အခန်း (၁၀၄၇-၁၀၄၈)
Vol. 62 Ch. 1047-1048
အပိုင်း (၁၀၄၇)
ရင်ဝူမင်က ပြော၏။ “ကျုပ်ရဲ့ ယောက္ခမက လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဒဏ်ရာရထားတာပါ။ ဒီရက်ပိုင်း အသက်ကြီးလာတော့ ရောဂါက တစ်ဖန် ပြန်ပြီးထလာတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စာတစ်စောင် ပို့လာတယ်။ တော်ဝင်ရန်မြို့တော်ကို လာပြီး သဘာဝလွန် အင်အားစု ညီလာခံကို တက်ချင်တယ်တဲ့။ ဒါပေမဲ့ အိပ်ရာထဲက ထလိုက်တာနဲ့ သွေးအန်တော့တာပဲ။ ဒါကြောင့် စေတီတောင်မှာရှိတဲ့ တခြားလူတွေက သူ့ကို အပြင်ထွက်ခွင့် မပေးရဲကြဘူး။ ကျုပ်ရဲ့မိန်းမ... မင်းသမီးကလည်း လေဒဏ်နေဒဏ် မခံနိုင်တာ အရှင်မင်းသား သိတဲ့အတိုင်းပါပဲ။”
“ဟူး...”
အိမ်ရှေ့စံက ပြောသည်။“ခင်ဗျားအတွက်လည်း တကယ့်ကို မလွယ်ကူတာပါလား။”
ရင်ဝူမင်က ပြော၏။ “ကျုပ် တစ်ကြိမ်မက ပြောခဲ့ဖူးတယ်။ အဖေကလည်း အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်။ ကျုပ် ရင်ဝူမင်က စေတီတောင်ရဲ့ သမက်ဖြစ်ပေမဲ့ ချန်နိုင်ငံသစ်ရဲ့ အိမ်ရှေ့စံ ဖြစ်နေတုန်းပဲ။ သဘာဝလွန် အင်အားစုများ ညီလာခံကို တက်ရောက်ဖို့ မသင့်တော်ဘူး။ အိမ်ရှေ့စံမင်းသား ... စိတ်ချပါ။ စေတီတောင်က တခြား ကိုယ်စားလှယ် တစ်ယောက်ကို စေလွှတ်လိုက်ပါပြီ။ အခု လမ်းမှာ ရောက်နေလောက်ပြီ။ မကြာခင် တော်ဝင်ရန်မြို့တော်ကို ရောက်လာမှာပါ။”
အိမ်ရှေ့စံက ပြောသည်။“ဪ... စေတီတောင်ကို ကိုယ်စားပြုပြီး ဘယ်သူက ညီလာခံကို တက်မှာလဲ။ ဒါက တကယ်ပဲ နီးကပ်နေပြီ။ ညီလာခံက ၃ ရက်အတွင်း ကျင်းပတော့မှာလေ။”
ရင်ဝူမင်က ပြော၏။ “ဖူဟိုင်ခန်းမသခင်ရဲ့ ဘကြီးတော်ပါပဲ။”
အိမ်ရှေ့စံက ပြောသည်။ “ကျုပ် သူ့ကို သိတယ်။ သူ့ရဲ့စိတ်ရင်းက တော်တော်ကောင်းတယ်။ ပြီးတော့ အရက်သောက်ရတာလည်း ကြိုက်တယ်။ ဒီတစ်ခါ သူ့ကို မူးအောင် တိုက်ရမှာပဲ။”
ရင်ဝူမင်က ပြော၏။ “ဒါဆိုရင် ဘကြီးရန် ကိုယ်စား အိမ်ရှေ့စံမင်းသားကို အရင် ကျေးဇူးတင်စကား ပြောပါရစေ။”
ပြီးနောက် သူတို့နှစ်ဦးက ဆက်လက်ကာ ဂိုကစားနေကြသည်။
ခဏအကြာမှာပဲ အပြင်ဘက်မှ ခြေသံများ ဆူညံစွာ ထွက်ပေါ်လာ၏။ အစောင့်တစ်ဦးက ထိတ်လန့်တုန်လှုပ် နေပုံရ၏။
“သမက်တော်... မကောင်းတဲ့ကိစ္စ ဖြစ်ပြီ။ ဖူဟိုင်ခန်းမသခင်က တော်ဝင်ရန်မြို့တော်ကို လာတဲ့လမ်းမှာ ချုံခို တိုက်ခိုက်ခံရတယ်။ သေလား၊ ရှင်လား မသိပါဘူး။”
စေတီတောင်မှ စစ်သည်တစ်ဦးက လာရောက်ကာ သတင်းပို့သည်။
ရင်ဝူမင်၏ မျက်နှာထားက ကြီးကျယ်ပြောင်းလဲသွား၏။ သူက တုန်ယင်စွာ ပြော၏။ “ဘယ်လို ဖြစ်နိုင်မှာလဲ။ စေတီတောင်ရဲ့ ကိုယ်စားလှယ်ကို ဘယ်သူက ခြုံခိုတိုက်ခိုက်ရဲမှာလဲ။ ပြီးတော့ ဘကြီးတော်ရန်ရဲ့ ဓားပညာက အရမ်းကို မြင့်မားတယ်။ သူနဲ့အတူ အထူးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ ပါလာတာပဲ။”
အပြင်ဘက်မှ စေတီတောင်စစ်သည်က ပြောသည်။ “ရန်သူက စွမ်းအင်အမြူတေကို ဖောက်ခွဲပစ်လိုက်တာပဲ။ ခန်းမသခင် ဖူဟိုင်ရဲ့ ယာဉ်တန်းတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေပြီ။ သူကိုယ်တိုင်ကလည်း သေလုမျောပါး ဖြစ်နေပါပြီ။”
ရင်ဝူမင်က နာကျင်စွာ ပြော၏။ “ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်သူက စေတီတောင်ရဲ့ ယာဉ်တန်းကိုတောင် တိုက်ခိုက်ဖို့ စွမ်းအင်အမြူတေတွေ သုံးလောက်အောင် ရူးသွပ်နေရတာလဲ။ ရှမ့်လန်ပဲ ဖြစ်မယ်။”
ဖြစ်နိုင်ပေသည်။ ဘာပဲပြောပြော တင်းယွမ်မြို့တိုက်ပွဲပြီးနောက် မကောင်းသည့်ကိစ္စ မှန်သမျှကို ရှမ့်လန်အပေါ် ခေါင်းပုံချ၍ ရနေ၏။ ဟွမ်လူမြို့ကို ဖျက်ဆီးဖို့ နဂါးနောင်တကို မည်သူ သုံးခဲ့သနည်း။ ရှမ့်လန်ပင်။ အဘယ်ကြောင့်ဆိုသော် သူက နဂါးနောင်တကို ပစ်ခဲ့သောကြောင့်ပင်။
ယုလန်နိုင်ငံ၏မြို့တော်ကို ဖျက်ဆီးဖို့ နဂါးနောင်တကို မည်သူ သုံးခဲ့သနည်း။ ရှမ့်လန်ပင် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတစ်ယောက်တည်းကသာလျှင် နဂါးနောင်တကို ပစ်ခတ်ဖူးသောကြောင့်ပင်။ မကြာသေးခင်ကတင် သူက နဂါးနောင်တ ဒါဇင်နှင့်ချီကို ပစ်ခတ်ခဲ့ပြီး ကျင်းနိုင်ငံအိမ်ရှေ့စံ၏ စစ်သည်သိန်းချီတို့ကို ဖျက်ဆီးခဲ့သည် မဟုတ်ပါလား။
စေတီတောင် ယာဉ်တန်းကို တိုက်ခိုက်ဖို့ စွမ်းအင်အမြူတေကို မည်သူ သုံးခဲ့သနည်း။ ရှမ့်လန်ပင် နေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပင်လယ် နန်းဆောင်ကို ဖောက်ခွဲရန် စွမ်းအင်အမြူတေ များကို သုံးခဲ့ဖူး၏။ အရှင်ရှမ့်လန်က လောက၏နံပါတ်တစ် တရားခံကောင် ဖြစ်လာပေလိမ့်မည်။
ရင်ဝူမင်က ဒူးထောက်ကာ ဦးတိုက်သည်။ “အိမ်ရှေ့စံမင်းသား... ကျုပ် ဘာလုပ်သင့်သလဲ။ ကျုပ်ကို အကြံပေးပါအုံး။ သဘာဝလွန် အင်အားစု ညီလာခံ ကျင်းပဖို့ ၃ ရက်ပဲ လိုတော့တယ်။ စေတီတောင် ယာဉ်တန်းကလည်း ပျက်စီးလုနီးပါး ဖြစ်ခဲ့ပြီ။ စေတီတောင်က မတက်ရောက်ဘဲ နေလို့ရမလား။”
အိမ်ရှေ့စံက ပြော၏။ “ဘယ်ရပါ့မလဲ။ သဘာဝလွန် အင်အားစုများ ညီလာခံက အရမ်းကို အရေးကြီးတယ်။ ကျောက်စိမ်းဖြူ မြို့တော်ကတောင် ကိုယ်စားလှယ် စေလွှတ်မှာပဲ။ စေတီတောင် မတက်လို့ ဘယ်လိုလုပ် ရမှာလဲ။”
ရင်ဝူမင်က ပြောသည်။ “ဒါပေမဲ့ စေတီတောင်က ကိုယ်စားလှယ် ထပ်လွှတ်ဖို့ နောက်ကျနေပါပြီ။ ဘယ်လိုလုပ်ကြမလဲ။ ညီလာခံမှာ စေတီတောင်ကို ဘယ်သူ ကိုယ်စားပြုမှာလဲ။”
အိမ်ရှေ့စံက ပြော၏။ “ကျုပ်တို့မှာ ညီနောင် ရှိနေသေးတယ် မဟုတ်လား။ ခင်ဗျားက စေတီတောင်ရဲ့ သမက်ပဲ။ ညီလာခံမှာ စေတီတောင်ကို ကိုယ်စားပြုဖို့ ခင်ဗျားမှာ တာဝန်ရှိတာပဲ။”
“ကျုပ်က စေတီတောင်ကို ကိုယ်စားပြုရမယ် ဟုတ်လား။ ဒါက သင့်တော်ပါ့မလား။”
ရင်ဝူမင်က မေးသည်။ “ကျုပ် သိပ်ပြီး နေလို့မကောင်းဘူး။ ဒီကိစ္စက သင့်တော်ရဲ့လား။”
အိမ်ရှေ့စံက ပြော၏။ “သင့်တော်ပါတယ်။ ညီနောင်က လွဲရင် တခြားလူမှ မရှိတော့တာပဲ။”
ရင်ဝူမင်၏က ခေါင်းခါယမ်းလိုက်သည်။ “ဖြစ်နိုင်တာက အဲဒီအဆင့် မရောက်သေးတာပဲ ဖြစ်မယ်။ ဖြစ်နိုင်တာ ဖူဟိုင်ခန်းမရဲ့ ဘကြီးတော် ပြန်သတိရလာပြီး ညီလာခံကို တက်နိုင်တာမျိုး ဖြစ်နိုင်ပါသေးတယ်။”
အိမ်ရှေ့စံက ဘာမှမပြောတော့ချေ။ သူက ဂိုစေ့ တစ်စစ်ကို ကိုင်ပြီး စားပွဲပေါ်သို့ ခပ်ဖွဖွလေး ခေါက်ကာချ၏။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသေးသော်လည်း မျက်လုံးများက အေးစက်လို့ နေ၏။ အတန်ကြာချိန်မှာတော့ အိမ်ရှေ့စံက ပြောလိုက်၏။
“ဒီကိစ္စကို အဆုံးထိ စုံစမ်းစစ်ဆေးရမယ်။ ဟွမ်လူမြို့က နဂါးနောင်တကြောင့် မြေလှန်ခံလိုက်ရပြီး တစ်လောကလုံး တုန်လှုပ်နေကြတယ်။ ပြည်သူတွေ စိတ်ဒုက္ခ ရောက်နေကြတယ်။ ဒါကို ရှမ့်လန် လုပ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်တဲ့ အထောက်အထားတွေ ရှိတယ်။ ကျုပ်တို့မှာ လုံလောက်တဲ့ သက်ရှိသက်သေတွေ၊ သက်မဲ့သက်သေတွေ ရထားခဲ့ပြီ။”
ရင်ဝူမင်က အံကိုကြိတ်လိုက်သည်။ “ဒီကောင်က တကယ့်ကို ရူးသွပ်နေတာပဲ။ လူတွေရဲ့ နှလုံးသားကို ဖျက်ဆီးပစ်ချင်နေတာလား။”
အိမ်ရှေ့စံက ပြော၏။ “ကျုပ်တို့ သေသေချာချာ မစုံစမ်းရသေးပေမဲ့ စေတီတောင်ရဲ့ ယာဉ်တန်းကို စွမ်းအင် အမြူတေနဲ့ တိုက်ခိုက်တာ ရှမ့်လန် လက်ချက်ဆိုတာ ရှင်းနေတယ်။ သူ့ရဲ့အပြုအမူက ဘုရင်တစ်ပါးနဲ့ ဘယ်လိုလုပ် တူတော့မှာလဲ။ တော်ဝင်ချန်ဧကရာဇ်နဲ့ ဘယ်လိုလုပ် တူတော့မှာလဲ။ သူက လုံးဝကို အကြမ်းဖက် သမားပဲ။ ဒီပြစ်မှုကို ခွင့်လွှတ်လို့ မရဘူး။ သူ့ကို ကျိန်းသေပေါက် အပြစ်ပေးရမယ်။”
ရင်ဝူမင်က ပြော၏။ “အမှန်ပါပဲ။ သူ့ကို အပြစ်ပေးရပါလိမ့်မယ်။”
အိမ်ရှေ့စံက ပြောလိုက်သည်။ “သူ့ဆေးနဲ့ သူ့ကို ပြန်ကုရမယ်။ ဒါက ရှမ့်လန်အတွက် အသင့်တော်ဆုံးသော နည်းလမ်းပဲ။”
ရင်ဝူမင်၏မျက်နှာက တုန်ခါသွား၏။ သိသာထင်ရှားသည်က အိမ်ရှေ့စံက သူ၏စည်းကမ်းချက်များကို ပြောလိုက်ခြင်းပင်။
‘ရင်ဝူမင်... မင်း သဘာဝလွန် အင်အားစု ညီလာခံမှာ စေတီတောင်ကို ကိုယ်စားပြုပြီး တက်ရောက်ချင် တာလား။ ရတယ်။ နုရှောင့်မြို့တော်ကို မြေလှန်ဖို့ နဂါးနောင်တကို မင်း သုံးနိုင်တယ်။’ ထိုသို့ ရည်ညွှန်းပြောဆိုချင်ခြင်းပင်။
ရင်ဝူမင်က အိမ်ရှေ့စံ၏ရည်ရွယ်ချက်ကို ကောင်းကောင်း ကောက်ချက်ချမိ၏။ ပထမဦးဆုံးအနေနှင့် သူက ရင်ကွမ်းနှင့် ရှမ့်လန်ကို အရင်ဆုံး တိုက်ခိုက်စေချင်၏။ ဤနည်းအားဖြင့် တော်ဝင်ရန်အင်ပါယာက ဘေးမှ ထိုင်ကြည့်နိုင်ပြီး သာလွန်သည့် အခြေအနေတွင် ရှိနေပေလိမ့်မည်။
ဒုတိယအနေနှင့် တော်ဝင်ရန် အင်ပါယာက ရှမ့်လန်သည် ရင်ကွမ်းနှင့် သူ့သားတို့ လက်ထဲသို့ ကျရောက်နေပြီဟု သံသယရှိ၏။ ထို့ကြောင့် ရင်ကွမ်းက နဂါးနောင်တကို အသုံးပြုနိုင်ခြင်း ဖြစ်သည်ဟု ယူဆ၏။ ယခုတစ်ကြိမ်တွင် အိမ်ရှေ့စံက ရင်ကွမ်းအား နုရှောင့်မြို့ကို ဖျက်ဆီးရန် နဂါးနောင်တကို အသုံးပြုစေခြင်းအားဖြင့် ထိုအချက်ကို သက်သေပြစေလို၏။
ရှမ့်လန်က နုရှောင့်မြို့ကို ဖျက်ဆီးပစ်ရန် သေချာပေါက် ဦးဆောင်ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အကယ်၍ နဂါးနောင်တကသာ နုရှောင့်မြို့ကို မဖျက်ဆီးခဲ့လျှင် ရင်ကွမ်းနှင့် စေတီတောင်တွင် နဂါးနောင်တကို အသုံးပြုနိုင်စွမ်း မရှိကြောင်း သက်သေပြရာ ရောက်ပေလိမ့်မည်။ သူတို့က ရှမ့်လန်ကို ဖမ်းထားနိုင်၍သာ သုံးနိုင်ခြင်း ဖြစ်မည်။
ရင်ဝူမင် ပြန်လည်မတုံ့ပြန်တာ ကြာမြင့်နေကြောင်း မြင်ရချိန်မှာတော့ အိမ်ရှေ့စံက မေး၏။ “ညီနောင်... ပြဿနာများ ရှိနေလို့လား။”
ရင်ဝူမင်က ခေါင်းကို ခါယမ်းသည်။ “ပြဿနာ မရှိပါဘူး။ အိမ်ရှေ့စံမင်းသားရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်။ ဟွမ်လူမြို့က အပြစ်မဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးရမယ်။ ရှမ့်လန်ကို ပြင်းပြင်းထန်ထန်နဲ့ အပြစ်ပေးရပါ့မယ်။”
အိမ်ရှေ့စံက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် စောင့်ကြည့်နေမယ်။ လိုအပ်ရင် သဘာဝလွန် အင်အားစု ညီလာခံကို ရက်အနည်းငယ်လောက် ရွှေ့ဆိုင်းလို့ရတယ်။”
ဤသည်က ပို၍ တိုက်ရိုက်ကျသည့် ခြိမ်းခြောက်မှုပင်။ ရင်ကွမ်း နုရှောင့်မြို့ကို နဂါးနောင်တ ပစ်လွှတ်ပြီးမှသာ ရင်ဝူမင်က ညီလာခံကို တက်ရောက်ခွင့် ရပေလိမ့်မည်။
“အိမ်ရှေ့စံမင်းသားရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်။ အိမ်ရှေ့စံမင်းသား စိတ်ပျက်အောင် မလုပ်ပါဘူး။” ရင်ဝူမင်က ဒူးထောက်ကာ ဦးတိုက်၏။
..............
ရှမ့်လန် ပြန်လည်နိုးထလာချိန်မှာတော့ သူက ရင်းနှီးနေသည့် အခန်းတစ်ခုထဲသို့ ရောက်ရှိနေပြီဖြစ်၏။ ထိုကုတင်၊ ထိုကြမ်းပြင်နှင့် ထိုစောင်ပင် ဖြစ်၏။ ခံ့ညားထည်ဝါလွန်းသည့် အမျိုးသမီး စစ်သည်တော်က တံခါးဝတွင် ရပ်နေဆဲဖြစ်သော်လည်း သူမက ပိန်သွားပုံပေါ်သည်။
“အစ်မကြီး... ကျုပ် အစ်မကြီးကို သိပ်လွမ်းနေတာ။”
ရှမ့်လန်က ပြောသည်။“ကျုပ် မရှိတဲ့ ရက်တွေမှာ နေရထိုင်ရ အဆင်ပြေရဲ့လား။”
ရှမ့်လန်က ရှေ့သို့တက်ပြီး အမျိုးသမီး စစ်သည်တော်ကို ပွေ့ဖက်၏။ ချက်ချင်းပဲ တစ်ဖက်လူက တောင့်တင်းသွား၏။ တစ်ကိုယ်လုံးက တုန်ယင်လုနီးပါး ဖြစ်နေ၏။
“မင်းသမီး ရန်ယင်ယင်ကတော့ ကျုပ် မရှိတဲ့ ရက်တွေမှာ ကျုပ်ကို လွမ်းနေမလား မသိဘူး။”
ရှမ့်လန်က ပြောသည်။ “ရန်ယင်ယင်... ကျုပ် ခင်ဗျားကို ကုသပေးမယ်လို့ ပြောပြီးပြီ။ မြန်မြန်လေး ရှေးဟောင်းကျမ်း စာအုပ်တွေ သွားပေး။ ကျုပ် ဒါကို လေ့လာပြီး သူ့ကို ကုသပေးမယ်။”
အမျိုးသမီး စစ်သည်တော်က သူ့ကို နောက်တစ်ကြိမ် ကျောပေးရင်း လုံးဝ တိတ်ဆိတ်နေ၏။ ရှမ့်လန်က သူ၏ ကာယလေ့ကျင့်ခန်း လုပ်ငန်းများကို စတင်ကာ လုပ်၏။ သူက ဒိုက်ထိုးခြင်း ၁၂ ကြိမ်၊ ထိုင်ထ ၁၃ ကြိမ် လုပ်၏။ အထင်ကြီးလောက်စရာပင်။ ယခင်တုန်းက ဤမျှလောက်ပင် မလုပ်နိုင်ချေ။
နောက်ထပ် ၂ ရက် ၊ ၃ ရက်အတွင်း ရှမ့်လန်က သူမကို ထပ်၍ ဦးနှောက်ဝါဒမှိုင်းတိုက်ပြန်၏။ “ရန်ယင်ယင်... ခင်ဗျားကို ကျုပ် ကုသပေးမယ်။ ရှေးဟောင်းကျမ်းစာအုပ်တွေ ပေးပါ။”
သူ၏အတွေးအားလုံးကို စေတီတောင် မင်းသမီးအား ကုသပေးမှု အပေါ်မှာပဲ အာရုံစိုက်ထားသကဲ့သို့ပင်။ အဓိကတာဝန်ဖြစ်သည့် နဂါးနောင်တကို ခိုးယူရန် ကိစ္စကို လုံးဝ မေ့လျော့နေသကဲ့သို့ပင်။ ထိုအရာ မရှိလျှင် သူ နုရှောင့်မြို့ကို မည်သို့ ကာကွယ်မည်နည်း။ ထိုအရာသာ မရှိလျှင် ရင်ကွမ်း၊ စေတီတောင်နှင့် တော်ဝင်ရန် အင်ပါယာကို သူ မည်သို့ ခြိမ်းခြောက်တော့မည်နည်း။
သို့သော်ငြား သူက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တောင် အားနည်းလွန်း၏။ ကီလိုဂရမ် တစ်သောင်းကျော် လေးသည့် နဂါးနောင်တကို အဘယ်သို့ ခိုးယူမည်နည်း။ ဤအရာက လူမိုက်တစ်ယောက်၏ အိမ်မက်ပင်။ ကောင်းကင်ပေါ်သို့ တက်သလို ခက်ခဲလှ၏။ မဖြစ်နိုင်သည့် တာဝန်တစ်ခုလည်း ဖြစ်သည်။
သူက ‘ရန်ယင်ယင်... ကျုပ် ခင်ဗျားကို ကုသပေးမယ်’ ဟု ထပ်တလဲလဲ ရေရွတ်နေ၏။
ထိုစဉ်မှာပဲ အမျိုးသမီး စစ်သည်တော်၏ မျက်လုံးထဲတွင် နာကျင်မှု အရိပ်အယောင်များက ရံဖန်ရံခါ လက်ခနဲ ပေါ်လာ၏။ လအနည်းငယ် ရှိနေပြီး အချိန်အများစုတွင် သူမက ရှမ့်လန်ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရ၏။ ရှမ့်လန်က စေတီတောင် မင်းသမီးကို ကုသပေးမည်ဟု ပြောနေဆဲပင်။
သို့သော်လည်း ဤနေရာက နေရာဟောင်းတစ်ခု မဟုတ်တော့ချေ။ အခန်းက တူညီသော်လည်း နေရာ ပြောင်းသွားခဲ့ပြီဖြစ်၏။ ထို့အပြင် မင်းသမီးလည်း ဤနေရာ၌ မရှိတော့ချေ။ သို့သော်လည်း ဤအမျိုးသမီး စစ်သည်တော်က တစ်လုံးတပါဒ တစ်ခွန်းမှ ပြောခွင့်မရချေ။
ရှမ့်လန်က သနားစရာကောင်းသည်ဟု သူမ ခံစားမိ၏။ သူက တော်ဝင်ချန် ဧကရာဇ် ဖြစ်သော်လည်း ဤမျှ ကျိုးပဲ့လွယ်ပြီး နုနယ်သည့် လူသားတစ်ဦးလည်း ဖြစ်၏။ သို့သော်လည်း လအနည်းငယ်ကြာ အကျဉ်းချခံရသည် ဆိုသော်လည်း စိတ်ဓာတ်မကျခဲ့ချေ။ တခြားသော သူတစ်ယောက်သာ ဆိုပါက ဤအချိန်တွင် စိတ်ဓာတ် ကျပြီး ရူးသွပ်သွားနေလောက်ပေပြီ။
.............
နောက်တစ်နေ့မှာတော့ အမျိုးသမီး စစ်သည်တော်က အခန်းထဲသို့ ထပ်မံ ဝင်ရောက်လာ၏။သူမက ရှမ့်လန်ကို ပြော၏။ “အဝတ်အစားတွေ ဝတ်ပြီး နောက်က လိုက်ခဲ့။”
ရှမ့်လန်က ပြောသည်။ “ကျုပ်တို့ ရန်ယင်ယင်ဆီကို သွားတွေ့ကြမှာလား။ မဟုတ်ရင် ကျုပ်ကို ရိုက်ပြီး သတိမေ့အောင် လုပ်လိုက်တော့။ ဖြည်းဖြည်းလုပ်ဖို့တော့ သတိရအုံး။ ကျုပ်ကို ငတုံးဖြစ်အောင်တော့ မလုပ်နဲ့။ ချက်ချင်း သတိလစ်သွားအောင် ရိုက်ရမယ်။ ကျုပ်က အရမ်းကို အနာမခံနိုင်... အား...”
အမျိုးသမီး စစ်သည်တော်၏ လက်က ရှမ့်လန်ခေါင်းကို တိကျစွာ ထိမှန်၏။ ရှမ့်လန်က ချက်ချင်းပဲ သတိလစ် သွား၏။ အမျိုးသမီး စစ်သည်တော်က ရှမ့်လန်ကို ဖမ်းထိန်းသည်။ သူမ၏မျက်နှာက အနည်းငယ် တွန့်သွား၏။
...........
အပိုင်း (၁၀၄၈)
ရှမ့်လန် ပြန်လည်နိုးထလာချိန်မှာတော့ သူက ခံတပ်တစ်ခု အတွင်းသို့ ရောက်နေပြီဖြစ်၏။ နဂါးနောင်တ ပစ်လွှတ်ခဲ့သည့် ခံတပ်နှင့် လုံးဝတူညီ၏။ ထူထဲသည့် ကျောက်နံရံများ တည်ရှိနေ၏။ နဂါးနောင်တ ပစ်လွှတ်ရန် အပေါက်ငယ်လေး တစ်ပေါက်သာ ရှိ၏။
မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့ ရင်ဝူချယ်၏ ချောမောသည့်မျက်နှာက သူ၏ရှေ့တွင် ထပ်မံပေါ်ပေါက် လာ၏။ ထိုအချိန်မှာတော့ သူ၏ရှေ့တွင် နဂါးအရှိန်အဝါ ပစ်လွှတ်စင် ရှိနေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က ပစ်လွှတ်ခဲ့သည့်အရာနှင့် အတူတူပင်။ နဂါးနောင်တကို ပစ်လွှတ်စင်ပေါ်တွင် တင်ထား၏။ အသက်သွင်းလိုက်သည်နှင့် ပစ်လွှတ်နိုင်ပြီ ဖြစ်သည်။
ရင်ဝူချယ်က ဓားကို ဆွဲထုတ်ပြီး ရှမ့်လန်၏လည်ပင်းကို ထောက်၏။ သူက ပြော၏။ “အရှင်ရှမ့်လန်... ကျုပ်တို့ ဒီအဆင့်ကို ဖြတ်ကျော်ရအုံးမယ်။ ကျေးဇူးပြုပြီး နဂါးနောင်တကို အသက်သွင်းပေးပါ။ ကျုပ်တို့ ဒုတိယအကြိမ် ပစ်လွှတ်ကြရအုံးမယ်။”
“ဒီတစ်ခါ ဘယ်မြို့ကို ဖျက်ဆီးအုံးမှာလဲ။ ကျုပ်တို့ ဘယ်နေရာကို ရောက်နေတာလဲ။”
“မမေးသင့်တာတွေ မမေးနဲ့။” ရင်ဝူချယ်က ပြော၏။
ရှမ့်လန်က ပစ်လွှတ်စင်၏အပြင်ဘက်သို့ လှမ်းကာကြည့်၏။ ကောင်းကင်တွင် နှင်းပွင့်များ လွင့်ပျံ့ နေသည်ကို သတိထားမိ၏။ လေထုက အေးစက်၏။ ဤအချိန်က စက်တင်ဘာလ ဆောင်းဦးပိုင်းသာ ရှိသေးသော်လည်း နှင်းကျနေ၏။ နုရှောင့်မြို့တော်တွင် ပူပြင်းသည့် နွေရာသီ ဖြစ်နေတုန်းလောက်သာ ဖြစ်ပေလိမ့်မည်။ ဤနေရာက မြောက်ဘက်စွန်း ဒေသများလား။ ထို့ကြောင့် ဆောင်းရာသီ စောစောရောက်နေခြင်းလား။
အဖမ်းခံရတည်းက ရှမ့်လန်က အပြင်ဘက် နေရောင်ခြည်ကို မမြင်ခဲ့ဘူးချေ။ အပြင်ဘက်ရှိ ရှုခင်းကိုလည်း တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ဘယ်နေရာကို ရောက်နေတာလဲ မသိသလို ဤအရာကလည်း ခြွင်းချက် တစ်ခု မဟုတ်ချေ။
ရင်ဝူချယ်က ဓားကို နည်းနည်း အားစိုက်လိုက်၏။ ရှမ့်လန်၏ လည်ပင်းတွင် တိမ်လွန်းသည့် ပြတ်ရှရာ တစ်ခုက အမှန်ပင် ဖြစ်ပေါ်လာ၏။ သူက အေးစက်စက်နှင့်ပြော၏။ “အရှင်ရှမ့်လန်... ကျေးဇူးပြုပြီး နဂါးနောင်တကို အသက်သွင်းလိုက်ပါ။ မဟုတ်ရင် အရှင်ရဲ့လည်ပင်းကို လှီးဖြတ်ရလိမ့်မယ်။ ဒီလို သွေးထွက်သံယို မြင်ကွင်းမျိုးကို အရှင် မြင်ချင်မှာ မဟုတ်ပါဘူး။”
“ပြဿနာ မရှိပါဘူး။ ဘာမှ မလုပ်နဲ့။ ကျုပ်ရဲ့ လည်ပင်းမှာ အမာရွတ်ရှိနေရင် မဖြစ်ဘူး။ ကျုပ်က လည်ဟိုက် အင်္ကျီတွေ ဝတ်ရအုံးမှာ။”
ရှမ့်လန်က အလျင်စလို ပြောသည်။“ရွှေရောင်သေတ္တာ ပေးပါအုံး။”
ရွှေရောင်သေတ္တာက ပွင့်သွား၏။ အတွင်း၌ ရှေးဟောင်းလူသား သွေးကျောက်ဖြစ်ရုပ်ကြွင်း အနည်းငယ်ရှိ၏။ ရှမ့်လန်က ဂရုတစိုက်ဖြင့် သူ၏လက်ချောင်းများကို အနည်းငယ်လှီး၏။ ရွှေရောင် သေတ္တာထဲသို့ သွေးတစ်စက် ကျစေ၏။ ထိုအရာက နေရောင်ခြည် သွေးအဖြစ် ရောနှော၏။
သူက ရွှေရောင်သွေးကို လက်ချောင်းဖြင့် နှစ်ပြီး နဂါးနောင်တ စာလုံးပေါ်သို့ အသာအယာ ပွတ်လိမ်း၏။ ရုတ်တရက် စာလုံးသုံးလုံးက လင်းလက်သွား၏။ လူအစုလိုက်အပြုံလိုက် သေစေနိုင်သည့် မဟာဗျူဟာမြောက် လက်နက် နဂါးနောင်တက အသက်ဝင်လာခဲ့ပြီ ဖြစ်၏။ လူတိုင်းက နိုးထလာခဲ့သည့် နဂါး၏အငွေ့အသက်ကို ထပ်မံ ခံစားရ၏။ ခန္ဓာတစ်ခုလုံးက ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်တစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသလိုပင်။
ရင်ဝူချယ်က ရှေ့ကိုတက်၏။ အိမ်မက်ဆိုး ကျောက်တုံးခလုတ်ကို လှည့်သည်။
“ပစ်... ဝှစ်...”
မဟာဗျူဟာမြောက် လက်နက် နဂါးနောင်တက ပစ်လွှတ်၏။ မီတာ ရာပေါင်းများစွာ ပျံတက် သွားခဲ့ပြီးနောက် ထိုအရာ၏အမြီးပိုင်းတွင် ပလာစမာ မီးတောက်များ တောက်၏။
“ဝုန်း...”
နဂါးနောင်တက အရှိန်အဝါဖြင့်ဆက်လက် ပျံသန်းသွားခဲ့ပြီး မကြာခင် အသံထက် ၃ ဆ မြန်သည့် အရှိန်သို့ ရောက်ရှိ၏။ အသံဗုံးများ ကွဲအက်သလို အသံများ ထွက်ပေါ်လာ၏။ မကြာခင် ထိုအရာက ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး အမည်မသိ ပစ်မှတ်တစ်ခုဆီသို့ အစိမ်းရောင် ဥက္ကာခဲတစ်ခုကဲ့သို့ မြန်ဆန်စွာ ဦးတည်သွားလေတော့သည်။
ချက်ချင်းပဲ ရင်ဝူချယ်က ယုတ်မာရက်စက်သည့် အပြုံးတစ်ခုကို ထုတ်ဖော်လာ၏။
‘ဟား... ဟား... ဟား... ရှမ့်လန်... ဒီလို နေမျိုး ရောက်လာလိမ့်မယ်လို့ တွေးမိရဲ့လား။ မင်းက အရမ်းကို ဉာဏ်ကောင်းတယ် မလား။ ပြီးတော့ အရမ်းကို တော်တယ် မဟုတ်လား။ ဒီလောကကြီးထဲမှာ နာကျင်စရာ အကောင်းဆုံးအရာက ဘာလဲ သိလား။ အဲ့ဒါက ကိုယ်ပိုင်ဆိုင်သမျှ အရာအားလုံးကို ကိုယ့်ရဲ့ လက်နဲ့ ဖျက်ဆီးပစ်ရတာပဲ။
ရှမ့်လန်... မင်း သိရဲ့လား။ ဒီနဂါးနောင်တ ဘယ်နေရာကို သွားနေရသလဲဆိုတာ... နုရှောင့်မြို့တော်၊ မင်းရဲ့ တော်ဝင်ချန်အင်ပါယာရဲ့ မြို့တော်ပဲ။ မင်းရဲ့ ပိုင်ဆိုင်မှုအားလုံး အဲဒီမှာ ရှိတယ်။ မင်းရဲ့စစ်တပ် အဲ့ဒီမှာ ရှိနေတယ်။ ဟား... ဟား... ဟား... မင်း အပြင်ဘက်က နှင်းတွေကို မြင်ပြီး ရာသီဥတုက အေးလို့ ဒါမြောက်ဖျားဆုံးဒေသလို့ ထင်နေတာလား။ ဒါတွေ အားလုံးက အလိမ်အညာတွေပဲ။ ဒါက နုရှောင့်မြို့တော်နဲ့ မိုင် ၅၀၀ အကွာမှာရှိတဲ့ ကျွန်းတစ်ကျွန်းပဲ။
ရှမ့်လန်... မင်းအရင်က အရမ်းကို မောက်မာခဲ့တယ် မဟုတ်လား။ နဂါးနောင်တကို ခိုးပြီး ငါ့အစ်ကို ရင်ဝူမင်ကို နွားဖြစ်စေဖို့တောင် ကြိုးစားနေခဲ့သေးတယ်။ ငါတို့ကို ငတုံးလို့ မခေါ်ခဲ့ဘူးလား... တကယ် တုံးနေတာက မင်းပဲ။ အခု ဘယ်လိုလဲ... မင်း နုရှောင့်မြို့တော်ကို ဖျက်ဆီးလိုက်ပြီ။ လောကကြီးမှာ ဒီထက်ဆိုးရွားတာမျိုး ရှိသေးလား။ မင်းရဲ့ တော်ဝင်ချန်အင်ပါယာက သွားပြီ။ ဒီလောကကြီးထဲမှာ ချန်နိုင်ငံဆိုတာ တစ်ခုပဲ ရှိတယ်။ အဲဒါက ငါတို့ ရင်မိသားစုရဲ့ ချန်နိုင်ငံပဲ။’
“ဝှစ်... ဝှစ်...”
နဂါးနောင်တက လေထုထဲတွင် တောက်ပသည့် လမ်းကြောင်းတစ်ခုကို ချန်ခဲ့ပြီး ဖျက်ဆီးလိုသည့် စွမ်းအား အပြည့်အစုံနှင့်အတူ နုရှောင့်မြို့တော်ဆီသို့ ဦးတည်နေ၏။ နဂါးနောင်တ ပစ်လွှတ်လိုက်သည့် ခဏမှာပဲ စေတီတောင်မှ လင်းယုန်စီး စစ်သည် ၃ ဦးတို့က ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး နဂါးနောင်တ သွားရာ လမ်းကြောင်းကို လိုက်ကာ ကြည့်ရှုသည်။
ပုံမှန်အားဖြင့် နဂါးနောင်တက ကီလိုမီတာ ၅၀၀ မှ ၆၀၀ ထက် ပို၍ မပျံသန်းနိုင်ချေ။ ဤနဂါးနောင်တက နုရှောင့်မြို့တော်သို့ ပစ်ခတ်နိုင်သည့် အကွာအဝေး၏အကန့်အသတ်တွင် ရှိနေ၏။ သူတို့က နုရှောင့်မြို့တော်၏ အရှေ့ဘက် မိုင် ၄၀၀ ကျော်အကွာ၀န်းကျင် လူသူကင်းမဲ့သည့် ကျွန်းတစ်ကျွန်းပေါ်တွင် ရှိနေသောကြောင့်ပင်။
စေတီတောင်နှင့် ချန်နိုင်ငံသစ်တို့က နဂါးနောင်တကို ပစ်လွှတ်ရန် အားထုတ်ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ရသည်။ နဂါးနောင်တကို စစ်သင်္ဘောပေါ်တွင် ပစ်လွှတ်နိုင်သော်လည်း ပင်လယ်ပြင်ပေါ်သို့ ရောက်နေကြောင်း ရှမ့်လန် သိသွားမည်ကို စိုးရိမ်ကြ၏။ ထို့ကြောင့် သူတို့က ဤလူသူကင်းမဲ့သော ကျွန်းပေါ်တွင် တူညီသည့် ကျောက်ခံတပ်တစ်ခုကို အချိန်တိုအတွင်း တည်ဆောက်ခဲ့၏။
ရှမ့်လန် ပင်လယ်ကို မမြင်ရစေရန် ခံတပ်၏အပေါက်ကို ကောင်းကင်ပေါ်သို့ ဖွင့်ထား၏။ ညအချိန် ဖြစ်သည့်အပြင် တဝီဝီ မြည်နေသည့် ပင်လယ်လေနှင့် လွှင့်ပျံ့လာသည့် နှင်းများကိုပင် ဖန်တီးထားခဲ့ သေးသည်။
၃ မိနစ် ဆိုလျှင် နဂါးနောင်တသည် မိုင် ၄၀၀ ကျော် ခရီးကို ပေါက်ရောက်ရန် လုံလောက်သည်ထက်ပင် ပို၏။
စေတီတောင်မှ လင်းယုန်စီးစစ်သည်များက နဂါးနောင်တ နောက်သို့လိုက်ရင်း ပိုမို မြင့်မားစွာ ပျံတက်သွားခဲ့ကြ၏။ မြို့လယ်တွင် အောင်မြင်စွာ ပေါက်ကွဲခြင်း ရှိ၊မရှိ သူတို့က တွေ့မြင်လိုကြသည်။
၃ မိနစ် အကြာမှာပဲ... “ဝုန်း... ဝုန်း...”
ဤမျှ ဝေးကွာသည့် နေရာမှ ဘာမှ မကြားရသော်လည်း လင်းယုန်စီး စစ်သည် ၂ ဦးတို့က နုရှောင့်မြို့၏ ဦးတည်ရာဘက်တွင် မီးလုံးကြီးတစ်ခုကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ သေချာသည်က တကယ့်ကို ဝေးကွာလွန်းသောကြောင့် မီးလုံးကို မြင်ရခြင်းကပင် အံ့အားသင့်စရာ ဖြစ်နေ၏။
လင်းယုန်စီး စစ်သည်တစ်ဦးက လူသူကင်းမဲ့သည့် ကျွန်းပေါ်သို့ ပြန်လာခဲ့ပြီး ခံတပ်ထဲသို့ ဆင်းသက်၏။ သူက ဦးညွတ်ကာ ပြောသည်။ “ဒုတိယမင်းသား... နဂါးနောင်တက အောင်မြင်စွာ ပေါက်ကွဲသွားခဲ့ပါပြီ။ ပစ်မှတ်က လုံးဝ ပျက်စီးသွားခဲ့တယ်။”
ရင်ဝူချယ်က ထိုစကားကို ကြားချိန်မှာတော့ အလွန် ဝမ်းမြောက်သွား၏။ အံ့အားသင့်စရာ မရှိလောက်အောင် အောင်မြင်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းအောင်မြင်ကြောင်း သိရချိန်မှာတော့ စိတ်သက်သာရာ ရခဲ့၏။ “ကောင်းတယ်။ ဒါ တကယ့်ကို ကောင်းတယ်။ ဟား... ဟား... ဟား... ရှမ့်လန်... မင်းက ငတုံးကောင်ပဲ။ မင်းက နုရှောင့်မြို့တော်နဲ့ မင်းရဲ့ တော်ဝင်ချန် အင်ပါယာကို ကိုယ့်လက်နဲ့ကိုယ် ဖျက်ဆီးလိုက်ပြီ။
မြို့ထဲမှာ နဂါးနောင်တ ပေါက်ကွဲခဲ့ရင် လူဘယ်လောက်လောက် သေမလဲ။ ရှမ့်လန်ရဲ့ လျှို့ဝှက် ဓာတ်ခွဲခန်းတွေနဲ့ အခြေစိုက် စခန်းတွေ အကုန်လုံး မြေလှန်ခံရမယ်။ သူ့ရဲ့စစ်တပ်က ပျက်စီးလုနီးပါး ဖြစ်မယ်။ နုရှောင့်မြို့တော် ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ရေတပ်တွေ၊ အထူးသဖြင့် ကောင်းကင်ပင်လယ် နန်းဆောင်က သိမ်းပိုက်ထားတဲ့ ရှေးဟောင်း စစ်သင်္ဘောတွေ အားလုံး ပျက်စီးကုန်ပြီ။ ဒါတွေ အားလုံးက ဝဋ်လည်တာပဲ။ ရှမ့်လန်... မင်း သူများကို သွားပြီးတော့ ဒုက္ခပေးခဲ့တုန်းက သိပ်ပျော်ခဲ့တယ် မဟုတ်လား။ အခုတော့ မင်းရဲ့ အလှည့် ရောက်လာခဲ့ပြီ။”
သို့သော်ငြား နမြောစရာ ကောင်းသည်က ဤကဲ့သို့ ကောင်းမွန်သည့် ကိစ္စရပ်များကို ရှမ့်လန်ကို ပြောပြ၍ မရခြင်းပင်။ သူက တစ်ဖက်လူ၏မျက်နှာကို ရူးသွပ်စွာ ရိုက်နှက်၍ မရဘဲ ရင်ထဲမှာသာ ကြိတ်ပျော်နေရသည်။
ရှမ့်လန်က တစ်ဖက်လူ၏အမူအရာမှ သဲလွန်စ တချို့ကို မြင်လိုက်ရပုံ ပေါ်၏။ သူ၏မျက်နှာထားက အနည်းငယ် ပြောင်းလဲသွား၏။
“ဘာဖြစ်တာလဲ။ ခုဏက ဖျက်ဆီးလိုက်တဲ့ ပစ်မှတ်က ဘယ်နေရာလဲ။ ဘယ်မြို့လဲ။”
ရင်ဝူချယ်က ပြောသည်။ “ဘာမှ မဟုတ်ပါဘူး။ ဒါကို စိတ်မပူနဲ့။ ဘာမေးခွန်းမှလည်း မမေးနဲ့။ ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ စကားကို လိမ်လိမ်မာမာနဲ့ နားထောင်နေသရွေ့ ခင်ဗျား ဘေးကင်းနေမှာပဲ။”
ပြီးနောက် သူက ရှမ့်လန်၏ခေါင်းနောက်ပိုင်းကို ခပ်ဖွဖွ ပုတ်ပြန်၏။ နုနယ်သည့် ရှမ့်လန်၏ မြင်ကွင်းက မဲမှောင်သွား၏။ သူက လုံးဝ သတိလစ်သွားပြန်၏။
ဤအချိန်မှာတော့ ရင်ဝူချယ်က ရှမ့်လန်၏နားနားသို့ ကပ်ပြီး ယုတ်မာစွာ ရယ်မောနေသည်။ “ရှမ့်လန်... ခုဏက မင်း ဖျက်ဆီးလိုက်တာ နုရှောင့်မြို့တော်ပဲ။ မင်းရဲ့ နုရှောင့်မြို့တော်၊ မင်းရဲ့ လူတစ်သိန်း၊ တော်ဝင်ချန် အင်ပါယာ ပြည်သူတွေ အားလုံးကို သတ်ဖြတ်ပစ်လိုက်တာပဲ။ ခံစားလို့ ကောင်းရဲ့လား။ ဘယ်သူက ငတုံးလဲ။”
သို့သော်လည်း သတိလစ်နေသည့် ရှမ့်လန်က မည်သည့် တုံ့ပြန်မှုကိုမှ မပြသခဲ့ချေ။ ဤသည်က ရင်ဝူချယ်ကို အနည်းငယ် မကျေမနပ် ဖြစ်စေ၏။ သူက ပိုးထည် ဝတ်စုံကို ဝတ်ပြီး အမှောင်ထဲ လမ်းလျှောက်နေသလို ခံစားရ၏။ မည်သူမှ သူ၏ ဝါကြွားမှုကို အသိအမှတ် မပြုသလိုပင်။
“ဆုတ်ခွာကြမယ်။ နောက်ကို ဆုတ်ကြ။” ရင်ဝူချယ်က အမိန့်ပေး၏။ ချက်ချင်းပဲ စေတီတောင်မှ အထူး စစ်သည် ဒါဇင်ပေါင်းများစွာတို့က ရှေ့ကိုတက်ပြီး နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို လျင်မြန်စွာ ဖြုတ်သိမ်း၏။ စစ်သင်္ဘောများပေါ်သို့ ပြန်လည် သယ်ဆောင်၏။
သူတို့က ဤကိစ္စတွင် တကယ့်ကို ကျွမ်းကျင်နေကြောင်း ထင်ရှား၏။ ၁၀ မိနစ် အတွင်းမှာပဲ ပစ်လွှတ်စင်ကို ဖြုတ်သိမ်းပြီး စစ်သင်္ဘောပေါ်တွင် ပြန်လည် တပ်ဆင်ပြီး ဖြစ်၏။ စေတီတောင်၏စစ်သင်္ဘော ဖြစ်ပြီး ပင်မ စစ်သင်္ဘောများထဲမှ တစ်စင်းပေ။ ကောင်းကင်ပင်လယ် နန်းဆောင်၏ ရှေးဟောင်း စစ်သင်္ဘောကြီးနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ဤလောကရှိ စစ်သင်္ဘောများထက်တော့ များစွာ သာလွန်သည်။
“သွားကြရအောင်။” ရင်ဝူချယ်၏အမိန့်နှင့်အတူပဲ ဤရေတပ်ဖွဲ့က ပင်လယ်ပြင်မှ အမြန်ဆုံးနှုန်းဖြင့် ထွက်ခွာသွား၏။ သူတို့၏ အမြန်နှုန်းက အားကျစရာပင်။ ရွက်များပါရှိသလို ရှေးဟောင်း တွန်းကန်အား စနစ်လည်း ပါရှိ၏။ တစ်နာရီလျှင် ၃၅ ကီလိုမီတာ နှုန်းကျော် မောင်းနှင်နိုင်၏။ သာမန် သင်္ဘောများ လိုက်မှီရန် မဖြစ်နိုင်ချေ။
“နဂါးနောင်တကို တပ်ဆင်ထားလိုက်။”
စေတီတောင်၏ အထူးစစ်သည် ဒါဇင်ပေါင်းများစွာတို့က နဂါးနောင်တကို မပြီး ပစ်လွှတ်စင်ပေါ်သို့ တင်၏။ သူတို့က ရန်သူ့နယ်မြေထဲတွင် ရှိနေသောကြောင့် အချိန်မရွေး သတိရှိရပေမည်။ အကယ်၍ အလွန် အင်အားကြီးသည့် ရန်သူမျိုး ပေါ်ပေါက်လာပါက သူတို့က နဂါးနောင်တကို အသုံးပြုပြီး ဖျက်ဆီးနိုင်၏။
သေချာသည်က ဤနေရာ၌ အလွန် အင်အားကြီးမားသည့် ရန်သူဟု ဆိုလိုသည်မှာ ရှမ့်လန်၏ နုရှောင့်မြို့တော် မဟုတ်ဘဲ တော်ဝင်ရန် အင်ပါယာသာ ဖြစ်သည်။ ဤစစ်ဆင်ရေး မတိုင်မီတည်းက သူတို့ ပြန်လာလျှင် တော်ဝင်ရန် အင်ပါယာ၏ ချုံခိုတိုက်ခိုက်မှုကို သတိထားပါရန် ရင်ကွမ်းက သတိပေးခဲ့သည်။
ရင်ဝူမင်က တော်ဝင်ရန်မြို့တော်တွင် သဘာဝလွန် အင်အားစုများ ညီလာခံ တက်ရောက်နေပြီး ရင်ကွမ်းက တိုင်းပြည်၏အလုံးစုံသော အခြေအနေကို တာဝန်ယူနေရ၏။ ထို့ကြောင့် နုရှောင့်မြို့တော်ကို ဖျက်ဆီးမည့် တာဝန်ကို ရင်ဝူချယ်နှင့် စေတီတောင် အကြီးအကဲ တစ်ဦးထံ လွှဲအပ်ခဲ့၏။
အထူးစစ်သည် ဒါဇင်ပေါင်းများစွာ၊ ထိပ်တန်းစစ်သည် ရာပေါင်းများစွာနှင့် စေတီတောင်မှ ရေတပ်ဖွဲ့ငယ် တစ်ခုကို စေလွှတ်ခဲ့၏။ ရေတပ်ဖွဲ့ငယ် တစ်ခုသာ ဖြစ်သော်လည်း အားလုံးကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တပ်ဆင်ထား၏။ ထိုသင်္ဘောများပေါ်တွင် ဧရာမ ဒူးလေးကြီးများ၊ စွမ်းအင်အမြူတေများနှင့် လေကြောင်းရန် ကာကွယ်ရေး ဒူးလေးများပင် ရှိကြ၏။ သူတို့က တကယ့်ကို အင်အား ကြီးမားလွန်းလှချေပြီး ရှမ့်လန် ရေတပ်၏ပင်မ အင်အားစုများနှင့် တွေ့ဆုံလျှင်ပင် ကြောက်လန့်ရလိမ့်မည် မဟုတ်ပေ။
စေတီတောင်မှ စစ်သည်တော်အုပ်စုက ပင်လယ်ပြင်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည့် နေရာတွင် တကယ့်ကို သတိကြီးစွာ ထားကြ၏။ ပထမဦးဆုံးအနေဖြင့် လင်းယုန်စီးစစ်သည်များကို ကောင်းကင်ယံ အမြင့်ဆီမှ ကင်းထောက်စေပြီး ရန်သူထံမှ ဖုံးကွယ်ထားနိုင်ရန် တွေ့ဆုံသမျှသော သင်္ဘောဟူသမျှကို ချက်ချင်း ရှောင်ကွင်းသွားကြ၏။
တစ်လျှောက်လုံး ရှမ့်လန်၏ ကင်းလှည့်သင်္ဘောများနှင့် မတွေ့ဆုံခဲ့ကြချေ။ အကြောင်းရင်းက သမုဒ္ဒရာကြီးက ကျယ်ပြောလွန်းလှသောကြောင့် ပုံသေရေလမ်းကြောင်းအတိုင်း မသွားသရွေ့ ဆုံတွေ့နိုင်ရန် ဆိုသည်မှာ ခဲယဉ်းသောကြောင့်ပင်။ ထို့အပြင် ဤလောကကြီး၏။ င်္ဘောတစ်စင်း မြင်ကွင်းအကွာအဝေးက ၂၀ ကီလိုမီတာခန့်သာ ရှိသည်။
ထိုတင်မကသေးချေ။ ရှမ့်လန်၏ သင်္ဘောအုပ်စု အကြီးအကျယ် ဆုတ်ခွာနေကြောင်းကိုလည်း ရင်ဝူချယ်က တွေ့ရှိခဲ့ပြီးသားဖြစ်၏။ ရှမ့်လန် အဖမ်းခံလိုက်ရသောကြောင့် သူတို့ဘက်မှ ခံစစ်ဗျူဟာကို ကျင့်သုံး နေသည်မှန်း သိသာ၏။
“အခြေစိုက်စခန်းကို ပြန်ကြမယ်...။”
ရင်ဝူချယ်၏ အမိန့်အရပင် သင်္ဘောအုပ်စုငယ်လေးက ညအမှောင်ကို အကာအကွယ်ယူပြီး တောင်ဘက်သို့ လျှင်မြန်စွာ ဖြတ်သန်းသွားသည်။
သူတို့က သတိလစ်မေ့မျောနေသည့် ရှမ့်လန်ကို တစ်ချက်ကြည့်ရှုပြီးနောက် ပစ်လွှတ်စင်ပေါ်ရှိ နဂါးနောင်တ လက်နက်ကို ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေမိ၏။ မြို့တစ်မြို့ကို တစ်ခဏအတွင်း ဖျက်ဆီး ပစ်လိုက်ရသည့် ခံစားချက်က တကယ့်ကို ကောင်းမွန်လွန်း၏။ အချုပ်အခြာ အာဏာကို လက်ဝယ် ပိုင်ဆိုင်ရသည့် ခံစားချက်က သာလွန်စွာ ထူးကဲလွန်းလှချေ၏။
နှမျောစရာ ကောင်းသည်က စေတီတောင်သခင်က သူတို့အား နဂါးနောင်တ သုံးခုသာ ပေးအပ်ခဲ့ခြင်း ဖြစ်၏။ ဤသည်က နောက်ဆုံးတစ်ခု ဖြစ်နေခြင်းပင်။ အခြေခံအားဖြင့် ထိုအရာကို စစ်ရေးခြိမ်းခြောက်မှု အဖြစ် ထားရှိရတော့မှ ဖြစ်ပြီး ထပ်မံပစ်လွှတ်နိုင်တော့မည် မဟုတ်ချေ။
နောင်တစ်ချိန်တွင် ချန်နိုင်ငံသစ်က ရင်ဝူမင်၏ လက်ဝယ်သို့ ရောက်ရှိလာမည် ဖြစ်သလို စေတီတောင်ကလည်း ရင်ဝူမင်၏ပိုင်ဆိုင်မှုသာ ဖြစ်လာပေမည်။ ရင်ဝူချယ်က ရင်ဝူမင်နှင့် ယှဉ်ပြိုင်ရန် တစ်ကြိမ်တစ်ခါမှ မတွေးတောခဲ့ဖူးချေ။ အမှန်စင်စစ် သူက သူ၏အစ်ကိုကြီးပေါ်တွင် လေးစားရင်းစွဲပင် ရှိသည်။
ရုတ်တရက် သူက သက်ပြင်းကို သဲ့သဲ့ချမိ၏။ တစ်ယောက်တည်း တီးတိုးရေရွတ်မိ၏။ “ငါ့ရဲ့လက်နဲ့ နုရှောင့်မြို့ကို ဖျက်ဆီးပစ်လိုက်တာနဲ့တင် လုံလောက်နေပြီ။ ခံစားချက်က တကယ့်ကို ကောင်းမွန် လွန်းတယ်။”