အခန်း (၁၀၅၅-၁၀၅၆)
Vol. 62 Ch. 1055-1056
အပိုင်း (၁၀၅၅)
ရှမ့်လန်က စကားမပြောသေးဘဲ သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပေးလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ လိုအပ်သမျှ အရာအားလုံး ရှိနေပြီဖြစ်၏။ အရေးကြီးသောအချိန်တွင် သူ့၌ ညာလက် ရှိနေသောကြောင့် ဘယ်လက် ပြတ်သွားလျင်လည်း ကိစ္စမရှိချေ။
သို့သော်လည်း ခဏအကြာမှာတော့ ရှမ့်လန်က သူ၏ ဘယ်ဘက်လက်ကို ပြန်ချလိုက်၏။ ရယ်စရာ ကောင်းလှချေ၏။ သူက ကိုယ့်လက်ချောင်းလေး တစ်ချောင်းပြတ်သွားမည်ကိုပင် သည်းခံနိုင်သည့်သူ မဟုတ်ချေ။ ဘယ်ဘက်လက် တစ်ခုလုံး ဆုံးရှုံးမည့် အဖြစ်မျိုးကို အဘယ်သို့ ခံနိုင်ရည် ရှိမည်နည်း။
“ဘယ်လက်ကို ဆန့်ထားရင် လက်ကောက်ဝတ်က ဖြတ်ပေးမယ်။ ဒါပေမဲ့ လက်ကို အောက်ချထားမယ်ဆိုရင် ပုခုံးက ဖြတ်ရလိမ့်မယ်။ ဒါဆို အမြစ်က ပြတ်သွားမှာပဲ။”
ထိုသူက အေးစက်စက် ပြော၏။ သူ၏ အသံက ဓားသွား၏ ထက်မြက်မှုမျိုးပင် ပါဝင်လျက် ရှိနေ၏။
ရှမ့်လန်က တည်ငြိမ်စွာ ပြောသည်။ “နောက်မနေစမ်းပါနဲ့။ ဒါက ရှေးဟောင်းအပျက်အစီးထဲက လျှို့ဝှက်ခန်း မဟုတ်ဘူး။ ကျုပ် မူလနေရာမှာပဲ ရှိနေသေးတယ်။ မူလမြေအောက် သင်္ချိုင်းဂူထဲမှာ ရှိနေတုန်းပဲ။ ကျုပ်ရှေ့က လျှို့ဝှက်ခန်းဆိုတာကလည်း နေရာလွတ်တစ်ခုလို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတာပဲ။ ကြည့်ရတာ ခမ်းနားသလိုလိုနဲ့ တကယ်တော့ ဘာမှမဟုတ်ဘူး။ သာမန်အခန်း တစ်ခုပဲ။ ကျုပ်ကို အချိန်နည်းနည်းပေးရင် ခင်ဗျားအတွက် ဒီထက်ပိုပြီး ဆန်းကြယ်တဲ့ အခန်းတစ်ခန်းတောင်မှ ဖန်တီးပေးလို့ ရသေးတယ်။ ဒီလို လျှို့ဝှက်ခန်းအတုကြီးကို ဘယ်လိုလုပ် ဖွင့်လို့ရမှာလဲ။ ခင်ဗျား ကျုပ်ကို ငတုံးငအ လို့ ထင်နေတာလား။”
ထိုလူက တိတ်ဆိတ်သွား၏။ အသံကြာမှ သူက ပြော၏။
“တော်တယ်။ တော်တယ်။ မင်းလောက် ဉာဏ်ကောင်းတဲ့ လူမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒါပေမဲ့ မှတ်ထားရမှာက လူတွေက ဉာဏ်ကောင်းလွန်းရင် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်မှုကို ခံစားရတတ်တယ်။”
နောက်တစ်စက္ကန့်မှာပဲ ရှမ့်လန်၏ ဦးခေါင်းနောက်စေ့ကို ခပ်ဖွဖွ ရိုက်နှက်၏။ ရှမ့်လန်က မေ့လဲသွားသည်။
ပြန်လည် နိုးထလာချိန်မှာတော့ ရင်းနှီးနေသည့် အခန်းထဲတွင် ရှိနေဆဲပင်။ သူ လပေါင်းများစွာ အကျဉ်းချခံ ထားရသည့် အခန်းဖြစ်၏။
သန်မာထွားကျိုင်းပြီး ခမ်းနားထည်ဝါလှသည့် အမျိုးသမီး စစ်သည်တော်က တံခါးဝတွင် ရပ်နေဆဲဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်က သိသိသာသာ ပိန်ကျသွားသည်မှာ ထင်ရှားသည်။
နိုးလာပြီးနောက် ရှမ့်လန် ပထမဦးဆုံးလုပ်သည့်အလုပ်က သူ၏ အဝတ်အစားအားလုံးကို ချွတ်ပစ်လိုက်ခြင်းပင်။
အမျိုးသမီး စစ်သည်တော်က မျက်လုံးများကို လှန်ကြည့်၏။ ပြီးနောက် သူ့ကို ကျောခိုင်း၏။ ဤမျှ အရှက်မဲ့သည့် လူမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ယခုအချိန် အဝတ်အစား ဝတ်ထားလျှင် သေသွားမည် စိုး၍လား။ သို့သော်ငြား ထိုနောက်ပိုင်းတွင် အဝတ်အစား မဝတ်ခြင်းမှလွဲ၍ ရှမ့်လန်က တခြားဘာကိုမှ မလုပ်ခဲ့ချေ။
သူက အထူးတလည် လိမ္မာနေပုံရ၏။ သူက စကားလုံးများဖြင့် သူမကို စည်းရုံးရန် မကြိုးစားခဲ့သလို ၊ ဦးနှောက်ဆေးရန်လည်း မကြိုးစားခဲ့ချေ။ တိတ်တဆိတ်နှင့် အမြဲတမ်း ငြိမ်သက်လို့ နေ၏။ လေ့ကျင့်ခန်းလည်း မလုပ်တော့ချေ။ နေ့တိုင်း လုပ်နေကျ ဒိုက်ထိုးခြင်း ၁၃ ကြိမ်၊ ထိုင်ထ ၁၅ ကြိမ် ပြုလုပ်ခြင်းကိုပင် မလုပ်ချေ။ ငူငူငိုင်ငိုင်နှင့်သာ ထိုင်နေ၏။
အချိန်များက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့၏။ စေတီတောင်သခင်နှင့် သူ၏ သဘောတူညီချက်က လဝက်သာ ရှိပြီး ယခု ၃ ရက် ကုန်ဆုံးသွား၏။ သူက အံ့ဖွယ်ရာ အမှုကိစ္စတစ်ခုကို ဖန်တီးပြီး စေတီတောင် သခင်အတွက် နဂါးနောင်တ ဆယ်ခုကို ရယူပေးမည်ဟု ပြောခဲ့၏။ ထို့အပြင် စေတီတောင် မင်းသမီးကိုလည်း ကယ်တင်ပေးမည်ဟု ပြောခဲ့၏။ သို့သော်ငြား တစ်ဖက်လူက သူ့ကို ထွက်ခွာခွင့် မပေးခဲ့သလို၊ တောင်ပင်လယ်ရှိ ဧရာမ ရှေးဟောင်းအပျက်အစီး တည်နေရာဆီသို့လည်း သွားခွင့် မပြုခဲ့ချေ။
.........
လေးရက်မြောက်... ငါးရက်မြောက်... ခြောက်ရက်မြောက်... ခုနစ်ရက်မြောက်... ... ... ကိုးရက်မြောက်။
လဝက်ဟူသည့် သတ်မှတ်ရက်က တဖြည်းဖြည်းနှင့် ပိုမို၍ နီးကပ်လာခဲ့၏။ ရှမ့်လန်က တခြားသော သူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်ဆဲ ဖြစ်သည်။
အမျိုးသမီးစစ်သည်တော်က ပြော၏။ “အဝတ်အစားဝတ်ပြီး ကျွန်မနောက်လိုက်ခဲ့။”
ရှမ့်လန်က ပြောသည်။ “မဝတ်ဘူး။”
ထိုအမျိုးသမီးစစ်သည်က မျက်မှောင်ကြုတ်ကာ ပြော၏။ “ဒါဆိုရင်လည်း ရှင့်သဘောပဲ။”
ပြီးနောက် သူမက ရှမ့်လန်အား သူမ၏နောက်သို့ လိုက်ပါစေလျက်ဖြင့် အပြင်ဘက်သို့ ထွက်ခွာ၏။ ဂူသင်္ချိုင်းထဲသို့ ရောက်ချိန်တွင် သူတို့က မိမိ၏လက်ချောင်းကိုပင် မမြင်ရလောက်အောင် မှောင်မိုက်နေဆဲပင်။
စေတီတောင်မင်းသမီးက မေးသည်။ “ရှမ့်လန်... ရှင် နဂါးနောင်တကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပြီး အခု ဘာလို့ ထွက်မသွားသေးတာလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ထွက်သွားရမယ် ဟုတ်လား။ ဘယ်ကို ထွက်သွားရမှာလဲ။ ဘယ်ကိုသွားရမှာလဲ။ ကျုပ်က ကြက်ကလေးတစ်ကောင်ကို ဖမ်းချုပ်ဖို့တောင်မှ အားမရှိတဲ့ အချောဆုံးသော ယောက်ျား တစ်ယောက်ပဲ။ ဘဲတစ်ကောင်၊ ငန်းတစ်ကောင်ကတောင် ကျုပ်ကို အနိုင်ကျင့်နိုင်တယ်။ ကျုပ်က ဘယ်ကို ထွက်ပြေးရမှာလဲ။”
ခေတ္တမျှ ကြောင်အပြီးနောက် စေတီတောင်မင်းသမီးက မေးသည်။ “ရှင် ဘာလုပ်ချင်တာလဲ။ ဒီမှာဆက်ပြီးတော့ ဘာတွေဖြစ်ချင်နေတာလဲ။”
ရှမ့်လန်က ပြော၏။ “ကျုပ် ထွက်ပြေးချင်တယ်။ ဒါပေမဲ့ အခွင့်အရေး မရှိဘူး။ နဂါးနောင်တကို ခိုးယူပြီးပြီ ဆိုပေမဲ့ ကျုပ် ပြန်မရောက်မချင်း ဒါကို ပစ်လွှတ်လို့မရဘူး။ ကျုပ်ရဲ့အိမ်မက်ထဲမှာတောင်မှ အိမ်ကို ပြန်ရောက်နေပြီ။”
အချိန်အတန်ကြာပြီးနောက် စေတီတောင်မင်းသမီးက မေးသည်။ “ကျွန်မအမေက ရှေးဟောင်းဝဲကတော့ တစ်ခုကို ဖြတ်သန်းခဲ့ရတာကြောင့် ကျွန်မ ဒီလိုဖြစ်သွားခဲ့တာလို့ ရှင်ပြောခဲ့တယ်နော်။ သန္ဓေသားလောင်း ဘဝတည်းက စွမ်းအင်ဝဲကတော့ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး ကျွန်မက မျိုးရိုးဗီဇ ပြောင်းလဲ သွားတယ်လို့ ပြောချင်တာပေါ့။”
ရှမ့်လန်က ပြော၏။ “ဖြစ်နိုင်တယ်။ သန္ဓေသားလောင်းအတွက် အရမ်းကို အန္တရာယ်များတဲ့ စွမ်းအင်ရောင်ခြည် တစ်မျိုးမျိုး ရှိနေလို့ပဲ။”
စေတီတောင်မင်းသမီးက ပြောသည်။ “ကျွန်မကို ကုသဖို့ဆိုရင် မျိုးရိုးဗီဇ ပြောင်းလဲရတဲ့ အရင်းအမြစ်ကို ရှာဖွေရမယ်။ ဒါကြောင့် ရှေးဟောင်းလောကရဲ့ စွမ်းအင်ဝဲကတော့ဆီကို သွားပြီးကြိုးစားကြည့်ရမယ်လို့ ရှင် ဆိုလိုတာလား။”
ရှမ့်လန်က ပြော၏။ “အမှန်ပါပဲ။”
အတိုင်းအတာတစ်ခုထိ ရှမ့်လန်ပြောသည်က ကျိုးကြောင်းဆီလျော်မှုရှိ၏။ ဥပမာအားဖြင့် တချို့သော ရောင်ခြည်စွမ်းအင်များက ကင်ဆာရောဂါကို ဖြစ်ပေါ်စေနိုင်သော်လည်း ကင်ဆာဆဲလ်များကို သတ်ပစ်နိုင်သည့် ရောင်ခြည်စွမ်းအင်များလည်း ရှိ၏။ မတူညီသည့် စွမ်းအင်ရောင်ခြည်များတွင် မတူညီသည့် အာနိသင်များ ရှိကြပြီး စွမ်းအင်ဝဲကတော့ကြီးများထဲတွင် ရောင်ခြည်အမျိုးအစားပေါင်း မရေတွက်နိုင်အောင် ပါဝင်နေသည်။
စေတီတောင်မင်းသမီးက ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မရဲ့အမေ အဲဒီစွမ်းအင်ဝဲကတော့ကို ဖြတ်သန်း ခဲ့တုန်းက ချက်ချင်း လမ်းလျှောက်နေတဲ့ အလောင်းကောင် အဖြစ်တောင် ပြောင်းလဲသွားခဲ့တယ်။ အသိစိတ်တွေက ပျောက်ဆုံးသွားခဲ့တယ်ဆိုတာ ရှင်သိပြီးသားပဲ။
ပြီးတော့ သူဖြတ်သန်းခဲ့တဲ့ စွမ်းအင်ဝဲကတော့က အားပျော့နေသေးတယ်။ အခု တောင်ပင်လယ် ရှေးဟောင်း အပျက်အစီးနယ်မြေထဲက စွမ်းအင်ဝဲကတော့က ပိုပြီးအားကောင်းတယ်။ အထဲကို ဝင်သွားတဲ့ ဘယ်သူမဆို ချက်ချင်းပျောက်ကွယ်ပြီး ပြာမှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “မင်းသမီးကို ကယ်တင်နိုင်မယ်ဆိုရင် ကျုပ် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။”
စေတီတောင်မင်းသမီးက ပြော၏။ “ရှင်က အဲဒီလောက်တောင် မြင့်မြတ်တဲ့လူလား။ ဟုတ်တယ်။ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ရှင်က ကျင်းမူလန် အပေါ်မှာသာ ဒီလိုဖြစ်ရင်ဖြစ်မယ်။ ကျွန်မ အပေါ်မှာတော့ ဒီလိုဖြစ်အောင် လုပ်ပေးချင်မှာ မဟုတ်ဘူး။ နားဝင်ချိုတဲ့ စကားလုံးတွေအများကြီးကို ပြောလွန်းရင် လူတွေကို ဆွဲဆောင်နိုင်စွမ်း ပျောက်ဆုံးသွားတတ်တယ်။”
ရှမ့်လန်က ပြောသည်။ “ကျုပ်က ထူးခြားတယ်။ ကျုပ်ရဲ့ သွေးမျိုးဆက်က အရှေ့တိုင်းအင်ပါယာရဲ့ လျှို့ဝှက် အခန်းတွေနဲ့ အရှေ့တိုင်းလောကရဲ့ စွမ်းအင်ဗဟိုချက်တွေကို ဖွင့်နိုင်တယ်။ ပြီးတော့ နဂါးနောင်တကိုလည်း ပစ်လွှတ်နိုင်တယ်။ ဒါကြောင့် ဒီစွမ်းအင်ဝဲကတော့က ကျုပ်ကို ထိခိုက်ချင်မှ ထိခိုက်နိုင်လိမ့်မယ်။”
စေတီတောင်မင်းသမီးက မေး၏။ “ကျွန်မကို ကယ်လိုက်မယ်ဆိုရင် ရှင် ဘာအကျိုးကျေးဇူးတွေ ရမှာမို့လို့လဲ။”
ရှမ့်လန်က ပြောသည်။ “အဲဒီအချိန်ကျရင် ခင်ဗျား ကျုပ်နဲ့ တကယ်အိပ်လို့ရပြီ။ ကလေးတွေ မွေးလို့ရပြီ။ အဲဒီအချိန်ကျရင် ကျုပ်က နဂါးနောင်တကို ပစ်လွှတ်နိုင်ပြီး ခင်ဗျားနဲ့အတူ ပြိုင်ဘက်ကင်းတဲ့ ကလေးတွေကို မွေးဖွားနိုင်တယ်။ ကျုပ်က ခင်ဗျားတို့ စေတီတောင်အတွက် အသင့်တော်ဆုံးသော လက်ထပ်မိတ်ဖက်ပဲ။”
စေတီတောင်မင်းသမီးက နှာခေါင်းကို ရှုံ့၏။ နှိုင်းယှဉ်၍ မရနိုင်အောင် ရှုပ်ထွေးသည့် အပြုံးတစ်ခုက သူမ၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာ၏။ ဤလောကကြီးထဲတွင် အမြဲတမ်း မုသားစကားများနှင့် ပြည့်နှက်နေသော လူတချို့ရှိကြ၏။ သူတို့၏စကားများက မည်သည်ကအမှန်၊ မည်သည်ကအမှား ဖြစ်ကြောင်းပင် မသိနိုင်ပေ။ ထို့အပြင် သူတို့၏ မုသားစကားများက အမှန်တရားထက်ပင် ပိုမို၍ အစစ်အမှန် ဆန်နေတတ်သေး၏။
စေတီတောင်မင်းသမီးက ပြောသည်။ “ရှမ့်လန်... ရှင် အဝတ်အစား ဝတ်သင့်ပြီလို့ ကျွန်မထင်တယ်။”
ရှမ့်လန်က ပြောလိုက်၏။ “မဝတ်ဘူး။ ကျုပ် လုံးဝ မဝတ်ဖို့ ဆုံးဖြတ်ထားတယ်။ ကျုပ်ရဲ့ ဒီပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ခင်ဗျားရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းနဲ့ စွဲထင်ကျန်ရစ်စေချင်တယ်။ ခင်ဗျား ရှမ့်လန် ဆိုတဲ့ စကားလုံးနှစ်လုံးကို တွေးလိုက်တာနဲ့ ကျုပ်ရဲ့ခန္ဓာကိုယ် ခင်ဗျားမျက်လုံးထဲမှာ ပေါ်လာစေချင်တယ်။ ဒါက စကားလုံးတွေနဲ့ ဦးနှောက်ဆေးတာ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာအရ ဦးနှောက် ဆေးပစ်တာပဲ။ ကျုပ် ခင်ဗျားကို အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်စေချင်တယ်။”
“အင်း...” စေတီတောင်မင်းသမီးက တိုးညင်းစွာဖြင့် သက်ပြင်းချ၏။ ဤလောကကြီးထဲတွင် ရှမ့်လန်ကဲ့သို့ အရှက်မရှိသည့် လူတစ်ယောက် အသက်ရှင်ရသည်က တကယ်ပင် ခက်ခဲလွန်းလှချေလိမ့်မည်။
စေတီတောင်မင်းသမီးက ရုတ်တရက်ပြောသည်။ “ကောင်းပြီ။ ရှင် မဝတ်ချင်လည်း မဝတ်နဲ့တော့။ ရှင် နာကျည်းမှုနဲ့ တွေ့ဖို့လိုတယ်။”
ချက်ချင်း ရှမ့်လန်က ထိုင်ချ၏။ ကာမရာဂ၏ အငွေ့အသက် အနည်းငယ်မျှပင် ပေါ်မသွားစေရန် သူ၏ အရေးကြီးသည့် ခန္ဓာကိုယ်တည်နေရာကို လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်၏။
စေတီတောင်မင်းသမီးက ပြောစရာစကားပင် မဲ့သွား၏။ ခုဏကကျတော့ ဘာလုပ်နေသနည်း။ အမျိုးသမီးတစ်ယောက်၏ ရှေ့တွင် လူလေလူလွင့်လို လုပ်ပြနေပြီး ယောက်ျားတစ်ယောက်၏ ရှေ့တွင်တော့ သူ၏အသားကို လှီးထုတ်ခံရတော့မည့်အလား ကျောက်စိမ်းကဲ့သို့ အပျိုစင်ဘဝကို စောင့်ထိန်းပြနေသည်။
မကြာခင် အဝတ်အစားတစ်စုံ သူ့ရှေ့သို့ ပစ်ပေးလိုက်လေရာ ရှမ့်လန်က လျင်မြန်စွာ ဝတ်ဆင်၏။ ဝတ်ဆင်ပြီးနောက် သူ၏ရှေ့တွင် ဖယောင်းတိုင် တစ်တိုင် လင်းလက်လာ၏။ ရင်းနှီးနေသော်လည်း စိမ်းသက်နေသည့် ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ လှမ်းလျှောက်ဝင်လာ၏။
ရင်းနှီးနေသည်က ထိုသူမှာ အဆုံးစွန်အားဖြင့် နာကျည်းမှု ဖြစ်နေသောကြောင့်ပင်။ စိမ်းသက်နေသည်က အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ခန္ဓာကိုယ်က ခြောက်လက်မခန့် ပိုမို၍ အရပ်ရှည်လာခဲ့ပြီး ခြေလက်များက ရှည်လျားလာ၏။ ကျောကုန်းက အနည်းငယ် ကုန်းကိုင်းနေ၏။ မျက်နှာသွင်ပြင်က ပိုမို၍ ပေါ်လွင်ထင်ရှားလာသည်။
ထိုအရာက လူရိုင်းဘဝကို ပြန်လည်ရောက်သွားခြင်းမျိုးပင်လား မသိနိုင်ပေ။ အဓိကအချက်အားဖြင့် ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်အငွေ့အသက်ပင် ဖြစ်၏။ သူက ယခင်တုန်းက အလွန်သန်မာသူဖြစ်ပြီး ယခု အသွင် ပြောင်းသွားသည့်နောက်မှာတော့ အဆင့်တစ်ဆင့်ထက်သာမက ပို၍ပင် အင်အားကြီးမားလာ၏။
“ကျိုးရိချမ်...နာကျည်းမှု...”
ရှမ့်လန်က ထိုအမည်နှစ်ခုကို ခေါ်သော်လည်း တစ်ဖက်လူက တုံ့ပြန်ခြင်းမရှိချေ။ သူက ထိုအမည်များကို မကြားသကဲ့သို့ပင် လုံးဝအသိစိတ် ပျောက်ဆုံးနေပုံပေါ်၏။ သူ၏ ဉာဏ်နှင့် အသိစိတ်အားလုံးတို့က ဆုတ်ယုတ် သွားခဲ့ပုံပေါ်၏။ သူ၏အကြည့်များကပင်လျှင် အလွန်ရှေးကျသည့် လူရိုင်းစစ်စစ် ဖြစ်နေသည်။
နင်ယွမ်ရှန်းသည်လည်း ယခင်က ဤကဲ့သို့ အတိတ်မေ့ဟန် သရုပ်ဆောင်ခဲ့ဖူးသောကြောင့် မှတ်ဉာဏ် ပျောက်ဆုံးရုံသာမက စိတ်ပါလွတ်ပြီး လုံးဝသူငယ်ပြန်သွားသည့် ပုံစံမျိုး ဖြစ်ခဲ့ဖူး၏။ နှစ်နှစ်ကျော် ကာလအတွင်း သူ၏ သရုပ်ဆောင်မှုက အပြစ်အနာအဆာဟူ၍ တစ်ခုမှ မရှိခဲ့ချေ။
သို့သော် ယခု နာကျည်းမှုက သရုပ်ဆောင်နေပုံမရချေ။ သူ၏မျက်လုံး သူငယ်အိမ်များက ပြန့်ကျဲမနေသလို အကြည့်များကလည်း ကြောင်တောင်တောင် ဖြစ်မနေချေ။ ထိုအရာက အလွန်ရှေးကျသည့် လူရိုင်းစစ်စစ် ပုံစံမျိုးသာ ဖြစ်၏။
စေတီတောင်မင်းသမီးက ပြောလိုက်သည်။ “သူ့ရဲ့ အသိစိတ်အားလုံးနဲ့ မှတ်ဉာဏ်တွေအားလုံး ဆုံးရှုံးသွားတယ်။ ဒါပေမဲ့ သူ အများကြီး ပိုပြီးသန်မာလာတယ်။ စမ်းသပ်ခံရမှု ဒါဇင်ပေါင်းများစွာထဲမှာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာပဲ။ ကျန်တဲ့လူတွေ အကုန်လုံးကတော့ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။”
ရှမ့်လန်က မေး၏။ “ဘာစမ်းသပ်မှုလဲ။ တောင်ပင်လယ်က ရှေးဟောင်းအပျက်အစီးနယ်မြေထဲက ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းတာလား။”
စေတီတောင်မင်းသမီးက ပြောလိုက်သည်။ “ဟုတ်တယ်။ ကျွန်မတို့ စေတီတောင်က စမ်းသပ်မှု ၈၅ ကြိမ် ပြုလုပ်ခဲ့တယ်။ နာကျည်းမှု တစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်။ ဒါပေမဲ့ သူက အသိစိတ်လွတ်သွားပြီး တိုက်ခိုက်လိုစိတ်ပဲ ကျန်တော့တဲ့ ဘီလူးကောင်ကြီးတစ်ကောင်လို ပြောင်းလဲသွားခဲ့တယ်။ ကျန်တဲ့လူတွေ အားလုံးကတော့ ချက်ချင်းသေဆုံးကုန်တယ်။ ဘာကြောင့်လဲဆိုတာ ကျွန်မတို့ မသိဘူး။”
ရှမ့်လန်က ပြော၏။ “ဘာလို့လဲဆိုတော့ နာကျည်းမှုက အရှင်ကျန်းလီရဲ့ ထူးခြားတဲ့ သွေးမျိုးဆက် ရှိနေလို့ပဲ။”
စေတီတောင်မင်းသမီးက ပြောသည်။ “အရှင်ကျန်းလီဆီမှာ ထူးခြားတဲ့ သွေးမျိုးဆက်ရှိတဲ့လူတွေ တော်တော်များများ ရှိခဲ့တယ်။ ကျွန်မတို့ စေတီတောင်မှာလည်း တချို့ရှိသလို ချန်နိုင်ငံသစ်မှာဆိုရင် ပိုတောင်များသေးတယ်။ ကျွန်မတို့ သူတို့ကို စမ်းသပ်မှုတွေအတွက် အသုံးပြုခဲ့ပေမဲ့ စွမ်းအင်ဝဲကတော့ထဲကို ဝင်ပြီးတာနဲ့ အားလုံးက သေဆုံးကုန်တယ်။ ဒါကြောင့် ဒီကိစ္စက အရှင်ကျန်းလီရဲ့ ထူးခြားတဲ့ သွေးမျိုးဆက်နဲ့ ဘာမှမဆိုင်ဘူး။”
ထိုသို့ဆိုလျှင် ထူးဆန်းနေပြီ ဖြစ်၏။ နောက်ကွယ်ရှိ သဘောတရားက ဘာများဖြစ်မည်နည်း။ ရန်ယင်ယင်၏ မိခင် စေတီတောင်ဂိုဏ်းချုပ်၏ ဇနီးသည်ကလည်း စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းပြီးနောက် အသိစိတ် လွတ်သွားခဲ့၏။ သူမတွင် ကျန်းလီ ဖန်တီးခဲ့သည့် ထူးခြားသော သွေးမျိုးဆက်မျိုး မရှိခဲ့ချေ။
စေတီတောင်မင်းသမီးက မေး၏။ “ရှင်က ကိုယ့်ကိုယ်ကိုယ် သန်းတစ်ထောင်မှာ တစ်ယောက်လို့ ထင်နေတယ်မလား။”
ရှမ့်လန်က ပြန်ဖြေသည်။ “သိပ်မှန်တာပေါ့။”
စေတီတောင်မင်းသမီးက ပြောလိုက်၏။ “ရှင်သာ သန်းတစ်ထောင်မှာ တစ်ယောက် မဟုတ်ခဲ့ရင်ရော... ရှင် လုံးဝ သွားပြီပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က သန်းတစ်ထောင်မှာ တစ်ယောက် မဟုတ်ခဲ့ရင် သေလိုက်တာကမှ ကောင်းအုံးမယ်။”
စေတီတောင်မင်းသမီးက ပြော၏။ “ရှမ့်လန်... ရှင် တကယ်လိုချင်တာက ဘာလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ယင်ယင်... ကျုပ် အကြိမ်တစ်ရာလောက် ပြောပြီးပြီ။ ကျုပ်လုပ်သမျှ အရာအားလုံးက ခင်ဗျားနဲ့အိပ်ပြီး ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးမားတဲ့ ကလေးလေးတစ်ယောက် မွေးဖွားပေးဖို့ပဲ။ ကျုပ်က စေတီတောင်ကို ရင်မိသားစုနဲ့မဟုတ်ဘဲ ကျုပ်နဲ့ လက်ထပ်မဟာမိတ် ပြုစေချင်တာပဲ။”
စေတီတောင်မင်းသမီးက တိတ်ဆိတ်သွားသော်လည်း အေးစက်စက် ရယ်သံတစ်ခုကိုတော့ ပြုလုပ်လိုက်သေး ၏။ ထပ်ပြောရမည်ဆိုလျှင် ရှမ့်လန်၏ စကားများကို ယုံကြည်ရမည်ဆိုလျှင် လောကကြီးတွင် သူမက တစ်ခုခု မှားယွင်းနေပေလိမ့်မည်။
အချိန်တော်ကြာပြီးနောက် စေတီတောင်မင်းသမီးက ပြောလိုက်၏။ “အခု ရှင် နာကျည်းမှုရဲ့ ကံကြမ္မာကို မြင်ပြီမလား။ တောင်ပင်လယ်ထဲက စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းသွားတဲ့ တခြားသူတွေအားလုံးကလည်း ပြာမှုန့်ဖြစ်သွားတယ် ဆိုတာ ရှင် သိတယ်။ ရှင် စွန့်စားချင်သေးတယ်ဆိုတာ သေချာလား။”
ရှမ့်လန်က ပြောသည်။ “သေချာတာပေါ့။ ကျုပ်က တမူထူးခြားတဲ့လူတစ်ယောက်ပဲ။ ပြီးတော့ ကျုပ်က ခင်ဗျားအဖေနဲ့ သဘောတူညီချက် ရထားပြီးပြီ။ ကျောက်စိမ်းဖြူမြို့တော်က သံတမန်ကလည်း ကိုယ်တိုင် သက်သေအဖြစ် ရှိနေတယ်။ ကျုပ်ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုထားပြီးပြီ။ ဘယ်လိုလုပ် ကတိဖျက်လို့ ရမှာလဲ။”
“နောက်ထပ် ခြောက်ရက်ပဲ လိုတော့တယ်။ ကျုပ်သာ မလုပ်နိုင်ရင် ကျုပ်ရဲ့ ဘယ်ဘက်လက်က အဖြတ်ခံရပြီး ကျုပ်ခိုးသွားတဲ့ နဂါးနောင်တနှစ်ခုကို ပြန်ပေးရလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အရှင်ကျန်းလီက တမလွန်ဘဝမှာ ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူးလေ။”
စေတီတောင်မင်းသမီးက ပြော၏။ “ဒါဆိုရင် ရှင် နာကျည်းမှုကို နှုတ်ဆက်သင့်တယ်။ ဒါက ရှင်တို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံခြင်းလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။”
ပြီးနောက် သူမက လုံးဝတိတ်ဆိတ်ငြိမ်သက်သွား၏။
ရှမ့်လန်က သူ၏ ပေါ့ပျက်ပျက် မျက်နှာထားကို ဖယ်ရှား၏။ နာကျည်းမှုအား စိတ်လှုပ်ရှားစွာ ကြည့်၏။ သူက နာကျည်းမှု၏ ပခုံးကို ပုတ်ရန် လက်လှမ်းသည်။
အပိုင်း (၁၀၅၆)
“ဝေါင်း”
နာကျည်းမှုက ချက်ချင်းပဲ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်၏။ သူ၏ လက်ဝါးကြီးက ရှမ့်လန်ထံသို့ အလိုအလျောက် ရိုက်ချ၏။
“ဝှစ်...” ရှမ့်လန်၏ ခန္ဓာကိုယ်က လေထဲသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသည်။
“ဘုန်း...” နာကျည်းမှု၏ လက်ဝါးမြေပြင်ပေါ်သို့ ရိုက်ခတ်မိ၏။ ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ် လာ၏။ ထိုအသံကြီးက နားကွဲမတတ်ပင် ပြင်းထန်လွန်းပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများကိုပင် အက်ကွဲ သွားစေ၏။
“သောက်ကျိုးနည်း”
တစ်ဖက်လူ၏ သိုင်းပညာက ဤမျှလောက် အားကောင်းလာလေသည်လား။ ထို့အပြင် သူက မိမိ၏ မိသားစုကိုပင် မမှတ်မိသလို ပြုမူနေ၏။ ရှမ့်လန်က သူ၏သခင်ဖြစ်ပြီး တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ ရိုက်နှက်ခဲ့သည်။
ကံကောင်းစွာဖြင့် စေတီတောင်မင်းသမီးက သူမ၏အတွင်းအားကို အသုံးပြုပြီး ရှမ့်လန်ကို လေပေါ်သို့ မြှောက်တင်ပေးခြင်း ဖြစ်၏။ သို့မဟုတ်ပါက ရှမ့်လန်က ယခုအချိန်တွင် ရွှံ့ပုံတစ်ပုံကဲ့သို့ပင် ပြောင်းလဲ သွားလောက်၏။
သို့သော်ငြား စေတီတောင်မင်းသမီး၏ လှုပ်ရှားမှုက ပို၍အထင်ကြီးစရာ ကောင်း၏။ ပြိုင်ဘက်ကင်းသည်ဟု ဆိုရပေမည်။ သူမက နူးညံ့သိမ်မွေ့သည့် အတွင်းအားကို အသုံးပြု၍ ရှမ့်လန်အား မီတာပေါင်းများစွာ အကွာသို့ တွန်းပို့လိုက်ခြင်း ဖြစ်၏။ ထိုအရာက မည်သို့သော သိုင်းပညာမျိုး ဖြစ်မည်နည်း။ ရိုးရိုးလေးနှင့် တုန်လှုပ်ဖွယ်ရာကောင်း၏။ ဤမိန်းကလေးက တကယ်ကို သန်မာ၏။ သူမက ဗီဇပြောင်းလဲလာလေ ပို၍သန်မာလေ ဖြစ်နေသည်လား။
စေတီတောင်မင်းသမီးက ပြောသည်။ “အခု ရှင် လက်လျှော့လို့ရပြီ။”
ပြီးနောက် နာကျည်းမှုက ရူးသွပ်နေသည့် သားရဲတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပုံပေါ်၏။ သူက မြေပြင်ကို အစွမ်းကုန် ရိုက်နှက်လျက်ရှိပြီး ဂူသင်္ချိုင်းတစ်ခုလုံးကလည်း တုန်ခါနေ၏။ နားကွဲလုမတတ် ဆူညံနေပြီး နှိုင်းယှဉ်၍ မရနိုင်အောင် မာကျောသည့် မြေပြင်က သူ၏လက်ချက်ကြောင့် ကြေမွသွား၏။ သူက အသိဉာဏ် လုံးဝမရှိတော့ဘဲ တိုက်ခိုက်လိုစိတ်သာ ကျန်ရှိတော့သော အထူးဘီလူးကြီးတစ်ကောင် ကဲ့သို့ပင် ဖြစ်နေ၏။
“ဒေါင်... ဒေါင်...”
ထိုအချိန်မှာပဲ ခေါင်းလောင်းသံ မြည်လာသည်။
ထိုအရာက လျှို့ဝှက်ဆန်းကြယ်လွန်း လှသော အချက်ပြမှုတစ်ခုကဲ့သို့ပင်။ ဗီဇပြောင်းလဲသွားခဲ့သည့် နာကျည်းမှုက ချက်ချင်း တိတ်ဆိတ်ငြိမ်သက် သွား၏။ အကြမ်းဖက်တိုက်ခိုက်မှု အားလုံး ရပ်တန့်သွား၏။ သူက တိတ်တဆိတ်နှင့် နောက်သို့ဆုတ်ပြီး လှောင်အိမ်ထဲသို့ ပြန်ဝင်၏။ အလိုအလျောက် တုံ့ပြန်မှုများကို လေ့ကျင့်ပေးခြင်း ခံထားရပုံပင်။
ရှမ့်လန်က သူ့ဆီက ဘာမှမရလိုက်ချေ။ မင်းသားကျင်း သို့မဟုတ် တခြားသောသူများ၏ သတင်းများကိုလည်း ဘာမှမရချေ။ ထွက်ခွာသွားသည့် နာကျည်းမှု၏ ကျောပြင်ကို သူက တစိမ့်စိမ့်နှင့် ကြည့်နေမိ၏။ သူ၏အကြည့်များထဲတွင် ပြောစရာစကားပေါင်း ထောင်နှင့်ချီ ရှိနေသယောင်ပင်။
စေတီတောင်မင်းသမီးက ပြော၏။ “ရှမ့်လန်... အခု ရှင် လက်လျှော့လိုက်ပြီလား။”
ရှမ့်လန်က ခေါင်းခါယမ်းသည်။ “ကျုပ်က တမူထူးခြားတဲ့လူဆိုတော့ ယုံကြည်တယ်လေ။ လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းတဲ့ စွမ်းအင်ဝဲကတော့ကို ခံနိုင်ရည်ရှိမယ်လို့ ကျုပ် ယုံကြည်တယ်။ အထဲမှာ ခင်ဗျားကို ကုသနိုင်မယ့် နည်းလမ်း ရှာတွေ့မယ်လို့ ကျုပ် ယုံကြည်နေမိတယ်။ ကျုပ် အနိုင်ရလိမ့်မယ်လို့လည်း ယုံကြည်နေမိတယ်။ တစ်နေ့ကျရင် ခင်ဗျားကို ကိုယ်ဝန်ရအောင် လုပ်ပေးနိုင်မယ် လို့လည်း ပိုပြီးယုံကြည်နေမိသေးတယ်။”
“ဘုန်း”
သူ၏ခေါင်းနောက်စေ့တွင် နာကျင်မှု အနည်းငယ် ဖြစ်ပေါ်လာ၏။ မြင်ကွင်းများက မှောင်မဲ၏။ ရှမ့်လန်က သတိလစ်သွား၏။
“သောက်ကျိုးနည်း... စကားလေး နည်းနည်းပြောမိတာကို”
... ... ... ...
ပြန်လည် နိုးထလာချိန်မှာတော့ ရှမ့်လန်က သူနှင့်ရင်းနှီးနေသည့် အခန်းကျဉ်းလေးတစ်ခုထဲတွင် ရှိနေဆဲဖြစ်၏။ သူ လပေါင်းများစွာ အကျဉ်းချ ခံထားရသည့် အခန်းကျဉ်းလေးတစ်ခုပင် ဖြစ်၏။ ဤအချိန်မှာတော့ လဝက်ဟူသည့် သတ်မှတ်ရက်က ပြည့်ရန် သုံးရက်သာ လိုပေတော့သည်။
လူတစ်ယောက် ရှမ့်လန်၏ ရှေ့တွင် ရပ်နေ၏။ ယခင်က တစ်ခါမှ ပေါ်မလာဖူးသော လူတစ်ယောက်။ ဟိုသူက စေတီတောင်ဂိုဏ်းချုပ်ပင် ဖြစ်၏။ သူက အဝတ်အစားများ ဝတ်ဆင်ထားဆဲဖြစ်ကြောင်း သတိပြုလိုက်မိ၏။
သို့နှင့် သူက ဖြောင့်မတ်တည်ကြည်စွာ ပြောသည်။ “ဂိုဏ်းချုပ်ရန်... ကျုပ်က စေတီတောင်နဲ့ လက်ထပ် မဟာမိတ် ပြုချင်တာပါ။ ဒါပေမဲ့ ကျုပ်ရဲ့ပစ်မှတ်က ခင်ဗျားသမီးပါ။ တခြားလူ မဟုတ်ဘူးနော်။ မလျော်ကန်တဲ့ အတွေးတွေ မတွေးလိုက်နဲ့။”
နှစ်ပေါင်း ၂၀၊ ၃၀ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤစေတီတောင်ဂိုဏ်းချုပ်တွင် သမီးတစ်ယောက်တည်းသာ ရှိပြီး တခြားသော သားသမီးဟူ၍ မရှိချေ။ ထိုသူ၌ လိင်စိတ်တိမ်းညွတ်မှု ပြဿနာတစ်ခုခု ရှိနေသည်များလား။
စေတီတောင်ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်၏။ ရှမ့်လန်၏ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်မှတ်နေသည့် ဟာသကို တုံ့ပြန်ခြင်းမရှိချေ။
စေတီတောင်ဂိုဏ်းချုပ်က ပြော၏။ “ရှမ့်လန်... မင်းရဲ့ရည်မှန်းချက်က ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မင်း အောင်မြင်မှာလည်း မဟုတ်ဘူး။ နဂါးနောင်တ ၁၀ ခု ဟုတ်လား။ ငါ ဂရုမစိုက်ဘူး။ မင်း နှစ်ချောင်း ခိုးယူသွားရင်လည်း ခိုးပါစေ။ ဒါပေမဲ့ အချိန်အများစုက နဂါးနောင်တ နှစ်ခုနဲ့ အခု ၂၀ ကြား ကွာခြားချက် မရှိဘူး။ ငါတို့လိုချင်တာ မဟာဗျူဟာမြောက် ဟန်တားမှု၊ ဖျက်ဆီးမှု မဟုတ်ဘူး။
ဒါကြောင့် မင်းအနေနဲ့ တောင်ပင်လယ်ဒေသက ရှေးဟောင်းအပျက်အစီးထဲကို ဝင်ဖို့ ကြံစည်နေတာကို ရပ်လိုက်သင့်တယ်။ ရှေးဟောင်းအပျက်အစီးနယ်မြေထဲက လျှို့ဝှက်ဓာတ်ခွဲခန်းကို ဖွင့်ဖို့ဆို စိတ်တောင်မကူး နဲ့တော့။ ဒါက မဖြစ်နိုင်ဘူး။
မင်းပြောတာအမှန်ပဲ။ ငါတို့က ရှေးဟောင်းအပျက်အစီးနယ်မြေထဲကို အကြမ်းဖက်နည်းလမ်းနဲ့ ထုတ်ယူ သုံးစွဲနေတာကို ရပ်တန့်လိုက်ပြီ။ စနစ်တကျ လုပ်ဆောင်ရမယ့် အဆင့်ကို ရောက်သွားပြီ။ ဖွင့်လို့မရတဲ့ အဓိက လျှို့ဝှက်ဓာတ်ခွဲခန်းတချို့ ရှိနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါတို့က မလောဘူး။
ငါတို့ စေတီတောင်က လုံလောက်တဲ့ စွမ်းအားရှိပြီး မင်း စိတ်ကူးတွေးထင်တာထက် ပိုပြီးတော့ အင်အားကြီးမားတယ်။ လျှို့ဝှက်ဓာတ်ခွဲခန်းအားလုံးကို ရက်ပိုင်းအတွင်း ဖွင့်ချင်တယ်ဆိုတဲ့ စိတ်ကူးယဉ် ဆန္ဒမျိုး ငါတို့မှာ မရှိဘူး။ ငါတို့က တစ်ဆင့်ချင်း သွားမှာပဲ။ အလောတကြီးလုပ်ရင် လွယ်လွယ်လေးနဲ့...”
“ဥကွဲတတ်တယ်။” ရှမ့်လန်က လျင်လျင်မြန်မြန် ဖြည့်စွက်ပြော၏။
စေတီတောင်ဂိုဏ်းချုပ်က ရှမ့်လန်၏ဟာသကို သဘောမကျသော်လည်း ဆက်ကာ ပြောသည်။ “ရေရှည်ကြည့်မယ်ဆိုရင် ကျန်းလီရဲ့နည်းလမ်းက မှန်ကန်တယ်။ တစစီ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးအောင် လုပ်ပြီး ဖြည်းဖြည်းချင်း ချေဖျက်သွားရတာမျိုးပဲ။ တစ်လုပ်တည်းနဲ့ အကုန်လုံးကို မျိုချလို့ မရဘူး။ ဒီလိုလုပ်ရင် အကျပ်အတည်း တွေ့နိုင်လိမ့်မယ်။ ပြီးတော့ အနာဂတ် အလားအလာတွေပါ ထိခိုက်ကုန်လိမ့်မယ်။”
“ဒါကြောင့် မင်းပြောသလိုပဲ အဲဒီအဓိကဓာတ်ခွဲခန်းတွေ၊ အရေးကြီးဆုံး လျှို့ဝှက်စခန်းတွေကို ဖွင့်ဖို့ ငါက မင်းကို အသုံးချချင်တယ်ဆိုရင် ဒါ မှားတယ်။ ငါလိုချင်တာ ဘယ်တုန်းကမှ ရှေးဟောင်း လက်နက်ကိရိယာတွေ မဟုတ်ခဲ့ဘူး။ ငါလိုချင်တာ ရှေးဟောင်းယဉ်ကျေးမှုကို အလုံးစုံ နားလည်သဘောပေါက်ပြီး ကိုယ်တိုင် ဖန်တီးယူနိုင်ဖို့ပဲ။”
သူ၌ ဆန်းပြားစိတ်ကူးနှင့် ရည်မှန်းချက်များစွာ ရှိပေ၏။
“ဒါကြောင့် ရှမ့်လန်... မင်းရဲ့စကားတွေက ဘယ်လောက်ပဲ ခမ်းနားနေပါစေ အလကားပဲ။ မင်းကို ဒီနေရာကနေ ထွက်ခွာခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တောင်ပင်လယ်ဒေသ ရှေးဟောင်း အပျက်အစီး နယ်မြေဆီ သွားခွင့်ပြုဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ မင်းရဲ့ ဦးနှောက်ထဲမှာ ဘယ်လိုကောက်ကျစ်စဉ်းလဲတဲ့ အကြံအစည်တွေ ရှိနေပါစေ၊ အခု ရပ်လိုက်တာ ကောင်းလိမ့်မယ်။ ဒါပေမဲ့ ....”
ရှမ့်လန်က ဘာမှမပြောဘဲ ငြိမ်သက်နေဆဲ ဖြစ်၏။ တစ်ဖက်လူ၏ “ဒါပေမဲ့” ဆိုသော ဆက်လက် နားထောင်ရန် သူက နားစွင့်ထား၏။
စေတီတောင်ဂိုဏ်းချုပ်က ပြောသည်။ “ဒါပေမဲ့ ငါဘယ်တုန်းကမှ ထုတ်မပြောခဲ့ရတဲ့ စိတ်လှုပ်ရှားမိတဲ့ အချက်တစ်ခုရှိတယ်။ အဲဒါကတော့ ငါ့သမီးကို ကယ်တင်ဖို့ပဲ။ ငါ့ရဲ့ အိမ်မက်ထဲမှာတောင် သူ့ကို ပြန်ပြီးတော့ ပုံမှန်အတိုင်း ဖြစ်စေချင်တယ်။ အိမ်မက်ထဲမှာတောင် သူ့ကို ကလေးတွေ မွေးဖွားစေချင်တယ်။ အိမ်မက်ထဲမှာတောင် သူ့ကို ပြန်လည် ကျန်းမာစေပြီးတော့ မြေပြင်ပေါ်မှာ လမ်းလျှောက်စေချင်တယ်။ နေရောင်ခြည်ရဲ့ အနွေးဓာတ်နဲ့ အလင်းရောင်ကို ခံစားစေချင်တယ်။ ပြီးတော့ စေတီတောင်ကို တိုက်ရိုက် အုပ်ချုပ်စေချင်တယ်။
ငါ့ရဲ့သမီးက အရမ်းထူးချွန်တယ်။ သူက စေတီတောင်ရဲ့ အကောင်းဆုံး ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာနိုင်ပေမဲ့ သူ့ရဲ့ထူးဆန်းတဲ့ ရောဂါကြောင့်... ... ...။ ဒါကြောင့် ရှမ့်လန်... မင်း လှည့်စားတာလား၊ ကြံစည်တာလား ငါ ဂရုမစိုက်ဘူး။ ငါ မင်းကို ကြိုးစားခွင့်ပေးမယ်။
ငါဘယ်လောက် စွန့်စားနေရလဲ ဆိုတာ မင်းသိလား။ တကယ်တော့ ဒီကိစ္စကို ရင်ကွမ်းကိုတောင် ပေးသိလို့ မရဘူး။ ဘာလို့လဲဆိုတော့ မင်းတစ်ယောက်တည်းကသာ နဂါးနောင်တကို အသက်သွင်းနိုင်လို့ပဲ။ မင်းတစ်ယောက်တည်းကသာ စွမ်းအင်ဝဲကတော့ထဲကို တကယ်ဝင်နိုင်မှာပဲ။
အသက်ရှင်ဖို့ အခွင့်အလမ်းက ၁၀ ပုံ ၁ ပုံသာ ရှိပြီးတော့ မင်းသေသွားရင် ဒါမှမဟုတ် လမ်းလျှောက်နေတဲ့ အလောင်းကောင်အဖြစ် ပြောင်းလဲသွားရင် ငါ့ရဲ့ နဂါးနောင်တတွေ အားလုံးက အသုံးမဝင်တော့ဘူး။ ငါ တကယ်ပဲ ဒီလိုမစွန့်စားချင်ဘူး။ ငါတကယ်ပဲ ဒီလိုမစွန့်စားသင့်ဘူးလို့လည်း ကျိုးကြောင်းဆီလျော်မှုတွေက ပြောပြနေတယ်။
ဒါပေမဲ့ သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှ ငါကြိုးစားကြည့်ချင်တယ်။ ငါ့ရဲ့သမီးကို ပုံမှန်အတိုင်း ပြန်ဖြစ်စေချင်တယ်။ မြေပြင်ပေါ်ကို ပြန်တက်စေချင်တယ်။ ပြီးတော့ ကလေးတွေ မွေးဖွားစေချင်တယ်။”
ရှမ့်လန်က စိတ်လှုပ်ရှားစွာနှင့် ပြော၏။ “ဂိုဏ်းချုပ်ရန်... ကျုပ်မှာလည်း သမီး ရှိပါတယ်။ ဒါကြောင့်...”
စေတီတောင်ဂိုဏ်းချုပ်က ပြောသည်။ “ပါးစပ်ပိတ်ထား။ ပေါက်ကရတွေ မပြောနဲ့တော့။ ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးမယ်။ မင်း တကယ်တမ်း အဆင်သင့်ဖြစ်ပြီလား။ ရှေးဟောင်းအပျက်အစီးနယ်မြေထဲက စွမ်းအင်ဝဲကတော့မှာ အသက်ရှင်ဖို့ အခွင့်အလမ်းက ၁၀ ပုံ၊ ၁ ပုံပဲ ရှိတယ်။ အသက်ရှင်ကျန်ရစ်တဲ့ သူတွေတောင်မှ လမ်းလျှောက်နေတဲ့ အလောင်းကောင်လို ဖြစ်သွားတယ်နော်။”
ရှမ့်လန်က ပြော၏။ “ကျုပ် အဆင်သင့်ဖြစ်နေပြီ။ ယင်ယင်အတွက်ဆိုရင် ကျုပ် ရေထဲခုန်ဆင်းရ ၊ ခုန်ဆင်းရ၊ မီးထဲပဲ ဖြတ်ရ၊ ဖြတ်ရ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။”
ရယ်စရာပင်။ ရန်ယင်ယင် ဆိုသည့် နာမည်က သူ ပေးထားခြင်းသာ ဖြစ်၏။ ယင်ယင်အတွက် ဆိုသည်က မည်သည့်အဓိပ္ပာယ် ရှိသနည်း။ မုသားတစ်ခုကို ပြောဆိုရင်း အရှက်အကြောက်ကင်းမဲ့စွာဖြင့် မုသား ထပ်ကာဖြင့် မုသားစကားများကိုသာ ဆက်လက်ပြောဆိုနေသည့် လူတစ်ယောက်ကဲ့သို့ပင်။
နောက်ထပ် စကားလုံး တစ်ခုကိုမှ မပြောတော့ချေ။ စေတီတောင်၏ ဂိုဏ်းချုပ်က ရှမ့်လန်၏ ခေါင်းနောက်စေ့ကို ရိုက်ချ၏။ ခလုတ်နှိပ်လိုက်သကဲ့သို့ပင် ရှမ့်လန်၏ မျက်ဝန်းများက မဲမှောင်သွား၏။ သူက နောက်တစ်ကြိမ် သတိလစ်သွားသည်။
‘သောက်ကျိုးနည်း’
... ... ... ...
မျက်လုံးကို ပြန်လည်ဖွင့်လိုက်သည့် အချိန်မှာတော့ ရှမ့်လန်က ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက် နေသည့် အံ့ဖွယ်ရာ တည်နေရာတစ်ခုကို ရောက်ရှိနေ၏။ မရေတွက်နိုင်သည့် နှစ်ကာလများစွာ ပျိုးထောင် လာခဲ့သည့် စွမ်းအင်အငွေ့အသက်များက နေရာအနှံ့ကို လွှမ်းခြုံလျက်ရှိ၏။
ထိုအရာက ရှေးဟောင်း အပျက်အစီးနယ်မြေ ဖြစ်လောက်၏။ သူ၏ရှေ့တွင် အချင်း ၁၀ မီတာကျော် ရှိသည့် စွမ်းအင် ဝဲကတော့ကြီး တစ်ခု ရှိနေ၏။ ထိုအရာက နတ်ဆိုး၏ ပါးစပ်ပေါက်နှင့် ဆင်တူ၏။ အမဲရောင် အလင်းနှင့် အရိပ်တို့က လက်ခနဲ လက်ခနဲ ဖြစ်ပေါ်နေသည့် လေဆင်နှာမောင်းကဲ့သို့ပင်။ ငရဲ၏ ဝါးမျိုမှု ပုံစံမျိုး ပေါ်နေသည်။
အတိုချုပ်ပြောရမည်ဆိုရင် ထိုအရာက ရှမ့်လန် တစ်ခါမှ မမြင်ဖူးသည့် အရာမျိုးပင်။ ကြည့်လိုက်ရုံနှင့် ကြက်သီးမွေးညင်းများ ထစေနိုင်၏။ နှလုံးသားထဲတွင် အတိုင်းအဆမဲ့သည့် ကြောက်ရွံ့မှုများနှင့် လှိုင်းထန်စေ၏။
စေတီတောင်ဂိုဏ်းချုပ်က ပြောသည်။ “ရှမ့်လန်... ဒီစစ်ဆင်ရေးကို ရင်ကွမ်းမသိအောင် ငါလုပ်ခဲ့တာပဲ။ ငါ ထပ်ပြောမယ်။ မင်းရဲ့ ဦးနှောက်ထဲမှာ ဘယ်လိုလှည့်ကွက်မျိုးတွေ ရှိနေတယ်ဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါ့သမီးကို ကယ်တင်နိုင်မယ့် အခွင့်အလမ်း တစ်ရာခိုင်နှုန်းရှိနေသရွေ့ ငါလက်လွှတ်ပေးမှာ မဟုတ်ဘူး။
နောက်တစ်ကြိမ် ငါထပ်ပြောမယ်။ ဒီစွမ်းအင်ဝဲကတော့ထဲကို ဝင်သွားတဲ့သူတိုင်းက တစစီ ကြေမွသွားကြတယ်။ ပြီးတော့ မင်းတစ်ခုခု ဖြစ်သွားရင်၊ မင်းသေသွားရင်ဖြစ်ဖြစ်၊ ထွက်ပြေးတာဖြစ်ဖြစ်၊ လမ်းလျှောက်နေတဲ့ အလောင်းကောင်အဖြစ် ပြောင်းလဲသွားတာပဲဖြစ်ဖြစ်၊ အဲဒါက ငါ့အတွက် မဟာဗျူဟာမြောက် ဆုံးရှုံးမှုတစ်ခုပဲ။
ပြီးတော့ ငါနဲ့ ရင်ကွမ်းရဲ့ ဆက်ဆံရေးက ပြန်လည်ကုစားလို့မရတဲ့ အက်ကြောင်းတစ်ခု ပေါ်လာလိမ့်မယ်။ အဲဒီအကျိုးဆက်အားလုံးကို ငါသေချာစဉ်းစားပြီးပြီ။ ဒါပေမဲ့ ငါကြိုးစားကြည့်ဖို့ ဆန္ဒရှိနေတုန်းပဲ။ ငါ့သမီးကို မင်းကို ကယ်တင်ခွင့်ပြုစေချင်တယ်။ မင်းတကယ် အဆင်သင့်ဖြစ်ပြီ ဆိုတာ သေချာရဲ့လား။”
ရှမ့်လန်က ဖြေ၏။ “ကျုပ် တကယ် အဆင်သင့်ဖြစ်ပါပြီ။”
စေတီတောင်ဂိုဏ်းချုပ်က ပြောသည်။ “ဒါဆိုရင် သွားတော့။ မင်း တကယ်ပဲ မင်းရဲ့ရန်ယင်ယင်ကို ကယ်ချင်တာလား၊ ထွက်ပြေးချင်တာလား၊ ဒါမှမဟုတ် အံ့ဖွယ်ရာတစ်ခုကို ဖန်တီးချင်တာလား ဆိုတာ အရေးမကြီးဘူး။ ငါ့သမီးကို ကယ်တင်ဖို့ မျှော်လင့်ချက်ရှိသရွေ့ သွားလိုက်တော့။”
ရှမ့်လန်က စေတီတောင်ဂိုဏ်းချုပ်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်၏။ ပြီးနောက် ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်... ကျုပ်ဆီကနေ သတင်းကောင်းကို စောင့်နေပါ။”
ပြီးနောက် ရှမ့်လန်က ငရဲ၏အက်ကွဲကြောင်းနှင့်တူသော၊ နတ်ဆိုး၏ ပါးစပ်ပေါက်နှင့် ဆင်တူသော စွမ်းအင်ဝဲကတော့ ထဲသို့ ပြတ်ပြတ်သားသားဖြင့် ခုန်ချလိုက်သည်။
စွမ်းအင် ဝဲကတော့ထဲတွင် ဘာရှိသနည်း။ ရှမ့်လန်က အထဲသို့ ဝင်သွားပြီးနောက် ဘာဖြစ်သွားမည်နည်း။ သူ မည်သည့်နေရာသို့ ရောက်သွားမည်နည်း။ အဘယ်သို့သော မျိုးဗီဇပြောင်းလဲမှုမျိုး ပေါ်လာမည်နည်း။
ရန်ယင်ယင်၏ မိခင် ကိုယ်ဝန်ရှိစဉ်က စွမ်းအင် ဝဲကတော့ကို ဖြတ်သန်းခဲ့၍ ထိုအချိန်၌ စိတ်ဖောက်သွားခဲ့ပြီး လမ်းလျှောက်ရုံသာ လုပ်တတ်သည့် အလောင်းကောင် - ဇွန်ဘီး ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။ မွေးဖွားလာသည့် ရန်ယင်ယင်ကလည်း မျိုးဗီဇပြောင်းလဲသွားခဲ့၏။
စေတီတောင်မှ လူပေါင်းဒါဇင်ပေါင်းများစွာက တောင်ပင်လယ်ရှိ ကြီးမားသော ရှေးဟောင်းပျက်စီးနယ်မြေမှ စွမ်းအင် ဝဲကတော့ကို ဖြတ်သန်းရန် ကြိုးစားခဲ့ကြသည်။ အဆုံးသတ်မှာတော့ ကျန်းလီ၏ သွေးမျိုးဆက်ရှိသူ အနည်းငယ် အပါအဝင် ၊ အားလုံးသောသူတို့က သေဆုံးခဲ့ကြသည်။
လက်ရှိ အသက်ရှင် ကျန်ရစ်ခဲ့သူ တစ်ဦးတည်းဖြစ်သော နာကျည်းမှုသည်လည်း လမ်းလျှောက်နေသည့် အလောင်းကောင် တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး ထူးခြားသည့် မျိုးရိုးဗီဇ ပြောင်းလဲမှုကို ခံယူခဲ့ရ၏။
သို့သော်ငြား ရှမ့်လန်က အစမှအဆုံးထိ အံ့ဖွယ်ရာများကို ဖန်တီးခဲ့သည်။ သူက ဘုရားသခင်၏ ကောင်းချီးပေးမှုကို ခံထားရသကဲ့သို့ပင် သူက သန်းတစ်ထောင်မှာ တစ်ယောက်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။
သို့သော်ငြား စွမ်းအင် ဝဲကတော့ကို ခုန်ချလိုက်သည့် အချိန်ခဏမှာပဲ စိတ်နှလုံးသား တစ်ခုလုံး ဗလာကျင်းသွား၏။
ထို့နောက်... ထို့နောက် ဆိုသည်က မရှိတော့ချေ။ ပြီးပြည့်စုံသည့် ဗလာနယ်မြေ တစ်ခုတည်းသို့ ရောက်ရှိ သွားသကဲ့သို့ပင်။ သူ၏ ခေါင်းထဲရှိ မှတ်ဉာဏ်အားလုံးတို့က ပြင်းထန်သည့် နေရောင်ခြည်အောက်တွင် နှင်းမြူကဲ့သို့ အရေပျော်သွားသည်။
သူက တခြားနေရာသို့ ကူးပြောင်းမသွားခဲ့ချေ။ သူ ထွက်မပြေးနိုင်ခဲ့ချေ။ မျိုးရိုးဗီဇ ပြောင်းလဲမှု မရှိ။ အံ့ဖွယ်ရာ ကိစ္စရပ်များ မရှိ။ သူက ကျရှုံးသွားခဲ့ပြီးဖြစ်သည်။ စွမ်းအင် ဝဲကတော့ထဲသို့ ဝင်ရောက်ပြီးနောက် အများနှင့် အတူတူပင် ဖြစ်သည်။ အနည်းငယ်မျှသာ ပိုကောင်းခဲ့၏။ ဆိုးဝါးစွာ သေဆုံးမသွားခဲ့ခြင်းပင်။
သို့သော်လည်း သူ၏ မှတ်ဉာဏ်များက ရှုပ်ထွေးကုန်၏။ မှတ်ဉာဏ်များက ပေါက်ကွဲထွက်ကုန်ပြီး အပိုင်းအစပေါင်း များစွာ မရေတွက်နိုင်အောင် ပြောင်းလဲသွားသကဲ့သို့ သူ၏စိတ်က ဗလာဟင်းလင်း ဖြစ်သွားသည်။
ရှမ့်လန် ပြန်လည်နိုးထလာသည့် အချိန်တွင် ရင်းနှီးနေသည့် အခန်း၊ လပေါင်းများစွာ ကျင်းချခံထားရသည့် အခန်းထဲသို့ ရောက်ရှိနေ၏။ မျက်လုံးကို ဖွင့်လိုက်ချိန်မှာတော့ သူက ကြောင်တောင်တောင်နှင့် ထိုင်နေ၏။
အမျိုးသမီးစစ်သည်က သူ့ကိုကြည့်၏။ ပြီးနောက် ချက်ချင်းပင် အကြည့်လွှဲ လိုက်သည်။ သို့သော်ငြား သူမက နားစွင့်ထားပြီး ရှမ့်လန်၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေ၏။ အတိတ်က ဆိုပါက နိုးလာသည်နှင့် ပထမဦးဆုံး လုပ်သည့်အရာက အဝတ်အစားများ ချွတ်ပစ်ပြီး ကိုယ်လုံးတီး ခန္ဓာကိုယ်အား ကြွားလုံးထုတ်ခြင်းပင်။ အဆက်မပြတ် ပေါက်ကရများကို ပြောမည်။ သို့မဟုတ် ရယ်စရာကောင်းသည့် လေ့ကျင့်ခန်း အစီအစဉ်များကို လုပ်ဆောင်ပြပေမည်။ သို့ပေမည့် ယခုတော့ မလှုပ်မယှက်နှင့် ထိုင်လို့နေသည်။