သေချာနေသော အနာဂတ်...
Vol. 71 Ch. 1000
နှစ်ပေါင်းများစွာအတွင်း လင်းယွမ်က ပြန်လည်အသက်ရှင်လာပြီး လီယန်ရှေးဟောင်းနိုင်ငံသို့ တစ်ဖန်ရောက်လာခဲ့သည်။ ပြန်လည်ထွက်ပေါ်လာသော လင်းယွမ်က အလွှာဆယ့်သုံး အချိန်သက်ရှိ ဖြစ်နေပြီဖြစ်ပြီး ဘိုးဘေးအဆင့်သို့ ခြေချနိုင်ခဲ့ပြီဖြစ်သည်။
" သူ ဘိုးဘေးအဆင့် ရောက်တာကို ငါတို့တောင် မတားဆီးနိုင်ဘူးလား။ ငါကိုယ်တိုင် သူ့ကို သတ်ခဲ့တာတောင် သူက ပြန်လာနိုင်ခဲ့တာလား။ ပြီးတော့ ပြန်လာတဲ့အချိန်မှာ ဘိုဘေးအဆင့်တောင် ရောက်နေပြီ။ " လီယန်ဘိုးဘေးက အသက်ပြင်းပြင်းရှူလိုက်သည်။
ယခုအချိန်ထိ သူကြည့်ရှုခဲ့သော အနာဂတ်ရာချီတွင် လင်းယွမ် အလွှာဆယ့်သုံးသို့ ရောက်မည့်အရေးမှာ ရှောင်လွှဲ၍ မရသော ကိစ္စဖြစ်နေသည်။ ဘယ်သူမှသူ့ကို မတားဆီးနိုင်ပေ။ လီယန်ဘိုးဘေးကိုယ်တိုင် သူ့ကို သတ်ရန် ကြိုးစားလျှင်တောင် လင်းယွမ် အလွှာဆယ့်သုံးသို့ ရောက်ရှိသွားခြင်းကို မတားဆီးနိုင်ပေ။
၎င်းက အချိန်သာ ဖြစ်သည်။ အကယ်၍ လီယန်ဘိုးဘေးက တိုက်ခိုက်ခဲ့လျှင်တောင် လင်းယွမ် အလွှာဆယ့်သုံးသို့ တက်လှမ်းမည့်အချိန်ကို နောက်နှစ်ပေါင်းများစွာ နောက်ကျသွားအောင် လုပ်နိုင်ရုံမျှသာဖြစ်သည်။
" ငါတို့ လီယန်ရှေးဟောင်းနိုင်ငံကနေ ဘိုးဘေးတစ်ယောက် ထွက်ပေါ်လာတော့မှာပဲ။ " လီယန်ဘိုးဘေးက တွေးလိုက်သည်။ လင်းယွမ်၏ သေချာနေသော အနာဂတ်က သူ့ကို နားမလည်နိုင်ဖြစ်စေသော်လည်း ၎င်းက သူ့အတွက် ကောင်းသောအရာပင် ဖြစ်သည်။
ယခုအချိန်တွင် ရင်းမြစ်ကမ္ဘာရှိ ဘိုးဘေးခြောက်ယောက်ကြားတွင် ငြိမ်းချမ်းမှုမရှိခဲ့ပေ။ အနာဂတ်အစီအစဉ်များနှင့် ပက်သက်၍ မကြာခဏ ပဋိပက္ခဖြစ်တတ်သည်။
" နဂါးငွေ့တန်း..." လီယန်ဘိုးဘေးက လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။
လင်းယွမ်၏ အနာဂတ်ကို မြင်တွေ့ပြီးနောက် သူက လင်းယွမ်ကို သူနှင့် အဆင့်တူအဖြစ် သဘောထားပြီး ယခင်ကရှိခဲ့သော မောက်မာသည့် အမူအရာများ လုံးဝပျောက်ကွယ်သွားခဲ့သည်။ အထူးသဖြင့် သူက လင်းယွမ်ကို လုံးဝ မသတ်နိုင်ကြောင်း သေချာသောကြောင့်ဖြစ်သည်။
" ဘိုးဘေးအဆင့် အမွေအနှစ်နှစ်ခုကို အပြည့်အဝ ပေါင်းစည်းထားတယ်။ အဲ့ဒီထဲက တစ်ခုက ဒီကမ္ဘာမှာ တစ်ခါမှမရှိဖူးသေးတဲ့အရာပဲ။ နဂါးငွေ့တန်း မင်းရဲ့ပါရမီက ငါမြင်တွေ့ဖူးသမျှ သက်ရှိအားလုံးထဲမှာ အမြင့်ဆုံးပဲ။ " လီယန်ဘိုးဘေးကိ ချီးကျူးလိုက်သည်။
" ငါ့အမြင်တော့ နဂါးငွေ့တန်း မင်းက မကြာခင် ဒီကမ္ဘာရဲ့ သတ္တမမြောက် ဘိုးဘေး ဖြစ်လာတော့မယ်။ မင်းရဲ့ ရှေးဟောင်းနိုင်ငံအတွက် နာမည်စဉ်းစားပြီးပြီလား။ "
" ကျွန်တော်ရှေးဟောင်းနိုင်ငံအတွက် နာမည်လား။ " လင်းယွမ်က အနည်းငယ် မှင်သက်သွားသည်။
လီယန်ဘိုးဘေး၏ ပထမဆုံးစကားက ထိုအရာဖြစ်လိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။ အလွှာဆယ့်သုံး အချိန်သက်ရှိများရှေ့တွင် လျို့ဝှက်ချက်ဟူ၍ မရှိသောကြောင့် လီယန်ဘိုးဘေးက အဆုံးမဲ့ဟင်းလင်းပြင်အမွေအနှစ်ကို မြင်တွေ့ခြင်းမှာ မထူးဆန်းပေ။
" ဘိုးဘေး ရှေးဟောင်းနိုင်ငံတစ်ခုကို တည်ထောင်ဖို့ဆိုတာ ကျွန်တော်အတွက် အရမ်းဝေးပါသေးတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" အင်း မင်းအခုလုပ်ရမှာက ဘိုးဘေးအဆင့်ကို မြန်မြန်တက်လှမ်းပြီး အချိန်သက်ရှိအဖြစ် ပြောင်လဲဖို့ပဲ။ " လီယန်ဘိုးဘေးက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ကျွန်တော်လည်း ဘိုးဘေးအဆင့်ကို တက်လှမ်းချင်ပါတယ်။ ဒါပေမယ့် အချိန်စက်ဝန်းကို ချိုးဖျက်ဖို့ ယုံကြည်မှုသိပ်မရှိသေးဘူး။ " လင်းယွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင်ဖြစ်စေ၊ ရင်းမြစ်ကမ္ဘာတွင်ဖြစ်စေ မရေတွက်နိုင်သော အလွှာဆယ့်နှစ် သက်ရှိများက အချိန်စက်ဝန်းအတွင်း ပိတ်မိနေကြသည်။ လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန်အတွက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ထားသော်လည်း ယုံကြည်မှုက လိုအပ်နေဆဲ ဖြစ်သည်။
" အမှန်တော့ မင်း အဲ့ဒါတွေကို မစိုးရိမ်သင့်ဘူး။ " လီယန်ဘိုးဘေးက ခဏစဉ်းစားပြီး ပြောလိုက်သည်။ " မင်းရဲ့ စိတ်ကို တည်ငြိမ်အောင်ပဲထားပါ။ "
" ဟုတ်ကဲ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဘိုးဘေး ကျွန်တော်ကျင့်ကြံထားတဲ့ အမွေအနှစ်က..." လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်အမွေအနှစ်အကြောင်းကို ရှင်းပြရန် ပြင်လိုက်သည်ါ
" ကိစ္စမရှိဘူး။ " လီယန်ဘိုးဘေးက ခေါင်းခါပြီး ပြောလိုက်သည်။ " အဲ့ဒါက မင်းရဲ့ လျို့ဝှက်ချက်ပဲ။ ငါ့ကို ရှင်းပြနေဖို့ မလိုဘူး။ "
" ဘိုးဘေးအဆင့်မှည လျို့ဝှက်ချက်တွေက အဓိပ္ပါယ်သိပ်မရှိတော့ဘူး။ ဒီကမ္ဘာမှာ ပထမဆုံး မွေးဖွားလာတဲ့ သက်ရှိက ချောက်နက်နဂါးပဲ။ သူ့ရဲ့ ပါရမီက ကြောက်စရာကောင်းတယ်။ သူရဲ့ ခန္ဓာကိုယ်အမှုန်တစ်ခုစီတိုင်းမှာ ကမ္ဘာတစ်ခုစီ ပါဝင်နေတယ်။ အဲ့ဒီခေတ်က အင်အားကြီးသူအားလုံးကို လက်တစ်ဖက်လှုပ်ရုံနှင့် နှိမ်နင်းနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ တဖုရဲ့ လက်အောက်မှာ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရတယ်။ "
" ချောက်နက်နဂါး " လင်းယွမ်က သူရရှိခဲ့သော ချောက်နက်နဂါးသွေးကို သတိရလိုက်သည်။
" ဒါပေမယ့် မင်းနဲ့ယှဉ်ရင်တော့ ချောက်နက်နဂါးရဲ့ ပါရမီက ဘာမှမဟုတ်ပါဘူး။ " လီယန်ဘိုးဘေးက ပြောလိုက်သည်။
နတ်ဘုရားအရှင်သခင်များအတွက် ပါရမီဆိုသည်မှာ သွေးမျိုးဆက်၊ လျို့ဝှက်နည်းစနစ်များနှင့် နတ်စွမ်းရည်များကို ဆိုလိုခြင်းဖြစ်သည်။ သို့သော် အချိန်သက်ရှိဖြစ်သော ဘိုးဘေးများအတွက်မူ စစ်မှန်သော ပါရမီဆိုသည်မှာ အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်မည့်အလားအလာကို ဆိုလိုခြင်းဖြစ်သည်။
" ဒါနဲ့ မင်းအခုဒီကိုလာတဲ့ ငါနဲ့ပေါင်းစည်းဖို့လား။ " လီယန်ဘိုးဘေးက တစ်သုံတစ်ခုကို သတိရသွားပြီး ပြုံး၍ မေးလိုက်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက ဘိုးဘေးနှင့် ပေါင်းစည်းပြီး အချိန်သက်ရှိ၏ ရှုထောင့်ကို ခံစားကြည့်ရန် ဖြစ်သည်။ အလွှာဆယ့်သုံးသို့ တက်လှမ်းရန်အတွက် သူ၏ အခြေခံအုတ်မြစ်ကို စုဆောင်းခြင်းဖြစ်သည်။
" မင်းက မကြာခင် အလွှာဆယ့်သုံးကို တက်လှမ်းဖို့ မကြိုးစားသေးဘူးလား။ " လီယန်ဘိုးဘေးက မေးလိုက်သည်။
" မှန်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။ သူ၏ အစီအစဉ်အရ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရင်းမြစ်ကမ္ဘာ၏ ရှေးဟောင်းနိုင်ငံခြောက်ခုလုံး ပျံ့နှံ့သွားမှ အလွှာဆယ့်သုံးသို့ တက်လှမ်းရန်ဖြစ်သည်။
၎င်းက အမြန်ဆုံးအခြေအနေဖြစ်ပြီး လင်းယွမ်က ကျန်ရှိသော ရင်းမြစ်ကမ္ဘာများကို ဆက်လက်ရှာဖွေရန်လည်း ဖြစ်နိုင်သည်။ အလွှာဆယ့်သုံးသို့ တက်လှမ်းလျှင် ရလဒ်နှစ်ခုသာ ရှိသည်။ အောင်မြင်ခြင်း သို့မဟုတ် အချိန်စက်ဝန်းအတွင်း ပိတ်မိခြင်းသာဖြစ်သည်။
" မင်းအတွက် ငါ့မှာ အကြံပြုချက်တစ်ခုရှိတယ်။ " လီယန်ဘိုးဘေးက ပြောလိုက်သည်။
" ပြောပါ ဘိုးဘေး။ " လင်းယွမ်က လေးနက်စွာ ပြောပြသည်။
" မင်းရဲ့ အခြေခံနဲ့ စုဆောင်းမှုတွေအရဆိုရင် အခုလောလောဆယ် ပေါင်းစည်းဖို့ မလိုသေးဘူး။ မင်း ဘိုးဘေးအဆင့်ကို တက်လှမ်းဖို့ ကြိုးစားခါနီးမှ ပေါင်းစည်းတာ ပိုကောင်းလိမ့်မယ်။ " လီယန်ဘိုးဘေးက အကြံပေးလိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက ပေါင်းစည်းခွင့်ကို အကြိမ်ပေါင်းများစွာ လဲလှယ်နိုင်သော်လည်း လင်းယွမ်ကတော့ မတူပေ။ အကြိမ်ပေါင်းများစွာ ပေါင်းစည်းခြင်းက သူ့အပေါ် သက်ရောက်မှုရှိသွားနိုင်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လီယန်ဘိုးဘေးက ထိုသို့အကြံပေးရသည့် အကြောင်းရင်းကို သူ အပြည့်အဝ နားမလည်သော်လည်း ခိုင်လုံသော အကြောင်းရင်း ရှိမည်ဟု ယုံကြည်လေသည်။
" ဒါပေမယ့် ဘိုးဘေး...ကျွန်တော်ရဲ့ စွမ်းဆောင်မှုရမှတ် တစ်ထရီလီယံကရော..." လင်းယွမ်က မေးလိုက်သည်။
" စွမ်းဆောင်မှုရမှတ်တွေလား။ " လီယန်ဘိုးဘေးက ပြုံးလိုက်သည်။ " မင်းပြန်သွားတဲ့အခါ ရတနာတိုက်ထဲက ဘယ်အမွေအနှစ်ကိုမဆို စွမ်းဆောင်မှုရမှတ်တွေ ပေးစရာမလိုဘဲ စိတ်ကြိုက်ရွေးချယ်လို့ရတယ်။ "
" ကျေးဇူးတင်ပါတယ် ဘိုးဘေး။ " လင်းယွမ်က မျက်လုံးများ တောက်ပသွားသည်။
ယခင်က သူက အမွေအနှစ်ခြောက်ခုထဲတွင် အမွေအနှစ်ခြောက်ခုမှ ဘယ်နှစ်ခုကို ရွေးချယ်ရမလဲ ဝေခွဲမရဖြစ်နေခဲ့သည်။ သို့သော် ယခု ဘိုးဘေး၏ စကားကြောင့် ရတနာတိုက်တစ်ခုလုံးမှာ လင်းယွမ်အတွက် အခမဲ့ဖြစ်သွားခဲ့ပြီဖြစ်သည်။
" ဘိုးဘေး အနာဂတ်မှာ ကျွန်တော် ဘိုးဘေးအဆင့်ကို ရောက်ဖို့ အခွင့်အရေး ဘယ်လောက်ရှိလဲဆိုတာ သိပါလား။ " လင်းယွမ်က မေးလိုက်သည်။
" ဘိုးဘေးအဆင့်ကို ရောက်ဖို့ အခွင့်အရေးလား။ " လီယန်ဘိုးဘေးက လင်းယွမ်ကို ကြည့်လိုက်သည်။ ထိုနေရာသို့ လာရောက်ကြသော နတ်ဘုရားအရှင်သခင်တိုင်းက ထိုမေးခွန်းကို မေးလေ့ရှိသည်။
သို့သော် သူတို့က ဘိုးဘေးအဆင့်သို့ ရောက်ရန် ဖြစ်နိုင်ခြေမှာ အလွန်နည်းသောကြောင့် လီယန်ဘိုးဘေးက အားပေးစကားသာ ပြောခဲ့သည်။ သို့သော် ယခု လင်းယွမ်၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ လီယန်ဘိုးဘေးက စကားတစ်ခွန်းသာ ပြောလိုက်သည်။
" အရမ်းမြင့်ပါတယ်။ "
" အရမ်းမြင့်တယ်။ ဘယ်လောက်မြင့်တာလဲ။ " လင်းယွမ်က သိလိုစိတ်နှင့် မေးလိုက်သည်။
" အရမ်းမြင့်တယ်လို့ပဲ မင်းသိထားဖို့လိုတယ်။ " လီယန်ဘိုးဘေးက ပြောလိုက်သည်။
လင်းယွမ်က အလွှာဆယ့်သုံးသို့ ရောက်ရှိမည့် တိကျသော ရာခိုင်နှုန်းကို သူ မသိသော်လည်း သူရရှိသော အနာဂတ်တွင် လင်းယွမ်က အလွှာဆယ့်သုံးသို့ ရောက်သွားသည်ကိုသာ သူသိထားခြင်းဖြစ်သည်။ သို့သော် အနာဂတ်က ပြောင်းလဲမှုများစွာ ရှိသောကြောင့် ဘိုးဘေးက အနာဂတ်အတိုင်းအတာအားလုံးကို ကြည့်ရှုနိုင်ခြင်းမရှိပေ။
" အဆင့်တက်ဖို့မကြိုးစားခင် မင်းမှာ မေးစရာရှိရင် ငါ့ကို အချိန်မရွေး လာရှာနိုင်တယ်။ " လီယန်ဘိုးဘေးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါ့ကို ရှာချင်ရင် လီယန်ဆိုတဲ့ နာမည်ကို ခေါ်လိုက်ရုံပဲ။ "
အချိန်သက်ရှိတစ်ယောက်အနေဖြင့် သူ၏ ဘွဲ့အမည်က ကောင်းကင်နှင့်မြေကြီး၏ အချိန်လေဟာနယ်နှင့် ပေါင်းစည်းနေပြီး တစ်စုံတစ်ယောက်က သူ၏ ဘွဲ့အမည်ကို ခေါ်ဆိုလိုက်သည်နှင့် လီယန်ဘိုးဘေးက ၎င်းကို ခံစားသိရှိနိုင်သည်။ ပုံမှန်အားဖြင့် လီယန်ဘိုးဘေးက ထိုအရာများကို ဂရုမစိုက်သော်လည်း လင်းယွမ်သာ ခေါ်လျှင် သူက ထွက်လာမည်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ် ဘိုးဘေး။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။