တဖုဘိုးဘေးနှင့် လီယန်ဘိုးဘေး...
Vol. 71 Ch. 1005
" ငါ့ရဲ့ စွမ်းအားက မလုံလောက်သေးလို့ပဲ ဖြစ်မှာပါ။ ငါမြင်ရတဲ့ အချိန်အတိုင်းအတာတွေက နည်းလွန်းသေးတယ်။ နဂါးငွေ့တန်းကို နှိမ်နင်းနိုင်မယ့် အချိန်အတိုင်းအတာတစ်ခုကို ရှာမတွေ့သေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒါက အရေးမကြီးဘူး။ ဒီနဂါးငွေ့တန်းကို ဘယ်လိုမှမဆန့်ကျင်သင့်ဘူး။ " တဖုဘိုးဘေးက တွေးလိုက်သည်။
အချိန်အတိုင်းအတာများစွာမှ နဂါးငွေ့တန်း၏ တိုးတက်မှုအရ သူ့ကို မည်သည့်နည်းနှင့်မျှ ရန်သူအဖြစ် မသတ်မှတ်သင့်ပေ။
တဖုဘိုးဘေး စဉ်းစားနေချိန်တွင် အောက်မှ နတ်ဘုရားအရှင်သခင်များက ပုံမှန်မဟုတ်သော ဖိအားကို ခံစားနေရသည်။ ဘိုးဘေး၏ တိတ်ဆိတ်မှုက သူတို့အပေါ် အကြီးအကျယ် စိတ်ပျက်နေကြောင်း ပြသနေသည်။ ဘိုးဘေးက သူတို့ကို ပင်ပင်ပန်းပန်း ပျိုးထောင်ပေးခဲ့သော်လည်း နောက်ဆုံးတွင် လီယန်ရှေးဟောင်းနိုင်ငံမှ နဂါးငွေ့တန်း၏ နင်းခြေမှုကို ခံလိုက်ရသည်။
လီယန်ဘိုးဘေးက သူ၏ မျိုးဆက်များ ကျင့်ကြံခြင်းကို များသောအာဖြင့် ပစ်ထားလေ့ရှိပြီး ဝင်ရောက်စွက်ဖက်လေ့မရှိပေ။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့ကို မကျော်လွန်နိုင်ခြင်းက ထိုနတ်ဘုရားအရှင်သခင်များကို ရှက်ရွံ့မှုကို ခံစားနေကြရသည်။
" ဘိုးဘေး " ဖုရှု၏ အကြည့်က ပြတ်သားနေပြီး လေးနက်စွာ ပြောလိုက်သည်။ " ကျွန်တော် တားမြစ်အမွေအနှစ်ကို ကျင့်ကြံပါမယ်။ အခုတော့ ကျွန်တော်က နဂါးငွေ့တန်းရဲ့ ပြိုင်ဘက်မဟုတ်သေးပါဘူး။ ဒါပေမယ့် အဲ့ဒီအမွေအနှစ်ကို ကျင့်ကြံပြီးရင်တော့ ကျွန်တော်ခွန်အားက တိုးတက်လာမှာပါ။ အဲ့ဒီအချိန်ကျရင် ကျွန်တော် နဂါးငွေ့တန်းကို ပြန်စိန်ခေါ်ပြီး ကျွန်တော်တို့ နိုင်ငံသိက္ခာမကျအောင် လုပ်ပါ့မယ်။ "
တားမြစ်အမွေအနှစ်ဆိုသည်မှာ လီယန်ရှေးဟောင်းနိုင်ငံမှ လီယန်နှလုံးသားနှင့် ဆင်တူပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အလွှာဆယ့်သုံးသို့ တိုးတက်စေခြင်းဖြစ်သည်။ တားမြစ်အမွေအနှစ်ဟု ခေါ်ရခြင်းမှာ ကျင့်ကြံနေချိန်အတွင်း ကြုံတွေ့ရမည့် အန္တရာယ်မှာ အလွန်ကြီးမားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားအရှင်သခင်များက တားမြစ်အမွေအနှစ်များကို ကျင့်ကြံလိုခြင်းမရှိကြပေ။ တားမြစ်အမွေအနှစ်မှ ရရှိသော စွမ်းအားက ပုံမှန်ထက် များစွာ သာလွန်သော်လည်း မည်သူမှစွန့်စားလိုခြင်းမရှိကြပေ။
သို့သော် ယခုအခါ ဘိုးဘေး၏ စိတ်ပျက်မှုကို ရင်ဆိုင်ရချိန်တွင် ဖုရှုက တစ်စုံတစ်ခု လုပ်သင့်သည်ဟု ခံစားနေရသည်။ သူက ရတနာနယ်မြေအတွင်း၌ နဂါးငွေ့တန်း၏ ဖိနှိပ်မှုကို ခံခဲ့ရခြင်းက သူ၏ အမှားမဟုတ်ပေ။ အခြားနတ်ဘုရားအရှင်သခင်များဆိုလျှင်လည်း တူညီသော ရလဒ်သာဖြစ်ပေလိမ့်မည်။ သို့သော် ဖုရှုက တစ်စုံတစ်ခု ပေးဆပ်ရလျှင်တောင် ဘိုးဘေးအတွက် သိက္ခာပြန်ဆယ်ပေးလိုသည်။
" ဘိုးဘေး ကျွန်တော်လည်း တားမြစ်အမွေအနှစ်ကို ကျင့်ကြံချင်ပါတယ်။ "
" ဘိုးဘေး ကျွန်တော်လည်း တားမြစ်အမွေအနှစ်ကို ကျင့်ကြံချင်ပါတယ်။ တဖုရှေးဟောင်းနိုင်ရဲ့ အခြေခံအုတ်မြစ်က နဂါးငွေ့တန်းကို မယှဉ်နိုင်ဘူးဆိုတာ ကျွန်တော်မယုံပါဘူး။ "
နတ်ဘုရားအရှင်သခင်များက တားမြစ်အမွေအနှစ်ကို ကျင့်ကြံပြီးနောက် နဂါးငွေ့တန်းကို ယှည်နိုင်မလားမသေချာသော်လည်း အနည်းဆုံးတော့ စွမ်းအားကွာခြားချက်က ကျဉ်းမြောင်းသွားပေလိမ့်မည်။
တဖုဘိုးဘေးက လင်းယွမ်ကို ထပ်မံယှဉ်ပြိုင်လိုကြသော နတ်ဘုရားအရှင်သခင်များကို ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။
" အဲ့ဒါက တကယ်မလိုအပ်ဘူး။ " တဖုဘိုးဘေးက ပြောလိုက်သည်။ " အဲ့ဒီနဂါးငွေ့တန်းရဲ့ စွမ်းအားက မင်းတို့ထက် တကယ်သာလွန်တယ်။ မင်းတို့ သူ့ကို မယှဉ်နိုင်တာ အရှက်ရစရာမဟုတ်ဘူး။ "
တဖုဘိုးဘေး မြင်တွေ့ခဲ့ရသော အချိန်အတိုင်းအတာများတွင် သူက နဂါးငွေ့တန်းနှင့် ရင်ဆိုင်ရသောအခါ ခုခံရန် ခက်ခဲခဲ့ပြီး နောက်ဆုံးတွင် လွတ်မြောက်နိုင်စွမ်းမရှိခဲ့သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် သူ၏ မျိုးဆက်များက နဂါးငွေ့တန်းကို ရှုံးနိမ့်ခြင်းအတွက် တဖုဘိုးဘေး၏ စိတ်ထဲတွင် အရှက်ရမှုမရှိပေ။
နတ်ဘုရားအရှင်သခင်များက မှင်သက်သွားကြသည်။ ဘိုးဘေးက နဂါးငွေ့တန်းအား ရှုံးနိမ့်ခြင်းကို ဂရုမစိုက်ဘဲ ထိုမျှအထိ ခွင့်လွှတ်သည်ခံတတ်ခြင်းကို အံ့ဩနေကြသည်။ တဖုဘိုးဘေးက အမြဲတမ်း မောက်မာတတ်သူဖြစ်ကြောင်း လူတိုင်းသိသည်။
" ဘိုးဘေး ကျွန်တော်တို့..." ဖုရှုနှင့် အခြားနတ်ဘုရားအရှင်သခင်များက နားမလည်နိုင်ဖြစ်နေကြသည်။
" ဒီကိစ္စကို ဆက်မပြောနဲ့တော့။ " တဖုဘိုးဘေးက ခေါင်းခါပြီး နတ်ဘုရားအရှင်သခင်များကို ကြည့်လိုက်သည်။ " နဂါးငွေ့တန်းနဲ့ ပက်သက်လို့ သူ့ကို နောက်တစ်ခါ စိန်မခေါ်နဲ့။ ဘယ်လိုနည်းနဲ့မှ သူ့ကို မနှောက်ယှက်ကြနဲ့။ လက်စားချေဖို့တောင် မစဉ်းစားနဲ့။ မဟုတ်ရင်..."
တဖုဘိုးဘေးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ " ငါကိုယ်တိုင်မင်းတို့ကို အပြစ်ပေးမယ်။ "
" ဘိုးဘေး... ကျွန်တော်တို့ နားလည်ပါပြီ။ " နတ်ဘုရားအရှင်သခင်များက တုန်လှုပ်သွားကြပြီး ချက်ချင်း ပြောလိုက်သည်။
တဖုဘိုးဘေးအနေဖြင့် ပြင်ပလူတစ်ယောက်အတွက် သူ၏ မျိုးဆက်များကို ကိုယ်တိုင်အပြစ်ပေးရန် ဝန်မလေးခြင်းမှာ နတ်ဘုရားအရှင်သခင်များအတွက် မယုံကြည်နိုင်စရာဖြစ်နေသည်။ သို့သော် သူတို့က ဘိုးဘေး၏ အမိန့်ကို ဆန့်ကျင်ဝံ့ခြင်းမရှိကြပေ။
" ကောင်းပြီ။ အားလုံးထွက်သွားကြတော့။ " တဖုဘိုးဘေးက သူတို့ကို လမ်းညွှန်ပေးရန် စိတ်မဝင်စားကြပေ။ သူ၏ စိတ်ထဲတွင် နဂါးငွေ့တန်း၏ အနာဂတ် အချိန်အတိုင်းအတာများကိုသာ အာရုံစိုက်နေပြီး ထိုအနာဂတ်ဘိုးဘေးအား မည်သို့ရင်ဆိုင်ရမည်နည်းဟု စဉ်းစားနေသည်။
" လီယန် " တဖုဘိုးဘေးက လီယန်ဘိုးဘေးကို ဆက်သွယ်လိုက်သည်။
နဂါးငွေ့တန်းက လီယန်ဘိုးဘေး၏ မျိုးဆက်ဖြစ်သည်။ အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်းဖြင့် နဂါးငွေ့တန်း ထွက်ပေါ်လာခြင်းက လီယန်ဘိုးဘေးနှင့် ဘာမှမသက်ဆိုင်ဘဲ လီယန်ဘိုးဘေးမရှိလျှင်တောင် နဂါးငွေ့တန်း၏ အနာဂတ်က ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် ဘိုးဘေးခြောက်ယောက်ထဲတွင် လီယန်ဘိုးဘေးက နဂါးငွေ့တန်းနှင့် အနီးကပ်ဆုံး ဆက်ဆံရေးရှိသူဖြစ်သည်။
" တဖု " လီယန်ဘိုးဘေးက ပြုံး၍ ပြန်ထူးလိုက်သည်။ " ဘာကိစ္စရှိလို့လဲ။ "
" မင်းရဲ့ လီယန်နိုင်ငံက နဂါးငွေ့တန်းအကြောင်း သိပြီးပြီလား။ " တဖုဘိုးဘေးက ပြောလိုက်သည်။
" ငါသိတာပေါ့။ " လီယန်ဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။ သူကလည်း တဖုဘိုးဘေးကဲ့သို့ပင် လင်းယွမ်၏ အနာဂတ် အချိန်အတိုင်းအတာများကို ကြည့်ရှုနိုင်သောကြောင့် ဖြစ်သည်။
" ဒီလောက်ထိ သေချာနေတဲ့ အနာဂတ်မျိုး ငါ ပထမဆုံး မြင်ဖူးတာပဲ။ " တဖုဘိုးဘေးက အံ့ဩစွာ ပြောလိုက်သည်။ အချိန်သက်ရှိများသာလျှင် ထိုကဲ့သို့ သေချာနေသော အနာဂတ်က မည်မျှအထိ အံ့ဩစရာကောင်းသည်ကို သိကြသည်။
" အခုကစပြီး အချိန်အတိုင်းအတာတွေက နဂါးငွေ့တန်းကြောင့် ပြောင်းလဲသွားလိမ့်မယ်။ " လီယန်ဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။ နဂါးငွေ့တန်းက ရင်းမြစ်ကမ္ဘာတွင် ထွက်ပေါ်လာခြင်းမှာ အချိန်အတိုင်းအတာများစွာကို လွှမ်းမိုးသွားမည်ဖြစ်သည်။
" ဒါနဲ့... ငါနဂါးငွေ့တန်းဆီကို သွားလည်မလို့ စိတ်ကူးထားတယ်။ မင်းစိတ်မရှိဘူးမဟုတ်လား။ " တဖုဘိုးဘေးက လီယန်ဘိုးဘေးက်ု ပြုံး၍ ကြည့်ပြီး ပြောလိုက်သည်။
လင်းယွမ်၏ အနာဂတ် အချိန်အတိုင်းအတာများကို မြင်တွေ့ပြီးနောက် တဖုဘိုးဘေးက သူ့ကို ဆန့်ကျင်ရန် ရွေးချယ်မည်မဟုတ်ပေ။ အချိန်သက်ရှိများ၏ စစ်မှန်သော စွမ်းအားက ရွေးချယ်မှုသာဖြစ်သည်။
အချိန်သက်ရှိများက အနာဂတ် အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်းအားဖြင့် မိမိအတွက် အကျိုးအရှိဆုံးသော ရွေးချယ်မှုကို ပြုလုပ်နိုင်သည်။ ၎င်းက အချိန်သက်ရှိများ၏ အကြီးမားဆုံးသော နည်းလမ်းပင် ဖြစ်သည်။ လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် တဖုဘိုးဘေးက ဘာလုပ်ရမည်ကို ကောင်းစွာ သိသည်။
" ငါကတော့ စိတ်မရှိဘူး။ " လီယန်ဘိုးဘေးက ခေါင်းခါလိုက်သည်။ လင်းယွမ်၏ စွမ်းအားအရ အခြားသော ဘိုးဘေးများက သူနှင့် ဆက်ဆံရမည်ဖြစ်သောကြောင့် တားဆီးရန် မဖြစ်နိုင်သကဲ့သို့ လိုလည်းမလိုအပ်ပေ။
" ဒါဆိုရင်တော့ ကောင်းတာပေါ့။ " တဖုဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း လအနည်းငယ် ကြာသွားခဲ့သည်။ လီယန်မြို့တော်၏ အပြင်ဘက်တွင် ပုံရိပ်ငါးခုက တိတ်တဆိတ် ရောက်ရှိလာသည်။ ထိုပုံရိပ်ငါးခုက ရှေးဟောင်းနိုင်ငံငါးခုမှ ဘိုးဘေးများပင်ဖြစ်သည်။
တဖုဘိုးဘေးက လင်းယွမ်၏ အချိန်အတိုင်းအတာကို ကြည့်ရှုပြီးနောက် ကျန်ရှိသော ဘိုးဘေးလေးယောက်ကလည်း သိရှိသွားကြပြီး အမျိုးမျိုးသော အကဲခတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ယခုအခါ ဘိုးဘေးငါးယောက် စုပေါင်း၍ နဂါးငွေ့တန်းဆီ လာရောက်လည်ပတ်ကြခြင်းဖြစ်သည်။
ဘိုးဘေးငါးယောက်လုံးက ယနေ့ကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ ယနေ့လာရောက်လည်ပတ်ခြင်းက အသင့်အတော်ဆုံးဖြစ်ပြီး လင်းယွမ်၏ စိတ်အခြေအနေက ကောင်းမွန်နေသောကြောင့် သူနှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။
" တဖု မင်းလည်းရောက်လာတာပဲ။ " ရွှမ်ယွမ်ဘိုးဘေးက တဖုဘိုးဘေးကို ပြုံး၍ ကြည့်လိုက်သည်။
" ရွှမ်ယွမ် တဖုတင်မဟုတ်ဘူး။ ငါတို့အားလုံးလာကြတာပဲ။ " မန်ဟွမ်ဘိုးဘေးက ပြုံး၍ ပြောလိုက်သည်။ " ငါ နဂါးငွေ့တန်းရဲ့ အနာဂတ် အချိန်အတိုင်းအတာကို ကြည့်လိုက်တော့ သူက နှစ်ပေါင်းသန်းချီအတွင်း ဘိုးဘေးအဆင့်ကို တက်လှမ်းတော့မယ်ဆိုတာ သိလိုက်ရတယ်။ "
" ဘိုးဘေးအဆင့်ထိ ရောက်သွားတဲ့အချိန်ကို စောင့်ရင် အဓိပ္ပါယ်ပြောင်းသွားလိမ့်မယ်။ " တလင်းဘိုးဘေးက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " ငါတို့ကမ္ဘာမှာ ဘိုးဘေးတစ်ယောက် ထွက်ပေါ်လာတာ သတင်းကောင်းပဲ။ "
" ဘိုးဘေးတစ်ယောက်တင်မဟုတ်ဘူး။ " ကျင်းလဲ့ဘိုးဘေးက ခေါင်းခါလိုက်သည်။ " နဂါးငွေ့တန်းက ဘိုးဘေးအဆင့် အထွတ်အထိပ်ကို ရောက်ပြီး အချိန်အရှင်သခင်ဖြစ်လာဖို့ အလားအလာ အများကြီးရှိတာကို ငါမြင်ခဲ့ရတယ်။ "
အချိန်အရှင်သခင်ဆိုသည်မှာ ဘိုးဘေးအဆင့်၏ အမြင့်ဆုံးအဆင့်ဖြစ်သည်။ ထိုသူများက သူတို့၏ အချိန်အတိုင်းအတာများကို စုစည်းပြီး အလွှာဆယ့်လေး ပြည့်စုံသော အချိန်သက်ရှိဆီသို့ ဦးတည်ကြသူများဖြစ်သည်။