အခန်း (၁၀၅၃-၁၀၅၄)
Vol. 62 Ch. 1053-1054
အပိုင်း (၁၀၅၃)
ရှမ့်လန်က ကျောက်စိမ်းဖြူမြို့တော်၏ သံတမန် ရောက်ရှိလာမည်ကို မည်သို့ သိသနည်း။ သူက အနာဂတ်ကို ဟောကိန်း ထုတ်တတ်နေသည်လား။
မဟုတ်ပေ။ အကြောင်းရင်းက ရိုးရိုးလေး ဖြစ်၏။ ကျောက်စိမ်းဖြူ မြို့တော်က သဘာဝလွန် အင်အားစု အစည်းအဝေးကို သံတမန် စေလွှတ်ခဲ့သည်ဆိုတော့ သူမက မီးတောက်မြို့တော်ကို သေချာပေါက် လာမှာပင်။
သို့ပေမည့် ရှမ့်လန်၏ ဘက်တော်သားတွေက ကျောက်စိမ်းဖြူမြို့တော် သံတမန်ကို ဆက်သွယ်ဖို့ ခက်ခဲ၏။ သူမက သိပ်ကို လျှို့ဝှက်လွန်း၏။ သို့သော်ငြား ကျောက်စိမ်းဖြူမြို့တော်၌ အရှေ့ဘက် အခြေစိုက်စခန်း တစ်ခု ရှိ၏။ မြောက်ဘက်တွင် နှင်းဖုံးတောင်ထိပ် ရေခဲပိရမစ်တစ်ခု ရှိပြီး ထိုအရာက သူတို့၏ အခြေစိုက်စခန်းပင်။
သို့သော်ငြား အချိန်အများစု၌ ရေခဲပိရမစ်ကြီးက အလွတ်ကြီးပင်။ အတွင်းမှ မည်သူမှမရှိချေ။ ထို့ကြောင့် ရှမ့်လန်၏ ဘက်တော်သားများက သံတမန်ကို ဆက်သွယ်ဖို့ နည်းလမ်းသုံးခုကို သုံးခဲ့ကြ၏။ လူတချို့က မြောက်ဘက် နှင်းဖုံးတောင်ရှိ ရေခဲပိရမစ်ဆီ သွားကြ၏။
မှန်နက်ဌာနမှ စစ်သည်တချို့က မီးတောက်မြို့တော်သို့ သွား၏။ ရှမ့်လန်က ကျောက်စိမ်းဖြူမြို့တော်နှင့် ကြီးမားသည့် သဘောတူညီမှုတစ်ခု လုပ်ချင်သည်ဟု သံတမန်ကို ပြောခိုင်းခဲ့၏။
ရှမ့်လန် တွက်ချက်ထားပုံအရဆိုလျှင် သံတမန်က ယခုဆို ရောက်ရှိသင့်နေပြီ။ အဘယ်ကြောင့် ပေါ်မလာသေးရသနည်း။ ရှမ့်လန် ထင်ထားသည်မှာ သူမက ဟိတ်ဟန်ထုတ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရင်ဝူချယ်က အေးစက်စက် ပြော၏။ “ကောင်းပြီ... ဒါဆိုရင်လည်း စောင့်ကြတာပေါ့။ မင်းကို (၄) နာရီ အချိန်ပေးမယ်။ ကျောက်စိမ်းဖြူမြို့တော်ရဲ့ သံတမန် မင်းကို ကာကွယ်ဖို့ မရောက်လာဘူးဆိုရင် ငါ မင်းရဲ့ လက်ချောင်းနှစ်ချောင်းကို ဖြတ်ပစ်မယ်။”
ရင်ကွမ်း၊ စေတီတောင်သခင်နှင့် စေတီတောင်မင်းသမီးတို့က ဘာမှ မပြောတော့ချေ။ သူတို့အားလုံးက ကြက်တူရွေး ပြောသမျှကို သဘောတူညီနေသည့်အလားပင်။ ပြီးနောက် အားလုံးက တိတ်ဆိတ်သွားခဲ့ကြသည်။
သူတို့က ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။ တစ်နာရီ ကုန်ဆုံးသွားခဲ့၏။ နှစ်နာရီ ကုန်ဆုံးသွားခဲ့၏။ ကျောက်စိမ်းဖြူမြို့တော်၏ သံတမန် ရောက်မလာသေးချေ။ ရှမ့်လန်၏ မျက်ခုံးများက လှုပ်လာသည်။
“ရှမ့်လန်... စိတ်ပူနေပြီလား။”
ရင်ဝူချယ်က အေးစက်စက်နှင့် ရယ်မော၏။ “ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ။ ကျောက်စိမ်းဖြူ မြို့တော်က မင်းကိုကာကွယ်ပြီး ကယ်တင်ချင်စိတ် ရှိတယ်ဆိုရင် ဒီလို အဆုံးသတ်သွားစရာ အကြောင်း မရှိဘူး။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းကလည်း မင်းက လမ်းဘေးခွေးလို ထွက်ပြေးလာစရာ မလိုတော့ဘူး။”
ရှမ့်လန်က သူ့ကို အေးစက်စက်နှင့် ကြည့်နေသည်။ “ကျုပ်အိမ် ဘယ်မှာလဲ။”
ချန်မြို့တော်မှာ ရှိနေသင့်တာ ဖြစ်၏။ သို့ပေမည့် ရင်သားအဖက သိမ်းပိုက်သွားခဲ့၏။ သူ၏အဘိုးသာ မရှိခဲ့လျှင် ရင်ကွမ်းက လမ်းဘေးတွင် ငတ်သေနေတာ ကြာလှပြီ ဖြစ်၏။ ယခုလို စည်းစိမ်ချမ်းသာတွေကို ခံစားနိုင်မှာ မဟုတ်ပေ။ ဤလောကကြီးထဲတွင် ရင်မျိုးနွယ်ကဲ့သို့ သစ္စာဖောက် မိသားစုမျိုးက မရှိသင့်ပေ။ အသက်ရှင်ရန် သခင်ကို သစ္စာဖောက်ရုံတင် မကချေ။ သခင်၏ မိသားစုတစ်ခုလုံးကိုပါ သတ်ဖြတ်ခဲ့၏။
“ရှမ့်လန်... စောင့်မနေနဲ့... အဓိပ္ပာယ်မရှိတော့ဘူး။”
ရင်ဝူချယ်က လှောင်ရယ် ရယ်လိုက်သည်။ “ကျောက်စိမ်းဖြူမြို့တော်ရဲ့ စိတ်ထဲမှာ မင်းက ဘာမှ မဟုတ်ဘူး။ မင်းက ကျောက်စိမ်းဖြူမြို့တော်ရဲ့ မြေးပါလို့ တဖွဖွ ပြောနေတယ်။ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာက မင်းကို သနားညှာတာခဲ့လို့လား။ တော်ဝင်ရန်ဧကရာဇ်နဲ့ ကျန်းလီက ဝမ်းကွဲညီအစ်ကိုတွေပဲ မဟုတ်လား။ အဲဒီတုန်းက သူ ကျန်းလီကို ခွင့်လွှတ်ခဲ့လို့လား။
ရှမ့်လန်... မင်းက ဘာမှ မဟုတ်ဘူး။ ကျောက်စိမ်းဖြူမြို့တော်အတွက်ဆိုရင် မင်းက ငှက်မွေးလောက်တောင် ပေါ့ပါးတယ်။ အိမ်မက်,မက်မနေနဲ့တော့။ ငါ မင်းရဲ့ လက်ချောင်းနှစ်ချောင်းကို ဖြတ်ပစ်တာ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်။”
ထိုအချိန်မှာပဲ ....
“သခင်ကြီး... သခင်ကြီး... အပြင်ဘက်မှာ နှင်းတွေ ကျနေပါတယ်။”
သူတို့က တောင်ဘက်တွင်ရှိနေပြီး နွေရာသီသာ ရှိသေး၏။ ထို့အပြင် ဤသည်က အဒေါ့ဖ် ဖန်တီးခဲ့သည့် နှင်းတုများ မဟုတ်ချေ။ သူတို့၏အထက် ကောင်းကင်ယံတွင် တကယ်ပဲ နှင်းများ ကျဆင်းလာနေခြင်းပင်။
ရင်ကွမ်း၊ စေတီတောင်၏သခင်၊ ရင်ဝူချယ်နှင့် အခြားသောသူများက အနည်းငယ် တုန်လှုပ်သွားခဲ့ကြ၏။ ကျောက်စိမ်းဖြူမြို့တော်၏ သံတမန် တကယ်ရောက်ရှိလာသည်လား။ ထို့အပြင် သူမက ဤထိပ်တန်း လျှို့ဝှက်မြေအောက် မြို့တော်ကို ရှာတွေ့ခဲ့သည်လား။ စေတီတောင်တွင် ကျောက်စိမ်းဖြူမြို့တော်အတွက် လျှို့ဝှက်ချက် မရှိတော့သည်လား။
စေတီတောင်သခင်က ပြောသည်။ “သွားပြီးတော့ ကြိုဆိုကြရအောင်။”
“ကောင်းပြီ။” ရင်ကွမ်းက ပြော၏။
ပြီးနောက် ထိုဧရာမပုဂ္ဂိုလ်ကြီးနှစ်ဦးက အပြင်ဘက်သို့ ထွက်ခွာသွားခဲ့ကြ၏။ ကျောက်စိမ်းဖြူမြို့တော်က ဤမျှလောက်ပင် မောက်မာနေသည်လား။ သံတမန်တစ်ဦးကို ဧရာမ ပုဂ္ဂိုလ်ကြီးနှစ်ယောက်က သွားရောက် ကြိုဆိုရသည့်အထိလား။ ကျန်လူများပင် ကြိုဆိုခွင့် အရည်အသွေး မရှိကြချေ။
ခဏကြာချိန်မှာတော့ သူတို့သုံးဦးက အတူတူ ဝင်ရောက်လာ၏။ မြေအောက် သင်္ချိုင်းဂူအတွင်း အပူချိန်က ချက်ချင်းပဲ ကျဆင်းသွားခဲ့၏။ ဤနေရာက မူလက အေးမြသော်လည်း ယခု အလွန်အမင်းကို အေးစက်နေပြီ ဖြစ်သည်။
ရှမ့်လန်က နောက်ဆုံးတွင် ကျောက်စိမ်းဖြူမြို့တော်၏ သံတမန်ကို ပထမဦးဆုံး မြင်တွေ့လိုက်ရ၏။ ရှမ့်လန် တစ်ဦးတည်း မဟုတ်ချေ။ ကျန်ရှိနေသည့် လူများကလည်း သူမကို ပထမဦးဆုံးအကြိမ် မြင်ဖူးကြခြင်းပင်။ သို့သော်လည်း ဤသည်က မြင်သည်ဟုလည်း မဆိုနိုင်ချေ။ အကြောင်းရင်းမှာ သူမက ရေခဲမျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့ပြီး မျက်နှာကို ဖော်ပြထားခြင်း မရှိသောကြောင့်ပင်။ သူမက ဆီးနှင်းကဲ့သို့သော ဖြူဖွေးသည့် ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် နှင်းများကြားထဲ ပျံသန်းရောက်ရှိလာသလို ထင်ရ၏။
“ရှမ့်လန်... ရှင် ကျွန်မတို့နဲ့ သဘောတူညီမှု ရချင်လို့ ဒီလောက် ကြိုးစားခဲ့တာလား။ အခု ပြောလို့ရပြီ။” ကျောက်စိမ်းဖြူမြို့တော်၏ သံတမန်က ဆိုသည်။
ဤစကား ထွက်ပေါ်လာသည်နှင့် ရင်ဝူချယ်၏ အေးစက်သည့် မျက်လုံးများထဲတွင် ဂုဏ်ယူဝံ့ကြွားမှုများနှင့် တောက်ပါလာခဲ့၏။
“ရှမ့်လန်... မင်းက ကျောက်စိမ်းဖြူမြို့တော်ရဲ့ မြေးတော်ပါလို့ ပြောပြီး နောက်ဆုံးတော့ ဘာဖြစ်သွားလဲ။ သူတို့ရဲ့ သဘောထားက ဘယ်လောက် အေးစက်လိုက်လဲ။ မင်း အေးစက်စက် ဆက်ဆံခြင်းကို ခံလိုက်ရတာပဲ။ သူက မင်းကို ကာကွယ်ဖို့ လာတာ မဟုတ်ဘူး။ မင်းမှာ ဘာသဘောတူညီချက်တွေ ရှိလဲဆိုတာ သိချင်လို့ လာတာပဲ။”
ရှမ့်လန်က ပြောသည်။ “ကျုပ်တို့ သီးသန့် ပြောလို့ရမလား။”
ကျောက်စိမ်းဖြူမြို့တော် သံတမန်၏ မျက်ခုံးများက တွန့်သွား၏။ ပြီးနောက် ထူးဆန်းသည့် မြင်ကွင်း တစ်ခု ပေါ်ပေါက်လာခဲ့၏။ သူတို့၏ ပတ်ဝန်းကျင်ရှိ လေထုက ပိုမို အေးစက်လာ၏။ ပြီးနောက် သူမ၏ ခန္ဓာကိုယ်ဆီမှ ဆီးနှင်းကဲ့သို့သော ဖြူဖွေးအေးစက်သည့် လေထုများ ထွက်ပေါ်လာခဲ့ပြီး လျှင်မြန်စွာ လှည့်ပတ်၏။
ထိုအရာက ရှမ့်လန်နှင့် သံတမန်ကို ရစ်ပတ်လိုက်ပြီး ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်၏။ တကယ့်ကို အံ့မခန်းပင်။ လေထဲတွင် ရေခဲနှင့် နှင်းမုန်တိုင်း ဝဲကတော့တစ်ခုကို ဖန်တီးလိုက်ပြီး လုံးဝ သီးသန့် တည်နေရာတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။
“အခု ပြောလို့ရပြီ။”
သံတမန်က ပြောသည်။ “ရှင် ဘာနဲ့ လဲချင်တာလဲ။ ဘာလိုချင်တာလဲ။”
ရှမ့်လန်က ပြော၏။ “ကျုပ် လိုချင်တာ ခင်ဗျားကို ကြားလူ လုပ်ပေးစေချင်တာပဲ။ ကျုပ်နဲ့ စေတီတောင်သခင် တို့ရဲ့ သဘောတူညီချက်မှာ ခင်ဗျားက ဒိုင်လူကြီး လုပ်ပေးရမယ်။”
သံတမန်က နားမလည်သလို ပြောသည်။ “ရှင် ကျွန်မကို ကယ်တင်ခိုင်းချင်တာ မဟုတ်ဘူးလား။”
ရှမ့်လန်က ပြော၏။ “ကျုပ်သာ ကယ်ခိုင်းရင် ခင်ဗျားက ကယ်မှာမလို့လား။”
“မကယ်ပါဘူး။”
သံတမန်က ပြောသည်။ “ရှင်က အဲလောက် မထိုက်တန်ဘူးလေ။”
တကယ်ကို တည့်တိုးဆန်၏။ သို့သော်ငြား ကျောက်စိမ်းဖြူမြို့တော်က သူ့ကို ကယ်တင်ရန် ဘယ်တုန်းကမှ မလိုလားခဲ့ကြောင်း ရှမ့်လန်က ကောင်းကောင်း သိ၏။ ထို့အပြင် သူ၌ ပြီးမြောက်အောင် လုပ်စရာ အရေးကြီးသည့် တာဝန် ရှိနေသေး၏။ သူက အဘယ်သို့ ထွက်သွားရမည်နည်း။
ရှမ့်လန်က ပြော၏။ “ကျုပ် လိုချင်တာ ရိုးရိုးလေးပဲ။ ကြက်လေးတစ်ကောင်ကိုတောင် ဖမ်းဆီးနိုင်တဲ့ အားမရှိတဲ့အတွက် ဒီသဘောတူညီမှု မပြီးခင်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ မဖြစ်ချင်ဘူး။ ဒါကြောင့် ဒီသဘောတူညီချက်မှာ ခင်ဗျားကို ဒိုင်လူကြီး လုပ်ပေးစေချင်တယ်။ သဘောတူညီချက် မပြီးမချင်း တစ်ဖက်လူ က ကျုပ်ကို နည်းနည်းလေးတောင် မထိခိုက်စေရဘူး။”
သံတမန်က ပြောသည်။ “ပြော... ဘာကို လုပ်ပေးခိုင်းတာလဲ။”
ရှမ့်လန်က ပြော၏။ “တော်ဝင်ရန်အင်ပါယာက ကျောက်စိမ်းဖြူမြို့တော် ဖျက်ဆီးမယ့် တိုက်ခိုက်မှုတစ်ခု လုပ်ကောင်း ၊ လုပ်လိမ့်မယ်။”
သံတမန်က မျက်မှောင်ကြုတ်သည်။ “ဒီသတင်းအချက်အလက်က မလုံလောက်ဘူး။ လုံလောက်ဖို့လည်း အဝေးကြီး လိုသေးတယ်။”
ရှမ့်လန်က ပြော၏။ “ဒါပေမဲ့ ကျုပ် ခင်ဗျားကို အများကြီး လုပ်ခိုင်းတာမှ မဟုတ်တာ။ ခင်ဗျားက ဒီသဘောတူညီချက် ကို သက်သေခံပြီး ဒိုင်လုပ်ပေးရုံပဲလေ။”
သံတမန်က ပြော၏။ “ဟုတ်တယ်။ ရှင့်ရဲ့ တောင်းဆိုမှုက မမြင့်မားပါဘူး။ ကျောက်စိမ်းဖြူမြို့တော်အတွက် ဆိုရင်လည်း မပြောပလောက်ဘူး။ ဒါပေမဲ့ ရှင် ကျွန်မကို ဒီနေရာဆီ လာခိုင်းတာကတော့ တန်ဖိုးကြီးလွန်းတယ်။”
သူ နားလည်လိုက်ပြီ ဖြစ်၏။ ခေါက်ဆွဲကြော်တစ်ပွဲက ယွမ် (၂၀) ထက် မပိုချေ။ သို့သော်ငြား ထိုအရာကို ဂျက်မားကိုယ်တိုင် လာပို့လျှင်တော့ တန်ဖိုးဖြတ်၍ မရတော့ပေ။
သံတမန်က ပြောသည်။ “ရှမ့်လန်... ဒီတစ်ကြိမ် ကျွန်မကို ကာကွယ်ပေးစေချင်တယ် ဆိုရင် ရှင် ပိုပြီး ကြီးမားတဲ့ ၊ ပိုတန်ဖိုးကြီးတဲ့ အရာတစ်ခုခုကို ထုတ်ပေးရလိမ့်မယ်။”
ရှမ့်လန်က ဇဝေဇဝါ ဖြစ်သွား၏။ တစ်ယောက်ယောက်က ကျောက်စိမ်းဖြူမြို့တော်ကို ဖျက်ဆီးချင်နေ၏။ ဤသတင်းက တန်ဖိုးမရှိပေဘူးလား။ ရှမ့်လန်က ကျောက်စိမ်းဖြူမြို့တော် မည်သည့်နေရာတွင် ရှိကြောင်းကိုပင် မသိချေ။
ခဏလောက် ကြာပြီးနောက် ရှမ့်လန်က နောက်ထပ် ဈေးစစ်စရာ တစ်ခုကို ထုတ်ပေးသင့်၊ မထုတ်ပေးသင့် တွန့်ဆုတ်နေ၏။ သူက နှမြောနေမိ၏။ ဤဈေးစစ်စရာက တန်ဖိုးမရှိသလို ထင်ရသော်လည်း တန်ဖိုးဖြတ် မရနိုင်သည့် အရာဖြစ်နေသောကြောင့်ပင်။
“ကျွန်မမှာ အချိန်သိပ်မရှိဘူး။”
သံတမန်က ပြောသည်။ “အချိန်ကုန်သွားတာနဲ့ ရှင်ကမ်းလှမ်းတဲ့ အရာရဲ့ တန်ဖိုးက ကျောက်စိမ်းဖြူမြို့တော်ရဲ့ မျက်လုံးထဲမှာ လျော့နည်းသွားလိမ့်မယ်။ ကျွန်မတို့မှာ ဘာမှမလိုအပ်သလို ဘာကိုမှလည်း မလိုချင်ဘူး။”
ရှမ့်လန်က ပြော၏။ “ကောင်းကင်ပေါ်က ကြယ်တံခွန် မကြာခင်က မြေပြင်ကို ဝင်တိုက်ပြီး ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်စေခဲ့တယ်ဆိုတဲ့ အကြောင်းသိတယ်မလား။”
“ရှင် ဘယ်လိုထင်လဲ။” သံတမန်က မေးသည်။
“အဲဒါက ကြယ်တံခွန် မဟုတ်ဘူး။”
ရှမ့်လန်က ပြော၏။ “ကောင်းကင်ဘုံက အရာဝတ္ထုတောင် မဟုတ်ဘူး။ ဒါက ရှေးဟောင်းယဉ်ကျေးမှုရဲ့ ထုတ်ကုန် တစ်ခုပဲ။”
သံတမန်က အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။ သူမက မည်သည့် တုန်လှုပ်မှုကိုမှ မပြသချေ။ သို့သော်လည်း သူမ၏တည်ငြိမ်မှုက အဖြေကို ပြောနေသကဲ့သို့ပင်။
“သဘောတူတယ်။”
သံတမန်က ပြောသည်။ “ရှင်နဲ့ လက်တွဲလုပ်ရတာ ဝမ်းသာတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး နားလည်ထားပါ။ ကျွန်မတို့က ဒီသတင်းအချက်အလက်ကို ရှင်ဆီက ဝယ်တာ မဟုတ်ဘူး။ ကျွန်မတို့က လိုအပ်တာချင်း ဖလှယ်ကြတာပဲ။”
“ကျုပ် နားလည်ပါတယ်။”
ရှမ့်လန်က ပြော၏။ “ခင်ဗျား ဒီသတင်းကို ဝယ်တာက လုံးဝ ဖုံးကွယ်ထားချင်လို့ပါပဲ။”
သံတမန်က ရှမ့်လန်ကို ကြည့်၏။ သူက တကယ်ကို ဉာဏ်ကောင်းလွန်းသည်။ ကံမကောင်းစွာနှင့် သူမက သူ၏ဉာဏ်ရည်ကိုရော ၊ ထိုဉာဏ်ရည် ဦးတည်ရာဘက်ကိုရော သဘောမကျချေ။ နှင်းမုန်တိုင်းများ ပျောက်ကွယ်သွားခဲ့ပြီး ရှမ့်လန်နှင့် သံတမန်တို့က မြေအောက် ဂူသွင်းချိုင်းထဲတွင် ပြန်ပေါ်လာသည်။
အကြောင်းတစ်ခုခုကြောင့် ရှမ့်လန်က တစ်စုံတစ်ခုကို လုပ်ချင်မိ၏။ ခါးပတ်ကို ပြန်ပြင်ဝတ်လိုက်သည့် အပြုအမူက နှင်းမုန်တိုင်းထဲတွင် ရှက်ရွံ့ဖွယ်ရာအရာတစ်ခုခုကို လုပ်ခဲ့သလို ခံစားချက်မျိုး ပေးစွမ်းနိုင်၏။ သို့သော်လည်း စဉ်းစားပြီးနောက် သူက လက်လျှော့လိုက်၏။ သံတမန်က သွားရောက် ဆော့ကစား၍ရသည့် လူမျိုး မဟုတ်ချေ။
“ဒီသဘောတူညီချက်မှာ ရှမ့်လန်အတွက် အာမခံပေးဖို့ ကျွန်မ ဆန္ဒရှိတယ်။”
သံတမန်က ပြော၏။ “သွားတော့မယ်။”
ပြီးနောက် သူမက ဤအတိုင်း ထွက်ခွာသွားခဲ့၏။ သို့သော်လည်း သူမသည် သဘောတူညီချက်က ဘာဖြစ်သနည်းဆိုသည်ကို မသိပေ။ အာမခံပေးလိုက်လျှင် ဖြစ်လာမည့် အကျိုးဆက်ကိုရော ခံနိုင်ရည် ရှိပါမည်လား။
ရှမ့်လန် ချက်ချင်း သဘောပေါက်လိုက်သည်က သူ အတွေးလွန်နေကြောင်းပင်။ ကျောက်စိမ်းဖြူ မြို့တော်က ရှမ့်လန်နှင့် စေတီတောင်သခင်တို့၏ သဘောတူညီချက်ကို သိစရာ မလိုချေ။ အကျိုးဆက်ကို ခံယူဖို့ ဆန္ဒရှိနေ၏။ ထို့အပြင် မည်သူက ကျောက်စိမ်းဖြူမြို့တော်ကို အကျိုးဆက် ခံစားရအောင် လုပ်နိုင်မည်နည်း။ ကျောက်စိမ်းဖြူမြို့တော်၏ မောက်မာမှုက ကောင်းကင်ထက်ပင် မြင့်မားလို့နေသည်။
………………..
စေတီတောင်သခင်နှင့် ရင်ကွမ်းတို့က ကျောက်စိမ်းဖြူမြို့တော်ကို အာမခံချက်ပေးရန် မည်သည့်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိချင်မိ၏။ သို့သော်လည်း ကျောက်စိမ်းဖြူမြို့တော်က လောကပေါ်ရှိ တခြား အင်အားစုများနှင့် မတူညီချေ။ သူများ၏မျက်လုံးထဲတွင် တန်ဖိုးမရှိသည့်အရာက သူတို့၏ မျက်လုံးထဲတွင် တန်ဖိုးဖြတ်မရနိုင်ပေ။ သူများ၏မျက်လုံးထဲတွင် တန်ဖိုးဖြတ်မရနိုင်သည့်အရာက သူတို့၏ မျက်လုံးထဲတွင် တန်ဖိုးမရှိချေ။
ရင်ဝူချယ်က ဓားမြှောင်ကို အိတ်ထဲသို့ ပြန်ထည့်၏။ အကြောင်းရင်းက ဤသဘောတူညီချက် မပြီးမချင်း ရှမ့်လန်၏ ဆံပင်တစ်မျှင်ကိုပင် ထိခိုက်၍ မရတော့ကြောင်း သိရှိသွားသောကြောင့်ပင်။
စေတီတောင် သခင်က ရှမ့်လန်ကို ကြည့်သည်။ “လဝက် သဘောတူညီချက်လား။”
ရှမ့်လန်က ပြော၏။ “အမှန်ပဲ။”
စေတီတောင် သခင်က ပြောသည်။ “လဝက်အတွင်း မင်း ငါ့ကို နဂါးနောင်တ ဆယ်ခု ပေးရမယ်။ ပြီးတော့ ငါ့ရဲ့သမီးကို ကုသပေးရမယ်။”
ရှမ့်လန်က ပြော၏။ “ကောင်းပါပြီ။”
စေတီတောင် သခင်က ဆက်ပြောသည်။ “မလုပ်နိုင်ရင် ခိုးယူသွားခဲ့တဲ့ နဂါးနောင်တ နှစ်ခုကို ပြန်ပေးရမယ်။ ပြီးရင် မင်းရဲ့ ဘယ်ဘက်လက်တစ်ဖက်ကို ပြစ်ဒဏ်အနေနဲ့ ဖြတ်ရမယ်။ ဒီလောင်းကြေးက သိပ်ပြီး မျှတတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ခိုးမှုအတွက် လက်တစ်ဖက်ဖြတ်တာက ရှေးခေတ်တည်းက တည်ရှိခဲ့တဲ့ ဥပဒေနဲ့ညီနေလို့ပဲ။”
ရှမ့်လန်က ခေါင်းညိတ်ကာ ပြော၏။ “ဟုတ်တယ်။ သိပ်ကို မျှတပါတယ်။”
စေတီတောင် သခင်က ပြောသည်။ “ဒါဆိုရင် မင်းရဲ့အဖေ ကျန်းလီကို တိုင်တည်ပြီး ကျိန်ဆိုလိုက်တော့။”
“လဝက်အတွင်း စေတီတောင်သခင်ဆီကို နဂါးနောင်တ ဆယ်ခု ပေးအပ်ပြီး သမီးတော် ယင်ယင်ကို ကုသပေးပါ့မယ်။ ကျုပ်မလုပ်နိုင်ရင် ကျုပ်ရဲ့ ဘယ်ဘက်လက်တစ်ဖက်ကို ဖြတ်တောက်ပစ်မှာ ဖြစ်သလို၊ ခိုးယူသွားခဲ့တဲ့ နဂါးနောင်တနှစ်ခုကိုလည်း ခြွင်းချက်မရှိ ပြန်ပေးမယ်။ ဒီကတိသစ္စာကို ဖောက်ဖျက်ခဲ့ရင် ကျုပ်အဖေ ကျန်းလီက မြေအောက်လောကမှာ ဘယ်တော့မှ ငြိမ်းချမ်းမှု မရပါစေနဲ့။”
စေတီတောင် သခင်က ပြော၏။ “သဘောတူတယ်။”
အပိုင်း (၁၀၅၄)
ရင်ဝူချယ်က ဝင်ပြော၏။ “ဂိုဏ်းချုပ်ရန်... အလိမ်မခံနဲ့အုံး။ ဒါက သေချာပေါက် ရှမ့်လန်ရဲ့ အကြံအစည် တွေပဲ။ ရှမ့်လန်... ငါမင်းကို မေးမယ်။ မင်းသာ နဂါးနောင်တ ဆယ်ခုကို ရနိုင်မယ်ဆိုရင် ဘာလို့ အသက်နဲ့ရင်း အဖမ်းခံပြီး နဂါးနောင်တ နှစ်ချောင်းကို ခိုးယူရတာလဲ။”
ရှမ့်လန်က ရှင်းမပြခဲ့ချေ။
စေတီတောင် သခင်က ပြောသည်။ “အချိန်သိပ်မရှိဘူး။ နောက်ထပ် ဘာလုပ်ချင်သေးလဲ။”
ရှမ့်လန်က ပြော၏။ “ဂိုဏ်းချုပ်ရန်... ခင်ဗျားရဲ့ မိန်းမ ကိုယ်ဝန်ရှိနေတုန်း ရှေးဟောင်းအပျက်အစီးထဲ စူးစမ်း လေ့လာခဲ့တယ်လို့ ကြားတယ်။ သူက သိပ်ပြီး ထူးဆန်းတဲ့ ဝဲကတော့တစ်ခုထဲကို ဝင်သွားခဲ့တယ်။ အဲဒီဝဲကတော့ထဲက ပြန်ထွက်လာတော့ ဘာကိုမှ မမှတ်မိတော့ဘူး။ စိတ်က အလွတ်ကြီးဖြစ်နေပြီး အသိစိတ်တွေ အကုန်ပျောက်ဆုံးခဲ့တယ်။ ဒါကြောင့် မင်းသမီး ရန်ယင်ယင် မွေးလာတော့ ပုံမှန် မဟုတ်ခဲ့တာပဲ။”
စေတီတောင်သခင်က ထကာ အော်ဟစ်လုမတတ် ဖြစ်သွား၏။ သူ့သမီးနာမည်က ရန်ယင်ယင် မဟုတ်သော်လည်း ကိစ္စမရှိချေ။ အဓိကအချက်အားဖြင့် ရှမ့်လန် ပြောလိုက်သည့် စကားကြောင့် သူ၏ မျက်နှာက ရှုံ့မဲ့သွားခြင်းပင်။ ဤကိစ္စက ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သော်လည်း သူတစ်ယောက်တည်း သိသည့်အရာမျိုး မဟုတ်ချေ။
ဝူတူကျိက အကုန်လျှောက်ပြောထားခြင်းပင် ဖြစ်ပေလိမ့်မည်။ တကယ်တော့ ဝူတူကျိက ဤကိစ္စကို အသေအချာ ပြောခဲ့ခြင်း မဟုတ်ချေ။ ရှမ့်ယီကို မွေးဖွားပြီးနောက် ဒုက္ခကြီးကျယ် ရောက်ခဲ့၏။ ရှမ့်လန်က မူလန် အတွက် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမြူတေကို ရှာဖွေပေးချင်၏။
ဝူတူကျိက ဤကိစ္စကို ထည့်ပြောခဲ့သည်က မူလန်၏ အခြေအနေက ထိုအမျိုးသမီး၏ အခြေအနေနှင့် အနည်းငယ် ဆင်တူနေသောကြောင့်ပင်။ ထိုအချိန်တုန်းက မူလန်က အကြာကြီး အိပ်ပျော်နေပြီး သူမ၏ အသက်စွမ်းအင်ကလည်း တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။
စေတီတောင်သခင်၏ ဇနီးကျတော့ အသိစိတ်နှင့် မှတ်ဉာဏ်တွေ အကုန်ပျောက်ဆုံးသွားခဲ့ပြီး လမ်းလျှောက်နေသည့် လူသေကောင်အဖြစ်သို့ ပြောင်းသွားခဲ့၏။ စေတီတောင် မင်းသမီးက မွေးဖွား ကြီးပြင်းလာ တည်းက လူရှေ့သူရှေ့သို့ ဘယ်တော့မှ မထွက်ခဲ့သလို သူမ ပုံမှန်မဟုတ်ကြောင်း လူတိုင်းသိ၏။
ရှမ့်လန်က ပြောသည်။ “ဒီလို စွမ်းအင်ဝဲကတော့မျိုးက ရှေးဟောင်းအပျက်အစီး တော်တော်များများမှာ တွေ့နိုင်တယ်။ ခင်ဗျားမိန်းမ ကြုံခဲ့တဲ့ ဝဲကတော့ကတော့ အသေးစားပဲ ရှိသေးတယ်။ ပိုပြီး ကြောက်စရာကောင်းတဲ့ ဝဲကတော့တွေ ရှိနေသေးတယ်။ လူတစ်ယောက် ဝင်သွားတာနဲ့ ချက်ချင်း အပိုင်းအစ ဖြစ်ပြီး ပျောက်ကွယ်သွားနိုင်တာမျိုးပေါ့။”
ထိုစကားကို ကြားချိန်မှာတော့ စေတီတောင်သခင်၏ မျက်နှာက အနည်းငယ် တုန်လှုပ်သွားပြီး မှတ်ဉာဏ် တစ်ခုခု ပြန်ပေါ်လာသကဲ့သို့ပင်။
“ကြည့်ရတာ မင်းသမီး ရန်ယင်ယင် ရဲ့ ခန္ဓာကိုယ် ပုံမှန်မဟုတ်တာက ခင်ဗျားရဲ့ မိန်းမ ကိုယ်ဝန်ဆောင်တုန်းက ဖြတ်သန်းခဲ့ရတဲ့ စွမ်းအင်ဝဲကတော့နဲ့ သက်ဆိုင်နေတဲ့ပုံပဲ။”
ထိုအရာက ကြားဖူးနားဝ ရှိသလိုပင်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ CT Scan ဓာတ်မှန်ရိုက်၍ မရသလိုပင်၊ မဟုတ်ပါက သန္ဓေသား ပုံမှန်မဟုတ်ခြင်းမျိုး ဖြစ်နိုင်၏။
ရှမ့်လန်က ပြောသည်။ “ဒါကြောင့် မင်းသမီး ရန်ယင်ယင်အတွက် ကုသမှုကို ဒီအခြေခံအကြောင်းရင်းကနေ စရမယ်။”
စေတီတောင် သခင်က ပြော၏။ “နဂါးနောင်တ ဆယ်ခုကရော... ဘယ်လိုပေးမှာလဲဆိုတာ သိချင်တယ်။”
ရှမ့်လန်က ပြောသည်။ “ဂိုဏ်းချုပ်ရန်... ကျုပ်ခန့်မှန်းတာ မမှားဘူးဆိုရင် ခင်ဗျားရဲ့ နဂါးနောင်တတွေက တောင်ပင်လယ် ဧရာမအပျက်အစီးကြီးထဲက ရခဲ့တာ ဖြစ်လိမ့်မယ်။ ပြီးတော့ ရယူတဲ့ နည်းလမ်းကလည်း သိပ်ပြီး ကြမ်းတမ်းလွန်းတယ်။”
တစ်ဖက်လူက ဘာမှမပြောချေ။
“ကျုပ် ကျူးမျိုးနွယ်စုရဲ့ လျှို့ဝှက်အခြေစိုက်စခန်းကို မြင်ဖူးတယ်။ နဂါးနောင်တတွေက မြေပြင်မှာ လုံးဝတွယ်ကပ်နေခဲ့တာ။ ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ကိရိယာကို မဖျက်စီးနိုင်သရွေ့ ဘယ်လောက် အားစိုက်စိုက် မရွေ့နိုင်ဘူး။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စေတီတောင်က စိတ်ရှည်သည်းခံနိုင်မှု မရှိဘဲ အဲဒီစွမ်းအင် အူတိုင်တွေကို တိုက်ရိုက်ဖောက်ခွဲဖို့ ရွေးချယ်ခဲ့တယ်။ ဒါကြောင့် အရေးကြီးတဲ့ လျှို့ဝှက်ခန်းတွေက ခံစစ်စွမ်းအင် အကုန်လုံး ဆုံးရှုံးလိုက်ရတယ်။ ခင်ဗျားတို့က အဲဒီနဂါးနောင်တအပြင် ကိရိယာနဲ့ လက်နက်တွေ အများကြီးကို ရလိုက်သေးတယ်။
ဒါကြောင့် ဒီကာလတုန်းက တောင်ပင်လယ်မှာ ရေအောက်ငလျင်တွေ ခဏခဏ လုပ်ခဲ့တာပဲ။ နောက်ပိုင်းလှုပ်တဲ့ ငလျင်ကတော့ ရွှယ်မျိုးနွယ်ကို အပြီးအပိုင် ဖျက်ဆီးခဲ့ပြီး တောင်ပင်လယ် တစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ ဖြစ်လာတယ်။ ကိုယ့်ရဲ့ အိပ်ရာပေါ်မှာ သူများလာအိပ်တာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာပဲ။ ဒါပေမဲ့ အဲဒီမတိုင်ခင်က ပင်လယ်ကြမ်းပြင်မှာ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ခဲ့သေးတယ်။ ဒါကို အကြမ်းဖက်တူးဖော်ခြင်းလို့ ခေါ်တယ်။”
ရှမ့်လန်က ပြော၏။ “ဘာလို့လဲဆိုတော့ စေတီတောင်က အချိန်တိုအတွင်းမှာ ကြီးမားတဲ့ ရလဒ်တွေကို ရယူဖို့ လိုအပ်နေတယ်။ ဘယ်လို အဆင့်မြင့် အင်အားစုမဆို ဒီလိုပါပဲ။ အစပိုင်းမှာ အကြမ်းဖက် တူးဖော်ကြပေမဲ့ နောက်ပိုင်းကျတော့ ပိုပိုပြီးတော့ အသေးစိတ် လာကြတာပဲ။”
စေတီတောင် သခင်က တိတ်တဆိတ် သဘောတူညီလိုက်၏။ ရင်ဝူချယ်ကိုတောင် မောင်းထုတ်ချင်စိတ် ပေါက်နေ၏။ ရှမ့်လန်ပြောတာ သိပ်မှန်၏။ ရှေးဟောင်းယဉ်ကျေးမှု၏ စွမ်းအားများကို ရပြီးလျှင် မည်သူမဆို အရင်ဆုံး ဗိုက်ဝအောင်စားပြီး သန်မာအောင် လုပ်ကြသည်ပင်။ ပြီးမှ အစားကို ဖြည်းဖြည်းချင်း ဝါးပြီး ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြခြင်းပင်။
ထိုအရာက စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူတူပင်။ အစပိုင်းတွင် မည်သူကမှ သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြချေ။ မီးခိုးခေါင်းတိုင်ကြီးများက မီးခိုးမဲများ ထုတ်လွှတ်၊ ရေဆိုးများကို စွန့်ပစ်၊ မည်သူက ဂရုစိုက်သနည်း။
“အရင်ဖွံ့ဖြိုးအောင်လုပ်၊ ပြီးမှ ထိန်းချုပ်။”
ထိုကိစ္စကို ထပ်တလဲလဲ ငြင်းဆိုပြီး ဝေဖန်နေကြသော်လည်း သမိုင်းတစ်လျှောက် နိုင်ငံပေါင်းများစွာတို့က ထိုသို့ လုပ်ခဲ့ကြခြင်းပင်။
ရှေးဟောင်းယဉ်ကျေးမှု စွမ်းအင်ကို ရပြီးနောက် မောက်မောက်မာမာဖြင့် မဆင်မခြင် ဖွံ့ဖြိုးအောင် လုပ်မှာ မဟုတ်ချေ။ ရွှေဥ ဥသည့်ငန်းကို မည်သူက သတ်မည်နည်း။ ကြီးမားသည့်ပျက်စီးမှုများဖြစ်မှာ ကြောက်ရွံ့သောကြောင့် ဆယ်နှစ်၊ နှစ်တစ်ရာလောက် စီမံကိန်းဆွဲဖို့ ဝန်မလေးကြပေ။
ထိုကဲ့သို့ ပြုလုပ်ခဲ့သူက ဧကရာဇ် ကျန်းလီပင်။ သို့သော်ငြား သူ၏ ရလဒ်က လူတိုင်းအသိပင် ဖြစ်၏။ ရှေးဟောင်းစွမ်းအင်များကို ဖွံ့ဖြိုးအောင် မလုပ်နိုင်ခင်မှာပဲ သူက သေဆုံးသွားခဲ့ပြီး သူများတွေ အခွင့်ကောင်း ရယူသွားခဲ့၏။
ရှမ့်လန်က ပြောသည်။ “ဒါကြောင့် ဂိုဏ်းချုပ်ရန်ရဲ့ ဧရာမ ရှေးဟောင်းအပျက်အစီးထဲမှာ လျှို့ဝှက် ဓာတ်ခွဲခန်းတွေနဲ့ လျှို့ဝှက်အခြေစိုက်စခန်းတချို့ ရှိနေအုံးမယ်။ သာမန်နည်းလမ်းတွေနဲ့ ဖွင့်ဖို့ သိပ်ခက်တယ်။ ဒါပေမဲ့ အကြမ်းဖက် ဖွံ့ဖြိုးမှု မလုပ်ချင်လို့ ဒီအတိုင်း ထားခဲ့တာပဲ။”
စေတီတောင်သခင်က ဆက်လက်ကာ တိတ်ဆိတ်နေ၏။ ရှမ့်လန် ပြောသမျှ စကားလုံးတိုင်းက ခန့်မှန်းချက်ကြီးပင်။ သို့သော်ငြား သူပြောသမျှက စကားလုံးတိုင်းက မှန်ကန်နေ၏။ ထိုအရာက အစစ်အမျှန် အမှန်တရားလည်း ဖြစ်၏။
“ဒီရှေးဟောင်းအပျက်အစီးက သိပ်ပြီး ကြီးမားလွန်းတယ်။ စေတီတောင်က ၂ နှစ်လောက် အကြမ်းဖက် ဖွံ့ဖြိုးမှုမျိုး လုပ်ခဲ့ပြီး ကြီးမားတဲ့ အကျိုးအမြတ်တွေကိုလည်း ရခဲ့တယ်။ ၂ နှစ် ဆိုတဲ့ အတောအတွင်းမှာ နှစ်ပေါင်း ၁၀၀ လောက် ဖွံ့ဖြိုးခဲ့တယ်။ အရမ်းလည်း အင်အားကြီးမားလာခဲ့တယ်။ ဒါကြောင့် စေတီတောင်က အခုဆိုရင် ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ဖို့ အရည်အချင်း ပြည့်မီနေပြီ။”
အပျက်အစီး၏ အတိုင်းအတာကို အတည်ပြုပြီးနောက် တော်ဝင်ရန်အင်ပါယာနှင့်ကောင်းကင်ပြစ်ဒဏ် နန်းဆောင်တို့က မက်မောသည့် မျက်လုံးများနှင့်ပင် ကြည့်ခဲ့ကြ၏။ စေတီတောင်နှင့် ချန်နိုင်ငံသစ်တို့ ပူးပေါင်းပြီး လက်ရှိအာဏာစက်ကွင်းကို ချိုးဖျက်ကာဖြင့် တော်ဝင်ရန်ဧကရာဇ်၏ ထိန်းချုပ်မှုအောက်မှ ထိုးဖောက်ထွက်ရန် ကြိုးစားနေသည်က အကြောင်းမဲ့ မဟုတ်ချေ။
ရှမ့်လန်က ပြောသည်။ “ဒါကြောင့် ဒီအချိန်မှာ ကျုပ်ရဲ့ စိတ်မရှည်မှုက ပေါ်လာခဲ့တာပေါ့။ ကျုပ်ရဲ့ တန်ဖိုးက တောက်ပလွန်းတော့ ခွေးမျက်လုံးတောင် ကန်းသွားနိုင်တယ်။ ဂိုဏ်းချုပ်ရန်... ကျုပ်ဆီက တစ်ခုတည်းသော နဂါးနောင်တက ဘယ်ကရလဲ သိလား။ ကျူးမျိုးနွယ်စုရဲ့ လျှို့ဝှက်အခြေစိုက်စခန်းက ရခဲ့တာပဲ။ ပြီးတော့ ကျုပ် အဲဒီကျွန်းပေါ်က လူတိုင်းကို သုတ်သင်ပစ်ခဲ့တယ်။
ကျူးမျိုးနွယ်စုရဲ့ လူထောင်ပေါင်းများစွာက အဲဒီ လျှို့ဝှက်အခြေစိုက်စခန်းမှာ နှစ်ပေါင်း ၂၀ ကျော် နေခဲ့ကြပေမဲ့ ဘာမှ မရခဲ့ဘူး။ နဂါးနောင်တကိုတောင် မရွေ့နိုင်ခဲ့သလို အရေးကြီးတဲ့ လျှို့ဝှက်ခန်း တွေကိုလည်း မဖွင့်နိုင်ခဲ့ဘူး။ ကျုပ်ရောက်သွားတော့ လျှို့ဝှက်ခန်းတွေ အကုန်လုံးကို လွယ်လွယ်ကူကူ ဖွင့်နိုင်ခဲ့သလို စွမ်းအင်ထိန်းချုပ်ရေး ကိရိယာနဲ့လည်း လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ခဲ့တယ်။
အကြောင်းရင်းကလား။ ကျုပ် အများကြီး ရှင်းပြနေစရာ မလိုဘူး။ ကျုပ်က သိပ်တော်လွန်းလို့ပဲ။ ကျုပ်ရဲ့ သွေးကလည်း နေမင်းကြီးလိုပဲ ... အမြင့်ဆုံး အခွင့်အာဏာ ရှိတယ်။ တံခါးက အလိုလို ပွင့်လာတာပဲ။”
လူတိုင်း၏ မျက်နှာများက ရှုံ့မဲ့သွား၏။ ရှမ့်လန် အန္တရာယ်မှ လွတ်မြောက်လာသည်က မည်မျှကြာသေး သနည်း။ အဘယ်ကြောင့် ဤမျှ မောက်မာနေရသနည်း။
‘တော်လွန်းနေတာ ဟုတ်လား။ ငါတို့ရှေ့မှာ ညစ်ညမ်းတဲ့ စကားတွေကိုတောင် ပြောချင်နေတာလား။’
ရှမ့်လန်က ပြော၏။ “ဒါကြောင့် ဂိုဏ်းချုပ်ရန်... ကျုပ် ခင်ဗျားကို နဂါးနောင်တ ဆယ်ခု ပေးဖို့ လွယ်တယ် ထင်လား။ ခင်ဗျား ကျုပ်ကို ဒီဧရာမ ရှေးဟောင်းအပျက်အစီးကြီးဆီကို ခေါ်သွားရုံပဲ။ တစ်ရက်အတွင်း နဂါးနောင်တ ဆယ်ခု ရအောင် ယူပေးမယ်လို့ ကတိပေးနိုင်တယ်။”
ရင်ဝူချယ်က တုန်လှုပ်စွာ ပြောသည်။ “ဂိုဏ်းချုပ်ရန်... အလိမ်မခံနဲ့။ ရှမ့်လန်က ခင်ဗျားရဲ့ ရှေးဟောင်း အပျက်အစီးထဲကို ဝင်ချင်ရုံ သက်သက်ပဲ။ သူ့မှာ ယုတ်မာတဲ့ အကြံအစည်မျိုးတွေ ရှိနိုင်တယ်။”
“မရှိဘူး။ ကျုပ်က တန်ဖိုးရှိတယ်။”
ရှမ့်လန်က ဖျော့တော့စွာ ပြော၏။ “လူတွေက အစာနင်မှာကို ကြောက်လို့ အစာမစားဘဲ နေကြလား။ တကယ်တော့ ဂိုဏ်းချုပ်ရန်မှာ အစီအစဉ် ရှိပြီးသားပါ။ ဒါပေမဲ့ ကျုပ်က ခင်ဗျားရဲ့ နောင်တ နှစ်ခုကို ခိုးလိုက်လို့ အစီအစဉ် ပြတ်တောက်သွားခဲ့တာပဲ။
ဂိုဏ်းချုပ်ရန်... ခင်ဗျားရဲ့ရှေးဟောင်းအပျက်အစီးတွေထဲမှာ သိပ်ပြီး အရေးကြီးတဲ့ လျှို့ဝှက်အခြေစိုက် စခန်းနဲ့ လျှို့ဝှက်ဓာတ်ခွဲခန်း ရှိကို ရှိရလိမ့်မယ်။ သာမန်နည်းလမ်းတွေနဲ့ ဖွင့်လို့မရဘူး။ ဒါပေမဲ့ ဒီဓာတ်ခွဲခန်းတွေကို ဖွင့်ဖို့က ခင်ဗျားအတွက် သိပ်ပြီး အရေးကြီးတယ်။ အခုအချိန်မှာ ကျုပ် အံ့ဖွယ်ရာတွေကို ဖန်တီးပြီး စေတီတောင်ကို နောက်တစ်ဆင့် ခုန်ပျံကျော်လွှား တိုးတက်စေမယ့် အချိန်ကို ဖန်တီးပေးနိုင်တယ်။
ဂိုဏ်းချုပ်ရန်... ခင်ဗျားလုပ်ရမှာက ရိုးရိုးလေးပဲ။ ကျုပ်ကို သတိမေ့အောင် ရိုက်နှက်ပြီး ဧရာမ ရှေးဟောင်း အပျက်အစီးကြီးရဲ့ အတွင်းပိုင်းကို တန်းပို့လိုက်ရုံပဲ။ အဲတာဆိုရင် သိပ်ပြီးအရေးကြီးတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်း တစ်ခုရှေ့ကို ကျုပ်က ရောက်သွားလိမ့်မယ်။ ကျုပ်က အမြင့်ဆုံး အခွင့်အာဏာရှိတဲ့အတွက် လွယ်လွယ်ကူကူ နဲ့ ဒါကို ဖွင့်နိုင်တယ်။
ခင်ဗျား ကျုပ်ကို နဂါးနောင်တတွေ မကဘဲ တခြား မဟာဗျူဟာမြောက် ပစ္စည်းတွေကိုပါ ယူလာပေးခိုင်းလို့ ရသေးတယ်။ ဂိုဏ်းချုပ်ရန်... ဒီလို တစ်သက်မှာ တစ်ခါပဲ ရမယ့် အခွင့်အရေးကို လက်လွတ်မခံနဲ့။ ကျုပ် နဂါးနောင်တ နှစ်ခု ခိုးလိုက်ရုံနဲ့ စီစဉ်ထားတဲ့ စည်းချက်မပျက်စေနဲ့။”
ရင်ဝူချယ်က အော်ဟစ်သည်။ “ဂိုဏ်းချုပ်ရန်... သဘောမတူလိုက်နဲ့။ သဘောမတူလိုက်နဲ့နော်။ ရှမ့်လန်မှာ သေချာပေါက် အကြံအစည်ကြီး တစ်ခု ရှိနေလိမ့်မယ်။”
စေတီတောင်သခင်က ရှမ့်လန်ကို ကြည့်ကာ ပြော၏။ “မင်းက တကယ့်ကို အံ့အားသင့်စရာပဲ။ နတ်ဆိုး တစ်ကောင်လိုပဲ။ နဂါးနောင်တ နှစ်ခုကို ခိုးပြီးတာတောင် ထွက်မပြေးသေးတဲ့အပြင် သုံ့ပန်းအဖြစ် ဆက်နေပြီး အခုလို အစီအစဉ်ကို ဖန်တီးခဲ့တယ်။ ပြီးတော့ ပိုပြီးကြီးမားတဲ့ အကျိုးအမြတ်တွေကိုတောင် လိုချင်နေသေးတယ်။ မင်းရဲ့ ရဲတင်းမှုက စိတ်ကူးလို့တောင် မရနိုင်ဘူး။ မင်းက အရူးတစ်ယောက်ပဲ။ တကယ့် အရူးတစ်ယောက်လိုပဲ။”
ရှမ့်လန်က ပုခုံးကို တွန့်ကာ ပြောသည်။ “ဂိုဏ်းချုပ်ရန်... စမ်းကြည့်ချင်သေးလား။”
ရင်ဝူချယ်က ပြတ်ပြတ်သားသား ပြော၏။ “ငါ မင်းကို အခုချက်ချင်း သင်းကွပ်ပစ်ပြီး ပြဿနာအားလုံးကို အပြီးအပိုင် ဖြေရှင်းပစ်နိုင်တယ်။ ဒါဆိုရင် မင်း ပိုကြီးတဲ့ ပြဿနာတွေကို မရှာနိုင်တော့ဘူး။”
ပြီးနောက် သူက ရုတ်တရက် ဓားကို ဆွဲထုတ်ပြီး ရှမ့်လန်ရှိရာသို့ ပြေးဝင်သည်။
“အဟမ်း.. အဟမ်း...” အနောက်ဘက်မှ ချောင်းဟန့်သံ သဲ့သဲ့လေး ထွက်ပေါ်လာ၏။ ရင်ဝူချယ်၏ လှုပ်ရှားမှုက ချက်ချင်း ရပ်တန့်သွား၏။
ဂိုဏ်းချုပ်ရန်က ပြောသည်။ “ရှမ့်လန်... မင်းက သိပ်ကို ရူးသွပ်ပြီး ထင်ရာစိုင်းလွန်းတယ်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် မလုပ်မိစေနဲ့။”
ရှမ့်လန်က ပြော၏။ “ဂိုဏ်းချုပ်ရန်... ကျုပ် ခင်ဗျားအတွက် အံ့ဖွယ်ရာ အမှုတစ်ခုကို ဖန်တီးချင်ရုံပါပဲ။”
“မီးနဲ့ ကစားချင်ရင် သေချာပေါက် ကိုယ်ကိုယ်တိုင် ကျွမ်းလောင်မှုကို ခံစားရလိမ့်မယ်။”
စေတီတောင်၏ ဂိုဏ်းချုပ်က ဖြည်းညှင်းစွာ ပြောသည်။ “မင်းက အရူးပဲ။ ကျိန်းသေပေါက် လုံးဝအရူးပဲ။”
ပြီးနောက် သူက လက်ဝါးဖြင့် ခပ်ဖွဖွရိုက်၏။ ရှမ့်လန်က ချက်ချင်း သတိမေ့သွား၏။
…………
အချိန်မည်မျှ ကြာသည် မသိချေ။ ရှမ့်လန်က မျက်လုံးကို ဖွင့်လိုက်ချိန်မှာတော့ လုံးဝ စိမ်းသက်နေသည့် ပတ်ဝန်းကျင် တစ်ခုသို့ ရောက်ရှိသည်။
“ဒါ... ဒါဘယ်နေရာလဲ။ ဒီနေရာက သိပ်ကို ထူးဆန်းလွန်းတယ်။ ဒါ ဘယ်လိုနေရာမျိုးလဲ။”
သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ စိတ်ကူးတောင် မယဉ်ခဲ့ဖူးချေ။ စိတ်ကူးယဉ်လောက တစ်ခုကဲ့သို့ပင် ဖြစ်၏။
“ရှမ့်လန်... မင်း အံ့ဖွယ်ရာအမှုတစ်ခုကို ဖန်တီးချင်တယ်ဆို။ ဒါက ရှေးဟောင်းအပျက်အစီးထဲက လျှို့ဝှက်ခန်း တစ်ခုပဲ။ မင်း တစ်ခါမှ မမြင်ဖူး၊ မကြားဖူးဘူး မဟုတ်လား။ ဒီလျှို့ဝှက်ခန်းထဲမှာ ယန္တရားတွေ မရှိဘူး။ တံခါးတွေ မရှိဘူး။ အပေါက်တွေလည်း မရှိဘူး။ ဆိုင်းဘုတ်လည်း မရှိဘူး။ သဲလွန်စလည်း မရှိဘူး။ မီးလည်း မရှိဘူး။ ထူးခြားချက်လည်း မရှိဘူး။ ဒါပေမဲ့ စက္ကန့် ၃၀ အတွင်း ဖွင့်ရမယ်။
အောင်မြင်ရင် ငါတို့ သဘောတူညီချက်ကို ဆက်လုပ်လို့ရတယ်။ ကျရှုံးရင်တော့ မင်းရဲ့လက်က အသုံးမဝင်တော့ဘူး။ မင်းရဲ့ လက်ကို ဖြတ်ပစ်လို့ ရပြီ။ မင်း အံ့ဖွယ်ရာအမှုကို ဖန်တီးနိုင်တယ်လို့ ပြောခဲ့တယ် မလား။ ဒါဆိုရင် အခု စလို့ရပြီ။ အချိန်ရေတွက်မှု စတင်ပြီ။ ၃၀... ၂၉... ၂၈...”
ဤသည်က ဘယ်လိုသော လျှို့ဝှက်ခန်းမျိုး ဖြစ်သနည်း။ ဤလျှို့ဝှက်ခန်းက နယ်နိမိတ်မရှိသကဲ့သို့ ထင်ရ၏။ နံရံ၊ မျက်နှာကြက်၊ ကြမ်းပြင်နှင့် နေရာဟူသော အာရုံခံစားမှုမျိုး လုံးဝမရှိချေ။ မြင်မြင်သမျှ အရာအားလုံးက ကျယ်ပြောသည့် အဖြူရောင်ပြင်ကြီး တစ်ခုသာလျှင် ဖြစ်၏။ ရှေ့၊ နောက်၊ ဘယ်၊ ညာ၊ အထက်၊ အောက် ဟူ၍ ခွဲခြား၍ပင် မရနိုင်ပေ။
ထို့အပြင် နံရံများပေါ်၌ မည်သည့်ခလုတ်၊ အက်ကြောင်း သို့မဟုတ် အလင်းဖန်သားပြင်မှ မရှိချေ။ ရှေးဟောင်း လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ရန် နေရာပင် မရှိချေ။
ပထမဦးဆုံးအကြိမ် မြင်ဖူးသူများအဖို့ ဤအရာက လက်တွေ့တည်ရှိမှုပေလား သို့မဟုတ် အိပ်မက်တစ်ခု ပေလား ဟုပင် သံသယဝင်ပေလိမ့်မည်။
သို့မဟုတ် ဤနေရာက ဤလောကကြီးထဲတွင် ရှိသည်မဟုတ်ဘဲ တခြား လျှို့ဝှက်ဆန်းကြယ်သည့် အာကာသ တစ်ခုခုဆီသို့ ရောက်ရှိသွားခဲ့ခြင်းလားပင်။။ ထို့ကြောင့် ဤမြင်ကွင်းကို မြင်ရသည်နှင့် လူတစ်ဦး၏ အလိုလိုသိစိတ်က ရှေးဟောင်းအမွေအနှစ် တစ်ခုခု ထင်မှတ်သွားစေလိမ့်မည်။ ရှေးဟောင်း အမွေအနှစ် တစ်ခုကသာ ဤမျှ လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်မျိုးကို ရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း ရှမ့်လန်က နေရာတစ်ခုလုံးကို အကဲခတ် ကြည့်ရှုပြီးနောက် သူ၏ စိတ်နှလုံးသားထဲတွင် သက်ပြင်းပင် ချလိုက်မိ၏။ အံ့အားသင့်စရာ ကောင်းလွန်းလှချေ၏။ ဤလျှို့ဝှက်ခန်းက အံ့အားသင့်စရာ ကောင်းခြင်းမဟုတ်ဘဲ စေတီတောင်သခင်ကသာ အံ့အားသင့်စရာ ကောင်းနေခြင်းပင်။ ထင်ထားသည့် အတိုင်းပင် မည်သည့် သူရဲကောင်းကိုမှ လျှော့တွက်၍ မရနိုင်ပေ။
အပြင်ဘက်မှ အချိန်ရေတွက်မှုက ဆက်လက် ထွက်ပေါ်နေ၏။ “၁၅... ၁၄... ၁၃...”
သို့သော်လည်း ရှမ့်လန်က ကျောက်ရုပ်ကြီးကဲ့သို့ မလှုပ်မယှက် ရပ်နေ၏။ သူက မည်သည့် တုံ့ပြန်မှုမှ မရှိသလို ပြီးဆုံးခါနီး ဖြစ်နေသည့် အချိန်ရေတွက်မှုကို နားမဝင်သကဲ့သို့ပင်။
အမှန်စင်စစ် ရှမ့်လန်က နောက်ဆုံးစက္ကန့်မှ ကယ်တင်ခြင်းအလုပ်မျိုးကို လုံးဝ မနှစ်သက်ချေ။ နောက်ဆုံး စက္ကန့်မှ ဖန်တီးရသော အံ့ဖွယ်ရာအမှုက ရင်ဖိုစရာ ကောင်းလွန်းလှပြီး အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် အရာအားလုံး ပြီးဆုံးသွားနိုင်သည်။
“၅... ၄... ၃... ၂... ၁...” အချိန်ရေတွက်မှု ပြီးဆုံးတော့မှာဖြစ်ပြီး ရှမ့်လန်က မလှုပ်မယှက် တည်ရှိနေ၏။ နောက်ဆုံးစက္ကန့် အံ့ဖွယ်ရာအမှုများကို ပြုလုပ်ချင်သည်ဆိုလျှင် ယခုအချိန်၌ မြန်မြန် ပြုလုပ်သင့်၏။ သို့သော်လည်း ရှမ့်လန်က ငြိမ်သက်မြဲ ငြိမ်သက်နေဆဲပင်။
“သုည” အချိန်ရေတွက်မှုက ပြီးစီးသွား၏။
စုစုပေါင်း စက္ကန့် ၃၀ ကုန်ဆုံးသွားသော်လည်း ရှမ့်လန်က ရွေ့ခြားခြင်း မရှိချေ။ သူ ဘာလုပ်ဖို့ ကြိုးစား နေသနည်း။ သူက ရူးသွပ်သွားပြီလား။
ပြီးနောက် အေးစက်သည့် အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ “အချိန်ပြည့်သွားပြီ။ ရှမ့်လန်... မင်း အံ့ဖွယ်ရာအမှုကို မဖန်တီးနိုင်ခဲ့ဘူး။ ဒါကြောင့် မင်းရဲ့ ဘယ်လက်ကို ဆက်မထားနိုင်တော့ဘူး။ ထုတ်ပေးတော့။ ငါ မင်းလက်ကို ဖြတ်ပစ်တော့မယ်။”