ဘိုးဘေးများနှင့် တွေ့ဆုံခြင်း...
Vol. 71 Ch. 1006
" နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်အဆင့်မှာပဲ ရှိသေးလို့သာ ငါတို့က အနာဂတ်ကို ကြည့်လို့ရတာ။ သူသာ ဘိုးဘေးအဆင့်ကို ရောက်သွားရင် အနာဂတ်ကို ကြည့်ဖို့ကြိုးစားတာက ကောင်းကင်ကို တက်ရသလို ခက်သွားလိမ့်မယ်။ " ရွှမ်ယင်ဘိုးဘေးက ပြောလိုက်သည်။
အခြားဘိုးဘေးများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ အချိန်သက်ရှိတစ်ယောက်၏ အနာဂတ်ကို တိုက်ရိုက်ကြည့်ရှုရန်မှာ အလွန်ခက်ခဲလှပြီး အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်းဖြင့်သာ ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်သည်။ အကယ်၍ နဂါးငွေ့တန်း၏ အလားအလာအရ သူသာ ဘိုးဘေးအဆင့်သို့ ရောက်သွားလျှင် အနာဂတ်ကို ကြည်ရှုရန် မဖြစ်နိုင်သလောက်ဖြစ်သွားပေလိမ့်မည်။
" အချိန်ကျပြီ။ ဝင်ကြစို့။ " တဖုဘိုးဘေးက လီယန်မြို့တော်ကို ကြည့်ပြီး ပြောလိုက်သည်။
နဂါးငွေ့တန်းနန်းတော်တွင် လင်းယွမ်က ကျင့်ကြံမှုကို ရပ်တန့်လိုက်သည်။ အချိန်လေဟာနယ်အပေါ် အသိအမြင်အသစ်များ ရရှိထားသောကြောင့် သူ၏ စိတ်အခြေအနေက အလွန်ကောင်းမွန်နေသည်။
ထိုအချိန်တွင် လီယန်ဘိုးဘေး၏ အသံ ထွက်ပေါ်လာသည်။ " နဂါးငွေ့တန်း တဖုနဲ့ အခြားသူတွေက မင်းဆီလာလည်ကြတယ်။ မင်းသူတို့နဲ့ တွေ့မှာလား။ "
" ဘိုးဘေးငါးယောက်လား။ " လင်းယွမ်က အံ့ဩသွားသည်။ " ကျွန်တော် သူတို့ကို တွေ့သင့်လား။ "
" တွေ့လိုက်ပါ။ အဲ့ဒါက အကျိုးရှိလိမ့်မယ်။ " လီယန်ဘိုးဘေးက ပြန်ဖြေလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
မကြာမီ လင်းယွမ်က နန်းတော်တွင် ဘိုးဘေးများနှင့် တွေ့ဆုံခဲ့သည်။
" ဘိုးဘေးတွေကို အရိုအသေပေးပါတယ်။ " အားလုံးက အချိန်သက်ရှိများဖြစ်သောကြောင့် လင်းယွမ်က အနည်းငယ် ရိုသေစွာ နှုတ်ဆက်လိုက်သည်။
" ညီလေး နဂါးငွေ့တန်း ငါမင်းကို လာတွေ့ချင်နေတာကြာပြီ။ မင်းအနှောက်အယှက်ဖြစ်မှာစိုးလို့ မလာခဲ့တာ။ " မန်ဟွမ်ဘိုးဘေးက ပြောလိုက်သည်။ " ငါတို့ကို အဲ့လောက်ရိုသေနေဖို့ မလိုဘူး။ တန်းတူပဲ ဆက်ဆံပါ။ "
လီယန်ဘိုးဘေးက မန်ဟွမ်ဘိုးဘေးကို တစ်ချက်ကြည့်လိုက်သည်။ " တန်းတူဆက်ဆံရမှာလား။ မင်းက နဂါးငွေ့တန်းနဲ့ တန်းတူဖြစ်သွားရင် ငါ့ကို ဘ်နေရာမှာ သွားထားမှာလဲ။ "
ရွှမ်ယင်ဘိုးဘေး၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားသည်။ " ဒီကောင်ကတော့ တကယ်မျက်နှာလုပ်နေတာပဲ။ ဒီလောက်အဆင့်အတန်းမြင့်တဲ့ အချိန်သက်ရှိတစ်ယောက်ဖြစ်ပြီးတော့ တကယ်အရှက်မရှိတာပဲ။ "
" မန်ဟွမ်ရဲ့ အကြံက ကောင်းတယ်လို့ ငါထင်တယ်။ " တလင်းဘိုးဘေးက ပြောလိုက်သည်။ " ငါလည်း ညီလေးနဂါးငွေ့တန်းနဲ့ ရေစက်ပါပုံရတယ်။ ငတို့က အရင်ကတည်းက သိနေကြသလိုပဲ။ မင်းပထမဆုံးပေါ်လာတာကလည်း တလင်းရှေးဟောင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းဖန်နယ်မြေဆိုတော့ ဒါက တကယ်ကို ကြီးမားတဲ့ တိုက်ဆိုင်မှုပဲ။ "
ရွှမ်ယင်ဘိုးဘေးက တလင်းဘိုးဘေးကို အခြားလူတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။
" ကျွန်တော်က ဘိုးဘေးတို့အဆင့်ကိုရောက်ဖို့ အများကြီး လိုပါသေးတယ်။ " လင်းယွမ်က ပြောလိုက်သည်။
စွမ်းအားအရကြည့်လျှင် သူက အလွှာဆယ့်သုံး အချိန်သက်ရှိများထက် များစွာ နိမ့်ကျလှသည်။ အကယ်၍ ဘိုးဘေးတစ်ယောက်ယောက်က သူ့အပေါ် မကောင်းသော စိတ်ရှိလျှင် လင်းယွမ်အနေဖြင့် ခုခံနိုင်မည်မဟုတ်ပေ။ သူက ရင်းမြစ်ကမ္ဘာမှ အရာအားလုံးကို စွန့်လွှတ်ပြီး အလွှာဆယ့်သုံးသို့ ရောက်မှသာ တစ်ဖန်ပြန်လည်စဉ်းစားရမည်ဖြစ်သည်။
" အထဲဝင်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့။ " လီယန်ဘိုးဘေးက ဘိုးဘေးငါးယောက်နှင့် အနာဂတ်ဘိုးဘေး လင်းယွမ်တို့ကို ပြောလိုက်သည်။
မကြာမီ သူတို့က ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်သွားကြပြီး ထိုခန်းမကြီးမှာ မြို့တော်၏ နိယာမများအရ အဆင့်အမြင့်ဆုံး ဖြစ်ပြီး ပုံမှန်အားဖြင့် ဧကရာဇ်များပင် ဝင်ခွင့်မရှိဘဲ ဘိုးဘေးများသာ အသုံးပြုခွင့်ရှိသော နေရာဖြစ်သည်။ ခန်းမထဲသို့ မဝင်မီကတည်းက လီယန်ဘိုးဘေးက အစားအသောက်များကို ပြင်ဆင်ခိုင်းထားခဲ့ပြီးဖြစ်သည်။
ဘိုးဘေးခြောက်ယောက်နှင့်အတူ လင်းယွမ်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထိုထိုင်ခုံများအားလုံးက အမြင့်တူညီကြပြီး လီယန်ဘိုးဘေးက ၎င်းကို အထူးစီစဉ်ထားခြင်းဖြစ်သည်။ သူတို့၏ အမြင်တွင် လင်းယွမ်က တစ်နေ့တွင် သူတို့နှင့် တန်းတူရပ်တည်နိုင်မည့် ဘိုးဘေးတစ်ယောက် ဖြစ်လာပေလိမ့်မည်။
" ဟားဟား... မီးတောက်နတ်ဘုရားဝိုင်ကို မြည်းစမ်းကြည့်ချင်နေခဲ့တာကြာပြီ။ ဒါပေမယ့် မင်းက အရမ်းနှမြောခဲ့တယ်။ " တလင်းဘိုးဘေးက ပြုံး၍ ပြောလိုက်သည်။
လင်းယွမ်က တလင်းဘိုးဘေးပြောသော မီးတောက်နတ်ဘုရားဝိုင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ထိုဝိုင်ကို မကြားဖူးသော်လည်း တလင်းဘိုးဘေး၏ အမူအရာအရ အချိန်သက်ရှိများပင် တောင့်တရသော ဝိုင်မျိုးဖြစ်ပေလိမ့်မည်။
အစေခံများကလည်း စားသောက်ဖွယ်ရာများနှင့် ဝိုင်များကို ဆက်လက်ယူဆောင်လာကြသည်။ ထိုခန်းမအတွင်း ဝင်ထွက်နိုင်သူများက နတ်ဘုရားအရှင်သခင်များ ဖြစ်ပြီး ဘိုးဘေးများနှင့် အနီးကပ်တွေ့ဆုံနိုင်ရန် အမြင့်ဆုံးနတ်ဘုရာအရှင်သခင်များပင် အခွင့်အရေးများ မရှိကြပေ။
" ဘိုးဘေးငါးယောက်လုံး လာလည်တာမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး။ " ခန်းမထဲသို့ ဝင်ထွက်နေကြသော အစေခံများက အသက်ပင်ရဲရဲမရှူဝံ့ကြဘဲ အလွန်သတိထားပြီး သွားလာနေကြသည်။
" ပြီးတော့ ဒီနဂါးငွေ့တန်းက ဘယ်လိုလုပ် ဘိုးဘေးခြောက်ယောက်နဲ့ အတူတူထိုင်နေတာလဲ။ "
အစေခံတစ်ယောက်က လင်းယွမ်ကို မှတ်မိသွားသည်။ လင်းယွမ်က လီယန်ရှေးဟောင်းနိုင်ငံတစ်ခုလုံးတွင် ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ သို့သော် သူတို့နားမလည်ကြသည်မှာ နဂါးငွေ့တန်းက ဘိုးဘေးများနှင့် အတူတူထိုင်ရသည့် အကြောင်းရင်းဖြစ်သည်။
ခန်းမအတွင်း မန်ဟွမ်ဘိုးဘေးက မီးတောက်နတ်ဘုရားဝိုင်ကို တစ်ငုံသောက်ပြီး လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " ညီလေးနဂါးငွေ့တန်း မင်းက ဘိုးဘေးအဆင့်ကို မရောက်သေးဘဲနဲ့တောင် ဒီလောက်အစွမ်းထက်နေတာ။ ကမ္ဘာဦးအစက ပေါ်လာတဲ့ ချောက်နက်နဂါးတောင် မင်းကို မမီလောက်ဘူး။ "
" အဲ့ဒီချောက်နက်နဂါးက ကမ္ဘာဦးအစက အခွင့်အလမ်းတွေကြောင့် ဒီလိုအစွမ်းထက်နေတာပဲ။ ဒါပေမယ့် မင်းကတော့ ကိုယ့်ကိုကိုယ် အားကိုးပြီး ဒီအဆင့်ကို ရောက်လာတာပဲ။ မင်း အဆင့်တက်နိုင်တဲ့အခါ ငါတို့ကို လက်တွဲခေါ်ဖို့လည်း မမေ့နဲ့ဦး။ "
ဝင်ထွက်နေသော အစေခံများက ထိုစကားများကို ကြားသောအခါ မှင်သက်သွားကြသည်။ ဘိုးဘေးအဆင့်တစ်ယောက်က အကူအညီတောင်းနေသည်လား။ နဂါးငွေ့တန်းက ဘိုးဘေးအဆင့်ကို ရောက်လျှင်တောင် သူတို့က အဆင့်တူသာဖြစ်ပြီး ဘယ်လိုလုပ်ကူညီနိုင်မှာလဲ။
" ကူညီဖို့ဆိုတာကတော့ ကျွန်တော် မတွေးဝံ့သေးပါဘူး။ " လင်းယွအ့က ပြောလိုက်သည်။
ဘိုးဘေးငါးယောက်လုံးက သူ၏ အနာဂတ်ကို မြင်တွေ့ခဲ့ကြသဖြင့် မိတ်ဆွေဖွဲ့ရန် လာရောက်ခြင်းဖြစ်ကြောင်း လင်းယွမ်က သိလိုက်သည်။ လင်းယွမ်က အချိန်သက်ရှိများနှင့် ရင်းနှီးမှုကို ငြင်းပ်မည်မဟုတ်ပေ။ အထူးသဖြင့် သူက အလွှာဆယ့်သုံးသို့ မရောက်သေးသောကြောင့်ဖြစ်သည်။
" ဒါနဲ့ ညီလေးနဂါးငွေ့တန်း ဒါက ငါတို့ ပထမဆုံး တွေ့ဆုံတဲ့အတွက် လက်ဆောင်ပါ။ " မန်ဟွမ်ဘိုးဘေးက လက်ဝါးအရွယ်ရှိသော ကျောက်စိမ်းပုဆိန်လေးတစ်လက်ကို ထုတ်ယူလိုက်သည်။ ၎င်းက အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်းရှိသော ထက်မြက်သည့် အော်ရာတစ်ခု ကိန်းအောင်းနေသည်။ လင်းယွမ်အတွက်မူ ထိုကျောက်စိမ်းပုဆိန်က လီယန်ရှေးဟောင်းနိုင်ငံ၏ ရတနာတိုက်ထဲရှိ အနီရောင်လှံထက်ပင် ပိုမိုအစွမ်းထက်နေပုံရသည်။
" အဲ့ဒါဘာလဲ။ " လင်းယွမ်က ထိုကျောက်စိမ်းပုဆိန်ကို ကြည့်ပြီး အံ့အားသင့်သွားသည်။
မန်ဟွမ်ဘိုးဘေးက အလွှာဆယ့်သုံး လက်နက်တစ်ခုကို လက်ဆောင်ပေးနေတာလား။
" ဒီပုဆိန်ကို ရှေးဟောင်းရင်းမြစ်ပုဆိန်လို့ခေါ်တယ်။ ဒိုင်မန်းရှင်းအက်ကြောင်းတွေထဲမှာ ငါက ရှေးဟောင်းရင်းမြစ်ဆိုတဲ့ အထူးပစ္စည်းကို ရှာတွေ့ခဲ့ပြီး နှစ်ပေါင်းသုံးဘီလီယံကြာအောင် သန့်စင်ခဲ့တာပဲ။ တိုက်ခိုက်မှုနဲ့ ဖျက်ဆီးမှုအပိုင်းမှာတော့ ဒါက ထိပ်တန်းပဲ။ "
မန်ဟွမ်ဘိုးလေးက ရယ်မောပြီး ပြောလိုက်သည်။ " နဂါးငွေ့တန်း အခု မင်းက ဒီပုဆိန်ကို အပြည့်အဝ အသုံးမပြုနိုင်သေးပေမယ့် အနာဂတ်မှာ တစ်ခုခု အသုံးဝင်လာမှာပါ။ "
" ဒါက တန်ဖိုးကြီးလွန်းတယ်။ " လင်းယွမ်က ပြောလိုက်သည်။
မန်ဟွမ်ဘိုးဘေးက အရေးမကြီးသကဲ့သို့ ပြောနေသော်လည်း လင်းယွမ်က ထိုကျောက်စိမ်းပုဆိန်မှာ သာမန်အလွှာဆယ့်သုံး လက်နက်များထက် ပိုမိုတန်ဖိုးရှိကြောင်း ခံစားနေရသည်။
" ကိစ္စမရှိဘူး။ " မန်ဟွမ်ဘိုးဘေးက ခေါင်းခါလိုက်သည်။ " ငါက ငါနဲ့ပိုကိုက်ညီတဲ့ လက်နက်ကို ရှာတွေ့ပြီးပြီ။ ဒီပုဆိန်ကို ဆက်ထားတာက အကျိုးမရှိတော့ဘူ။ ဒါကြောင့် ပိုသင့်တော်တဲ့သူဆီ ပေးလိုက်တာက ပိုကောင်းပါတယ်။ "
" မင်းအတွက် အကျိုးမရှိရင် ငါ့ကို ပေးပါလား။ " ရွှမ်ယင်ဘိုးဘေးက ဘေးမှ ပြောလိုက်သည်။
" မင်းကို ပေးရမယ်ဟုတ်လား။ " မန်ဟွမ်ဘိုးဘေးက ပြောလိုက်သည်။ " မင်းနဲ့လည်း မကိုက်ညီပါဘူး။ "
" ဟားဟား... နဂါးငွေ့တန်း အဲ့ဒါကို လက်ခံလိုက်ပါ။ ဒါကတကယ်ရတနာပဲ။ " လီယန်ဘိုးဘေးက ပြုံး၍ ပြောလိုက်သည်။
" ဟုတ်တယ်။ လက်ခံလိုက်ပါ။ " မန်ဟွမ်ဘိုးဘေးက ခေါင်းညိမ့်ပြီး ကျောက်စိမ်းပုဆိန်ကို လင်းယွမ်ဆီ တွန်းပို့ပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး လက်ခံလိုက်သည်။
" နဂါးငွေ့တန်း " တဖုဘိုဘေးက လင်ယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " အရင် မင်းက ချောက်နက်နဂါးသွေးပေါင်တစ်ရာ တောင်းတယ်လို့ ငါကြားတယ်။ မင်းက အဲ့ဒီချောက်နက်နဂါးအကြောင်းကို စိတ်ဝင်စားနေတာဖြစ်ရမယ်။ "
" အဲ့ဒါကြောင့် ငါသေချာစဉ်းစားပြီး ဒီပစ္စည်းကို မင်းအတွက် ပြင်ဆင်ထားတယ်။ " တဖုဘိုးဘေးက သူ၏ ရှေးတွင် ခုန်နေသော နှလုံးသားတစ်ခုကို ထုတ်ပြလိုက်သည်။
ထိုနှလုံးသားက ခုန်လိုက်တိုင်း မမြင်နိုင်သော စွမ်းအားတစ်ခုမှာ အချိန်လေဟာနယ်အလွှာများစွာအတွင်းသို့ ပျံ့နှံ့သွားသည်။ ထိုနှလုံးသားကိုယ်တိုင်ကပင် ရင်းမြစ်ကမ္ဘာတစ်ခုနှင့်ဆင်တူနေပြီး နှလုံးခုန်သံတစ်ခုစီတိုင်းက ကြောက်စရာကောင်းသော စွမ်းအားများကို ထုတ်လွှတ်နေသည်။