← Chapters

အခန်း (၁၀၅၇-၁၀၅၈)

Vol. 62 Ch. 1057-1058

အခန်း (၁၀၅၇-၁၀၅၈)

Vol. 62 Ch. 1057-1058

အပိုင်း (၁၀၅၇)

“ငါ ဘယ်သူလဲ။ ငါ ဘယ်ရောက်နေတာလဲ။” ရှမ့်လန်က အလိုလျောက်နှင့် မေးမိ၏။

သူ၏ စကားသံကို ကြားပြီးနောက် အမျိုးသမီးစစ်သည်တော်၏ မျက်နှာပေါ်ရှိ ကြွက်သားများက ရုတ်တရက် တုန်ခါသွားသည်။

ပြီးနောက် ရှမ့်လန်က သူမကို ကြည့်ကာ မေး၏။ “ခင်ဗျား... ခင်ဗျားက ဘယ်သူလဲ။”

ချက်ချင်းပဲ ခမ်းနားထည်ဝါသည့် အမျိုးသမီးစစ်သည်၏ မျက်လုံးများက နီရဲလာပြီး သူမ၏ နှလုံးသား တစ်ခုလုံးကလည်း တုန်ခါလာခဲ့သည်။ ပြီးနောက် ပုံရိပ်တစ်ခု ဝင်ရောက်လာ၏။ ထိုသူက စေတီတောင်၏ ဂိုဏ်းချုပ်ပင် ဖြစ်သည်။

စေတီတောင် ဂိုဏ်းချုပ်က ဆို၏။ “ရှမ့်လန်... မင်း ကျရှုံးသွားခဲ့ပြီ။ မင်း အံ့ဖွယ်ရာ တစ်ခုကို မဖန်တီးနိုင်ခဲ့ဘူး။ ဟုတ်တယ်။ အတိုင်းအတာတစ်ခုထိတော့ မင်းလည်း အံ့ဖွယ်ရာ တစ်ခုကို ဖန်တီးနိုင်ပါသေးတယ်။ တခြားသောသူတွေက အဲဒီ စွမ်းအင် ဝဲကတော့ကို ဖြတ်သန်းနေတုန်း တစစီ ကြေမွသွား ခဲ့တယ်။ တစ်ယောက်တည်းသော အသက်ရှင်ကျန်ရစ်သူကလည်း လမ်းလျှောက်နေတဲ့ အလောင်းကောင် အဖြစ် ပြောင်းလဲသွားပြီ။ အသိစိတ် လုံးဝ လွတ်ကင်းသွားတယ်။ ဒါပေမဲ့ မင်းက မှတ်ဉာဏ်တွေပဲ ပျောက်သွားတာ။”

ရှမ့်လန်က သူ၏ ခေါင်းကိုယမ်း၏။ စေတီတောင် ဂိုဏ်းချုပ်ကို ကြည့်သည်။ “ခင်ဗျား... ခင်ဗျားက ဘယ်သူလဲ။ ကျုပ်... ကျုပ်ကကော ဘယ်သူလဲ။”

စေတီတောင် ဂိုဏ်းချုပ်က သက်ပြင်းချကာ ပြော၏။ “ဒါပေမဲ့ အနည်းဆုံးတော့ မင်းက ငါ့သမီးကို စစ်မှန်တဲ့စိတ်ရင်း နဲ့ ကယ်ချင်ခဲ့တယ်။ ငါ ကျေးဇူးတင်တယ်။ ဒါကြောင့် ငါတို့ကြားမှာ ဘာမှ မဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။ မင်းရဲ့ စွန့်စားမှုနဲ့ ပေးဆပ်မှုတွေအတွက် ငါ ကျေးဇူးတင်နေတုန်းပါပဲ။”

“ရန်ယင်ယင်... ရန်ယင်ယင်...”

ရှမ့်လန်က သူ၏ နဖူးကို ထပ်ရိုက်သည်။ “ကျုပ် သူ့ကို မှတ်မိတယ်။ ကျုပ် ရန်ယင်ယင်ကို မှတ်မိတယ်။”

စေတီတောင် ဂိုဏ်းချုပ်က ပြော၏။ “ဟုတ်တယ် ရန်ယင်ယင်။ ရှမ့်လန်... မင်းက အမြဲတမ်း အံ့ဖွယ်ရာတွေကို ဖန်တီးခဲ့တယ်လို့ ငါ့ကို ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်း ကျရှုံးသွားခဲ့ပြီ။ အဆုံးသတ်မှာတော့ မင်း လုပ်နိုင်စွမ်းရှိတဲ့ အံ့ဖွယ်ရာ တစ်ခုကို မဖန်တီးနိုင်ခဲ့တော့ဘူး ရှမ့်လန်...”

ထိုစကားကို ကြားချိန်မှာတော့ ရှမ့်လန်၏ ခေါင်းထဲတွင် မှတ်ဉာဏ်များ ပေါ်လာ၏။ အတိတ်က အဖြစ်အပျက်များစွာတို့က သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာ၏။ ထိုဖြစ်စဉ်တွင် စေတီတောင် ဂိုဏ်းချုပ်က ရှမ့်လန်၏ မျက်လုံးများကို စိုက်ကြည့်နေ၏။ သူ၏ စိတ်စွမ်းအားများက ရှမ့်လန်၏ ချွေးပေါက်တိုင်းနှင့် တုံ့ပြန်မှုကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ရှမ့်လန်၏ ခေါင်းထဲတွင် သတင်းအချက်အလက်များစွာ ဝင်ရောက် လာသည်ကိုပင် သူက ခံစားမိသည်။

စေတီတောင် ဂိုဏ်းချုပ်က ပြော၏။ “ရှမ့်လန်... မင်းက သန်းတစ်ထောင်မှာ တစ်ယောက်သာ ရှိတဲ့လူပဲ။ ဒါပေမဲ့ သာမန်လူ တစ်ယောက်နီးပါး ဖြစ်သွားတာလည်း ဘာမှ မဖြစ်ဘူး။ ဒါကြောင့် မင်းရဲ့ သဘာဝအတိုင်းပဲ နေလိုက်သင့်တယ်။ မင်းက အဆုံးစွန်အားဖြင့် တခြားသောသူတွေနဲ့ မတူဘူး။ မင်းက တချို့အရာတွေကို တဖြည်းဖြည်းချင်း ပြန်မှတ်မိလာပြီး ပြန်ပြီး သက်သာလာနိုင်လိမ့်မယ်။ ပြီးတော့ ငါ့သမီးကို ကယ်တင်ဖို့ စွမ်းအင်ဝဲကတော့ထဲကို အသက်စွန့် ဝင်ရောက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး...။ မင်း မအောင်မြင်ခဲ့ပေမဲ့ ငါ မင်းကို ကျေးဇူးတင်ပါတယ်။”

စေတီတောင် ဂိုဏ်းချုပ်က ထရပ်၏။ ပြီးနောက် ခမ်းနားထည်ဝါသည့် အမျိုးသမီးစစ်သည်တော်ကို လှည့်ကာ ပြောသည်။ “ဒီနေ့ကစပြီး ဒီမြေအောက် မြို့တော်ထဲမှာ သူ့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်မထားနဲ့တော့။ သူ သွားချင်တဲ့နေရာကို သွားလို့ရတယ်။ သူ စာဖတ်ချင်ရင်၊ သူ စစ်တုရင် ကစားချင်ရင်၊ သူ စားချင်တာ ရှိရင် ဖြည့်ဆည်းပေးလိုက်။”

“နဂါးနောင်တ... နဂါးနောင်တ...”

ရှမ့်လန်က သူ၏ ခေါင်းထဲရှိ မှတ်ဉာဏ် အပိုင်းအစများကို ကြိုးစားဖတ်ရှု နေသည့်ပုံဖြင့် ဝေါဟာရအသစ်များကို အဆက်မပြတ် ရွတ်ဆိုနေ၏။ “ဘုရင်မ မီဒူဆာ၊ ဆော်ရွှန်ဘုရင်၊ ဟယ်လင် မင်းသမီး၊ နယ်စားကြီး ဒီဘိုရာ။”

ဤအချိန်မှာတော့ ရှမ့်လန်၏ ဦးနှောက်က ပေါက်ကွဲထွက်သွားသကဲ့သို့ပင် ခံစားနေရ၏။ သူ၏ မှတ်ဉာဏ် တစ်ခုလုံးက အပိုင်းအစပေါင်းများစွာတို့ဖြင့် ပေါက်ကွဲထွက်သွားပုံပင်။ သူ ဆက်လုပ်ရမည့် အရာက ဤအပိုင်းအစများ ကို ပြီးပြည့်စုံသည့် မှတ်ဉာဏ်တစ်ခုအဖြစ် ပြန်လည် စုစည်းရန်ပင်။ ယခု သူက မှတ်ဉာဏ် အပိုင်းအစများကို ပြန်လည်ကာ စုစည်းရင်း အသည်းအသန် ကြိုးစား ဖတ်ရှုလို့နေသည်။

...................

နောက်ပိုင်းကာလများမှာတော့ စေတီတောင် ဂိုဏ်းချုပ်က ရှမ့်လန်၏ လွတ်လပ်ခွင့်ကို ကန့်သတ်တော့မည် မဟုတ်ကြောင်းနှင့် တောင်းဆိုသမျှ အားလုံးကို ဖြည့်ဆည်းပေးမည်ဟု ပြောခဲ့သော်လည်း ရှမ့်လန်က တစ်ချိန်လုံး ကြောင်တောင်တောင်နှင့် ထိုင်နေတတ်၏။ စားသည့် အချိန်တိုင်း ဖြစ်စေ၊ ရေချိုးနေသည့် အချိန်တိုင်း ဖြစ်စေ၊ ငေးငိုင်နေတတ်၏။

သူ၏ မျက်ဝန်းအိမ်များက ကျယ်ပြန့်နေပြီး ပါးစပ်မှလည်း နာမည်တစ်ခုပြီး တစ်ခုကို အဆက်မပြတ် ရေရွတ်ရင်း ပွစိပွစိ ပြောနေတတ်၏။ သူ တစ်ခုခု လုပ်ဆောင်နေခြင်းဖြစ်၏။ သူက ပြီးပြည့်စုံသည့် မှတ်ဉာဏ်ကို ပြန်လည်ရယူရန် ကြိုးစားရင်း မှတ်ဉာဏ် အပိုင်းအစများကို အဆက်မပြတ် စုစည်းနေခြင်းပင်။ သူက ဆီမီးလောင်ကျွမ်းနေသကဲ့သို့ အိပ်စက်ခြင်း၊ အနားယူခြင်း မရှိဘဲ နေ့တိုင်း အချိန်တိုင်း ဤအရာကို တမြေ့မြေ့ လုပ်ဆောင်နေသည်။

မူလက သေသပ်လှပပြီး ချောမောသော ရှမ့်လန်က ယခု လုံးဝဥသုံ တခြားသောလူတစ်ယောက် အဖြစ်သို့ ပြောင်းလဲနေ၏။ သူက သူ၏ပုံရိပ်ကို လုံးဝ ဂရုမစိုက်တော့ချေ။ သူသည် ယခင်က နေ့တိုင်း ရေချိုးလေ့ ရှိသော်လည်း ယခု သုံးရက်၊ သုံးညတိုင်တိုင် ရေမချိုးဘဲ နေ၏။ ဆံပင်များက ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေပြီး မကြာခင် သူ၏ မျက်နှာတွင် မရိတ်ရသေးသည့် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ပြည့်လာ၏။ သူ၏ ပုံရိပ်က လုံးဝ ပြောင်းလဲသွား၏။ ရုပ်ရည်သွင်ပြင်က မကြုံဖူးလောက်အောင် ကျဆင်းယိုယွင်းလျက် ရှိနေ၏။

သို့သော်လည်း ခမ်းနားထည်ဝါပြီး သန်မာတောင့်တင်းသည့် အမျိုးသမီးစစ်သည်က နေ့တိုင်း သူ့ကို ရေချိုးပေးခြင်း၊ မုတ်ဆိတ်ရိတ်ပေးခြင်းနှင့် ဆံပင်ဖီးပေးခြင်းတို့ကို အတင်းအကြပ် ပြုလုပ်၏။ ထိုအချိန် မှာတော့ ရှမ့်လန်က သူ့ကိုသူ ဂရုမစိုက်တော့သည့်ပုံ ပေါ်၏။ သူက သေသပ်လှပသည့် ယောင်္ကျားချော တစ်ယောက် မဖြစ်နိုင်တော့သောကြောင့် သူမက ရှမ့်လန်၏ သေသပ်လှပသည့် ပုံရိပ်ကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားပေးနေခြင်းပင်။

ရှမ့်လန်က ပို၍ ပို၍ မှတ်မိလာ၏။ သူ၏ ခေါင်းထဲရှိ ဆက်စပ်မှတ်ဉာဏ်များကလည်း ပိုများလာ၏။ သို့သော်လည်း ထိုအရာများက အပိုင်းအစများဖြင့် ပြည့်နှက်နေဆဲ ဖြစ်ပြီး တစ်ခုမှ ပြီးပြည့်စုံသည်ဟူ၍ မရှိချေ။

အစပိုင်းတွင် သူက အနားမယူဘဲ ခေါင်းထဲရှိ မှတ်ဉာဏ် အပိုင်းအစများကို စုစည်းနေသော်လည်း နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လက်လျှော့လိုက်၏။ အဘယ်ကြောင့်ဆိုသော် မှတ်ဉာဏ် အများအပြားက လုံးဝ ပျောက်ကွယ်သွားပုံရပြီး အပိုင်းအစများကိုလည်း ရှာမတွေ့တော့သောကြောင့်ပင်။ သူက လုံးဝကို ယိုယွင်း၍ စိတ်ဓာတ်ကျမှုထဲသို့ ကျရောက်သွား၏။

……………..

တစ်နေ့မှာတော့ စေတီတောင် ဂိုဏ်းချုပ်က ရှမ့်လန်၏ ရှေ့သို့ နောက်တစ်ကြိမ် ရောက်လာပြန်သည်။ “မင်းကို ခိုင်းစရာ ကိစ္စတစ်ခု ရှိတယ်။”

ရှမ့်လန်က အလိုလျောက် ခေါင်းညိတ်၏။ သူက မည်သည့်အရာကိုမှ စိတ်မဝင်စားတော့သကဲ့သို့ မှတ်ဉာဏ်များကို ဆက်လက်စုစည်းခြင်း မပြုတော့ချေ။ တစ်ကိုယ်လုံး ထုံထိုင်းမှုနှင့် စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေ၏။ ဤအချိန်မှာတော့ သူ၏ ခေါင်းအနောက်ကို အရိုက်မခံရချေ။

စေတီတောင် ဂိုဏ်းချုပ်က ပြော၏။ “ဒါက အပြင်းထန်ဆုံး မေ့ဆေးပဲ။ အိပ်ပျော်သွားသလို ဖြစ်နေလိမ့်မယ်။ နိုးလာတဲ့အချိန်ကျရင် ဘာနာကျင်မှုမှလည်း ရှိမှာ မဟုတ်ဘူး။ ငါ မင်းရဲ့ ခေါင်းကို မပုတ်ချင်တော့ဘူး။ အခုချိန်မှာ မင်းရဲ့ ဦးနှောက်က အရမ်းကို နုနယ်လွန်းနေတယ်။”

ပြီးနောက် စေတီတောင်ဂိုဏ်းချုပ်က ရှမ့်လန်ကို အလွန်ပြင်းထန်သည့် မေ့ဆေးတစ်မျိုး ပေး၏။ ထင်ထားသည့်အတိုင်းပင် ရှမ့်လန်က ချက်ချင်း အိပ်ပျော်သွားသည်။

ပြန်လည် နိုးထချိန်မှာတော့ လျှို့ဝှက် ဆန်းကြယ်လွန်းသော ပင်လယ်ပြင်တစ်ခုသို့ ရောက်ရှိနေ၏။ ကောင်းကင်မှ ကြည့်မည်ဆိုလျှင် ကီလိုမီတာ ၁၅၀ အကွာတွင် လျှို့ဝှက်ကျွန်းတစ်ကျွန်း ရှိနေသည်။ ထိုနေရာတွင် လူအများအပြား ပြည့်သိပ်စွာ ရှိနေပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တူးဖော်နေ၏။

ထိုအရာက ရှမ့်လန်၏ လျှို့ဝှက်စခန်းများထဲမှ တစ်ခုဖြစ်ပြီး အလွန်အရေးပါသည့် စခန်းလည်း ဖြစ်၏။ ဤနေရာက ရေနံတူးဖော်သော နေရာသာမက ဓာတုဗေဒ အခြေစိုက် စခန်းတစ်ခုလည်း ဖြစ်၏။ နုရှောင့်မြို့တော်နှင့် တော်ဝင်ချန်မင်းဆက်အတွက် အလွန်အရေးပါသည်။

“ရှမ့်လန်... နဂါးနောင်တကို အသက်သွင်းပြီး ရှေ့ကျွန်းပေါ်က လူတွေအားလုံးနဲ့ လျှို့ဝှက်စခန်း အားလုံးကို ဖျက်ဆီးပစ်ဖို့ မင်းကို တောင်းဆိုချင်တယ်။”

“အင်း...”

နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ ရှမ့်လန်က သူ၏ လက်ချောင်းကို ဓားဖြင့် လှီးဖြတ်၏။ ပြီးနောက် သွေးအနည်းငယ် ထွက်စေ၏။ သူက ရှေးဟောင်းလူသား သွေးကျောက်ဖြစ် ရုပ်ကြွင်းနှင့် ရောစပ်လိုက်၏။ ရုတ်တရက် နေရောင်ခြည် အရောင်ကဲ့သို့သော သွေးအရောအနှောတစ်ခု ပေါ်လာ၏။ သူက သွေးအရောအနှော ထဲသို့ လက်ကို နှစ်လိုက်ပြီး နဂါးနောင်တ ဟူသည့် စာလုံးပေါ်တွင် သုတ်လိမ်း၏။

ဤအချိန်မှာတော့ သူက စာတစ်လုံး၏ နောက်ဆုံးအစပ်ပေါ်သို့ ပြင်းပြင်းထန်ထန် ဖိနှိပ်ခြင်း မပြုဘဲ ညင်သာစွာ ထိတွေ့၏။ မကြာခင်မှာပဲ နဂါးနောင်တ စကားလုံးများမှ အလင်းရောင် ထွက်ပေါ်လာပြီး နောက်တစ်ကြိမ် အသက်ဝင်လာသည်။

ရင်ဝူချယ်က ရှေ့သို့ တက်လာပြီး အိမ်မက်ဆိုးကျောက်တုံး၏ ပစ်လွှတ်ခလုတ်ကို နှိပ်၏။

“ရွှီ...” နဂါးနောင်တက ပစ်လွှတ်ခြင်းကို ခံရ၏။ ကီလိုမီတာ ရာပေါင်းများစွာ အကွာရှိ ရှမ့်လန်၏ ဓာတုဗေဒ စခန်းဆီသို့ ပျံသန်းသွားသည်။

ဤအချိန်မှာတော့ ရှမ့်လန်၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့သွား၏။ တစ်စုံတစ်ခု၏ လှုံ့ဆော်မှုကို ခံလိုက်ရသကဲ့သို့၊ တစ်စုံတစ်ခုကို မှတ်မိချင်သကဲ့သို့ ဖြစ်နေ၏။

စေတီတောင် ဂိုဏ်းချုပ်က ရှေ့သို့ တက်လာပြီး သူ၏ မျက်လုံးများကို အုပ်လိုက်သည်။ “မင်း ဒါကို ကြည့်စရာ မလိုတော့ဘူး။ သွားကြစို့။”

ပြီးနောက် စေတီတောင်၏ ရေယာဉ်သင်္ဘော အုပ်စုက ချက်ချင်း ထွက်ခွာသွား၏။ သိပ်မကြာခင်မှာပဲ ကျယ်လောင်လွန်းသော အသံကြီးတစ်ခုက နောက်ဘက်မှ ထွက်ပေါ်လာ၏။

“ဘုန်း...”

ရှမ့်လန်၏ မျက်နှာက ရှုံ့မဲ့သွား၏။ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများနဲ့ ပြည့်နှက်နေသည်။ “ကျုပ်... ကျုပ် အခု ဘာလုပ်လိုက်တာလဲ။”

“ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ခဲ့သလိုပဲ သဘောထားလိုက်။”

စေတီတောင် ဂိုဏ်းချုပ်က ပြော၏။ “သွားရအောင်။ အိမ်ကို ပြန်ကြစို့...”

ရှမ့်လန်က အခန်းထဲသို့ ပြန်ရောက်၏။ စေတီတောင် ဂိုဏ်းချုပ်က ရှမ့်လန် သွားချင်ရာသွား၊ လုပ်ချင်ရာ လုပ်နိုင်သည်ဟု အမိန့်ပေးထား၏။ သို့သော်လည်း သူက အခန်းထဲတွင် ငေးငိုင်စွာနှင့် ထိုင်နေဆဲ ဖြစ်၏။ သူ၏ စိတ်ခံစားချက်များက သင်းကွပ်ခံထားရသကဲ့သို့ ဖြစ်ပြီး အကြွင်းမဲ့ လျစ်လျူရှုမှုထဲသို့ ကျရောက်နေ၏။

ယခု သူက ပြန်လည်မှတ်မိရန်ပင် မကြိုးစားတော့ချေ။ သူက ရည်ရွယ်ချက် မရှိဘဲ နှစ်ညတိုင်တိုင် မလှုပ်မယှက် ထိုင်နေ၏။ ထို့အပြင် သူက အလိုလျောက် တုံ့ပြန်မှုကဲ့သို့ အမိန့်များကို လုံးဝ နာခံနေသည်။

“အိပ်ချိန် ရောက်ပြီ။” ခမ်းနားထည်ဝါပြီး သန်မာသည့် အမျိုးသမီးစစ်သည်က ပြော၏။

ရှမ့်လန်က ချက်ချင်း အိပ်ရာဝင်သည်။

“ထချိန် ရောက်ပြီ။”

ရှမ့်လန်က ချက်ချင်း အိပ်ရာမှ ထ၏။

“ရေချိုးချိန် ရောက်ပြီ။”

ရှမ့်လန်က ချက်ချင်း ရေထချိုးသည်။

ဤမြင်ကွင်းက နည်းနည်း ရင်းနှီးနေသင့်၏။ အဘယ်ကြောင့်ဆိုသော် မျိုးရိုးဗီဇ ပြောင်းလဲပြီးနောက် နာကျည်းမှု ဖြစ်နေသည်နှင့် အနည်းငယ် ဆင်တူနေ သောကြောင့်ပင်။

သူ ပြောဆိုသမျှများကို မှတ်တမ်းတင်နေသည့် ညီအစ်ကိုက တည်ရှိနေသည် ဆိုသော်လည်း ရေးရမည့် အကြောင်းအရာများကတော့ ဗလာဟင်းလင်း ဖြစ်နေ၏။ ထို့အပြင် အမျိုးသမီး စစ်သည်တော်ကလည်း ဖုံးကွယ် မထားနိုင်တော့ချေ။ သူမက ရှမ့်လန်ကို ရေချိုးပေးနေစဉ် မျက်ရည်များ တဝေါဝေါနှင့် စီးကျလျက် ရှိ၏။ မျက်လုံးများကလည်း နီရဲနေ၏။

တကယ်တော့ သူမ၏ ကိုယ်လေးချိန် လျှော့ချသည့် အစီအစဉ်က တစ်ဝက်ခန့် အောင်မြင်နေပြီ ဖြစ်သော်လည်း မည်သူမှ ကြည့်ရှုမည့်သူ မရှိတော့သကဲ့သို့ပင်။ ထို့ကြောင့် သူမက ရပ်တန့်လိုက်ရသည်။

...................

“တောင်းပန်ပါတယ် သမီး... အဖေ ရှုံးသွားခဲ့ပြီ။”

စေတီတောင် ဂိုဏ်းချုပ်က ပြော၏။ “ရှမ့်လန် မအောင်မြင်ခဲ့ဘူး။ သူက စွမ်းအင် ဝဲကတော့ထဲမှာ သမီးကို ကယ်တင်ဖို့ နည်းလမ်းကို မတွေ့ရုံတင် မဟုတ်ဘူး။ အသိစိတ်နဲ့ မှတ်ဉာဏ်တွေပါ ပျောက်ဆုံးသွားပုံပဲ။ အံ့ဖွယ်ရာ တစ်ခုကို မဖန်တီးနိုင်ခဲ့တော့ဘူး။”

စေတီတောင်မင်းသမီး၏ မျက်နှာပေါ်ရှိ ကြွက်သားများက အနည်းငယ် လှုပ်ခတ်သွား၏။ “ရှမ့်လန်က အရမ်းကို ကောက်ကျစ်စဉ်းလဲတဲ့ လူတစ်ယောက်ပဲ။ အဖေ... အဖေ အလိမ်ခံရလို့ မဖြစ်ဘူး။”

စေတီတောင် ဂိုဏ်းချုပ်က ပြောသည်။ “အဖေ သူ့ကို ရှေးဟောင်း အပျက်အစီးနယ်မြေထဲက စွမ်းအင် ဝဲကတော့ဆီကို ခေါ်သွားတုန်းက အကျိုးဆက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားထားပြီးသား။ သူ ထွက်ပြေးချင်တာလား၊ ဒါမှမဟုတ် တစ်မျိုးမျိုးသော လှည့်ကွက် အကြံအစည်မျိုးကို အသုံးပြုချင်တာလား ဆိုတာ အရေးမကြီးဘူး။ အဖေ အားလုံးကို လက်ခံတယ်။

သမီးကို ကယ်တင်ပေးနိုင်မယ့် အခွင့်အရေး တစ်ရာခိုင်နှုန်း ရှိနေရင်တောင် အဖေ အားလုံးကို လက်ခံပေးမယ်။ ဒါပေမဲ့ သူ ကျရှုံးသွားခဲ့တယ်။ သူ တကယ်ပဲ သမီးကို ကယ်ချင်ခဲ့တာတော့ သေချာတယ်။ အနည်းဆုံးတော့ စွမ်းအင် ဝဲကတော့ထဲကို ဝင်ရောက်သွားတုန်း သူ ဘာလှည့်ကွက်ကိုမှ မသုံးခဲ့ဘူး။ ဒါပေမဲ့ သူ ကျရှုံးခဲ့တယ်။ ပြီးတော့ သူ့ရဲ့ အံ့ဖွယ်အမှု ကိစ္စရပ်ကလည်း ပြီးသွားခဲ့ပြီ။ သူက သန်းတစ်ထောင်မှာ တစ်ယောက်ဆိုတဲ့ ပါရမီရှင် အဖြစ်ကနေ သာမန်လူတစ်ယောက် ဖြစ်သွားခဲ့ပြီ။”

စေတီတောင် မင်းသမီးက ပြော၏။ “အဖေ... ရှမ့်လန်က အရမ်းကို ကောက်ကျစ်တဲ့ လူတစ်ယောက်ပဲ။ အဖေ သတိထားရမယ်။”

စေတီတောင် ဂိုဏ်းချုပ်က ပြန်ပြောသည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူ နဂါးနောင်တ တစ်ခုကို အသက်သွင်းပြီး သူ့ရဲ့ ရေနံဓာတုဗေဒ စခန်းတစ်ခုကို ဖျက်ဆီးခဲ့တယ်။ အဲဒါက သူ့ရဲ့ အရေးပါတဲ့ စခန်း ဆိုတာကို သူ လုံးဝ မေ့လျော့နေပြီ။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ သူ ခံစားချက်တွေ နဲ့ ကင်းကွာနေသလိုမျိုး ဘာစိတ်ခံစားချက်မှ မရှိဘူး။ ရောဂါ လက္ခဏာတွေကလည်း နာကျည်းမှုနဲ့ ထပ်တူနီးပါး တူညီတယ်။”

စေတီတောင် မင်းသမီးက ကြောင်အသွား၏။

“သမီး... အဖေ တောင်းပန်ပါတယ်။ အဖေ ထပ်ပြီးတော့ ရှုံးနိမ့်သွားခဲ့ပြီ။”

စေတီတောင်၏ ဂိုဏ်းချုပ်က တုန်ယင်နေသည်။ “ဒါပေမဲ့ အဖေ ဘယ်တော့မှ လက်မလျှော့ဘူး။ သမီး ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့၊ မြေပြင်ပေါ်မှာ နေထိုင် သွားလာနေရဖို့၊ အဲဒီအရာတွေကို မမြင်ရမချင်း၊ သမီး ကလေးလေးတွေ မွေးဖွားတာကို မမြင်ရမချင်း အဖေ မျက်လုံး မှိတ်လို့ရမှာ မဟုတ်ဘူး။”

စေတီတောင် မင်းသမီး၏ မျက်နှာပေါ်ရှိ ကြွက်သားများက အနည်းငယ် လှုပ်ခတ်သွား၏။ “အဖေ... သမီး ပြောပြီးပြီ။ သမီးရဲ့ကံကြမ္မာကို လက်ခံလိုက်ပြီ။ ဒီမြေအောက် လောကထဲမှာ နေ့တိုင်း နေထိုင်နေရတာလည်း မဆိုးပါဘူး။”

စေတီတောင် ဂိုဏ်းချုပ်က ခေတ္တမျှ စကားမပြောနိုင်ဘဲ နာကျင်စွာဖြင့် အကြည့်လွှဲမိ၏။ ပြီးနောက် သူက ပြောသည်။ “သမီး... အချိန်ရတဲ့အချိန်ကျရင် ရှမ့်လန်ကို သွားတွေ့လိုက်။ သူက ရင်ဝူမင်ထက် ပိုကောင်းတယ်။ သူက ကြွားလုံးတွေ၊ မုသားတွေနဲ့ ပြည့်နှက်နေတယ် ဆိုပေမဲ့ အချက်တစ်ချက်မှာတော့ သူ ပြောတာ မှန်တယ်။ သူက ရင်ဝူမင်ထက် သမီးနဲ့ ပိုပြီး သင့်တော်တယ်။

ရင်သားအဖတွေက သူတို့ ရည်မှန်းချက် အောင်မြင်ဖို့ ဘာမဆို လုပ်နိုင်တဲ့လူတွေ။ ဟုတ်တယ်။ ရှမ့်လန်လည်း အတူတူပါပဲ။ ဒါပေမဲ့ ရင်သားအဖက ကိုယ်ကျိုးအတွက် လုပ်တာ။ ရှမ့်လန်ကတော့ တခြားသူအတွက် ဘာမဆို လုပ်ပေးလိုစိတ် ရှိတယ်။ သူက သမီးနဲ့ ပိုပြီး သင့်တော်တယ်။”

စေတီတောင် မင်းသမီးက ခေါင်းခါ၏။ “အခုချိန်မှာ ဒီစကားတွေ ပြောနေလို့လည်း ဘာထူးမှာလဲ။ ရင်မိသားစုနဲ့ ကျွန်မတို့ရဲ့ လက်ထပ်မဟာမိတ်ပြုမှုက ကိုယ်ကျိုးစီးပွားအတွက်ပဲလေ။ ကျွန်မတို့က ရင်မိသားစုကို လိုအပ်တယ်။ ရင်မိသားစုကလည်း ကျွန်မတို့ကို လိုအပ်တယ်။”

စေတီတောင် ဂိုဏ်းချုပ်က ဘာမှ ထပ်မပြောတော့ချေ။ အတော်ကြီးကြာမှ သူက ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် သမီး အချိန်ရတဲ့ အချိန်ကျရင် ရှမ့်လန်ကို သွားကြည့်လိုက်အုံး။ အဖေ သွားတော့မယ်။”

ပြီးနောက် သူက ထွက်ခွာသွား၏။ လမ်းတစ်ဝက် အရောက်မှာတော့ ရုတ်တရက် လှည့်ကာ ပြော၏။

“သမီး... ဘယ်တော့မှ လက်မလျှော့နဲ့။ အဖေလည်း ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။ သမီးကို သာမန်လူတစ်ယောက်လို ဖြစ်အောင် အဖေ လုံးဝ လုပ်ပေးမယ်။ သမီး ကလေးတွေ မွေးဖွားတာကို အဖေ လုံးဝကို စောင့်ကြည့်နေအုံးမှာ။”

“သမီး သိပါတယ်။ အဖေ သွားပါတော့။” စေတီတောင် မင်းသမီးက အကြည့်ကို လွှဲ၏။ မျက်ရည်များ မကျလာစေရန် မျက်နှာကို မော့ထားမိ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်က ဖောက်ထွင်း မြင်နိုင်ပြီး အထိခိုက်မခံသောကြောင့်ပင်။ မျက်ရည်ကျလျှင်ပင် သူမ၏ အသားအရေက မီးလောင်သကဲ့သို့ ခံစားရပြီး အလွန် နာကျင်သည်။

..................

အပိုင်း (၁၀၅၈)

စေတီတောင် ဂိုဏ်းချုပ်က ထွက်ခွာသွား၏။

စေတီတောင် မင်းသမီးက မြေအောက်လောကထဲတွင် ရှမ့်လန်နှင့် နောက်တစ်ကြိမ် တွေ့ဆုံ၏။ ယခင်တုန်းက အဆက်မပြတ် ပွစိပွစိ ပြောနေတတ်သော်လည်း ဤအချိန်မှာတော့ ရှမ့်လန်က ထူးထူးခြားခြား တိတ်ဆိတ် ငြိမ်သက်နေ၏။ လုံးဝကို စိတ်ဓာတ်ကျပြီး ထုံထိုင်းနေပုံပင်။ မည်သည့်အရာကိုမှ တုံ့ပြန်မှု မရှိသကဲ့သို့ပင်။ သူက တကယ့်ကို နာကျည်းမှုနှင့် ပို၍ တူလာသည်။

မြေအောက်လောကတွင် စေတီတောင် မင်းသမီးက ညပုလဲတစ်ချို့ကို ဖွင့်၏။ ဖယောင်းတိုင် တစ်ချို့ကို ထွန်း၏။ သူမက မျက်နှာဖုံးကို ချွတ်၏။ ထူးဆန်းသည့် ဖောက်ထွင်းမြင်နိုင်သည့် မျက်နှာတစ်ခုက ပေါ်လာ၏။ ဤအချိန်မှာတော့ သူမ၏ စစ်မှန်သည့် ရုပ်သွင်ကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။

“ရှမ့်လန်... အရာအားလုံးက ကံကြမ္မာပဲ။ မြေအောက်လောကမှာ နေရတာလည်း မဆိုးဘူးလို့ ကျွန်မ အမြဲတမ်း ပြောခဲ့တယ် ဆိုပေမဲ့ ကျွန်မကို ကယ်တင်နိုင်မဲ့ နည်းလမ်းရှာဖို့ စွမ်းအင် ဝဲကတော့ဆီကို သွားချင်တယ်လို့ ရှင် ပြောတုန်းကလေ ........

ကျွန်မ မျှော်လင့်ချက် မရှိဘူးလို့ ပြောခဲ့ပေမဲ့ ကျွန်မ နှလုံးသားထဲမှာ အဆုံးမဲ့တဲ့ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ရှင် နောက်ထပ် အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်မယ်လို့ ကျွန်မ တကယ် မျှော်လင့်ခဲ့တယ်။ ရှင် ကျွန်မကို ကယ်တင်ပြီး ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင်မယ်။ ဒါမှ ကျွန်မ မြေပြင်ပေါ်ကို တက်နိုင်မယ်။ ကလေးတွေ မွေးဖွားနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။

အဖေ ရှင့်ကို စွမ်းအင် ဝဲကတော့ဆီ ခေါ်သွားတဲ့ ရက်အနည်းငယ်အတွင်း ကျွန်မ တစ်နေ့ကုန် ဂနာမငြိမ်နဲ့ ထိုင်မရ ထမရ ဖြစ်ခဲ့ရတယ်။ အသက်ရှူရတာတောင် ခက်ခဲခဲ့တယ်။ အဲဒီအချိန်ကလည်း တစ်နှစ်လောက် ကြာသလို ခံစားခဲ့ရတယ်။ သတင်းကောင်းတွေကို ကျွန်မ တောင့်တနေတယ် ဆိုပေမဲ့ သတင်းဆိုး ကြားရမှာကိုလည်း ကြောက်ရွံ့နေမိတယ်။

အဆုံးသတ်မှာတော့ သတင်းဆိုးက ရောက်လာခဲ့တယ်။ ရှင် ကျရှုံးခဲ့တယ်။ ရှင် အံ့ဖွယ်ရာ တစ်ခုကို မဖန်တီးနိုင်ခဲ့ဘူး။ ကျွန်မအတွက်တော့ ကောင်းကင်ကြီးက နောက်တစ်ကြိမ် ပြိုလဲသွားခဲ့သလိုပါပဲ။ ရှင်လို ပါရမီရှင် တစ်ယောက်တောင် ကျရှုံးသွားတယ်။ ရှင်လို အံ့ဖွယ်ရာတွေ ဖန်တီးတဲ့လူတောင် ကျရှုံးသွားတယ်။ ကျွန်မဘဝက လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး။

အရင်က ကျွန်မ ပြောခဲ့တာ မှန်တယ်။ မျှော်လင့်ချက် မထားသင့်ဘူး။ မဟုတ်ရင် နောက်တစ်ကြိမ် စိတ်ပျက် အားငယ်ရတဲ့အခါမှာ အရမ်းကို နာကျင်ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကို ကျေးဇူးတင်ရအုံးမယ်။ အနည်းဆုံးတော့ ဒီနောက်ဆုံး အချိန်မှာ ရှင် ကျွန်မကို မလိမ်ခဲ့ဘူး။ ရှင် ကျွန်မကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ စွမ်းအင် ဝဲကတော့ထဲကို တကယ် ဝင်သွားခဲ့တယ်။

ကျွန်မရဲ့ နာမည်ရင်းက... ထားလိုက်ပါတော့။ ရန်ယင်ယင် ဆိုတဲ့ နာမည်က နာမည်ကောင်းလေးပါပဲ။ ရှင့် ကျွန်မကို ရန်ယင်ယင် လို့ပဲ ဆက်ခေါ်လို့ ရပါတယ်။ ဒီနေ့ကစပြီး ကျွန်မ ဘာမျှော်လင့်ချက်မှ ထားတော့မှာ မဟုတ်ဘူး။ ကျွန်မဘဝက ဒီမြေအောက် လောကထဲမှာပဲ ကုန်ဆုံးတော့မယ်။ နေ့အလင်းရောင်ကို ဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မကြောင့် ရှင် ဒီလိုဖြစ်သွားရတယ်။ ကျွန်မ ရှင့်ကို တောင်းပန်သင့်တယ် ထင်တယ်။ ကျွန်မ ရှင့်ကို ကျေးဇူးတင် စကားတစ်ခွန်းတော့ ပြောရမယ်။

ရှမ့်လန်... ရှင့်ရဲ့ မှတ်ဉာဏ်တွေက လုံးဝ ရှုပ်ထွေးနေပြီ။ ဒါတွေအားလုံးက ရှင့်ကို စောင့်ကြည့်ထားတဲ့ အချက်အလက်၊ ရှင်ပြောဆိုထားတဲ့ စကားလုံးတွေပဲ။ ဒါတွေကို ယူပြီး ဖတ်ကြည့်လိုက်။ တချို့အရာတွေကို ရှင် မှတ်မိလာကောင်း မှတ်မိလာလိမ့်မယ်။”

ရှမ့်လန်က ထူထဲလွန်းသည့် စောင့်ကြည့်မှတ်တမ်းကြီးကို ထုံထိုင်းအားနာစွာဖြင့် လှမ်းယူ၏။ စာလုံးရေ သန်းနှင့်ချီ ရှိနေ၏။ သို့သော်လည်း ပါဝင်သည့် အကြောင်းအရာများက တကယ်ကို ရှုပ်ထွေး၏။ စကားလုံး အများစုက ဦးနှောက်ဆေးကြောခြင်းနှင့် သက်ဆိုင်သည့် စကားလုံးများပင် ဖြစ်၏။ ကျန်တာတွေက အိမ်မက် မက်ကာ ပြောဆိုသည့် အဓိပ္ပာယ် မရှိသော စကားလုံးများပင်။

ရှမ့်လန်က မှတ်တမ်းများကို လှန်လောကြည့်၏။ ပြီးနောက် သူ၏ လက်ချောင်းလေးများက စောင့်ကြည့် မှတ်တမ်းပေါ်ရှိ စာလုံးများပေါ်သို့ ခပ်ဖွဖွ ထိ၏။

“မအံ့ဩနဲ့။ အရာအားလုံးက ပုံမှန်ပါပဲ။ ကျုပ် ဟန်ဆောင်နေတာ။”

ရှမ့်လန်၏ အပြုအမူကို ကြည့်ရှုပြီးနောက် ရန်ယင်ယင်၏ နှလုံးသားတစ်ခုလုံးက တုန်ခါသွား၏။ သူမက အလိုအလျောက် ဒေါသစိတ်များ ပေါ်ပေါက်လာခဲ့ပြီး ရှမ့်လန်ကို မြေကြီးပေါ်သို့ ဖိချကာ အဘယ်ကြောင့် ဤသို့လုပ်ရသနည်းဟု မေးချင်၏။ သို့ပေမည့် ဤသို့လုပ်ရခြင်း အကြောင်းရင်းက ဘာအဓိပ္ပာယ်ရှိသနည်း။

“ရန်ယင်ယင်... ကျုပ် အခုပြောပြမယ့် စကားလုံးတွေ အားလုံးက အမှန်တရားတွေချည်းပဲ။ ကျုပ် ခင်ဗျား အဖေကို လျှော့တွက်ခဲ့မိတယ်။ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုက ပြိုင်ဘက်ကင်းပဲ။ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ ကြံစည်နိုင်မှုကလည်း ပြိုင်ဘက်ကင်းပဲ။

ကျုပ်ကို ဝင်ခိုင်းတဲ့ စွမ်းအင်ဝဲကတော့က အတုကြီး။ ပြီးတော့ သူက လူဒါဇင်ပေါင်းများစွာကို စမ်းသပ်မှု လုပ်ခဲ့တယ်။ အဲဒီလူအများစုက စွမ်းအင်ဝဲကတော့ထဲကို ဝင်ပြီး သေကုန်ကြတယ်။ နာကျည်းမှု တစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်။ ဒါပေမဲ့ နာကျည်းမှုက လမ်းလျှောက်နေတဲ့ အလောင်းကောင်လို ဖြစ်သွားခဲ့ပြီ။ အသိစိတ်အားလုံး လွတ်သွားတယ်။ ခင်ဗျားအမေရဲ့ ရောဂါလက္ခဏာတွေနဲ့ အတူတူပဲ။

သူလုပ်ခဲ့သမျှ အရာအားလုံးက ခင်ဗျားအတွက် ဖြစ်ပုံပေါ်တယ်။ ခင်ဗျားကို ကယ်တင်ဖို့အတွက် သူက ကြီးမားတဲ့ စွန့်စားမှုကြီးကို ပြုလုပ်ဖို့ ဆန္ဒရှိခဲ့တယ်။ သူက အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့တယ်။ ကျုပ် ထွက်ပြေးနိုင်မယ့် အရာဖြစ်တယ်ဆိုတာ သိရင်တောင်မှ သူက စွန့်စားပြီး ဒါကိုပြုလုပ်ဖို့ ဆန္ဒရှိခဲ့တယ်။

ဒါပေမဲ့ အားလုံးက အတုယောင်တွေချည်းပဲ။ အားလုံးက ခင်ဗျားကြည့်ဖို့ လုပ်ပြထားတဲ့ မုသားပြဇာတ်ကြီး တစ်ခုပဲ။ သူက ကျုပ်ကို အသုံးပြုပြီး မစွန့်စားလိုဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က စေတီတောင်ရဲ့ မဟာဗျူဟာမြောက် အရေးပါမှုနဲ့ ဆက်စပ်နေလို့ပဲ။ ကျုပ်တစ်ယောက်တည်းကသာ နဂါးနောင်တကို အသက်သွင်းနိုင်တာ။ ကျုပ်မရှိရင် အဲဒါကို ပစ်လွှတ်လို့ မရဘူး။

ဒါပေမဲ့ ကျုပ်က ခင်ဗျားကို ကယ်မယ်လို့ ပြောလိုက်ပြီ။ သူကလည်း ခင်ဗျားကို အရမ်းချစ်တဲ့ ဖခင် တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတော့ သူ သဘောတူညီလိုက်ရတယ်။ ဒီလိုမှ မဟုတ်ရင် ခင်ဗျားအပေါ် ထားတဲ့ သူ့ရဲ့မေတ္တာဆိုတာက ပုံရိပ်ယောင်ကြီးတစ်ခုလို ပျက်စီးသွားလိမ့်မယ်။ ဒါပေမဲ့ ရှေးဟောင်း အပျက်အစီး နယ်မြေထဲက စစ်မှန်တဲ့ စွမ်းအင်ဝဲကတော့ဆီကိုတော့ သူ ကျုပ်ကို တကယ်လွှတ်လိုက်မှာ မဟုတ်ဘူး။”

စေတီတောင်မင်းသမီး ရန်ယင်ယင်က ကြောင်အသွား၏။ ရှမ့်လန်က မှတ်တမ်းထဲမှ စာလုံးတစ်ခုချင်းစီတိုင်း ကို လက်နှင့် အသာထိတွေ့ပြီး စာရေးပြသလိုမျိုး စကားပြောဆိုနေသည်။

ထို့အပြင် ရှမ့်လန်က စကားလုံးတိုင်း၏ တည်နေရာကို လွယ်ကူစွာ ရှာဖွေနိုင်၏။ သူ အိပ်မက်ယောင်ပြီး ပွစိပွစိ ပြောနေစဉ်တည်းက ယနေ့အတွက် ကြိုတင်ကာ တွေးထားပြီးသား ဖြစ်နေခဲ့သည်လား။ သူ ပြောခဲ့သမျှ တောင်စဉ်ရေမရ စကားလုံးတိုင်းက ယနေ့အတွက် စကားလုံးများ ဖြစ်အောင် ဖန်တီးထားလေသည်လား။ တကယ့်ကို အံ့ဖွယ်လူပင်။

“ကျုပ် ဘာဖြစ်လို့ ဒီလို စွမ်းအင်ဝဲကတော့ဆီကို မဖြစ်မနေ သွားချင်ရတာလဲ ဆိုတာ ခင်ဗျား သိချင်နေမှာပေါ့။ ဟုတ်တယ်မလား။”

ရှမ့်လန်က ပြော၏။ “ဒီစွမ်းအင်ဝဲကတော့က တကယ်တော့ ရှေးဟောင်းပျက်စီး နယ်မြေတွေကြားထဲက လမ်းကြောင်းတစ်ခုပဲ။ ရှေးဟောင်းယဉ်ကျေးမှု မြို့တော်တွေကြားမှာ အရမ်းကို မြန်ဆန်တဲ့ ဖြတ်လမ်းတွေ ရှိတယ်။”

ဥပမာအားဖြင့် ဟယ်လင်မင်းသမီးသည် မိစ္ဆာတြိဂံနယ်မြေမှ လုံးဝထွက်ခွာ၍ မရခဲ့ချေ။ နောက်ပိုင်း သူမက ပင်လယ်ကြမ်းပြင်အောက်ရှိ လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီး တည်နေရာဆီသို့ ရောက်ရန် လပေါင်းများစွာ လမ်းလျှောက်ခဲ့ရသည်။

“ပြီးတော့ ဒီစွမ်းအင်ဝဲကတော့က ရှေးဟောင်းမြို့တော်တွေကြားက အရမ်းကို မြန်ဆန်တဲ့ လမ်းကြောင်း တစ်ခုရဲ့ ဝင်ပေါက်ပဲ။ ဒါပေမဲ့ လုပ်ပိုင်ခွင့် အာဏာမျိုး လိုအပ်တယ်။ လုပ်ပိုင်ခွင့်အာဏာ မရှိတဲ့လူတွေ အဲဒီစွမ်းအင်ဝဲကတော့ထဲကို ဝင်သွားရင် တစစီ ကြေမွသွားလိမ့်မယ်။ လုပ်ပိုင်ခွင့်အာဏာ ရှိတဲ့လူတွေ အတွက်တော့ အဲဒီဝဲကတော့ကို ဖြတ်သန်းပြီး နောက်ထပ် ရှေးဟောင်းမြို့တော် တစ်ခုကို သွားနိုင်တယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်တော် တစ်သောင်းက တောင်ဘက်ကို ချီတက်ပြီး သဲကန္တာရ လူရိုင်းမျိုးနွယ်စု အကုန်လုံးကို သတ်ပစ်ခဲ့တယ်။ မင်းသားကျင်းက ကျန်ရှိနေတဲ့ စစ်သည် သောင်းဂဏန်းကို ဦးဆောင်ပြီး သဲကန္တာရလူရိုင်းမျိုးနွယ်စုရဲ့ နယ်မြေအဆုံး ရောက်တဲ့အထိ ဆုတ်ခွာခဲ့ရတယ်။

အဲဒီမှာ တောင်တစ်လုံးရှိတယ်။ မင်းသားကျင်းက ကျန်ရှိနေတဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး သဲကန္တာရ လူရိုင်းမျိုးနွယ်စုရဲ့ တောင်ဘက်အစွန်ဆုံး တောင်ဆီကို ခေါ်ဆောင်သွားခဲ့တယ်။ အဲဒီတောင်ရဲ့ တစ်ဝက်က ပင်လယ်ထဲမှာ ရှိနေတယ်။ ကျန်တစ်ဝက်က ကုန်းမြေပေါ်မှာပဲ။ အဲဒီတောင်ကို ကျင်းကန် တောင်ထွတ်လို့ ခေါ်တယ်။

ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်တော်က တောင်တစ်ခုလုံးကို ရှာဖွေခဲ့ပေမယ့် မင်းသားကျင်းရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရဘူး။ ဒါကြောင့် သူက တောင်ကို မီးရှို့ပစ်လိုက်တယ်။ သူက ကျင်းကန် တောင်ထွတ်ပေါ်က သစ်ပင်တွေ အားလုံးကို မီးရှို့ပစ်ရုံသာမကဘူး။ သဲကန္တာရ လူရိုင်းမျိုးနွယ်စုရဲ့ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းတဲ့ ရှေးဟောင်းသစ်တောကြီးကိုပါ မီးရှို့ပစ်ခဲ့တယ်။

ရက်ပေါင်းများစွာ ကြာအောင် ရွာသွန်းခဲ့တဲ့ မိုးကြောင့်သာ မဟုတ်ရင် သဲကန္တာရ လူရိုင်းမျိုးနွယ်စု တစ်ခုလုံးက မီးလောင်တိုက်သွင်းခြင်းကို ခံရတော့မှာ။ သူက ကြီးလေးလွန်းတဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့တာပဲ။

မီးက အရာအားလုံးကို ကျွမ်းလောင်စေတယ် ဆိုပေမဲ့ မင်းသားကျင်းရဲ့ လက်ကျန်တပ်ဖွဲ့တွေရဲ့ ရုပ်အလောင်းကိုတော့ မတွေ့ခဲ့ရဘူး။ သူတို့က ပြာကျသွားတာဖြစ်နိုင်သလို တောင်ထဲကို ဝင်ပြေးသွားတာလည်း ဖြစ်နိုင်တယ်။

အရေးကြီးဆုံး အချက်ကတော့ ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ မီးလောင်ပြီးတဲ့နောက် အဲဒီတောင်က လက္ခဏာတချို့ကို ပြသလာခဲ့တယ်။ ကျူးမိသားစုရဲ့ လျှို့ဝှက်စခန်းကနေ ဖမ်းမိတဲ့ ကျူးမိသားစုရဲ့ ပညာရှင်တွေဆီက ဖြောင့်ချက်တွေကနေ နာမည်တချို့ကို ကျုပ်ရခဲ့တယ်။ အဲဒါတွေက အဖြူရောင် ဧကရာဇ် မြို့တော်၊ ဟွမ်လူမြို့တော်၊ ကျင်းကန်တောင်နဲ့ စိန်တောင် တို့ပဲ။

ကျင်းကန်တောင်၊ စိန်တောင် ဆိုတာက ဘာအဓိပ္ပာယ်လဲ ဆိုတာ ကျုပ် မသိခဲ့ဘူး။ ဒါပေမဲ့ သဲကန္တာရ လူရိုင်းမျိုးနွယ်စုရဲ့ တောင်ဘက် အစွန်းဆုံးမှာ မိုးထိတောင်ထွတ်ကို ဆိုလိုတာဖြစ်ကြောင်း မကြာခင်မှာ ကျုပ် သဘောပေါက်လိုက်တယ်။ မီးလောင်ပြီးတဲ့ နောက်မှာ ဒါက သံမဏိလို မာကျောလာခဲ့တာကိုး။ ဒါတောင် ကျင်းကန်တောင်လို့ ခေါ်ခဲ့တာ။

ပြီးတော့ ကျူးမိသားစုရဲ့ ဖျက်ဆီးရေး စီမံကိန်းထဲမှာ ကျင်းကန်တောင်က မင်းသားကျင်းရဲ့ တပ်တော် ပျောက်ဆုံးသွားခဲ့တဲ့ နောက်ဆုံးနေရာ ဖြစ်နေတယ်။ ဒီလက္ခဏာရပ်တွေကို ကြည့်မယ်ဆိုရင် အဲဒီ ကျင်းကန်တောင်က ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခု ဖြစ်လောက်တယ်။

ကျူးမိသားစုနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်တို့က အဲဒီ ရှေးဟောင်းအပျက်အစီးကို ဖွင့်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘူး။ ဒါကြောင့် သူတို့က နဂါးနောင်တကို အသုံးပြုပြီး ကျင်းကန်တောင်ကို ဖြိုခွဲပစ်ဖို့ စီစဉ်ခဲ့ကြတာပဲ။ ဒါက မင်းသားကျင်းကို သတ်ဖို့သတ်သတ် မဟုတ်ဘဲ ရှေးဟောင်း အပျက်အစီးတွေကို ယူဖို့ပဲ။

ဒါပေမဲ့ နောက်ထပ် ကြောက်စရာကောင်းတဲ့ အရာတစ်ခု ရှိသေးတယ်။ ခင်ဗျားတို့ စေတီတောင်ရဲ့ တောင်ပင်လယ်က ကြီးမားတဲ့ ရှေးဟောင်းအပျက်အစီးက အရမ်းကို တကယ်ကြီးမားတာ။ မိုင်ပေါင်း ထောင်ချီ ရှည်လျားပြီး ကျင်းကန်တောင် ခြေရင်းထိတောင် ရောက်တယ်။ ဒါက သီးခြားလွတ်လပ်တဲ့ ရှေးဟောင်းမြို့တော် နှစ်ခု ဖြစ်ပေမဲ့ သူတို့ကြားမှာ လျှို့ဝှက်အမြန်လမ်းကြောင်းတွေ ရှိတယ်။

မိစ္ဆာတြိဂံနယ်မြေနဲ့ ပျောက်ဆုံးနိုင်ငံတို့က မိုင်ပေါင်းသောင်းချီ ကွာဝေးပေမယ့် လျှို့ဝှက်လမ်းကြောင်းနဲ့ ဆက်သွယ်ထားသလိုမျိုးပေါ့။ ပြီးတော့ စွမ်းအင်ဝဲကတော့က တောင်ပင်လယ် ရှေးဟောင်းအပျက်အစီးနဲ့ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးကြားက စစ်ဆေးရေးဂိတ်ပဲ။

စေတီတောင်က လူတွေက အဲဒီစွမ်းအင်ဝဲကတော့ထဲကို ဝင်နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ မရှိဘူး။ ဒါကြောင့် ဝင်ဖို့ကြိုးစားတဲ့ လူတိုင်းက အသတ်ခံခဲ့ရတာပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်က မှန်းဆကြည့်ရုံပဲ။ နောက်ပိုင်း နာကျည်းမှု ပေါ်လာတော့ ကျုပ်ရဲ့ ထင်မြင်ချက်ကို အတည်ပြုပေးလိုက်တယ်။ သူက မင်းသားကျင်းနဲ့အတူ ကျင်းကန်တောင်မှာ ပျောက်ဆုံးသွားခဲ့တာ ထင်ရှားတယ်။ ဘာလို့ ရုတ်တရက် ပေါ်လာပြီး ခင်ဗျားတို့ရဲ့ သုံ့ပန်း ဖြစ်ရတာလဲ။

အရင်တုန်းက ခင်ဗျား ကျုပ်ကို မေးခဲ့တယ်။ နဂါးနောင်တ နှစ်ခုကို အောင်မြင်စွာ ခိုးယူပြီးတာတောင်မှ ဘာလို့ ထွက်မပြေးသေးတာလဲ။ ဘာလို့ သုံ့ပန်းအဖြစ် ဆက်နေနေရတာလဲ။ ပြောမပြနိုင်တဲ့ ရည်မှန်းချက် တစ်ခုခု ရှိလို့လားတဲ့။

ဟုတ်တယ်။ ကျုပ်ဆီမှာ ရည်မှန်းချက် ရှိတယ်။ ကျုပ်က စွမ်းအင်ဝဲကတော့ကို ဖြတ်ပြီး ကျင်းကန်တောင်က ရှေးဟောင်းအပျက်အစီးဆီ ဝင်ချင်လို့ပဲ။ ကျုပ် မင်းသားကျင်းနဲ့ ကျန်နေတဲ့ လူပေါင်းသောင်းဂဏန်းကို ကယ်တင်ချင်တယ်။ ဒီလူတွေက ကျုပ်အပေါ် သစ္စာအရှိဆုံး လူတွေပဲ။ သူတို့က ကျုပ်အတွက် သူတို့ရဲ့ အသက်ကိုတောင် စွန့်လွှတ်ဝံ့ကြတယ်။ ကျုပ် သူတို့ကို ကယ်တင်ရမယ်။”

မင်းသမီး ရန်ယင်ယင်က ကြောင်အသွားသော်လည်း သူမ၏ မျက်နှာအမူအရာကတော့ ပြောင်းလဲခြင်း မရှိချေ။ သူမက မွေးရာပါ မျက်နှာသေနှင့် ဖြစ်သော်လည်း သူမ၏ နှလုံးသားကတော့ ရေလှိုင်းတစ်ခုကဲ့သို့ပင် ဆူပွက်လှုပ်ခတ်လျက် ရှိနေ၏။

ရှမ့်လန်က မင်းသားကျင်းနှင့် လူသောင်းဂဏန်းကို ကယ်တင်နိုင်ရန် ဆက်လက် စွန့်စားနေအုံးမည်ဟု သူမ မထင်မှတ်ခဲ့ချေ။ ထို့အပြင် ဤအရာကို လုပ်ဆောင်ရန်အတွက် သူက လပေါင်းများစွာ ကြိုတင်စီစဉ်ခဲ့ခြင်းပင်။ ထိုအရာက နဂါးနောင်တကို ခိုးယူခြင်းထက် ပို၍ ခက်ခဲကြောင်းလည်း ထင်ရှားနေသည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားအဖေက အရမ်းကို ပါးနပ်ပြီး ကောက်ကျစ်လွန်းတော့ ကျုပ်ရဲ့ အရင် စီမံကိန်းတွေ အားလုံး ကျရှုံးခဲ့ရတယ်။ သူက ကျုပ်ကို ဘာအခွင့်အရေးမှ မပေးချင်ဘူး။”

မင်းသမီးရန်ယင်ယင်က ရှမ့်လန်ကို ကြည့်၏။ သူမက စကားမပြောသော်လည်း သူမ ပြောချင်သည့် အကြောင်းအရာက ရှင်းလင်းနေ၏။ ရှမ့်လန်က စောင့်ကြည့်ရေးမှတ်တမ်းလွှာပေါ်ရှိ စာလုံးများကို ဆက်လက်နှိပ်ပြသည်။

"အရင်တုန်းက ခင်ဗျားကို အမှန်တရား တစ်ခုမှ မပြောဘဲနဲ့ ဘာလို့ အခုမှ အမှန်တရားတွေ ပြောနေရတာလဲ ဆိုတာ ခင်ဗျား ကျုပ်ကို မေးချင်တာလား။ ရန်ယင်ယင်... ကျုပ် ခင်ဗျားကို တကယ်ပဲ ကယ်တင်ချင်ခဲ့တယ်။ ကျုပ် ကြိုးစားခဲ့တယ်။

ဒါပေမဲ့ ကျုပ် ခင်ဗျားကို အမှန်အတိုင်း ပြောပြမယ်။ ခင်ဗျားအမေ ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းခဲ့လို့ သားအိမ်ထဲက သန္ဓေသားက ပြောင်းလဲသွားခဲ့တာပဲ။ ခင်ဗျား မွေးဖွားလာတဲ့ အချိန်မှာ ဒီလို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ပုံစံမျိုး ဖြစ်လာရတယ်တဲ့။

ပြီးတော့ ခင်ဗျားအမေက စွမ်းအင်ဝဲကတော့ကနေ ထွက်လာပြီးတဲ့နောက် စိတ်ဖောက်ပြန်သွားခဲ့တယ်။ ပြီးတော့ လမ်းလျှောက်နေတဲ့ အလောင်းကောင်လို ဖြစ်သွားတယ်တဲ့။ အဲဒါတွေ အားလုံးက လိမ်ညာတာတွေ ချည်းပဲ။ မုသားတွေချည်းပဲ။

ခင်ဗျား ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းက ခင်ဗျားရဲ့ သွေးမျိုးဆက်ဗီဇ ပြောင်းလဲမှုကြောင့် မဟုတ်ဘူး။ စွမ်းအင်ဝဲကတော့ကနေ ထွက်တဲ့ ဓာတ်ရောင်ခြည်တွေကြောင့်လည်း မဟုတ်ဘူး။ ခင်ဗျားအဖေက ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကူပိုးကောင် တစ်ကောင်ကို မွေးမြူထားလို့ပဲ။

သူက ခင်ဗျားကို ကူပိုးကောင် မွေးမြူရာ ကြားခံနယ်မြေ တစ်ခုအဖြစ် အသုံးပြုခဲ့တာပဲ။ သူက ခင်ဗျားကို ကူပိုးကောင်လေးရဲ့ မိခင်အဖြစ် သဘောထားခဲ့တာပဲ။ ခင်ဗျား ဒီနေ့ ဒီလိုပုံစံမျိုး ဖြစ်လာတာ အားလုံးက သူ့ကြောင့်ပဲ။

သူက ကူပိုးကောင် ကြီးထွားစေဖို့ ခင်ဗျားရဲ့ အသက်၊ ခင်ဗျားရဲ့ လွတ်လပ်ခွင့်တွေကို စွန့်လွှတ်ပြီး ခင်ဗျားကို ဒီလို ဘီလူးတစ်ကောင်၊ တစ္ဆေတစ်ကောင်၊ သရဲတစ်ကောင်အဖြစ် ပြောင်းလဲခဲ့တယ်။ ကြောက်စရာ အကောင်းဆုံးနဲ့ အစွမ်းထက်ဆုံး ကူပိုးကောင်ကြီး ကြီးပြင်းလာတဲ့အချိန်ကျရင် .... ခင်ဗျား သေရမယ့် အချိန်ပဲ။

သူက ခင်ဗျားရဲ့ အဖေပါပဲ။ ဒါပေမဲ့ ကူပိုးကောင်ကို အစာကျွေးဖို့ ခင်ဗျားရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို အသုံးပြုခဲ့တယ်။ သူက ခင်ဗျားကို ကူပိုးကောင်အတွက် အစာအဖြစ် သဘောထားခဲ့တာပဲ။ ကျုပ်ရဲ့ သွေးက ကူပိုးကောင် အားလုံးကို သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ ကျုပ် မစမ်းသပ်ရဲဘူး။ ကျုပ် မလုပ်နိုင်ဘူး။ ကျုပ်ရဲ့ သွေးက ခင်ဗျားခန္ဓာကိုယ်ထဲက အစွမ်းထက်ဆုံး ကူပိုးကောင်ကို သတ်ပစ်နိုင်ရုံသာမက ခင်ဗျားရဲ့ အသက်ကိုပါ ယူသွားနိုင်တယ်။

ရန်ယင်ယင်... ဒါတွေ အားလုံးက ကျုပ် ခင်ဗျားကို ပြောပြတဲ့ အမှန်တရားတွေပဲ။ မုသားစကား တစ်ခွန်းမှ မပါဘူး။ ပြီးတော့ ခင်ဗျားအမေရဲ့ ဦးနှောက်ကိုလည်း ခင်ဗျားအဖေက ဖျက်ဆီးပစ်ခဲ့တာ။ ပြီးတော့ သူ့ကို လမ်းလျှောက်နေတဲ့ အလောင်းကောင် ဖြစ်အောင် လုပ်ခဲ့တာ ခင်ဗျားအဖေပဲ။ ခင်ဗျားအဖေက ဒီလောကမှာ ကြောက်စရာအကောင်းဆုံး နတ်ဆိုးပဲ။ ပြီးတော့ ဒီနေ့အထိ ကျုပ်တွေ့ဖူးသမျှ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ပဲ။ သူနဲ့ ရင်ကွမ်းက ကျုပ်အတွက် တကယ့်ကို ပြိုင်ဘက်ကောင်းတွေ ဖြစ်တယ်။

ရန်ယင်ယင်... ကျုပ်နဲ့အတူ ဒီနေရာက ထွက်ပြေးကြစို့။ မင်းသားကျင်းကို ကယ်ဖို့ ကျုပ်နောက် လိုက်ခဲ့ပါ။ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးဆီ သွားဖို့ ကျုပ်နောက်လိုက်ခဲ့။ ခင်ဗျားအဖေရဲ့ လက်တွင်းက လွတ်မြောက်အောင် ကျုပ် ကူညီပါရစေ ရန်ယင်ယင်။ ဒါက ခင်ဗျားကို ကယ်တင်ဖို့ ကျုပ်ရဲ့ နောက်ဆုံး အခွင့်အရေးပါပဲ။”

.........

ရှမ့်လန်၏ လှုပ်ရှားမှုများက သွက်လက်မြန်ဆန်၏။ သူ၏အခြေအနေကို သူ၏စိတ်ထဲတွင် မရေတွက်နိုင်အောင် လေ့ကျင့်ခဲ့သည်မှာ ထင်ရှား၏။ ပြောပြီးချိန်မှာတော့ ထပ်မပြောတော့ချေ။ ရန်ယင်ယင်၏ တုံ့ပြန်မှုကို သူက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ တစ်လျှောက်လုံး ရှမ့်လန်က လိမ်ညာရသည်ကို နှစ်သက်၏။ သူက အမှန်တရား တစ်ခွန်းမှ မပြောခဲ့ချေ။ သူက မုသားများဖြင့် ပြည့်နှက်နေသည်။

ဟုတ်ပေ၏။ သူ အမှန်တရား ပြောသည့် အချိန်တွေလည်း ရှိ၏။ သို့သော်ငြား သူ၏ ရည်ရွယ်ချက်က လိမ်ညာဖို့ပင်။ တစ်ခါတလေ အမှန်တရားကို ပြောခြင်းက ဖုံးကွယ်ဖို့ ပိုကောင်းသည့် နည်းလမ်းမျိုး ဖြစ်နေတတ်၏။ ဥပမာအားဖြင့် နဂါးနောင်တကို ခိုးယူချင်သည်ဟု ပြောတုန်းကလိုပင်။

သို့သော်ငြား ယခုအချိန်မှာတော့ ရှမ့်လန် ပြောလိုက်သည့် စကားလုံးတိုင်းက အမှန်တရားတွေချည်းသာပင်။ စကားလုံး၏ အကြောင်းအရာက ဖြစ်ဖြစ်၊ သူ၏ စိတ်နှလုံးထဲထိ စစ်မှန်သည့် ရည်ရွယ်ချက်ကပဲ ဖြစ်ဖြစ်၊ အားလုံးက တစ်ရာ ရာခိုင်နှုန်း အမှန်တရားတွေချည်းပင် ဖြစ်၏။ သူ၏ စကားထဲတွင် အမှားအယွင်း တစ်ခုမှ မပါဝင်ချေ။

ရှမ့်လန်၏ စကားကို နားထောင်ပြီးနောက် ရန်ယင်ယင်က လုံးဝ တိတ်ဆိတ်သွား၏။ သူမက တုံ့ပြန်နိုင်စွမ်း ပျောက်ဆုံးသွား၏။ အမှန်တရား၏ သက်ရောက်မှုက တုန်လှုပ်ဖွယ်ရာ ကောင်း၏။

All Chapters