လင်းယွမ်၏ တောင်းဆိုမှု...
Vol. 71 Ch. 1007
" အဲ့ဒါက ချောက်နက်နဂါးရဲ့ နှလုံးသားလား။ " လင်းယွမ်က ထိုနှလုံးသား၏ မူလအစကို ချက်ချင်း သိလိုက်ရသည်။
" ဟုတ်တယ်။ " တဖုဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။ " ချောက်နက်နဂါးက ဒီကမ္ဘာရဲ့ မူလအစမျာ ပထမဆုံးပေါ်လာတဲ့ သက်ရှိပဲ။ သူက မရေတွက်နိုင်တဲ့ ကံကြမ္မာနဲ့ အခွင့်အလမ်းတွေကို ပိုင်ဆိုင်ထားတယ်။ ငါ သူ့ကို နှိမ်နင်းလိုက်တဲ့အချိန်မှာ ကျန်ခဲ့နဲ့ သွေးနဲ့အနှစ်သာရတွေက ချောက်နက်နဂါးချိုင့်ဝှမ်း ရတနာနယ်မြေဖြစ်လာတယ်။ ဒါပေမယ့် သူ့ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကိုတော့ ငါက ဒီနှလုံးသားအဖြစ် သန့်စင်ထားခဲ့တာပဲ။ "
" ဒီနှလုံးသားကို နားလည်အောင် ကြိုးစားရင် ချောက်နက်နဂါးရဲ့ လျို့ဝှက်ချက်တွေနဲ့ ကံတရားတွေအကြောင်းကို မင်းသိမြင်နိုင်လိမ့်မယ်။ " တဖုဘိုးဘေးက ရှင်းပြလိုက်သည်။
" ဒါက..." လင်းယွမ်က တဖုဘိုးဘေးရှေ့မှ နှလုံးသားကို ကြည့်လိုက်သည်။ ၎င်း၏ ကြီးမားလှသော တန်ဖိုးကို သူသိလေသည်။
ချောက်နက်နဂါးက အလွှာဆယ့်သုံး အချိန်သက်ရှိမဟုတ်သော်လည်း ရင်းမြစ်ကမ္ဘာမှ ပထမဆုံး မွေးဖွားလာသူဖြစ်သောကြောင့် ထူးခြားသော ဆက်နွယ်မှုများ ရှိနေသည်။ ထိုနှလုံသားကို သန့်စင်ခြင်းဖြင့် ချောက်နက်နဂါး၏ အနှစ်သာရအချို့ကို ရရှိနိုင်မည်ဖြစ်သည်။
" နဂါးငွေ့တန်း မငြင်းနဲ့။ ဒီနှလုံးသားက ငါ့အတွက် အသုံးမဝင်တော့ဘူး။ " တဖုဘိုးဘေးက ချောက်နက်နဂါး၏ နှလုံးသားကို လင်းယွမ်အား ပေးလိုက်သည်။
ထို့နောက် အခြားဘိုးဘေးများကလည်း တစ်ယောက်ပြီးတစ်ယောက် လက်ဆောင်များ ပေအပ်ကြသည်။ ၎င်းတို့က အလွှာဆယ့်သုံး လက်နက်များ သို့မဟုတ် ဒိုင်မန်းရှင်းအက်ကြောင်းမှ ရရှိသော ရတနာများဖြစ်ကြသည်။
" ကျေးဇူးတင်ပါတယ် ဘိုးဘေးတို့။ " လင်းယွမ်က လီယန်ဘိုးဘေးအပါအဝင် ဘိုးဘေးအားလုံးကို အရိုအသေပေးလိုက်သည်။
ဘိုးဘေးများအားလုံးက သူ့ကို လက်ဆောင်များ ပေးခဲ့ကြသည်။ ထိုလက်ဆောင်များ၏ ရှားပါးမှုမှာ အလွှာဆယ့်သုံး အချိန်သက်ရှိများအတွက် မက်မောစရာဖြစ်ပြီး ဘိုးဘေးတစ်ယောက်စီက သေချာပြင်ဆင်ထားကြောင်း ပြသနေသည်။
" ကျွန်တော်တစ်ခုလောက် သိချင်အာတယ်။ ဘိုးဘေးတို့ ဘာလို့ဒီလိုလုပ်ကြတာလဲ။ ကျွန်တော်ရဲ့ အနာဂတ်ကြောင့်လား။ " လင်းယွမ်က မေးလိုက်သည်။
ယခင် ဘိုးဘေးခြောက်ယောက်က သူ့ထံ ပုံမှန်လာရောက်လည်ပတ်ခြင်းဟု ထင်ခဲ့သော်လည်း မန်ဟွမ်ဘိုးဘေးက တန်းတူမိတ်ဆွေဖွဲ့ရန် တိုက်ရိုက်ပြောခဲ့သည်။ ၎င်းမှာ လင်းယွမ်ကို အလွှာဆယ့်သုံးအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
တဖုဘိုးဘေးအပါအဝင် အခြားသော ဘိုးဘေးများကလည်း တန်ဖိုးကြီး လက်ဆောင်များ ပေးခဲ့ကြသည်။ ထိုကဲ့သို့သော ဆက်ဆံမှုက လင်းယွမ်ကို ဝေခွဲမရဖြစ်စေသည်။
သူ၏ အနာဂတ်အလားအလာက ကြီးအားလှသည်ဆိုသော်လည်း ဘိုးဘေးများအနေဖြင့် သူ့အပေါ် ထိုမျှအထိ ဆက်ဆံရန် မလိုအပ်ပေ။ အကြောင်းမှာ အနာဂတ်တွင် မရေတွက်နိုင်သော အပြောင်းအလဲများနှင့် ဖြစ်နိုင်ခြေများစွာ ရှိနေသောကြောင့် ဖြစ်သည်။
ဘိုးဘေးများမြင်တွေ့ခဲ့သော အနာဂတ်က သေချာပေါက် ဖြစ်လိမ့်မည်ဟု မဆိုနိုင်ပေ။ ထို့ကြောင့် ဘိုးဘေးများက အဘယ်ကြောင့် ထိုသို့ ပြုမူရသည်ကို ရှင်းရှင်းသိလိုသောကြောင့် တိုက်ရိုက်မေးမြန်းလိုက်ခြင်းဖြစ်သည်။
" နဂါးငွေ့တန်း မင်းက တကယ်ကို ပွင့်လင်းတာပဲ။ " မန်ဟွမ်ဘိုးဘေးက လင်းယွမ်ကို တစ်ချက်ကြည့်ပြီး အစေခံများကို ဝေ့ကြည့်လိုက်သည်။
လီယန်ဘိုးဘေးက လက်ဝှေ့ရမ်းလိုက်ရာ အစေခံအားလုံးက ခန်းမအပြင်ဘက်သို့ ထွက်သွားကြသည်။ သူတို့ဆက်လက်ဆွေးနွေးမညံ အကြောင်းအရာမှာ အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ အဆင့်အတန်းနှင့်သာ သက်ဆိုင်သော ကိစ္စများ ဖြစ်သည်။
" ဒါက အရမ်းရိုးရှင်းပါတယ်။ " ရွှမ်ယင်ဘိုးဘေးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဘာလို့လဲဆိုတော့ မင်းက ဘိုးဘေးအဆင့်ကို ရောက်ဖို့ သေချာသလောက်ဖြစ်နေလို့ပဲ။ "
" ဘိုးဘေးအဆင့်ကို ရောက်ဖို့ သေချာသလောက် ရှိနေတာလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" အနည်းဆုံးတော့ ငါတို့ မြင်တွေ့ခဲ့ရတဲ့ အနာဂတ် အချိန်အတိုင်းအတာတွေထဲမှာ မင်းက ဘိုးဘေးအဆင့်ကို တက်လှမ်းသွားမှာပဲ။ စောတာနဲ့ နောက်ကျတာနဲ့ ကွာတယ်။ နောက်ဆုံးမှာတော့ မင်းက ဘိုးဘေးအဆင့်ကို တက်လှမ်းသွားမှာပဲ။ "
" ဟုတ်တယ်။ " တဖုဘိုးဘေးက ပြောလိုက်သည်။ " ညီလေးနဂါးငွေ့တန်း အဲ့ဒါကို စိတ်ထဲထားမနေနဲ့။ မင်းကို တားဆီးဖို့ ကြိုးတစားတဲ့ အချိန်အတိုင်းအတာအချို့ကို ငါကြည့်ခဲ့သေးတယ်။ ဒါပေမယ့် ဘာမှမထူးဘူး။ အများဆုံးလုပ်နိုင်တာက မင်း ဘိုးဘေးအဆင့်ကို ရောက်မယ့်အချိန်ကို နောက်ကျသွားအောင်ပဲလုပ်နိုင်တယ်။ "
" ဟုတ်တယ်။ ငါလည်း အဲ့လို စမ်းကြည့်ဖူးတယ်။ နောက်ဆုံးမှာတော့ မင်းက ပြန်လာပြီး ငါ့ကို ဖိနှိပ်ခဲ့တယ်။ " တလင်းဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။
" ပြန်လာတယ်။ " လင်းယွမ်က စိတ်ထဲတွင် အတွေးများ လှုပ်ခတ်သွားသည်။
ထိုအချက်နှင့်ပက်သက်၍ လင်းယွမ်က သံသယမရှိပေ။ သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ပိုင်ဆိုင်ထားသောကြောင့် မတူညီသော ဒိုင်မန်းရှင်းများကြားတွင် အသက်ဘေးမှ လွတ်မြောက်နိုင်သည့် နည်းလမ်းများ ရှိထားသည်။ ၎င်းက အချိန်သက်ရှိများ မရောက်နိုင်သော နယ်ပယ်ဖြစ်သည်။
ဘိုးဘေးခြောက်ယောက်လုံးပေါင်းလျှင်တောင် ရင်းမြစ်ကမ္ဘာအတွင်းမှ သူ၏ တည်ရှိမှုကိုသာ ဖျက်ဆီးနိုင်မည်ဖြစ်ပြီး သူ့ကို အမြတ်ပြတ်သုတ်သင်နိုင်မည်မဟုတ်ပေ။ သူ၏ စရိုက်အရ ဘိုးဘေးတစ်ယောက်က သူ့ကို ရန်ပြုခဲ့လျှင် အနာဂတ်တွင် သူ အလွှာဆယ့်သုံးသို့ ရောက်ရှိသောအခါ ထိုသူနှင့် စာရင်းရှင်းရန် သေချာပေါက် ပြန်လာမည်ဖြစ်သည်။
" တိကျတဲ့ အကြောင်းရင်းကိုတော့ ငါတို့လည်း မသိဘူး။ ဒိုင်မန်းရှင်းတွေကြား သွားလာနေတဲ့ အချိန််အရှင်သခင်တွေတေညင် သူတို့ရဲ့ အချိန်အတိုင်းအတာတွေကို စုစည်းဖို့ စတင်ရုံပဲရှိသေးတာ။ ပုံသေကျတဲ့ အနာဂတ်ဆိုတာမျိုးကို ငါတို့ တစ်ခါမှမကြားဖူးဘူး။ "
ကျင်းလဲ့ဘိုးဘေးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ညီလေးနဂါးငွေ့တန်း မင်းက ဘိုးဘေးအဆင့်ကို သေချာပေါက် ရောက်မှာပဲ။ ပြီးတော့ ပိုဝေးတဲ့ အနာဂတ်မှာ မင်းက အဲ့ဒီအဆင့်ရဲ့ အထွတ်အထိပ်ကိုပါ ရောက်လိမ့်မယ်။ အခုကတည်းက ဆက်ဆံရေးကောင်း မတည်ဆောက်ထားရင် အနာရတ်မှာ အရမ်းနောက်ကျသွားလိမ့်မယ်။ "
အခြားဘိုးဘေးများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့က ဘာကိုမှ ဖုံးကွယ်ထားခြင်းမရှဘဲ ရန်လိုစိတ်လည်း မရှိကြပေ။ စစ်မှန်သော ရင်းနှီးမှုကို ရရှိရန်သာ ဆန္ဒရှိကြသည်။ သူတို့မြင်တွေ့ခဲ့ရသော အချိန်အတိုင်းအတာများအရ ၎င်းက အကောင်းဆုံး လုပ်ရပ်ဖြစ်သည်။
" ငါတို့မှာ တခြားတောင်းဆိုစရာမရှိပါဘူး။ ညီလေးနဂါးငွေ့တန်း မင်း ဘာဖိအားမှမခံစားနဲ့။ ငါတို့ မိတ်ဆွေတွေလိုပဲ နေကြတာပေါ့။ " တလင်းဘိုးဘေးက ပြောလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဘိုးဘေးများ၏ ရင်းနှီးလိုသော ဆန္ဒအပေါ် သူ ထွေထွေထူးထူး မတွေးတော့ပေ။ ကျင့်ကြံမှုအတွက် အတားအဆီးများကို ဖယ်ရှားပေးရန် လက်ဆောင်များနှင့်တကွ ကိုယ်တိုင်လာရောက်ခြင်းနှင့် အမှန်အတိုင်း ပြောပြခြင်းတို့အတွက် သူတို့၏ ရည်ရွယ်ချက်က မည်သို့ဖြစ်စေ လင်းယွမ်အနေဖြင့် ထိုစေတနာကို အသိအမှတ်ပြုရမည်ဖြစ်သည်။
" သေချာတဲ့ အနာဂတ်ဆိုတာရလည်း အမှားအယွင်းမရှိဘူးလို့တော့ မပြောနိုင်ဘူး။ " လင်းယွမ်က ပြောလိုက်သည်။
ဘိုးဘေးများမြင်တွေ့ခဲ့ရသော အနာဂတ်က အစိတ်အပိုင်းများသာ ဖြစ်ပြီး အလုံးစုံမဟုတ်ပေ။ ၎င်းမှာ အခြားသက်ရှိများထက် အလွှာဆယ့်သုံးသို့ ရောက်ရှိနိုင်ခြေ ပိုမိုမြင့်မားသည်ဟုသာ ဆိုလိုခြင်းဖြစ်သည်။
" အဲ့ဒါလည်း မှန်ပါတယ်။ " ဘိုးဘေးများက ခေါင်းညိမ့်လိုက်ကြသည်။ ထို့ကြောင့် သူတို့က လင်းယွမ်ကို အလွှာဆယ့်သုံးသို့ ရောက်ရှိရန် သေချာသလောက်ရှိသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
" ဘာပဲဖြစ်ဖြစ် ဘိုးဘေးတို့ကို တကယ်ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ဘိုးဘေးများကို ကြည့်လိုက်သည်။ " တကယ်လို့ အနာဂတ်မှာ ကျွန်တော် ဘိုးဘေးအဆင့်ကို ရောက်ခဲ့ရင် ဘိုးဘေးတို့ရဲ့ စေတနာကို မမေ့ပါဘူး။ "
ဘိုးဘေးများက ပြုံးလိုက်ကြသည်။ သူတို့အားလုံး လာရောက်ကြခြင်းမှာ လင်းယွမ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန်ဖြစ်သည်။ သူတို့မျှော်လင့်သည်မှာ အနာဂတ်တွင် လင်းယွမ်က ထိုစေတနာကို မှတ်မိပြီး သူတို့အပေါ် ရန်လိုသော လုပ်ရပ်များ မလုပ်ရန်သာ ဖြစ်သည်။
" မင်းလိုအပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ " မန်ဟွမ်ဘိုးဘေးက ပြောလိုက်သည်။
ယခုအချိန်တွင် လင်းယွမ်က အလွှာဆယ့်သုံးသို့ မရောက်ရှိသေးသောကြောင့် သူတောင်းဆိုသမျှကို ဘိုးဘေးများက ဖြည့်ဆည်းပေးနိုင်သည်။ လင်းယွမ်၏ တောင်းဆိုမှုကို သူတို့ဖြည့်ဆည်းပေးနိုင်လျှင် သူတို့ကြား ရင်းနှီးမှုနှင့် ကြောင်းကျိုးဆက်နွယ်မှုက ပိုမိုခိုင်မာလာမည်ဖြစ်သည်။
" မှန်တယ်။ တိုက်ရိုက်သာ ပြောပါ။ " ရွှမ်ယင်ဘိုးဘေးကလည်း ထောက်ခံလိုက်သည်။
" ကျွန်တော်ကတော့ အမွေအနှစ်နဲ့ လမ်းညွှန်မှုတွေကို ပိုပြီး လေ့လာချင်ပါတယ်။ " လင်းယွမ်က ဘိုးဘေးများကို ကြည့်ပြီး ပြောလိုက်သည်။
" အမွေအနှစ်နဲ့ လမ်းညွှန်မှုတွေလား။ " ဘိုးလေးများက ချက်ချင်း နားလည်သွားကြသည်။
ရှေးဟောင်းနိုင်ငံများ၏ ရတနာတိုက်များတွင် အမွေအနှစ်များနှင့် လမ်းညွှန်မှုများ ရှိသည်။ ၎င်းတို့ကို ရရှိရန် နိုင်ငံအတွက် အကျိုးပြုမှုများ ပြုလုပ်ရမည်ဖြစ်ပြီး ကျင့်ကြံနိုင်ခဲ့လျှင်တောင် အပြင်သို့ မပျံ့ရန် ကျိန်ဆိုရသည်။ ထို့ကြောင့် လင်းယွမ်အနေဖြင့် ကျန်ရှိသော ရှေးဟောင်းနိုင်ငံများ၏ အမွေအနှစ်များကို လေ့လာလိုလျှင် ဘိုးဘေးငါးယောက်၏ သဘောတူညီချက်ကို လိုအပ်လေသည်။
" ဒါက ကိစ္စမရှိဘူး။ " မန်ဟွမ်ဘိုးဘေးက သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ သူ၏ ရှေ့တွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။ ၎င်းထဲတွင် မန်ဟွမ်ရှေးဟောင်းနိုင်ငံ၏ အမွေအနှစ်များနှင့် လမ်းညွှန်မှုများကို မှတ်တမ်းတင်ထားသည်။
ကျန်သော ဘိုးဘေးများကလည်း သူတို့၏ ရှေးဟောင်းနိုင်ငံများမှ အမွေအနှစ်များကို အသီးသီး ထုတ်ပေးလိုက်ကြပြီး အချို့နေရာများတွင် ကိုယ်ပိုင်အမြင်များကိုပင် မှတ်ချက်ပေးထားခဲ့သည်။
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။ သူက ရှေးဟောင်းနိုင်ငံများ၏ အမွေအနှစ်များကို စိတ်ဝင်စားနေသည်မှာ ကြာပြီဖြစ်သည်။