← Chapters

အခန်း (၁၀၄၉-၁၀၅၀)

Vol. 62 Ch. 1049-1050

အခန်း (၁၀၄၉-၁၀၅၀)

Vol. 62 Ch. 1049-1050

အပိုင်း (၁၀၄၉)

နောင်တစ်ချိန်တွင် ချန်နိုင်ငံသစ်က ရင်ဝူမင်၏ လက်ဝယ်သို့ ရောက်ရှိလာမည် ဖြစ်သလို စေတီတောင် ကလည်း ရင်ဝူမင်၏ ပိုင်ဆိုင်မှုသာ ဖြစ်လာပေမည်။ ရင်ဝူချယ်က ရင်ဝူမင်နှင့် ယှဉ်ပြိုင်ရန် တစ်ကြိမ်တစ်ခါကမှ မတွေးတောခဲ့ဖူးချေ။ အမှန်စင်စစ် သူက သူ၏ အစ်ကိုကြီးပေါ်တွင် လေးစားရင်းစွဲပင် ရှိ၏။

ရုတ်တရက် သူက သက်ပြင်းကို သဲ့သဲ့ချမိ၏။ တစ်ယောက်တည်း တီးတိုးရေရွတ်မိသည်။ “ငါ့ရဲ့လက်နဲ့ နုရှောင့်မြို့ကို ဖျက်ဆီးပစ်လိုက်တာနဲ့တင် လုံလောက်နေပြီ။ ခံစားချက်က တကယ့်ကို ကောင်းမွန် လွန်းတယ်။”

ပြီးနောက် သူက သတိလစ်မေ့မျောနေသည့် ရှမ့်လန်ဆီသို့ သွား၍ ထိုသူ၏ အနှိုင်းမဲ့ချောမောလှသော မျက်နှာကို စူးစိုက်ကာ ကြည့်၏။ နုရှောင့်မြို့တော်ကို ဖျက်ဆီးပစ်လိုက်နိုင်သည် ဆိုသော်လည်း သူ၏ စိတ်ထဲတွင် လုံလောက်သည်ဟု မခံစားရချေ။

သို့သော်လည်း ဖခင်ဖြစ်သူနှင့် စေတီတောင်သခင်တို့၏အမိန့်က ရှင်းလင်း၏။ ရှမ့်လန်၏ ဆံပင်တစ်ပင်ကိုမှ မထိခိုက်စေရဟူ၍ပင်။ ထိုသို့ဆိုလျှင် သူက မည်သို့ အရှက်ခွဲရပါမည်နည်း။ ခဏမျှ ဝေခွဲမရ ဖြစ်ပြီးနောက် ရင်ဝူချယ်က ခါးပတ်ကို ဖြုတ်ကာ ရှမ့်လန်၏ ကိုယ်ပေါ်သို့ သေးနှင့် ပက်ဖြန်းရန် ပြင်ဆင်၏။

“မင်းက ကျန်းလီရဲ့သား ဖြစ်နေတော့ရော ဘာဖြစ်လဲ။ မင်းက ချန်အင်ပါယာရဲ့ ဧကရာဇ် ဖြစ်နေတော့ရော ဘာဖြစ်လဲ။”

သို့သော်ငြား သူ၏ ဘောင်းဘီကို မချွတ်ရသေးခင်မှာပင် စေတီတောင်၏ အထူးတပ်ဖွဲ့ဝင်တစ်ဦးက ရုတ်တရက် ပြေးဝင်လာခဲ့သည်။ သူ၏ အပြုအမူကို မြင်တော့ ထိတ်လန့်သွားသည်။

ရင်ဝူချယ်က အေးစက်စက် ပြော၏။ “မင်း ဘာမှ မမြင်ဘူး မဟုတ်လား။”

“ကောင်းပါပြီ။ နားလည်ပါပြီ”

စေတီတောင်၏ စစ်သည်က အက်ရှရှအသံဖြင့် ပြန်လည်ကာ ပြောကြားသည်။ “ဒုတိယမင်းသား အမြန်ကြွခဲ့ပါ။ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်နေပါတယ်။”

ရင်ဝူချယ်က ရှမ့်လန်ကို အရှက်ခွဲရန် မအောင်မြင်လိုက်သောကြောင့် မျက်နှာသေဖြင့်ပင် သူ၏ ကျောက်စိမ်းခါးပတ် ကို ပြန်ကာ ပတ်၏။ ထိုစဉ်မှာပဲ အပြင်ဘက်ဆီမှ အလွန့်ကို အရေးကြီးသော ခေါင်းလောင်းမြည်သံကြီး ပေါ်ပေါက်လာခဲ့၏။

“ရန်သူတိုက်ခိုက်ပြီ။ ရန်သူတိုက်ခိုက်ပြီ။”

နားကွဲလုမတတ် အချက်ပေးသံကြီးက သင်္ဘောအုပ်စု တစ်ခုလုံး၌ ဆူညံသွားခဲ့၏။ စစ်သည်အားလုံး နီးပါးတို့က အပြင်ဘက်သို့ ပြေးထွက်လာသည်။

ရင်ဝူချယ်က တုန်လှုပ်ချောက်ချားလို့နေ၏။ ဘာတွေဖြစ်နေသနည်း။ ရှမ့်လန်၏ သင်္ဘောအုပ်စု တိုက်ခိုက် လာနေသည်လား။ သို့မဟုတ် တော်ဝင်ရန်အင်ပါယာမှလား။

ကုန်းပတ်ပေါ်သို့ ပြေးထွက်လာခဲ့ပြီးနောက် ရင်ဝူချယ်က ခက်ထန်စွာ မေးမြန်း၏။ “ရန်သူ ဘယ်မှာလဲ။”

ကျယ်ပြောလွန်းသည့် ပင်လယ်ပြင်တွင် ရန်သူဟူ၍ မရှိချေ။ ကောင်းကင်ယံမှ လင်းယုန်စီးစစ်သည်က လှမ်းကာ အော်ဟစ်သည်။

“ဒုတိယမင်းသား... ကောင်းကင်မှာပါ။ နဂါးနောင်တက ကျွန်တော်တို့ဆီကို ဦးတည်ပြီး ပြေးဝင်လာနေပါပြီ”

ရင်ဝူချယ်က မော့ကြည့်လိုက်သော်လည်း နဂါးနောင်တကို မမြင်ရချေ။ ပြီးနောက် သူက ချက်ချင်း လင်းယုန်ကြီးတစ်ကောင်ပေါ်သို့ ခုန်ကာ ကောင်းကင်ပေါ်သို့ ပျံတက်၏။

တွေ့လေပြီ။ မြောက်ဘက်အရပ်မှ နဂါးနောင်တတစ်ခုက ပျံသန်းလာ၏။ ထိုအရာက ကောင်းကင်ယံတွင် မီးတောက်တန်းကြီး တစ်ခု ဖြစ်ပေါ်ချန်ရစ်ခဲ့ပြီး ရင်ဝူချယ်၏ သင်္ဘောအုပ်စုဆီသို့ တစ်ရှိန်ထိုး ပြေးဝင် လာနေသည်။

ရင်ဝူချယ်က တစ်ကိုယ်လုံး တုန်ယင်သွား၏။ မည်သည့်နေရာကနေ ဤနဂါးနောင်တက ရောက်ရှိလာသနည်း။ နုရှောင့်မြို့တော်မှလား။ မဖြစ်နိုင်ပေ။ ပထမဦးဆုံးအချက်အားဖြင့် နုရှောင့်မြို့တော်က ပျက်စီးသွားခဲ့ပြီဖြစ်ပြီး သူတို့တွင် နဂါးနောင်တဟူ၍လည်း မရှိချေ။ ထို့အပြင် ရှမ့်လန်က သူ၏ လက်ထဲတွင် ရှိနေသေး၏။ နုရှောင့်မြို့တော်၌ မည်သူမှ နဂါးနောင်တကို ပစ်လွှတ်ရန် အခွင့်အာဏာ ဟူ၍ မရှိချေ။

တော်ဝင်ရန်အင်ပါယာပင် ဖြစ်ရပေမည်။ ယခုတစ်ကြိမ် ရင်မျိုးနွယ်စုအား နုရှောင့်မြို့တော်ကို ဖျက်ဆီးရန် ဖိအားပေးခြင်းက တော်ဝင်ရန်အင်ပါယာ၏ အလိုအရသာ ဖြစ်၏။ သူတို့က ဘေးက ကြည့်နေရုံသာမက မြွေကို တွင်းထဲမှ ထွက်လာအောင် ဆွဲထုတ်ပြီး အားလုံးကို တစ်ခါတည်း အပြတ်ရှင်းရန် ကြံရွယ်ခြင်း ဖြစ်ပေလိမ့်မည်။

တော်ဝင်ရန်အင်ပါယာ နဂါးနောင်တကို ပစ်လွှတ်ရသည့် အကြောင်းရင်းကို ရင်ဝူချယ် ချက်ချင်း နားလည်သွားမိ၏။ ပထမဦးဆုံးအချက်အနေနှင့် စေတီတောင်၏ သင်္ဘောအုပ်စုနှင့် အဖိုးတန်သည့် ပစ်လွှတ်စင်ကို ဖျက်ဆီးလိုခြင်းပင်။ အရေးကြီးဆုံးအချက်က ရှမ့်လန်ကို သတ်ဖြတ်ချင်ခြင်းလည်း ဖြစ်မည်။

ရှမ့်လန် သေဆုံးသွားသည်နှင့် ရင်ကွမ်း၊ စေတီတောင်တို့၏ နဂါးနောင်တများကလည်း အသုံးမဝင်တော့ချေ။ ထိုသို့ဆိုလျှင် သူ ဘာလုပ်ရမည်နည်း။

ရင်ဝူချယ်၏ဦးနှောက်က ပေါက်ကွဲလုမတတ်ပင် ဖြစ်နေ၏။ မြောက်ဘက်မှ နဂါးနောင်တက တဖြည်းဖြည်း နီးကပ်လာခဲ့ပြီဖြစ်ပြီး အဝေးဆုံးဆိုလျှင် ကီလိုမီတာ ၂၀၀ မျှသာ လိုတော့သည်။

ထိုစဉ်မှာပဲ စေတီတောင်၏ အကြီးအကဲတစ်ဦးက သိန်းငှက်ဖြူတစ်ကောင်ကို စီးနင်းကာ ရောက်ရှိလာ၏။ သူက မှန်ပြောင်းဖြင့် မြောက်ဘက်ရှိ နဂါးနောင်တကို ကြည့်ရှု၏။

စေတီတောင်အကြီးအကဲက ပြောသည်။ “ဒီနဂါးနောင်တက ပျံသန်းနှုန်း အရမ်းနှေးတယ်။ မြောက်ဘက် အဝေးကြီးကနေ ပစ်လွှတ်လိုက်တာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ နှေးနှေး နောက်ဆုံး ၃ မိနစ်အတွင်း ရောက်လာလိမ့်မယ်။ ဒီလောက် အချိန်တိုအတွင်းမှာ ကျုပ်တို့ သင်္ဘောတွေ တိုက်ခိုက်မှု ဧရိယာကနေ လွတ်အောင် မပြေးနိုင်ဘူး။ တော်ဝင်ရန်အင်ပါယာ ပစ်တာ သေချာတယ်။”

ရင်ဝူချယ်က တုန်တုန်ယင်ယင် ပြော၏။ “သူက ကျုပ်တို့ကို ရှာတွေ့သွားတာပဲ။ တကယ့်ကို ယုတ်မာလိုက်တာ... ကျုပ်တို့ နုရှောင့်မြို့တော်ကို ဖျက်ဆီးပစ်တဲ့အထိ စောင့်ပြီးမှ ကျုပ်တို့ကို ပစ်လိုက်တာပဲ။”

စေတီတောင် အကြီးအကဲက အော်ဟစ်လိုက်သည်။ “တော်ဝင်ရန်အင်ပါယာမှန်း လူတိုင်း သိပြီးသားပဲ။ ဒါပေမဲ့ အခုချိန်မှာ အော်ဟစ်နေလို့ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ ရှေ့ဆက်ပြီး ဘာလုပ်ကြမှာလဲ။ ကျုပ်တို့ ဘာလုပ်ကြမှာလဲ။”

ရင်ဝူချယ်က ဆို၏။ “ရှမ့်လန်ကို ခေါ်ပြီး ပြေးကြရအောင်။ သင်္ဘောအုပ်စု ပျက်စီးသွားရင်လည်း ကိစ္စမရှိဘူး။ ရှမ့်လန်ရဲ့ အသက်ကိုသာ ကာကွယ်ထားနိုင်ရင် ကျုပ်တို့က စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း ရှိနေအုံးမှာပဲ။”

စေတီတောင်အကြီးအကဲက ဒေါသတကြီးနှင့် ပြောလိုက်သည်။ “ဒီသင်္ဘောအုပ်စုက ဘာမှ တန်ဖိုးမရှိဘူး ဆိုပေမဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကတော့ ဖြတ်တောက်လို့ မရနိုင်တဲ့ အဖိုးတန် ပစ္စည်းမျိုးပဲ။ ဒါ ပျက်စီးသွားရင် နောက်တစ်ခု ဘယ်မှာသွားရှာရမလဲ။ ဒါက နဂါးနောင်တထက်တောင် ပိုပြီး တန်ဖိုး ရှိသေးတယ်။ ပြီးတော့ ရှမ့်လန်က အရမ်းကို အားနည်းလွန်းတယ်။ နဂါးနောင်တသာ ပေါက်ကွဲသွားရင် သူ အသက်ရှင်နိုင်ပါ့မလား။ လေဟပ်ရုံနဲ့တောင် သူ သေသွားနိုင်တယ်။”

ရင်ဝူချယ်က ခန္ဓာကိုယ်တစ်ခုလုံး ပူပန်မှုများဖြင့် မီးတောက်လျက်ရှိ၏။ တော်ဝင်ရန်အင်ပါယာမှ နဂါးနောင်တ က ပိုမိုနီးကပ်လာခဲ့ပြီဖြစ်၏။

သူတို့ ဘာဆက်လုပ်ရမည်နည်း။ အားလုံးက သင်္ဘောကို စွန့်ခွာပြီး ပင်လယ်ထဲသို့ ငုံ့လျှိုးကာဖြင့် ထွက်ပြေးမည်ဆိုလျှင် အသက်ရှင်နိုင်သော်လည်း ရှမ့်လန်ကမူ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်က တကယ့်ကို နုနယ်လွန်း၏။ ထိုထက်ပို၍ အရေးကြီးသည်က နဂါးအရှိန်အဝါ ပစ်လွှတ်စင်က အရမ်းကို အရေးကြီးသောကြောင့် ဤအတိုင်း လက်လွှတ်အဆုံးရှုံးခံ၍ မဖြစ်ပေ။

စေတီတောင် အကြီးအကဲက အော်ဟစ်လိုက်သည်။ “ရှမ့်လန်ကို နှိုးလိုက်စမ်း။ ရှမ့်လန်ကို အမြန်နှိုး။ သူက သူ့အသက်ကို တန်ဖိုးထားတဲ့အပြင် ပါးနပ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက်ပဲ။ သူ တစ်ခုခုတော့ နည်းလမ်း ရှာနိုင်လိမ့်မယ်။”

ရင်ဝူချယ်က လင်းယုန်ကို ထိန်းကျောင်း၍ အောက်သို့ ပြေးဆင်း၏။ ပင်လယ်အနီးသို့ ရောက်သည့်အချိန်မှာတော့ သူက ခုန်ဆင်းပြီး ရှမ့်လန်ရှိရာသို့ ပြေး၏။ သူက ရှမ့်လန်၏ ကိုယ်ပေါ်သို့ အပ်ဖြင့် ထိုးစိုက်ပြီး ရှမ့်လန်ကို နှိုး၏။

ရှမ့်လန်က ဆတ်ခနဲ တုန်၏။ ပြီးနောက် သတိပြန်ဝင်လာခဲ့သည်။

ရှမ့်လန်က ပြော၏။ “ဘာဖြစ်လို့လဲ။ ခင်ဗျားတို့ကို ကြည့်ရတာ ရင်ကွမ်း သေသွားတဲ့ရုပ် ဖြစ်နေပြီ။”

အရေးကြီးသော အချိန်အခါမျိုးတွင် ရင်ဝူချယ်က ရှမ့်လန်၏ စကားကို ဂရုမစိုက်နိုင်ချေ။ သူက ရှမ့်လန်ကို ဆွဲထုတ်ပြီး မြောက်ဘက် ကောင်းကင်ယံဆီသို့ လက်ညှိုးညွှန်ပြသည်။

ရှမ့်လန်က လှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မြောက်ဘက်ဆီမှ တရှိန်ထိုး ပြေးဝင်လာခဲ့သည့် နဂါးနောင်တကို မြင်ရ၏။

“ဟာ... အမင်္ဂလာပဲ။”

ရှမ့်လန်က တုန်လှုပ်စွာ ရေရွတ်မိသည်။ “နဂါးနောင်တ ဟုတ်လား။ ဒါ ဘယ်ကနေ ရောက်လာတာလဲ။”

“တော်ဝင်ရန်အင်ပါယာ... တော်ဝင်ရန်အင်ပါယာပဲ”

ရင်ဝူချယ်က ပြော၏။ “ရှမ့်လန်... ဒီနဂါးနောင်တက နောက်ဆုံး ၂ မိနစ်အတွင်း ပေါက်ကွဲတော့မယ်။ ငါတို့က ပင်လယ်ပြင်ထဲကို ငုပ်ပြီး ပြေးလို့ရတယ် ဆိုပေမဲ့ မင်းကတော့ မရဘူး။ မသေချင်ရင် ကိုယ့်ကိုယ်ကိုယ် ကယ်ဖို့ နည်းလမ်းကို စဉ်းစား။”

“ဟမ့်... ချီးထဲမှ... ချီးတဲ့မှ”

ရှမ့်လန်က ဆက်တိုက် ဆဲရေးနေမိသည်။ “ဒါ ဘယ်နှယ့်ဟာတုန်း။ ကျုပ်တို့ ဘာလို့ တော်ဝင်ရန်အင်ပါယာရဲ့ သင်္ဘောအုပ်စုနဲ့ လာတိုးနေရတာလဲ။”

ပြီးနောက် ရှမ့်လန်က မြောက်ဘက်မှ ပျံသန်းလာခဲ့သည့် နဂါးနောင်တကို စိုက်ကြည့်ရင်း အချက်အလက်များ ကို တတွတ်တွတ် ရေရွတ်နေ၏။

“ပျံသန်းနှုန်းက တစ်စက္ကန့်ကို မီတာ ၄၀၀ လောက်ရှိမယ်။ နောက်ထပ် စက္ကန့် ၁၅၀ ဆိုရင် ကျုပ်တို့ကို ထိတော့မယ်။”

ပြီးနောက် ရှမ့်လန်က စက္ကူနှင့် စာရွက်ကို အမြန်ယူ၏။ သူ၏ AI က ပျံသန်းမှု လမ်းကြောင်းကို အမြန် တွက်ချက်ပြီး ရေးဆွဲပေးနေသည်။

“မှန်ပြောင်း... မှန်ပြောင်းပေးစမ်း။”

ရှမ့်လန်က မှန်ပြောင်းကိုယူပြီး လေထဲတွင် ခြေဟန်လက်ဟန် ပြုလုပ်၏။ ကြည့်ရသည်က တကယ့်ကို နက်နဲသည့် အပြုအမူကြီးတစ်ခုကို ပြုလုပ်နေသည့်ပုံပင်။

“ပေတံ ပေးစမ်း။ တြိဂံပေတံ မြန်မြန်ပေး...” ရှမ့်လန်က စက္ကူပေါ်တွင် ပျံသန်းမှု လမ်းကြောင်းကို ဆက်တိုက် ပြင်ဆင်၏။

“မြန်မြန်လုပ်... မြန်မြန်လုပ်စမ်း။”

ရင်ဝူချယ်က ခက်ထန်စွာ အော်ဟစ်သည်။ “အချိန်မရှိတော့ဘူး...”

သူက သင်္ဘောပေါ်သို့ ရှေးဟောင်းကိရိယာကို အမြန်ဆုံး တင်ဆောင်စေလိုက်၏။ သင်္ဘောအုပ်စုရှိ ရာနှင့်ချီသည့် စစ်သည်များက အထူးဝတ်စုံကို ဝတ်ဆင်ပြီး ပင်လယ်ထဲသို့ ခုန်ဆင်းရန် အသင့် ပြင်ဆင်ထား၏။ နဂါးနောင်တသာ ပေါက်ကွဲသွားပါက ပင်လယ်ကြမ်းပြင်တွင် ပုန်းအောင်းနေမှသာ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိပေလိမ့်မည်။

သို့သော်ငြား လူအများတို့၏ ဝတ်ရုံများတွင် အောက်ဆီဂျင်ဘူး မပါရှိပေ။ နဂါးနောင်တက တဖြည်းဖြည်း နီးကပ်လာပြီး ရှမ့်လန်က ရှုပ်ထွေးသည့် တွက်ချက်မှုများကို ပြုလုပ်နေဆဲပင်။

မကြာခင်မှာပင် စက္ကူဖြူ တစ်ရွက်ပေါ်တွင် သင်္ချာ ပုံသေနည်းပေါင်း ၁၀ ကြောင်းထက်မနည်းက ပြည့်နှက်သွဦး၏။ အချိန် တစ်ဝက်မျှ ကုန်ဆုံးသွား၏။

“အခြေအနေ ကြည့်အုံး။ ဒါတွေ ရေးဖို့ အချိန်ရှိနေသေးတာလား။ နဂါးနောင်တက ငါတို့ကို ထိတော့မယ်။ ပေါက်ကွဲတော့မယ်ကွ။” ရင်ဝူချယ်က အော်ဟစ်လိုက်သည်။

ရှမ့်လန်က သူ၏ တွက်ချက်မှုများကို အဆုံးသတ်ပြီး ပြော၏။ “နည်းလမ်းတစ်ခုပဲ ရှိတယ်။ ဘယ်လက်နက်မှ နဂါးနောင်တကို မတားဆီးနိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ဆိုရင်တော့ ဖြစ်နိုင်လောက်တယ်။ ကျုပ်တို့မှာ နောက်ထပ် နဂါးနောင်တ တစ်ခု ရှိသေးတယ် မဟုတ်လား။ အဲဒါကို ချက်ချင်း ပစ်လွှတ်လိုက်။ ပြီးတော့ တော်ဝင်ရန်အင်ပါယာရဲ့ နဂါးနောင်တကို ကြားဖြတ် ဖျက်ဆီးရမယ်။”

ရင်ဝူချယ်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ ထိုသို့ဆိုလျှင် နောက်ဆုံး ကျန်ရှိနေသည့် နဂါးနောင်တကို အသုံးချရတော့မည် မဟုတ်ပါလား။ သို့သော်လည်း ထိုအရာကို အသုံးမပြုလျှင်လည်း အလကားပင်။ တော်ဝင်ရန်၏ နဂါးနောင်တသာ ပေါက်ကွဲသွားပြီဆိုပါက ပစ်လွှတ်စင်ရော ကျန်ရှိသည့် နဂါးနောင်တ ပါ အားလုံး ပျက်စီးသွားပေလိမ့်မည်။

“အောင်မြင်နိုင်ခြေက ဘယ်လောက်ရှိလဲ။” ရင်ဝူချယ်က မေးသည်။

ရှမ့်လန်က ပြန်လည်ကာ ပြောဆို၏။ “အများဆုံး ၇၀ ရာခိုင်နှုန်းပဲ။ ဒါက အရေးပေါ် အခြေအနေမျိုးပဲ။ ခင်ဗျား စမ်းကြည့်ချင်လား။”

ရင်ဝူချယ်က ဝေခွဲမရ ဖြစ်နေ၏။ သို့သော်လည်း တော်ဝင်ရန်အင်ပါယာ၏ နဂါးနောင်တက ပို၍ နီးကပ်လာနေသည်။ “စမ်းသပ်ကြည့်ရအောင်။”

စေတီတောင် အကြီးအကဲက ဆို၏။ “ရှမ့်လန်... မင်းက မင်းရဲ့ အသက်ကို ကယ်ဖို့ပဲ ကြိုးစားရမှာ။ တော်ဝင်ရန်အင်ပါယာရဲ့ နဂါးနောင်တသာ ပေါက်ကွဲသွားရင် ငါတို့က အသက်ရှင်ကောင်း ရှင်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းကတော့ သေချာပေါက် သေမှာပဲ။”

ရှမ့်လန်က စကားတစ်ခွန်းမှ မဆိုဘဲ နဂါးအရှိန်အဝါ ပစ်လွှတ်စင်ရှိရာဆီသို့ တရှိန်ထိုး ပြေး၏။ သူက အိမ်မက်ဆိုး ကျောက်တုံး ဒါဇင်ပေါင်းများစွာကို အလျင်အမြန် လှည့်ပတ်ကာဖြင့် ပစ်မှတ်နှင့် အကွာအဝေးကို သတ်မှတ်သည်။

ရင်ဝူချယ်က တစုံတစ်ခု မှားယွင်းနေသလို ခံစားရ၏။ စည်းမျဉ်းများအရ ရှမ့်လန်က နဂါးနောင်တကို အသက်သွင်းနိုင်သော်လည်း ပစ်လွှတ်စင်ကို မထိရပေ။ သို့သော်လည်း အရေးကြီးသော အခြေအနေမျိုးတွင် စည်းမျဉ်း ဆိုသည်ကို ဂရုမစိုက်နိုင်တော့ချေ။

ထို့အပြင် ဤနေရာက ကျယ်ပြောသည့် သမုဒ္ဒရာရေပြင်ကြီးဖြစ်ပြီး နဂါးနောင်တက ဘယ်နေရာကို သွားရောက် ဖျက်ဆီးနိုင်မည်နည်း။ အနီးဆုံးနေရာက နုရှောင့်မြို့တော်သာ ဖြစ်ပြီး ထိုအရာက အနီးဆုံးဆိုလျှင်တောင် တကယ့်ကို ဝေးကွာလွန်း၏။ နဂါးနောင်တက အများဆုံး ကီလို ၅၀၀ မှ ၆၀၀ အထိသာ ပျံသန်းနိုင်၏။

“အား...” ရှမ့်လန်က တကယ့်ကို ထိတ်လန့်နေပုံပေါ်၏။ သူက ရုတ်တရက် ရပ်တန့်လိုက်ပြီးနောက် သူ၏ ဦးခေါင်းကို တဘုတ်ဘုတ်နှင့် ရိုက်သည်။

“ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။”

ရင်ဝူချယ်က မေး၏။ “မြန်မြန်လုပ်စမ်း။ အချိန်မရှိတော့ဘူး။”

“ပါးစပ်ပိတ်ထား... ပါးစပ်ပိတ်ထားစမ်း။”

ရှမ့်လန်က ပြန်လည်ကာ အော်ဟစ်လိုက်သည်။ “ကျုပ်ကို လာပြီး မနှောင့်ယှက်နဲ့။”

ပြီးနောက် သူက ခေါင်းကို တဘုန်းဘုန်းနှင့်ထုရင်း ရူးသွပ်မတတ် ဆက်လက် တွက်ချက်နေ၏။

ဤသို့ မြင်ရသောကြောင့် ရင်ဝူချယ်နှင့် စေတီတောင်အကြီးအကဲတို့က စိတ်အေးသွား၏။ ရှမ့်လန်က တကယ့်ကို စိုးရိမ်ပူပန်နေပုံရသောကြောင့် သူ၏ အသက်ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားနေသည်မှန်း သိသာ၏။

မကြာခင်မှာပဲ ရှမ့်လန်က ပစ်လွှတ်စင်ကို ပြင်ဆင်ပြီးစီးသွား၏။ ပစ်ခတ်မည့် အကွာအဝေးနှင့် ပစ်မှတ် ကိုလည်း တွက်ချက်ခဲ့ပြီးဖြစ်သည်။

“ရွှေသေတ္တာ…. ရွှေသေတ္တာ အမြန်ပေး...” ရှမ့်လန်က အော်ဟစ်၏။

သူ၏ရှေ့သို့ ရွှေသေတ္တာတစ်ခု ရောက်ရှိလာ၏။ ထိုအရာ၏အတွင်း၌ ရှေးဦးလူသား၏ သွေးကျောက်ဖြစ်ရုပ်ကြွင်းများ ပါရှိ၏။ ရှမ့်လန်က သူ၏လက်ချောင်းကို ဓားဖြင့် အမြန်လှီးဖြတ်ပြီး သွေးများကို ထိုအတွင်းသို့ စီးကျစေ၏။ သူ၏ လက်ချောင်းဖြင့် နဂါးနောင်တဟူသည့် စာသားကို အမြန်ပင် ပွတ်သပ်လိုက်သည်။

ထိုစဉ်မှာတော့ ရင်ဝူချယ်က တစ်စုံတစ်ခုကို သတိထားမိ၏။ ရှမ့်လန်က ထိုစာလုံးသုံးလုံးကို အသာ ပွတ်သပ်လိုက်စဉ် နောင်တဟူသည့် စာလုံး၏ နောက်ဆုံးအစပ်ကို နှစ်ကြိမ်တိုင်တိုင် အားဖြင့် ဖိနှိပ်ခဲ့ခြင်းပင်။ ပြီးနောက် ရှမ့်လန်၏ လက်ချောင်းများက တုန်ယင်သွားခဲ့၏။

နဂါးနောင်တ ဟူသည့် စာလုံး သုံးလုံးက လင်းထိန်သွားပြီး အသက်ဝင်လာ၏။ ပင်လယ်ပြင်တစ်ခုလုံးက အားကောင်းပြီး ဆန်ပြားသော စွမ်းအားတစ်ခု အောက်သို့ ထပ်မံ ကျရောက်သွားပြန်သည်။

“ကံတရားအတိုင်းပဲ။ ကံတရားအတိုင်းပဲ။”

ရှမ့်လန်၏ လက်များက တုန်ယင်နေ၏။

“အောင်မြင်နိုင်ခြေက ၇၀ ရာခိုင်နှုန်း ရှိတယ်။ နတ်ဘုရားတွေ ကယ်တင်ပါစေ။ နတ်ဘုရားတွေ ကယ်တင်ပါစေ။ အင်း... ခင်ဗျားလုပ်မှာလား။ ကျုပ်လုပ်ရမှာလား။” ရှမ့်လန်က ရင်ဝူချယ်ကို မေးသည်။

အပိုင်း (၁၀၅၀)

“မင်းရဲ့ အမင်္ဂလာ မရှိတဲ့ ပါးစပ်ပေါက်ကြီးကို ပိတ်ထားစမ်း။”

ရင်ဝူချယ်က ရှေ့သို့တိုးပြီး ပစ်လွှတ်သည့် ခလုတ်ကို နှိပ်၏။

“ဝူး...”

နဂါးနောင်တက ဟိန်းဟောက်သံနှင့်အတူ ပြေးထွက်သွား၏။ ပေ ၂၀ ခန့် ပျံသန်းပြီးနောက် ထိုအရာက ပလပ်စမား မီးတောက်များကို ရုတ်တရက် မှုတ်ထုတ်၏။ အရှိန်နှုန်း ၃ ဆ မြန်သည့်နှုန်းဖြင့် အရှိန်ပြင်းစွာ ထိုးထွက်သွားခဲ့သည်။

ဤတစ်ကြိမ် မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်လွန်းသည့် ဟိန်းသံကြီးတစ်ခုကို ထုတ်ဖော်၏။ လူတိုင်း၏ စောင့်ကြည့်နေသည့် မျက်လုံးအောက်မှာပဲ နဂါးနောင်တက ကောင်းကင်ယံဆီသို့ ပြေးဝင်လာသော နဂါးနောင်တဆီသို့ ဦးတည် ပျံသန်းသွား၏။

“နတ်ဘုရားတွေ ကယ်ပါ။ နတ်ဘုရားတွေ ကယ်ပါစေ။” ရှမ့်လန်က လက်အုပ်ချီကာ ဆုတောင်းသည်။

ရင်ဝူချယ်နှင့် တခြားသော သူများ၏ နှလုံးခုန်သံများက ပိုမိုကာ မြန်ဆန်လာ၏။ သူတို့က အောင်မြင်ပါစေကြောင်း ဆုတောင်းမိ၏။ သို့မဟုတ်ပါက သင်္ဘောအုပ်စု ပျက်စီးသွားပေလိမ့်မည်။ ပစ်လွှတ်စင် ကလည်း ပျက်စီးသွားမှာ ဖြစ်ပြီး သူက ကြီးမားသည့် ဒုက္ခကို ခံစားရပေမည်။ ဤပစ်လွှတ်စင်က နဂါးနောင်တ ထက်ပင် ပိုမိုကာ တန်ဖိုးကြီးမား၏။

စေတီတောင်နှင့် ချန်နိုင်ငံသစ်မှ စစ်သည်အားလုံးတို့က အသက်ရှူပင် မဝဘဲ ကောင်းကင်ယံကို စိုက်ကြည့်နေ၏။ နဂါးနောင်တ နှစ်ခုက တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပြီး မကြာခင် ထိတွေ့ပေတော့မည်။ ရင်ဝူချယ်က အံ့အားသင့်မိနေ၏။ ရှမ့်လန်က တကယ်ပဲ အံ့အားသင့်စရာ ကောင်း၏။ သူက နဂါးနောင်တကို ကြားဖြတ် ဟန့်တားနိုင်စွမ်း ရှိနေသည်။

“ထိပြီ... ထိပြီပဲ။”

လူတိုင်း၏ နှလုံးသားများက ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ်ပင်ဖြစ်နေသည်။ နဂါးနောင်တ နှစ်ခုက ထိတွေ့မိတော့မည်။ အနည်းဆုံး လူတိုင်း မြင်တွေ့ရသည်က ဤသို့ပင်။

သို့သော်လည်း မည်သည့် ထိတွေ့မှုမှ မရှိခဲ့ချေ။ ထိုအရာတို့က ၁၀ မီတာခန့် အကွာအဝေးမှ တစ်ခုနှင့်တစ်ခု လွဲချော်သွားခဲ့၏။

တော်ဝင်ရန်၏ နဂါးနောင်တက သူတို့ဆီသို့ ဆက်လက် ပျံသန်းလာနေဆဲ ဖြစ်ပြီး ရှမ့်လန် ပစ်လွှတ်လိုက်သည့် တစ်ခုကတော့ မြောက်ဘက်သို့ ဆက်လက် ဦးတည်သွား၏။ သူတို့ ကျရှုံးခဲ့၏။ ကြားဖြတ်ဟန့်တားမှုက ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။

“ဟာ့... ချီးလိုပဲ။”

ရှမ့်လန်က ဆဲရေး၏။ “နည်းနည်းလောက်ပဲ လိုတော့တယ်။ နည်းနည်းလေးပဲ လိုတော့တာကို။”

နဂါးနောင်တက သင်္ဘောအုပ်စုနှင့် ပိုမို နီးကပ်လာပြီဖြစ်ပြီး မီတာ တစ်သောင်းပင် မလိုတော့ချေ။

“ပြေးကြ... ပြေးကြတော့။ မြန်မြန်ပြေးကြ။” ရင်ဝူချယ်နှင့် စေတီတောင် အကြီးအကဲများက အမိန့်ပေး၏။ သင်္ဘောပေါ်မှ ရာနှင့်ချီသည့် စစ်သည်များက ပင်လယ်ထဲသို့ ခုန်ဆင်းပြီး ရေနက်ပိုင်းဆီသို့ ငုပ်လျှိုး သွားခဲ့သည်။

ရင်ဝူချယ်က ရှမ့်လန်၏ ဦးခေါင်းကို သံဦးထုတ် တစ်လုံး ဆောင်းပေး၏။ ပြီးနောက် သူက ရှမ့်လန်နှင့်အတူ ပင်လယ်ထဲသို့ ခုန်ဆင်းကာဖြင့် ရေနက်ပိုင်းဆီသို့ ငုပ်ဆင်း၏။

ရင်ဝူချယ်က ပြောလိုက်သည်။ “အသက်ရှင်လား၊ သေမလား ဆိုတာက ကိုယ့်ရဲ့ ကံတရားပေါ်ပဲ မူတည်တော့တယ်။”

ပင်လယ်ပြင်တစ်ခုလုံး အိုးထဲသို့ မုန့်လုံးများ ပစ်ထည့်လိုက်သကဲ့သို့ပင် ဆူပွက်နေသည်။ လူတိုင်းက သင်္ဘောများကို စွန့်ခွာကာဖြင့် ရေထဲသို့ ခုန်ချ၏။ ရင်ဝူချယ်က ရှမ့်လန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ပိုမို နက်ရှိုင်းသည့် နေရာသို့ ငုပ်ဆင်း၏။ နဂါးနောင်တ ပေါက်ကွဲမှုမှ လွတ်မြောက်ရန် ပင်လယ်ကြမ်းပြင်တွင် ရှိနေမှသာ ဖြစ်ပေလိမ့်မည်။

ပင်လယ်ရေထုကသာ ပေါက်ကွဲမှု၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို လျှော့ချပေးနိုင်မှာ ဖြစ်၏။ ရှမ့်လန် သေဆုံးသွား၍ မဖြစ်ချေ။ သေဆုံးသွားခဲ့ပါက နဂါးနောင်တကို မည်သူမှ အသက်သွင်းနိုင်တော့မည် မဟုတ်ချေ။ မကြာခင်မှာပဲ သူတို့က ရေအောက် ပေ ဒါဇင်ပေါင်းများဆီသို့ ရောက်ရှိ၏။

“ရောက်တော့မယ်။ ရောက်တော့မယ်။”

ပြီးနောက် ရင်ဝူချယ်က နဂါးနောင်တ ကျလာမည့် အချိန်နှင့် လောကပျက်မတတ် ပေါက်ကွဲမှုကြီးကို ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။ စက္ကန့်တိုင်းက နှစ်ပေါင်းများစွာ ကြာမြင့်သကဲ့သို့ ခံစားရသည်။

ရင်ဝူချယ်က သူ၏ အသက်ကို အဆုံးကုန် အောင့်ထားပြီး ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာရန် စောင့်ဆိုင်းနေ၏။ တော်ဝင်ရန်အင်ပါယာက တကယ့်ကို ရက်စက်လွန်း၏။ သို့သော်လည်း ....

၁၀ စက္ကန့်... ၂၀ စက္ကန့်... စက္ကန့် ၃၀ ကြာမြင့်သွား၏။ ပေါက်ကွဲမှုကြီးက ဖြစ်ပေါ်မလာခဲ့ချေ။

“ဒါမဖြစ်နိုင်ဘူး။ ယုတ္တိအရ ဆိုရင် နဂါးနောင်တက ပင်လယ်ထဲကို ကျရောက်ပြီး ပေါက်ကွဲရမှာ မဟုတ်လား။”

ပေ တစ်သောင်းသာ ဝေးကွာသောကြောင့် ရောက်ရှိရန် အလွန်ဆုံး စက္ကန့် ၃၀ သာ ကြာမြင့်ပေလိမ့်မည်။ အဘယ်ကြောင့် မပေါက်ကွဲရသနည်း။

ထိုစဉ်မှာပင်... “ဝုန်း...” ကျယ်လောင်လွန်းသည့် အသံကြီးနှင့်အတူ ကြီးမားလှသည့် အရာဝတ္ထုကြီး တစ်ခုက ရုတ်တရက် ကျရောက်လာပြီး ပင်လယ်ရေထဲသို့ စိုက်ဝင်သွား၏။ ရင်ဝူချယ်က သူ၏ရှေ့ မီတာ အနည်းငယ်အကွာတွင် နဂါးနောင်တတစ်ခု ပင်လယ်ထဲ စိုက်ဝင်လာသည်ကို ရှင်းလင်းစွာ မြင်ရ၏။ သို့သော်လည်း ထိုအရာက ပေါက်ကွဲခြင်းဟူ၍ မရှိချေ။ ဘာတွေဖြစ်သနည်း။ နဂါးနောင်တက သုံးမရခဲ့သည်လား။

ရင်ဝူချယ်၏ ပထမဦးဆုံး သိစိတ်က ထွက်ပြေးရန်ပင်။ သို့သော်လည်း နောက်ထပ် ၁ မိနစ် ကြာချိန်မှာတော့ ပေါက်ကွဲမှုက ဖြစ်မလာခဲ့ချေ။ တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားရမည်။

တခြားသော သူများကလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသောကြောင့် ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်ကာ တစ်ဦးကို တစ်ဦး ကြည့်ရှုမိ၏။

ဘာတွေဖြစ်နေသနည်း။ တော်ဝင်ရန်အင်ပါယာ၏ နဂါးနောင်တက အလုပ်မလုပ်တော့ဘူးလား။

“သွားကြ... သွားကြ။ အဲဒါကို လိုက်ဆယ်ကြစမ်း။ အဲဒီမှာ ရှိလောက်တယ်။”

အထူးစစ်သည် ဒါဇင်ပေါင်းများစွာတို့က ပင်လယ်ထဲသို့ အမြန် ငုပ်ဆင်း၏။ မကြာခင်မှာပင် သူတို့က ကြီးမားလွန်းသည့် အရာဝတ္ထုကြီး တစ်ခုကို သယ်ဆောင်ကာဖြင့် ရေပေါ်သို့ ပြန်တက်လာသည်။

ရင်ဝူချယ်နှင့် စေတီတောင်အကြီးအကဲတို့က ရှေ့သို့ ရောက်ရှိလာ၏။ ဤသည်က တော်ဝင်ရန်အင်ပါယာ ပစ်လွှတ်လိုက်သည့် နဂါးနောင်တပင် ဖြစ်၏။ ရင်ဝူချယ်က ထိုအရာကို သေချာချာ စစ်ဆေးကြည့်ရှုသည်။ မှားစရာ မရှိချေ။ ဤသည်က နဂါးနောင်တပင် ဖြစ်ပြီး လုံးဝကို ထပ်တူနီးပါး တူညီ၏။ အရွယ်အစားရော ပုံပန်းသဏ္ဍာန်ပါ တူညီခြင်းပင်။ သို့သော်လည်း ထိုအရာက အဘယ်ကြောင့် မပေါက်ကွဲရသနည်း။

ထိုစဉ်မှာပဲ အထူးစစ်သည်က ပြော၏။ “ဒုတိယမင်းသား... အကြီးအကဲ... ဒါ တစ်ခုခု မှားနေပြီ။ ဒီနဂါးနောင်တ က အရမ်းကို ပေါ့လွန်းနေတယ်။”

ရင်ဝူချယ်က ရှေ့သို့တိုးကာ ကြည့်၏။ ထိုအရာကို မ,ကြည့်၏။ တကယ်ပင် ပေါ့ပါးလို့နေ၏။ ပုံမှန် နဂါးနောင်တ တစ်ခုက ကီလိုဂရမ် သောင်းနှင့်ချီ လေးလံသော်လည်း ဤတစ်ခုက ကီလိုဂရမ် ၅၀၀၀ ထက်ပင် လျော့နည်းနေသေး၏။ ဘာတွေ ဖြစ်နေသနည်း။

ရင်ဝူချယ်က အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေ၏။ သူက ကြီးမားသည့် ထောင်ချောက်တစ်ခုထဲ ကျရောက်သွားသည်ဟု မသေချာ မရေရာသလို ခံစားနေရသော်လည်း အဖြေကို ရှာမတွေ့သေးချေ။

“ဒီနဂါးနောင်တက အတုပဲ... အတုကြီးပဲ။” စေတီတောင် အကြီးအကဲက တုန်ယင်နေသည့် အသံဖြင့် ပြော၏။ ဤနဂါးနောင်တ၌ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်များ ပါဝင်ခြင်း မရှိကြောင်း သူ ခံစား သိရှိ၏။ ချက်ချင်းဆိုသလိုပဲ သူနှင့် ရင်ဝူချယ်တို့က ရှမ့်လန်ရှိရာသို့ လှည့်ကြည့်၏။

“မင်းပဲ... ဒါ မင်းရဲ့ အကြံအစည်တွေပဲ။”

ရင်ဝူချယ်က ရှမ့်လန်ကို စူးစူးဝါးဝါး ကြည့်ရှုရင် အော်ဟစ်လိုက်သည်။

“ဖြောင်း... ဖြောင်း... ဖြောင်း...”

ပင်လယ်ရေမျက်နှာပြင်ပေါ်မှာတော့ ရှမ့်လန်က လက်ခုပ်တီး၏။ သူက ပြုံးရွှင်စွာဖြင့် ပြော၏။ “အခုမှ ခင်ဗျားတို့ သိကြတာလား။ ခင်ဗျားတို့က သိပ်ကို နှေးကွေးလွန်းတာပဲ။ ခင်ဗျားတို့က လူအတွေပါလို့ ကျုပ် ပြောခဲ့တာပဲ။ ဒါကို ခင်ဗျားတို့ မယုံကြဘူး။”

ရှမ့်လန်က သူ၏ ဦးခေါင်းမှ သံဦးထုတ်ကို ခက်ခက်ခဲခဲနှင့် ချွတ်၏။ ပြီးနောက် သူက ပြုံးကာ ပြောသည်။ “ပထမဦးဆုံး အနေနဲ့ ရင်ကွမ်း၊ စေတီတောင်၊ ချန်နိုင်ငံသစ်၊ ရင်ဝူချယ်... အားလုံး .... ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ရင်ဝူချယ်... စေတီတောင်ရဲ့ နဂါးနောင်တကို ကျုပ် ဘယ်လို ခိုးယူမလဲ ဆိုတာ ခင်ဗျား သိပ်သိချင်နေတယ် မဟုတ်လား။ ကျုပ်က နေ့ခင်းကြောင်တောင်မှာပဲ အထင်အရှား ခိုးယူလိုက်တာပဲ။

အမှန်တော့ ကျုပ်က တစ်ခုပဲ ခိုးချင်တာ။ ဒါပေမဲ့ ခင်ဗျားတို့က အရမ်းကို သဘောကောင်းလွန်းတော့ ကျုပ်ကို နှစ်ခုအထိ ခိုးအောင် တိုက်တွန်းခဲ့ကြတယ်။ အခုဆိုရင် နဂါးနောင်တ နှစ်ခုလုံးက နုရှောင့်မြို့တော်ဆီကို ရောက်ရှိသွားပြီ။ ဒါတွေကို ကျုပ်တို့ သိမ်းထားလိုက်မယ်။ ခင်ဗျားတို့ရဲ့ လက်ဆောင်အတွက်လည်း ကျေးဇူးတင်ပါတယ်။”

ရင်ဝူချယ်က တစ်ကိုယ်လုံး တုန်ယင်လာ၏။ သူ၏ စိတ်ထဲတွင် ပြန်လည် မြင်ယောင်လာ၏။ ခုဏက ရှမ့်လန် နဂါးနောင်တကို အသက်သွင်းလိုက်စဉ် ‘နောင်တ’ ဟူသည့် စာလုံး၏ နောက်ဆုံးအစပ်ကို လက်ချောင်းနှင့် ဖိကာ နှိပ်လိုက်ပုံက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ ခံစားမိ၏။

ပထမအကြိမ်တွင် သူ သတိမထားမိသော်လည်း ဒုတိယအကြိမ်တွင်မူ သတိထားလိုက်မိ၏။ သို့သော်လည်း သူက တကယ်ကို စိတ်လောနေသောကြောင့် ဘာတစ်ခုမှ မပြောလိုက်ခြင်းပင်။

ရှမ့်လန်က ပြုံးကာ ဆိုသည်။ “အခု မှတ်မိသွားပြီလား။ ကျုပ်က နောင်တ ဆိုတဲ့ စာလုံးရဲ့ နောက်ဆုံးအစပ်ကို နှစ်ကြိမ်တိုင်တိုင် ဖိလိုက်တာပဲ။ ဒါ ဘာအဓိပ္ပာယ်လဲ ခင်ဗျား သိလား။ ဒါက တကယ့်ကို နောင်တ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျုပ် အမိန့်ကို ပြန်ရုပ်သိမ်းလိုက်တာပဲ။ ဒါကြောင့် နဂါးနောင်တက မပေါက်ကွဲတော့တာပဲ။”

ရင်ဝူချယ်က တုန်ယင်စွာ ပြော၏။ “မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ပြီးတော့ ဒါကို ပစ်လွှတ်နိုင်ရတာလဲ။”

ရှမ့်လန်က ပြောသည်။ “နဂါးနောင်တကို ပစ်လွှတ်ဖို့က နဂါးရဲ့ စွမ်းအားက ဆုံးဖြတ်ပေးတာ။ ဒါပေမဲ့ အဲဒါက ပေါက်ကွဲမလား မပေါက်ကွဲဘူးလား ဆိုတာကတော့ နဂါးနောင်တ ကိုယ်တိုင်ကပဲ ဆုံးဖြတ်တာ။ ဒါကြောင့် နဂါးနောင်တ နှစ်ခုလုံးက နုရှောင့်မြို့တော်ဆီကို ပျံသန်းသွားကြတယ် ဆိုပေမဲ့ ပေါက်ကွဲမှာ မဟုတ်ဘူး။ ဒါက ခင်ဗျားတို့ရဲ့ ရှေ့မှာတင် ဒီနှစ်ခုလုံးကို ခိုးယူလိုက်တာပဲ။”

ရင်ဝူချယ်က ဒေါသတကြီးနှင့် ပြော၏။ “မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ကျုပ်တို့ရဲ့ လင်းယုန်စီး စစ်သည်တွေက နုရှောင့်မြို့တော်မှာ နဂါးနောင်တ ပေါက်ကွဲပြီး မီးလုံးကြီးတွေ တက်လာတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။”

ရှမ့်လန်က ပြန်ပြောသည်။ “ဒါ အတုကြီးပါပဲ။ ကျုပ်ရဲ့လူတွေက နုရှောင့်မြို့တော်ရဲ့ ကွင်းပြင်ထဲမှာ ရေနံဆီ အများအပြားကို ဖောက်ခွဲပြီး ပေါက်ကွဲမှု ဖြစ်သလို ပုံဖော်လိုက်တာပဲ။ ခင်ဗျားတို့က အဝေးကနေ မီးတောက်တွေကို မြင်ရတော့ နဂါးနောင်တ ပေါက်ကွဲသွားပြီလို့ ထင်ကြတာပေါ့။ တကယ်တော့ အဲဒါက မပေါက်ကွဲပါဘူး။

ရင်ဝူချယ်... ခင်ဗျား မှန်တယ်။ ကျုပ် ခင်ဗျားတို့ဆီ အဖမ်းမခံရခင်တည်းက အားလုံးကို ကြိုတင် ပြင်ဆင်ထားပြီးသားပဲ။ နဂါးနောင်တကို ခိုးယူဖို့ ကျုပ်မှာ အစီအစဉ် ရှိပြီးသား။ တော်ဝင်ရန် အင်ပါယာက ခင်ဗျားတို့ကို နဂါးနောင်တပစ်ခတ်ဖို့ ဖိအားပေးပြီး နုရှောင့်မြို့တော်ကို ဖျက်ဆီးခိုင်းမယ်ဆိုတာ ကျုပ် သိပြီးသား။ ဖျက်ဆီးဖို့ လက်သည်ကလည်း ကျုပ်ဖြစ်ရမယ် ဆိုတာကို သိပြီးသား .. ဟားဟား ...။

ခင်ဗျားတို့ သားအဖက ကျုပ်လက်နဲ့ ကျုပ်မြို့ကို ဖျက်ဆီးတာ မြင်ချင်ကြတယ် မဟုတ်လား။ ဒီလို မြင်ရမှ ခင်ဗျားတို့က ကျေနပ်ကြမှာလေ။ ခင်ဗျားတို့ နုရှောင့်မြို့တော်ဆီကို နဂါးနောင်တ ပစ်ချခိုင်းမယ့်နေ့ကို ကျုပ် စောင့်နေခဲ့တာပဲ။ လုပ်မယ့်လုပ်ခိုင်းတော့လည်း နဂါးနောင်တ တစ်ခုတင်မဟုတ်ဘူး။ ဒုတိယ တစ်ခု ထပ်ရအောင်ပါ အခွင့်အရေးပေးခဲ့သေးတယ်။

ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ အရမ်း ပင်ပန်းသွားကြပြီ။ ဒီနဂါးနောင်တ နှစ်ခုလုံးကို ကျုပ်က ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်ပါမယ်။ နောက်ဆုံးအနေနဲ့ ကျုပ်ရဲ့ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ပြောချင်တဲ့ အကြောင်းအရာကတော့ အဖေတူ မအေတူ အူတူတူကောင်တွေ...”

ဤအရာက သူတို့၏ ကိုယ်ကျင့်တရားကို စော်ကားခြင်းသာ မဟုတ်ချေ။ သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကိုပါ စော်ကားလိုက်ခြင်း ဖြစ်ပြီး ရင်ဝူချယ်က တစ်ကိုယ်လုံး တုန်ယင်လို့ နေ၏။ သူ၏ မျက်နှာက နီမြန်းလို့ နေပြီး ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲလုမတတ် ခံစားနေရ၏။ ဤအရာက အလွန်ကို ရှက်ဖို့ကောင်း၏။

အစတည်းက ရင်မျိုးနွယ်စုနှင့် စေတီတောင်တို့က ရှမ့်လန်၏ ကစားစရာများ ဖြစ်ခဲ့၏။ ပိုမို၍ အရှက်ရစရာ ကောင်းသည်က ရှမ့်လန်က သူတို့ကို အစကတည်းက အမှန်တရားကို ပြောပြခဲ့ခြင်းပင်။ သူက နဂါးနောင်တ ကို ခိုးယူရန် လာခဲ့ခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

ရှမ့်လန်က သူ၏ ရည်ရွယ်ချက်ကို ပြောပြခဲ့ပြီးသား ဖြစ်သလို လိုအပ်သည့် ပြင်ဆင်မှု အားလုံးကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်၏။ နောက်ဆုံး ရှမ့်လန်က အောင်မြင်သွားခဲ့၏။ ပို၍ ရယ်စရာကောင်းသည်က ရင်မျိုးနွယ်စု ကိုယ်တိုင်က နဂါးနောင်တ နှစ်ခုကို သူ့ထံ အရောက် ပို့ဆောင်ခဲ့ခြင်းပင်။

“ရှမ့်လန်... မင်းက လူတိုင်းကို လူအတွေလို ထင်နေတာလား။ မင်းက အစောကြီးတည်းက အရာအားလုံးကို စီစဉ်ခဲ့တယ်။ မင်းက အစတည်းက အရာအားလုံးကို တွက်ချက်ခဲ့တာပဲ။” ရင်ဝူချယ်က သူ၏ လက်သီးကို ခပ်တင်းတင်း ဆုပ်၏။

သူ၏ နှလုံးသားထဲတွင် ပြင်းထန်သည့် ဒေါသတရားများဖြင့် ပြည့်နှက်နေ၏။ သူက ရှမ့်လန်၏ ချောမောသော်လည်း ရွံရှာဖွယ်ရာကောင်းသည့် မျက်နှာကို ရိုက်ခွဲပစ်ချင်သည့်အပြင် ဓားနှင့် မွှန်းပစ်ချင်စိတ်များ ပေါက်နေသည်။

ရှမ့်လန်က ပြုံးလိုက်၏။ “ရင်ဝူချယ်... ဒါဆိုရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျား ကျုပ်ကို ဓားစာခံအဖြစ် သုံးပြီး နဂါးနောင်တနဲ့ လဲလှယ်မှာလား။ ကျုပ်က တော်ဝင်ချန်မင်းဆက်ရဲ့ အုပ်စိုးသူ တစ်ယောက်ပဲလေ။ သူတို့က သေချာပေါက် လဲချင်ကြမှာပဲ။”

“ပါးစပ်ပိတ်ထား... ပါးစပ်ပိတ်ထားစမ်း။” ရင်ဝူချယ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ဤအချိန် မှာတော့ သူ၏ စိတ်က ရှုပ်ထွေးနေ၏။ ရှမ့်လန် ပြောသမျှ စကားလုံးတိုင်းက ဟန်ဆောင်နေခြင်း ဖြစ်မည်ကို သူ စိုးရိမ်မိ၏။ နေရာတိုင်းတွင် ချုံခိုတိုက်ခိုက်မှုများ ရှိနေနိုင်သည်ဟု ခံစားမိသည်။

“ဖြောင်း...” ရုတ်တရက် သူက ရှမ့်လန်ကို လက်ဝါးနှင့် ရိုက်ချ၏။ ရှမ့်လန်၏ မြင်ကွင်းက မှောင်အတိ ကျပြီး ထပ်မံ သတိလစ် မေ့မြောသွား၏။

“သွားကြ... အခုချက်ချင်း ထွက်သွားကြစမ်း။” ရင်ဝူချယ်က ဟိန်းဟောက်၏။ သူက ယခုချက်ချင်းသာ ထွက်မသွားပါက ရှမ့်လန်၏လူများ သို့မဟုတ် တော်ဝင်ရန်အင်ပါယာ၏ လူများ ရောက်ရှိလာမည်ကို စိုးရိမ်မိသည်။

သူက အလွန်အမင်း ဒေါသထွက်နေပြီး ရှမ့်လန်ကို အပိုင်းပိုင်း မွှန်းပစ်ချင်သော်လည်း သူ၏ နောက်ဆုံး ကျန်ရှိနေသည့် အသိစိတ်က ဤကိစ္စက သူ၏ အခွင့်အာဏာထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း သတိပေးလို့ နေ၏။ သူက ရှမ့်လန်ကို ချက်ချင်း ပြန်ခေါ်ရမည်။ သူ၏ ဖခင် ရင်ကွမ်းနှင့် စေတီတောင် သခင်တို့သာလျှင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပေလိမ့်မည်။

အမှန်တကယ်တွင်လည်း သူ၏ အလိုလိုသိစိတ်က မှန်ကန်၏။ မကြာခင်မှာပဲ ပင်လယ်ပြင်တွင် လင်းယုန်ကြီးများ ပေါ်လာ၏။ ဦးဆောင်လာသူက ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ အကြီးအကဲ “ကျိဝူ” ပင် ဖြစ်၏။ သူတို့ အားလုံးက ရှေးဟောင်းဝတ်စုံများကို ဝတ်ဆင်ထား၏။ သူတို့က စေတီတောင်၏ သင်္ဘောအုပ်စုကို ရှာတွေ့ခဲ့သော်လည်း တိုက်ခိုက်ခြင်း မပြုခဲ့ကြချေ။

သင်္ဘောအုပ်စုက သေးငယ်သော်လည်း အလွန် အားကောင်းလွန်းလှချေ၏။ အကယ်၍ မဆင်မခြင်သာ တိုက်ခိုက်ပါက နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန်နှင့် ထိခိုက်မိမှာ သေချာသည်။

စေတီတောင် သင်္ဘောအုပ်စု ထွက်ခွာသွားခဲ့ပြီး မကြာခင်မှာပင် ပင်လယ်ပြင်၌ လူတချို့ ပေါ်လာ၏။ ထိုသူတို့က ချောင်ယောင်းအာ နှင့် အထူးစစ်သည် တချို့ပင်။ သူတို့က ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ရှမ့်လန်ကို ကယ်တင်ရန်က အခွင့်အရေး တစ်စက္ကန့်မျှပင် မရရှိခဲ့ချေ။ အကြောင်းရင်းက ရင်ဝူချယ်နှင့် စေတီတောင်၏ အကြီးအကဲတို့က ရှမ့်လန်ကို ဓားစာခံအဖြစ် ထိန်းသိမ်းထားသောကြောင့်ပင်။ အဆင့်မြင့် ပညာရှင် ဆယ်ဦးထက်မနည်းက ရှေးဟောင်းဝတ်စုံများကို ဝတ်ဆင်ပြီး ရှမ့်လန်ကို ဝန်းရံ ကာကွယ်ထား၏။

အမှန်စစ်စစ် ချောင်ယောင်းအာနှင့် တခြားသောသူများက ရှမ့်လန်ကို ကယ်တင်ရန် စွန့်စား တိုက်ခိုက်နိုင် သော်လည်း ရင်ဝူချယ်က ရှမ့်လန်ကို လက်လွှတ်ရတော့မည်ဟု ခံစားမိသည်နှင့် ချက်ချင်း သတ်ဖြတ်မှာ သေချာ၏။ ချောင်ယောင်းအာက စွန့်စားခြင်း မပြုဝံ့သလို အခြားသော သူများကလည်း ထိုနည်းလည်းကောင်းပင်။

ထို့အပြင် သူတို့ ဤနေရာဆီသို့ ရောက်ရှိလာခြင်းက ရှမ့်လန်၏ စီစဉ်ထားမှုတွင် မပါဝင်ခဲ့ပေ။ သူတို့ဘာသာ ပင်လယ်ထဲသို့ ခိုးဝင်ပြီး ရှမ့်လန်ကို ကယ်တင်ရန် ကြိုးစားခဲ့ခြင်းသာပင်။ ထိုအရာက ဟီလာ၏ အစီအစဉ်ပင် ဖြစ်သည်။

“အား...” ဟီလာက အော်ဟစ်လိုက်၏။ သူမက ရောက်ရှိနေသည့် ကျွန်းကို တစ်စစီ ဖြစ်အောင် ဖျက်ဆီးလျက် ရှိနေပြီး ကျောက်နံရံများကို လက်သီးဖြင့် ထိုးနှက်နေ၏။

မင်းသမီး ဒိုဟာက ပြောသည်။ “ကျွန်မတို့ ဒီကို ရောက်လာတာ အရှင့်ရဲ့ အစီအစဉ်ထဲမှာ မပါဘူး။ အရှင့်မှာ လွတ်မြောက်နိုင်တဲ့ ဉာဏ်ရည် ရှိတယ်ဆိုတာ ကျွန်မတို့ ယုံကြည်သင့်တယ်။”

ဟီလာက ပြော၏။ “ရှမ့်လန်က နဂါးနောင်တ နှစ်ခုကို နေ့ခင်းကြောင်တောင်မှာ ခိုးယူခဲ့တာ။ စေတီတောင်နဲ့ ရင်မျိုးနွယ်စုက အရှက်ရတယ်လို့ ခံစားမိပြီး သူ့ကို သေချာပေါက် နှိပ်စက်လိမ့်မယ်။”

မင်းသမီး ဒိုဟာက ပြောသည်။ “ကျွန်မကတော့ အရင်အတိုင်း ပြောရမှာပဲ။ ကျွန်မကတော့ အရှင့်ကို ယုံကြည်တယ်။ သူက နဂါးနောင်တကို ခိုးယူဖို့ အစီအစဉ် ရှိသလို လွတ်မြောက်အောင် ထွက်ပြေးဖို့လည်း အစီအစဉ် ရှိနေမှာပဲ။ အမှန်တော့ သူ့ရဲ့အစီအစဉ်မှာ ကျွန်မတို့က နုရှောင့်မြို့တော်မှာ ခုဏက ရခဲ့တဲ့ နဂါးနောင်တကို ကာကွယ်ပြီး သိမ်းဆည်းထားရမှာ။ ကျွန်မတို့ရဲ့ အခု အပြုအမူက စွန့်စားလွန်းရာ ရောက်နေတယ်။”

All Chapters