလုံးက ထပ်မံ တုန်ခါသွားသည်။ အလွန် အားကောင်းလွန်းသည့် သတ္တဝါကြီး တစ်ကောင် နိုးထလာသကဲ့သို့ပင်။ နဂါးနောင်တ၏ စွမ်းအားက လူတိုင်းကို ထပ်မံ တုန်လှုပ်သွားစေ၏။ သံသယ ဖြစ်စရာ မလိုဘဲ နဂါးနောင်တက ထပ်မံ အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။
ချက်ချင်းပဲ ရင်ကွမ်း၊ စေတီတောင် သခင်နှင့် ရင်ဝူချယ်တို့၏ မျက်နှာထားများက ပျက်ယွင်းသွား၏။ လက်တွေ့ အခြေအနေတွင် ရှမ့်လန် မှန်ကန်ကြောင်း သက်သေပြနေသည်။ နဂါးနောင်တကို အသက်သွင်းရန် သွေးသာမက စိတ်ဝိညာဉ်ချင်း ပဲ့တင်ထပ်မှုလည်း လိုအပ်နေ၏။ဤအရာက တကယ်ကို ထူးဆန်းလွန်း လှချေ၏။ ထိုသို့ဆိုလျှင် သူတို့က ရှမ့်လန်ကို သတ်၍ မရရုံသာမက ဒုက္ခိတဖြစ်အောင်လည်း လုပ်၍ မရချေ။ ဘိုးဘေး တစ်ယောက်ကဲ့သို့ ပြုစုထားရမလိုပင် ဖြစ်နေ၏။
“နဂါးနောင်တကို ဖယ်လိုက်တော့။” ရင်ဝူချယ်က ပြောသည်။
အထူးစစ်သည်တချို့က ရှေ့သို့ တက်လာ၏။ အံ့အားသင့်ဖွယ်ရာ လေးလံသည့် နဂါးနောင်တကို နဂါးအရှိန်အဝါ ပစ်လွှတ်စင်ပေါ်မှ မယူ၏။ အလွန် လျင်မြန်စွာပဲ စာလုံးပေါ်တွင် ရှိနေသည့် အလင်းရောင်များ က မှေးမှိန်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များက ပျောက်ကွယ်၏။ နက်ရှိုင်းစွာ ပြန်လည် အိပ်မောကျသွားသကဲ့သို့ပင်။
ရှမ့်လန်က ပခုံးကို တွန့်ကာ ပြောသည်။ “တွေ့လား။ ကျုပ် မလိမ်ပါဘူးဆို။ ဟုတ်တယ် မဟုတ်လား။ ရင်ဝူချယ်.... ခင်ဗျား ကျုပ်ဦးနှောက်ရဲ့ အစိတ်အပိုင်း အချို့ကို ဖြတ်ထုတ်ပြီး ဖုတ်ကောင်ဖြစ်အောင် လုပ်အုံးမှာလား။”
ရင်ဝူချယ်၏ မျက်နှာက အလုံးစုံ ပျက်ယွင်းသွားခဲ့၏။ ပြီးနောက် သူက အားတင်းကာ ပြုံး၍ ပြော၏။
“ဘယ်လို ဖြစ်နိုင်မှာလဲ အရှင်ရှမ့်လန်..... ကျုပ်က စနောက်နေရုံ သက်သက်ပါ။ အရှင့်ရဲ့ ဦးနှောက်ကို ကျုပ်က ဘာလို့ ဖျက်ဆီးရမှာလဲ။ ဒီလို ကိစ္စမျိုး မရှိပါဘူး။”
ရှမ့်လန်က ဖြေသည်။ “ဒါဆိုရင် နားလည်မှု လွဲတာ ဖြစ်ပုံပဲ။ အခုလို ရှင်းလင်းသွားတာ ကောင်းတာပေါ့ဗျာ။”
ရင်ဝူချယ်က မှာ၏။ “ဒါဆိုရင် အရှင်ရှမ့်လန် ကောင်းကောင်း အနားယူလိုက်ပါအုံး။”
ရှမ့်လန်က ပြောသည်။ “ကောင်းပြီလေ။ ကျုပ်အတွက် မိန်းကလေး တစ်ယောက် စီစဉ်ပေးပါအုံး။ ကျုပ်က...။”
စကားမဆုံးခင်မှာပဲ သူ၏ မြင်ကွင်းများက မဲမှောင်သွား၏ ပြီးနောက် ထပ်မံ သတိလစ်သွားပြန်၏။ ရင်ဝူချယ်က သူ၏ ဦးခေါင်းနောက်ပိုင်းကို တိကျစွာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
သောက်ကျိုးနည်း... တစ်နေ့တည်း ခေါင်းကို ဘယ်နှစ်ခါလောက် အရိုက်ခံနေရမှာလဲ။
............
“အဖေ.... ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။”
ရင်ဝူချယ်က မေး၏ “ရှမ့်လန်ကို ဒီတိုင်းပဲ ဆက်ပြီး မောက်မာခွင့်ပေးထားရမှာလား။”
ရင်ကွမ်းက တည်ငြိမ်စွာ ပြောသည်။ “ရှမ့်လန်လို လူမျိုးအတွက် နာကျင်စရာ အကောင်းဆုံးအရာက ဘာလို့ ထင်လဲ။”
ရင်ဝူချယ်က ဖြေ၏။ “သင်းကွပ်ပစ်လိုက်တာလား။”
ရင်ကွမ်းက ခေါင်းကို ခါယမ်းသည်။ “မဟုတ်ဘူး။ အဲဒါထက် ပိုပြီး ရက်စက်တာမျိုး ရှိသေးတယ်။ အဲဒါကတော့ သူ မြတ်နိုးတဲ့ အရာမှန်သမျှကို သူ့လက်နဲ့ကိုယ်တိုင် ဖျက်ဆီးပစ်စေတာပဲ။”
ရင်ဝူချယ်က စေတီတောင်သခင်ကို လှမ်းကြည့်လိုက်သော်လည်း ထိုသူက ကြားပုံမရချေ။ ထိုသူက မြောက်ဘက်အရပ်ကိုသာ တိတ်တဆိတ် စိုက်ကြည့်နေ၏။ နာရီအနည်းငယ် ကြာချိန်မှာတော့ စေတီတောင်မှ လင်းယုန်စီး စစ်သည်တစ်ဦးက မြောက်ဘက်မှ ရောက်ရှိလာသည်။ သူက စေတီတောင် သခင်ကို ချက်ချင်း သတင်းပို့၏။
“အရှင် နဂါးနောင်တက ယုလန်နိုင်ငံရဲ့မြို့တော်မှာ ပေါက်ကွဲသွားခဲ့ပါပြီ။ မြို့တော် တစ်ခုလုံး မီးလောင်နေတယ်။ အကုန်လုံးက အပျက်အစီးပုံဘဝကို ရောက်သွားပြီ။ ထိခိုက် ဒဏ်ရာရသူ အရေအတွက်က ရေတွက်လို့ မရနိုင်အောင်ပါပဲ။”
ဤစကားကို ကြားချိန်မှာတော့ စေတီတောင်သခင်နှင့် ရင်ကွမ်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်၏။ ပြီးနောက် ရင်ထဲတွင် ဖြစ်ပေါ်လာခဲ့သည့် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရင်း အကြည့်ချင်း ဖလှယ်လိုက်မိ၏။ သူတို့က နဂါးနောင်တ၏ ဖျက်ဆီးနိုင်စွမ်းကို မျက်မြင်ကိုယ်တွေ့ တွေ့ဖူးသော်လည်း ယုလန် နိုင်ငံ၏ မြို့တော်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြားသည့် အချိန်မှာတော့ တကယ်ပဲ တုန်လှုပ်သွားမိသည်။
ဤသည်က သူတို့အတွက် မဟာဗျူဟာမြောက် လက်နက်တစ်ခုကို ပထမဦးဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ပြီး မြို့တစ်ခုလုံးကို တိုက်ရိုက် ဖျက်ဆီးနိုင်ခဲ့၏။
ဤခံစားချက်က ထူးဆန်းလွန်းလှချေ၏ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားကို ဆုပ်ကိုင်ထားသကဲ့သို့ပင် သူတို့က စကြဝဠာကို ထိန်းချုပ်ထားခဲ့ပြီး အမြင့်ဆုံးသောအာဏာကို ကိုင်စွဲထားသကဲ့သို့ အလွန် ကောင်းမွန်သည့် ခံစားချက်များကို ရရှိစေသည်။
စေတီတောင် သခင်က ပြော၏။ “ရင်ဝူမင် သဘာဝလွန် အင်အားစု ညီလာခံကို တက်ရောက်ဖို့ ကိစ္စက မလွဲမသွေ ဖြစ်လာခဲ့ပြီ။ နောက်တစ်ဆင့်အနေနဲ့ တော်ဝင်ရန်မြို့တော်နဲ့ ဧကရာဇ်ရဲ့တုန်လှုပ်မှုကို စောင့်ကြည့်ရမယ်။”
အပိုင်း (၁၀၄၆)
စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ နဂါးနောင်တက ယုလန် မြို့တော်ကို ဖျက်ဆီးပစ်ခဲ့၏။ စက်တင်ဘာ ၁၉ ရက်နေ့တွင် လင်းယုန်စီးစစ်သည်များက ထိုသတင်းကို တော်ဝင်ရန် မြို့တော်သို့ ယူဆောင်လာ၏။ တော်ဝင်ရန် မြို့တော် တစ်ခုလုံး တုန်လှုပ်သွား၏။ ထပ်မံ တိတ်ဆိတ် ငြိမ်သက် သွားခဲ့ပြန်၏။ လူတိုင်းက တုန်ယင်လို့နေသည်။
လွန်ခဲ့သည့်အချိန်က ဟွမ်လူမြို့ နဂါးနောင်တကြောင့် ပျက်စီးသွားခဲ့စဉ်က တော်ဝင်ရန်မြို့တော် တစ်ခုလုံး ငိုကြွေးခဲ့၏။ တစ်နိုင်ငံလုံး ဝမ်းနည်း ပူဆွေးခဲ့ကြ၏။ အိမ်ရှေ့စံက ရင်ဘတ်ကို ထုကာ သွေးမျက်ရည်ပင် ကျခဲ့သည်။ နန်းတွင်း အရာရှိပေါင်း အများစုက ငိုကြွေး အော်ဟစ်ကာဖြင့် သွေးကြွေးကို တောင်းခံကြ၏။
ထိုစဉ်က တော်ဝင်ရန် အင်ပါယာက ဟွမ်လးမြို့မှာ အပြစ်မဲ့ ပြည်သူများအတွက် လက်စားချေရန် စစ်သည် တစ်သန်းကို စေလွှတ်တော့မည်ဟူသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။
ယခု အချိန်မှာတော့ ယုလန်နိုင်ငံ၏။မြို့တော်က နဂါးနောင်တကြောင့် ထပ်မံ ပြာကျသွားခဲ့ပြန်၏။ တော်ဝင်ရန် မြို့တော်၏။တုံ့ပြန်မှုက တိတ်ဆိတ်ငြိမ်သက်နေကြခြင်းပင်။ အိမ်ရှေ့စံက မတုံ့ပြန် ၊ အစိုးရအဖွဲ့က မတုံ့ပြန်သလို ၊ နန်းတွင်း အရာရှိများကလည်း မတုံ့ပြန်ကြချေ။
တုံ့ပြန်သည်က တစ်ဦးတည်းသာ ရှိ၏။ ထိုသူက ခေါင်းဖြတ်ခံလိုက်ရသည့် သားတော်အတွက် တရားမျှတမှု ရှာဖွေရန် တော်ဝင်ရန်မြို့တော်သို့ ရောက်ရှိလာပြီး ဧကရာဇ်ကို အသနားခံနေသည့် ယုလန် နိုင်ငံ၏။ဘုရင်ပင် ဖြစ်၏။ သူ၏။သားက ယုလန်နိုင်ငံ၏။အိမ်ရှေ့စံ ၊ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏။တပည့်နှင့် မဟာပညာရှင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။
ချောင်ယောင်းအာ၏ ခုတ်ပိုင်းမှုကြောင့် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်ကာ သေဆုံးခဲ့ရ၏။ သူက ယုလန်ပြည်၏ ဂုဏ်ယူစရာနှင့် မျှော်လင့်ချက်လည်း ဖြစ်၏။ ယခု သူ့ကို ရှမ့်လန်၏ လူများက သတ်ဖြတ်လိုက်သောကြောင့် ယုလန်ဘုရင်က သေချာပေါက် ကျေနပ်လိမ့်မည် မဟုတ်ချေ။ သူက ချက်ချင်းပဲ တော်ဝင်ရန် မြို့တော်သို့ ဝင်ရောက်ကာဖြင့် သူ့အတွက် လက်စားချေရန်၊ စစ်တပ် စေလွှတ်ပေးရန် တော်ဝင်ရန်အင်ပါယာကို လာရောက် တောင်းဆိုခြင်းပင်။ သူကိုယ်တိုင်ကလည်း ရှေ့တန်း စစ်ဦးစီးချုပ်အဖြစ် လိုက်ပါလိုကြောင်း လျှောက်ထား၏။
ဧကရာဇ်က တစ်ကိုယ်တည်း ကျင့်ကြံလျက် ရှိနေလပြီး အိမ်ရှေ့စံက ယုလန်နိုင်ငံ၏ အိမ်ရှေ့စံအတွက် လက်စားချေပေးမည်ဟု ကတိပြု၏။ မကြာခင် တော်ဝင်ရန်အင်ပါယာက တော်ဝင်ချန်မင်းဆက်ကို ဖျက်ဆီးရန် စစ်တပ် စေလွှတ်ပေးလိမ့်မည်။
တော်ဝင်ရန် အင်ပါယာအနေနှင့် တူညီသည့် နာကျင်မှုများကို မျှဝေ ခံစားနေရကြောင်း ယုလန်ဘုရင်က သိရှိ နားလည်သွားမိ၏။ ထို့ကြောင့် ယုလန်ဘုရင်က တော်ဝင်ရန် မြို့တော်တွင် နေထိုင်ပြီး သစ္စာရှိ နန်းတွင်း အရာရှိများကို စည်းရုံး၏။ သူက နုရှောင့်မြို့၊ ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံလုံးကို ချက်ချင်း တိုက်ခိုက်ရန် သွေးဆောင်သည်။
ယုလန် နိုင်ငံသည် တော်ဝင်ရန် အင်ပါယာအတွက် မည်မျှ ပေးဆပ်ခဲ့ရကြောင်း လူပေါင်း သောင်းချီ ဆုံးရှုံးခဲ့ရုံသာမက အတော်ဆုံးသော အိမ်ရှေ့စံကိုပါ ဆုံးရှုံးခဲ့ရကြောင်း အမြဲတမ်း ဟစ်အော်ကာ ပြောဆို၏။ တော်ဝင်ရန်အင်ပါယာ အိမ်ရှေ့စံက ယုလန်ဘုရင်ကို နောက်တစ်ကြိမ် စစ်ခေါ်ကာ ဆုလာဘ် များစွာ ချီးမြှင့်ခဲ့သေး၏။ ထို့ကြောင့် ယုလန်ဘုရင်က ပို၍ တက်ကြွလာ၏။ သူက လုံးဝ စစ်လိုလားသူ တစ်ဦး ဖြစ်လာ၏။ မည်သည့် ပွဲတွင်မဆို သူ၌ ပြောစရာ တစ်ခုတည်းသာ ရှိ၏။ ရှမ့်လန်ကို တစ်စစီ ဆွဲဖြဲမည်။ နုရှောင့်မြို့ကို မြေလှန်ပစ်မည်။ ရှမ့်လန်၏။မိသားစု တစ်ခုလုံးကို သတ်ဖြတ်ပစ်မည်။ … ထိုစကားများပင်။
ယနေ့ ယုလန်ဘုရင်က အင်ပါယာ၏ မင်းသားလျန်ကို သွားရောက် တွေ့ဆုံရန် ရှိ၏။ ရှမ့်လန်ကို ဖျက်ဆီးပြီး နောက်ထပ် စစ်ပွဲတစ်ခုကို ဆင်နွှဲနိုင်ရန် တော်ဝင်ရန် မြို့တော်ရှိ စစ်လိုလားသူများနှင့် ပူးပေါင်းရန် ပြင်ဆင်နေခြင်းပင်။ အဆုံးမှာတော့ သူ မနက်စာ စားနေစဉ် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုကို ရရှိ၏။
ယုလန် နိုင်ငံ၏ မြို့တော် မရှိတော့ပေ။ နဂါးနောင်တတစ်ခုကြောင့် မြေလှန်ခံလိုက်ရ၏။ ချက်ချင်းပဲ သူက ခေါင်းမူးလာ၏။ ပြီးနောက် ကြောက်အလျက် ရှိ၏။အတန်ကြာမှ သူက တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ထကာ အော်ဟစ်မိသည်။
အဘယ်ကြောင့် သူ့ကျမှ ဤသို့ ဖြစ်ရသနည်း။ သူ၏အိမ်ရှေ့စံ သားတော်က အသတ်ခံ လိုက်ရ၏။ သူ၏ အင်အား နှစ်သောင်း ရှိသည့် စစ်တပ်ကလည်း သေဆုံးသွား၏။ ဤကိစ္စကြောင့် တရားမျှတမှု မရသေးခင်မှာပင် သူ၏ ယုလန်နိုင်ငံ နေပြည်တော်က ဖျက်ဆီးခံလိုက်ရသည်။ ဘာသဘော ဖြစ်သနည်း။ သူ့ကို အနိုင်ကျင့်ရ လွယ်သည်ဟု ထင်မှတ်နေသည်လား။
ပြီးနောက် ယုလန်ဘုရင်က လက်ချောင်းကို ကိုက်ဖောက်ပြီး သွေးဖြင့် အသနားခံစာ ရေးသား၏။ အင်ပါယာအနေနှင့် သူ့အား တရားမျှတမှု ရှာဖွေပေးပါရန် တောင်းဆိုရင်း အိမ်ရှေ့စံကို တွေ့ဆုံရန် နန်းတော်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်ခဲ့၏။
အိမ်ရှေ့စံက ယုလန်နိုင်ငံ၏ ထိခိုက် နစ်နာမှုများအတွက် ဝမ်းနည်းကြောင်း စာနာကြောင်းကို ပြောကြား၏။ ပြီးနောက် ယုလန် နိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးအတွက် ခြွင်းချက်မရှိ ကူညီပေးမှာ ဖြစ်ကြောင်း ပြောကြားသည်။
“သဘာဝ ဘေးအန္တရာယ်ဆိုတာ ညှာတာမှု မရှိဘူး။ ဒီတစ်ခါ ယုလန်နိုင်ငံက ကြီးမားတဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရတယ်။ တော်ဝင်ရန်အင်ပါယာ တစ်ခုလုံးက ဒီလို ခက်ခဲတဲ့ အချိန်ကို ကျော်ဖြတ်နိုင်အောင် အရှေ့မင်းကြီးနဲ့အတူ ရှိနေပေးပါ့မယ်။ ကျေးဇူးပြုပြီး စိတ်ချပါ။ ယုလန် ဘုရင်မင်းမြတ်... ယုလန် ပြည်သူ တစ်ယောက်မှ အငတ်ဘေး၊ အအေးဒဏ်နဲ့ မသေစေရပါဘူး။” အိမ်ရှေ့စံက ရိုးသားစွာဖြင့် မိန့်ကြား၏။
ယုလန်ဘုရင်က ကြောင်အသွားသည်။
“ဘာငလျင် ... ယုလန် နိုင်ငံမှာ ငလျင်မှ မလှုပ်တာ။ အိမ်ရှေ့စံ မင်းသား ... ကျုပ်တို့ မြို့တော်ကို ဖျက်ဆီးလိုက်တာ နဂါးနောင်တပါ။ ငလျင် မဟုတ်ပါဘူး။ ငလျင် မလှုပ်ခဲ့ပါဘူး။” ယုလန်ဘုရင်က ဒေါသတကြီးဖြင့် အော်ဟစ်၏။
အိမ်ရှေ့စံက ပြောသည်။ “ဒါက ငလျင်လှုပ်ပြီး မီးလောင်သွားတာပဲ။ ထောက်လှမ်းရေး အစီရင်ခံစာတွေ ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားတာ။”
ပြီးနောက် သူက ယုလန်ဘုရင် ရှေ့သို့ အစီရင်ခံစာ တစ်ချို့ကို ချပေး၏။ သူ၏အကြည့်များက အေးစက်သွား၏။ တစ်ချိန်တည်းမှာပဲ ခန်းမတစ်ခုလုံးက ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတ်ဖြတ်လိုခြင်း အရှိန်အဝါများနှင့် ဖုံးလွှမ်းသွား၏။
ယုလန်ဘုရင်သည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင် သွားခဲ့၏။ သူက အံကို ကြိတ်လိုက်မိ၏။ ဒေါသစိတ်ကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
ဤအရာက သိပ်ကို လွန်လွန်း၏။ သူ၏မြို့တော်ကို တစ်စုံတစ်ယောက်က နဂါးနောင်တနှင့် ဖျက်ဆီးပစ်လိုက်၏။ တော်ဝင်ရန်အင်ပါယာက သူ့အတွက် တရားမျှတမှုကို ရှာမပေးရုံတင်မက ငလျင်ကြောင့် ပျက်စီးခဲ့ခြင်းဟု ပြောထွက်ခဲ့၏။
‘ယုတ္တိမရှိလိုက်တာ။ လုံးဝ ယုတ္တိမရှိလိုက်တာ။ လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလောက် အရှက်မရှိ ဖြစ်နေရတာလဲ။’
အိမ်ရှေ့စံက ပြတ်ပြတ်သားသား ပြောသည်။ “ယုလန်ဘုရင် ... အခု ရှင်းရှင်းလင်းလင်း သိပြီလား။”
ယုလန်ဘုရင်က ငိုကြွေးကာ ဦးတိုက်၏။ “ရှင်းရှင်းလင်းလင်း သိပါပြီ။ ယုလန်နိုင်ငံရဲ့ နန်းမြို့တော်ကို ဖျက်ဆီးလိုက်တာ ငလျင်နဲ့ မီးလောင်မှုပါပဲ။ နဂါးနောင်တ မဟုတ်ပါဘူး။ နဂါးနောင်တ လုံးဝ မဟုတ်ပါဘူး။”
ပြောပြီးသည်နှင့် သူက တည်ငြိမ်အောင် ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ချေ။ မြေပြင်ပေါ်သို့ လဲကျသွား၏။ သွေးများ အန်ထွက်လာခဲ့ပြီး သူက ရှိုက်ကြီးတငင် ထပ်မံကာ ငိုကြွေးနေမိသည်။
.................
ယုလန်ဘုရင်က အခန်းအောင်းလျက် ရှိနေလပြီး ဖျားနာလို့လည်း နေ၏။ တော်ဝင်ရန် အင်ပါယာက ယုလန် နိုင်ငံ၏ ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အလွန် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြား၏။ သူက မှူးမတ်များနှင့် ကုန်သည်များကို အရင်းအမြစ် အမျိုးမျိုး လှူဒါန်းရန် လှုံ့ဆော်၏။ အိမ်ရှေ့စံ ကိုယ်တိုင်ပင်လျှင် ယုလန် နိုင်ငံ မြို့တော် ပြန်လည် တည်ဆောက်ရေးအတွက် ကူညီရန် တစ်နှစ်စာ လစာကို လှူဒါန်းခဲ့သေး၏။
ယုလန် နိုင်ငံ၏ မြို့တော်က နဂါးနောင်တကြောင့် ပျက်စီးသွားခြင်း ဖြစ်ကြောင်း မည်သူမှ မပြောကြချေ။ ဤလောကကြီးက တကယ်ကို ရယ်စရာ ကောင်း၏။ လူများက သမင်ကို မြင်းဟု အဆက်မပြတ် ပြောဆို နေကြခြင်းပင်။
ဤသည်က လူများကို ခေတ်သစ် ကမ္ဘာမြေကြီးအား သတိရစေ၏။ အချို့သော နိုင်ငံများက သူတို့၌ နျူကလီးယား လက်နက် မရှိပါ၊ လူအစုလိုက် အပြုံလိုက် သေစေနိုင်သည့် လက်နက်မျိုး မရှိပါ .. စသည်ဖြင့် အသည်းအသန် အော်ဟစ်လျက် ရှိနေ၏။ နောက်ဆုံး အင်အားကြီး နိုင်ငံတစ်ခုက ‘မဟုတ်ဘူး။ မင်းတို့မှာ ရှိတယ်’ ဟု စွပ်စွဲရုံတင်မက စစ်တပ်စေလွှတ်ကာ တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းမျိုးပင်။
အဆုံးသတ်တွင်တော့ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လူအစုလိုက် အပြုံလိုက် သေစေနိုင်သည့် လက်နက်များ အမှန်တကယ်ပင် မရှိကြောင်း တွေ့ရှိရသည်။ “မင်းတို့ကို မှားယွင်း စွပ်စွဲမိတာ စိတ်မကောင်းပါဘူး။”
သို့သော်ငြား နစ်နာသူတို့၏အလောင်းများကတော့ ပုပ်ပွနေပြီ ဖြစ်၏။
ထိုအချိန်မှာတော့ အချို့သော နိုင်ငံများက နျူကလီးယား စမ်းသပ်မှုများကို မပြတ်တမ်း ပြုလုပ်နေပြီး နျူကလီးယားဗုံးများကို ဖောက်ခွဲနေကြ၏။ သူတို့က နျူကလီးယား စမ်းသပ်မှုများကို ပြုလုပ်ကြောင်း နျူကလီးယားဗုံးများ ရှိကြောင်း၊ နျူကလီးယား ဒုံးကျည်များ ရှိကြောင်းကိုပင် လောကကြီးကို ကြေညာခဲ့ကြ၏။
သို့သော်လည်း အင်အားကြီး နိုင်ငံ တစ်နိုင်ငံကမှ ထိုအရာကို ကန့်ကွက်သည်ဟု မကြားခဲ့ရချေ။ အားလုံးက မကြားချင်ယောင် ၊ မမြင်ချင်ယောင် ဆောင်ထားကြ၏။ သူတို့က သိပ္ပံပညာရှင်များကို ရှေ့သို့ ထွက်စေပြီး သက်ဆိုင်ရာ လေထုကို ဖမ်းယူ စစ်ဆေးရာတွင် နျူကလီးယား ပေါက်ကွဲမှုနှင့် သက်ဆိုင်သည့် မည်သည့် ပစ္စည်းမှ မတွေ့ရှိရကြောင်း အစီရင်ခံစာများပင် ထွက်ပေါ်လာသေးသည်။
......................
တော်ဝင်ရန် အင်ပါယာသည် ယုလန်နိုင်ငံ ပျက်စီးခြင်းက နဂါးနောင်တကြောင့် မဟုတ်ဘဲ ငလျင်ကြောင့် ဖြစ်သည်ဟု အဘယ်ကြောင့် ငြင်းဆိုရသနည်း။ အဘယ်ကြောင့် သက်ဆိုင်ရာ သတင်းအချက်အလက်များကို လုံးဝ ပိတ်ဆို့ ထားရသနည်း။
အဘယ်ကြောင့်ဆိုသော် သူတို့ ဤအချက်ကို ဝန်ခံလိုက်သည်နှင့် ချန်နိုင်ငံသစ်နှင့် စေတီတောင်တို့ကလည်း နဂါးနောင်တကို ပစ်လွှတ်နိုင်စွမ်းရှိကြောင်း ဝန်ခံရာ ရောက်သွားမည် ဖြစ်သောကြောင့်ပင်။ ဤသည်က သူတို့အား အခြားသောသူများက ခြိမ်းခြောက်နိုင်သည့် အင်အားရှိကြောင်း ကိုယ်တိုင် ထုတ်ဖော် သက်သေပြလိုက်ခြင်း ဖြစ်ပေမည်။
သေချာသည်က တော်ဝင်ရန် မြို့တော်တွင် မည်သူမှ ဤမျှမတုံးအကြချေ။ ယုလန်နိုင်ငံ မြို့တော်ကို ဖျက်ဆီးခဲ့သည့် နဂါးနောင်တကို ရင်ကွမ်း ပစ်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း လူတိုင်း သိ၏။ အဘယ်ကြောင့် ယုလန်နိုင်ငံ မြို့တော် ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာက နိုင်ငံငယ်လေး တစ်ခု ဖြစ်သောကြောင့် ၊ အားနည်းလွန်းသောကြောင့်နှင့် ကျင်းနိုင်ငံ၏ လက်အောက်ခံ ဖြစ်နေသောကြောင့်ပင်။
ဆိုလိုသည်က ရင်ကွမ်းက တော်ဝင်ရန် အင်ပါယာကို သူတို့တွင်လည်း လူစုလိုက် ပြုံလိုက် သေစေနိုင်သည့် လက်နက်မျိုး ရှိကြောင်း ပြောပြချင်ရုံသာပင်။ သို့သော်လည်း သူတို့က တော်ဝင်ရန် အင်ပါယာနှင့် လုံးဝ အဆင်မပြေ ဖြစ်သွားရန် မလိုလားသလို၊ စစ်ပွဲ စတင်ရန်လည်း မလိုလားချေ။ သူတို့က ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးကိုသာလျှင် လိုလားသည်။
သို့သော်လည်း တော်ဝင်ရန်မြို့တော်တစ်ခုလုံးက လုံးဝ တုန်လှုပ်နေ၏။ အစိုးရအဖွဲ့တစ်ခုလုံးနှင့် မှူးမတ်တို့က လုံးဝ စကားမပြောနိုင် ဖြစ်နေ၏။ ဤကိစ္စက တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အင်ပါယာတွင် နဂါးနောင်တ ရှိပြီး ပစ်လွှတ်နိုင်၏။ ရင်ကွမ်းကို သတိပေးရန် ဟွမ်လူမြို့ကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့၏။ သို့သော်လည်း ရင်ကွမ်းနှင့် စေတီတောင်တို့တွင်လည်း နဂါးနောင်တ ရှိနေပြီး ပစ်လွှတ်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြချေ။
ဤတစ်ကြိမ် ယုလန် နိုင်ငံ၏မြို့တော်ကို ပစ်လွှတ်ခဲ့၏။ အကယ်၍ ညှိနှိုင်းမှုသာ အဆင်မပြေခဲ့ပါက နောက်တစ်ကြိမ် အခြားသော မြို့တစ်မြို့တွင် ကျရောက်လာမည်လား။ လူတိုင်း၏ခေါင်းပေါ်သို့ ကျရောက် လာမည်လား။ လူအများက လုံးဝ တုန်လှုပ် ခြောက်ခြားနေ၏။ သူတို့က မည်သည့် ထင်မြင်ချက်ကိုမှ မပေးရဲကြပေ။
ယခု နောက်ဆုံးမှာတော့ နားလည်သွားခဲ့ကြ၏။ ရှမ့်လန်က သူ့တွင် နဂါးနောင်တ ရှိသည်ဟု ပြောသော်လည်း အခြေခံအားဖြင့် မရှိချေ။ ရင်ကွမ်းနှင့် တော်ဝင်ရန်အင်ပါယာ နှစ်ခုစလုံးက သူတို့တွင် နဂါးနောင်တ မရှိကြောင်း ပြောဆိုကြသော်လည်း လက်တွေ့တွင် သူတိုလက်ထဲ ရှိနေကြပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပင် ပစ်လွှတ် တိုက်ခိုက်ခဲ့၏။
သဘာဝလွန် အင်အားစုများ ညီလာခံက တဖြည်းဖြည်း နီးကပ်လာခဲ့၏။ စက်တင်ဘာ ၂၀ ရက်နေ့တွင် တော်ဝင်ရန် အင်ပါယာ အိမ်ရှေ့စံက ချန်နိုင်ငံသစ်၏ အိမ်တော်ဆီသို့ နောက်တစ်ကြိမ် လာရောက် လည်ပတ်သည်။
သူက ရင်ဝူမင် နှင့် နောက်တစ်ကြိမ် တွေ့ဆုံပြီး နှစ်ဦးသား ပျော်ရွှင်စွာ စကားစမြည် ပြောဆိုခဲ့ကြပြီး ဂိုကစားပွဲ တစ်ခုကိုပင် ကစားခဲ့သေး၏။ သူတို့၏ ဆက်ဆံရေးက တကယ်ကို သဟဇာတ ဖြစ်၏။ အိမ်ရှေ့စံက ထိုအိမ်တွင်ပင် နေ့လယ်စာ စားခဲ့၏။
“ကျုပ်ရဲ့ အိမ်တော်မှာ နေ့လယ်စာ စားတာ ရင်မိသားစုအတွက် ဂုဏ်ယူစရာပါပဲ အိမ်ရှေ့စံ။”
ရင်ဝူမင်၏ အမူအရာက ယခင်ကထက်ပင် ပို၍ ရိုသေလေးစားမှု ရှိ၏။ အကယ်၍ သူက ဒူးထောက်နိုင်လျှင် သေချာပေါက် မတ်တတ်ရပ်နေမည် မဟုတ်ချေ။ အကယ်၍ မတ်တတ်ရပ်နေနိုင်လျှင် သေချာပေါက် ထိုင်နေလိမ့်မည် မဟုတ်ချေ။
အိမ်ရှေ့စံက ပြုံးကာ ပြောသည်။ “ဒီနေ့ နေ့လယ်စာက အရသာရှိပြီး မွှေးကြိုင်လွန်းတယ်။ ကျုပ် ပုံမှန်ထက် ထမင်းတစ်ပန်းကန်လောက် ပိုစားမိတယ်။ ခင်ဗျားရဲ့စားဖိုမှူးက တော်လွန်းတယ်။ သူ့ကို ဆုချရအုံးမယ်။”
ချက်ချင်းပဲ လူပေါင်းများစွာတို့က အပြင်ဘက်တွင် ဒူးထောက်ပြီး ဦးတိုက်နေ၏။ “ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား။”
ပြီးနောက် အိမ်ရှေ့စံ၏ဘေးမှ မိန်းမစိုးတစ်ဦးက ရွှေဖရုံစေ့များ ထည့်ထားသည့် ပန်းကန်တစ်ချပ်ကို ယူလာ၏။ အစေခံ တစ်ဦးစီကို တစ်စေ့စီ ဝေပေးသည်။
“ညီနောင် ကျုပ် နန်းတော်ကို ပြန်ဖို့ မလောဘူး။ ဂို တစ်ပွဲလောက် ထပ်ပြီး ကစားကြမလား။” အိမ်ရှေ့စံက ဖိတ်ခေါ်၏။
ရင်ဝူမင်က ပြောလိုက်သည်။ “အကယ်၍ အိမ်ရှေ့စံမင်းသားကသာ ကျုပ်ရဲ့ ညံ့ဖျင်းတဲ့ ဂိုကစားနည်းကို စိတ်မရှိဘူးဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့ အဖော်ပြုပေးပါ့မယ်။”
ပြီးနောက် သူတို့နှစ်ဦးက ဂိုကစားနည်းကို ထပ်မံကစားကြ၏။
အိမ်ရှေ့စံက ပြောလိုက်သည်။ “ညီနောင်... ခင်ဗျားရဲ့ ယောက္ခမ ကျန်းမာရေး မကောင်းဘူးလို့ ကြားတယ်။ ဒီရက်ပိုင်း သက်သာရဲ့လား။”
ရင်ဝူမင်၏ယောက္ခမလား။ သူ့၌ ယောက္ခမ အများကြီးရှိပြီး သားသမီး အနည်းငယ်လည်း ရှိ၏။ သို့သော်ငြား သူ့တွင် စစ်မှန်သည့် ယောက္ခမ တစ်ဦးတည်းသာ ရှိ၏။ ထိုသူက စေတီတောင်၏သခင်ပင်။