← Chapters

အခန်း (၅၂၃-၅၂၄)

Vol. 40 Ch. 523-524

အခန်း (၅၂၃-၅၂၄)

Vol. 40 Ch. 523-524

အပိုင်း ၅၂၃ - ထူးဆန်းသော အရက်သမား

သတ္တမမင်းသမီး ပြန်လည် ထွက်ပေါ်လာခြင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သောကြောင့် သခင်မယုခေါ် စုယုပင် အိပ်ရာမှ နိုးလာခဲ့၏။

"ရီလေး ဘယ်မှာလဲ"

သူမက လန်ရီကို အာရုံမခံမိသဖြင့် ယွမ်ရှောင်ကို မေးလိုက်ခြင်း ဖြစ်သည်။

"အမေ သူ ထွက်ပြေးသွားတယ်"

"ဘာလို့လဲ။ မင်းရဲ့ အစ်ကို ပြန်လာရင် မင်္ဂလာဆောင်ပေးဖို့ စီစဥ်ထားတာလေ"

သူမက ဆတ်ခနဲ ယိမ်းယိုင်သွားကာ နားမလည်နိုင်ခြင်းများ ဖြစ်ပေါ်လာသည်။

"ကျွန်တော့်အမှားပါ။ သူ စိတ်ပျက်အောင် လုပ်လိုက်မိတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒေါသပြေသွားရင် သေချာပေါက် ပြန်လာမှာပါ"

သူက စုယုကို တွဲပေးလိုက်ပြီး ခြံဝန်းအတွင်းရှိ ခုံတန်းလေးပေါ် ထိုင်စေသည်။

"စကားမစပ် ရီလေးရဲ့ နောက်ခံက ဘယ်လိုလဲ။ သူ့မိသားစုအကြောင်း နည်းနည်းလောက် သိချင်တယ်။ မင်းတို့ကို သဘောတူရဲ့လား။ အကူအညီလိုရင် အမေ ပြောပေးမယ်လေ"

"ဒီညပြီးသွားရင် သူ့ နောက်ခံက ကောင်းကင်ရုံးတော်မှာ အမြင့်ဆုံးတောင် ဖြစ်နိုင်လောက်တယ်"

သူက ဤစကားများကို စိတ်ထဲတွင် ပြောလိုက်ခြင်း ဖြစ်ကာ ကောင်းကင်ရုံးတော်နှင့် သေမျိုးလောကများ ပျက်စီးမည့်အရေးကြောင့် ဖိအားများ လေးလံနေသည်။ သူက ကျင့်ကြံရန် အတွက် စုယုကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့ပြီး ဆက်လက် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအတွက် အဆင်သင့်ဖြစ်နေရပေလိမ့်မည်။ အရင်းအမြစ် မတူညီသော်လည်း လန်ရီ၊ ချန်ရီနှင့် ရှန်ရီ သုံးယောက်ပေါင်း ကပ်ဘေးလူဝင်စားကို အမီလိုက်ရန် သူ ဆုံးဖြတ်ထား၏။

ညနက်လာသောအခါ ကောင်းကင်ပျံသန်းမြို့တော်သည် ပြန်လည်တိတ်ဆိတ်သွားကာ ယွမ်ရှောင်က အခန်းတွင်း ကျင့်ကြံနေပြီး စုယုလည်း အိပ်ရာဝင်သွားခဲ့သည်။ ရွှံ့များ ပေကျံနေသော ဖိနပ်တစ်ရံက အိမ်ဝင်းအတွင်း ရုတ်တရက် ထွက်ပေါ်လာသဖြင့် ကောင်းကင်ဝက်များ လန့်ဖြန့်သွားကာ တစ်ကောင်နှင့်တစ်ကောင် ပူးကပ်၍ လှုပ်ပင်မလှုပ်ရဲချေ။ ထိုလူက အဝါရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး မုတ်ဆိတ်ကျင်စွယ်နှင့် အရက်သမား တစ်ယောက်ဖြစ်ကာ ယိုင်ထိုးထိုး ခြေလှမ်းများနှင့် တစ်လှမ်းချင်းလျှောက်လာသည်။ မှေးမှိန်၍ နောက်ကျိသော မျက်ဝန်းများက ခြံဝင်းတစ်ခုလုံးကို တိတ်တဆိတ် ကြည့်နေပြီး နောက်ဆုံးတွင် ခန်းမတစ်ခုအတွင်း ဝင်ရောက်ကာ အုတ်ဂူကျောက်စာတိုင်များအကြား လိုက်လံရှာဖွေခဲ့သည်။ နောက်ဆုံးတွင် သူက လုပုဖန်၏ ကျောက်စာတိုင်ကို ကောက်ယူကာ စိုက်ကြည့်ရင်း အချိန်အတန်ကြာ မလှုပ်မယှက် ရပ်နေပြီးနောက် အပြုံးတစ်ခု ထွက်ပေါ်လာ၏။

"ပုဖန် မင်းကိုယ်မင်း ထူးခြားတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တကယ်တမ်း ဖုန်မှုန့်လို အဆုံးသတ်နေရပါလား"

သူက ခါးသက်သက် ရေရွတ်ရင်း ကျောက်စာအထက်ရှိ စာလုံးများကို လက်ဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်သည်။

"အားလုံး အတိတ်မှာ ကျန်ခဲ့ပြီ"

သူက သေရည်အိုးကို မော့သောက်လိုက်ပြီး လက်ကျန် ရွှေရောင်သေရည်များကို ကျောက်စာအရှေ့ မြေကြီးပေါ်သို့ လောင်းချလိုက်သည်။

"မင်းအတွက် တစ်ခွက် ဂုဏ်ပြုတယ် ပုဖန်"

"ရှင် ဘယ်သူလဲ"

ထိုအချိန်တွင် စုယုက တံခါးဝတွင် ထွက်ပေါ်လာပြီး တံခါးဘောင်ကို လက်ဖြင့် ဆုပ်ကိုင်၍ အသက်မဲ့နေသော မျက်လုံးများဖြင့် မေးခွန်းထုတ်သလို စိုက်ကြည့်နေခဲ့သည်။

"ဘာကြောင့် ဒီခန်းမကို ကျူးကျော် ဝင်ရောက်နေတာလဲ။ ပုဖန် ငြိမ်းငြိမ်းချမ်းချမ်း အနားယူနေတာကို မနှောင့်ယှက်ပါနဲ့။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

အရက်သမားက အခြားကျောက်စာတိုင်များကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွား၏။ တံခါးဝရှိ စုယုအနားသို့ ရောက်သောအခါ သူက လေးနက်စွာ စိုက်ကြည့်၍ နောက်ထပ် သေရည်အိုးတစ်လုံး ထုတ်ယူကာ မော့သောက်လိုက်သဖြင့် ဝတ်ရုံပင် စိုရွှဲလာ၏။ တစ်ဖက်လူက အံကြိတ်၍ နောက်ပြန်မလှည့်ကြည့်ဘဲ ထွက်ခွာသွားသောအခါ သူမသည် အခန်းတွင်းသို့ ဝင်ရောက်၍ ခင်ပွန်းဖြစ်သူ၏ ကျောက်စာတိုင်ကို ပွေ့ဖက်ထားလိုက်နိုင်မှ တင်းမာနေသော မျက်နှာထား ပြေလျော့သွားခဲ့သည်။

"ပုဖန် ရှင် အဆင်ပြေရဲ့လား"

သူမက တတွတ်တွတ် မေးမြန်းရင်း မျက်ရည်များ စတင် စီးကျလာကာ ခြံဝင်းအပြင် ရောက်နေသော အရက်သမားမှာ တုန်လှုပ်သွားဟန်ဖြင့် ကိုယ့်ပါးကိုယ် တစ်ချက်ရိုက်၍ အလျင်အမြန် ထွက်ခွာသွား၏။

"ခင်ဗျား ဘယ်သူလဲ။ ဘာလာလုပ်တာလဲ"

နံရံကို မှီ၍ ရပ်နေသော ယွမ်ရှောင်က အမှောင်ရိပ်ထဲမှ ထွက်လာကာ မေးခွန်းထုတ်လိုက်၏။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

"လုယောင်"

အရက်သမားက ရုတ်တရက် ရယ်မော၍ စကားတစ်ခွန်းမှ မပြောဘဲ အထက်သို့ ပျံတက်သွားသောအခါ တစ်ချိန်တည်းမှာပင် မှောင်မိုက်နေသော ကောင်းကင်တစ်ခွင် ကြယ်များ စုဝေးလာကာ လမ်းကြောင်းခင်းပေးနေကြသဖြင့် ယွမ်ရှောင်ကို မျက်လုံးပြူးသွားစေသည်။ ၎င်းက မျက်တောင်တစ်ခတ်သာ ကြာမြင့်ပြီး လောကကြီးမှာ မည်သည့်အရာမှ မဖြစ်ခဲ့သယောင် ပြန်လည်တည်ငြိမ်သွားကာ အရက်သမား၏ အရိပ်အယောင်ပင် မကျန်ခဲ့ပေ။

"ဒီလူက ထူးဆန်းတယ်။ အာကာသနတ်ဓားနဲ့ ကြယ်မျှော်စင်လိုမျိုး ရတနာတစ်ခု သယ်လာတယ်။ ပိုပြီးတောင် အဆင့်မြင့်လောက်မယ်"

အမွေးများ ထောင်နေသော အနက်ရောင် သားရဲလေးက ယွမ်ရှောင်၏ ရင်ခွင်အတွင်းမှ ခေါင်းပြူထွက်လာခဲ့သည်။

"ဘာရတနာလဲဆိုတာ မင်း ခွဲခြားနိုင်လား"

ကြယ်ပြာ၏ စကားကြောင့် သူ မျက်ခုံးပင့်လိုက်မိ၏။

"ဒီရတနာက ဝိညာဥ် စွမ်းအား ကောင်းလွန်းတယ်။ ဝိညာဥ်အခွံ ရတနာ တစ်ခု ဖြစ်ဖို့ များတယ်"

"သူကရော အရမ်း အစွမ်းထက်တာလား"

"အနည်းဆုံး မဟာတာအိုနယ်မြေမှာ ထိပ်ဆုံးဆယ်ယောက် ဝင်လောက်တယ်"

ထိုသုံးသပ်ချက်ကြောင့် မဟာတာအို နယ်မြေ၏ အကျယ်အဝန်းနှင့် အင်မော်တယ်များအကြား ကွာခြားချက်ကို သိထား၍ သူ မင်သက်သွားသည်။ မရေမတွက်နိုင်သော အင်မော်တယ်များအကြား ထိပ်ဆုံးဆယ်ယောက် စာရင်း ဝင်နိုင်ရန်အတွက် ထိုအရက်သမားက အင်မတန် အစွမ်းထက်ရပေလိမ့်မည်။

"ဒါပေမယ့် သူ့ ဝိညာဥ်က တော်တော်လေး ဖရိုဖရဲ ဖြစ်နေတယ်။ ပုံပျက်ပန်းပျက် အစိတ်အပိုင်းတွေ အများကြီး ပြည့်နှက်နေတာပဲ"

"ဒါဆိုရင် သူက အန္တရာယ်များလား"

"များတယ်။ ဂူကျင့်ကြံသူတွေထက် အဆပေါင်းတစ်ထောင်လောက်ကို ပိုတယ်"

"ကောင်းပြီ။ ငါ အကြံ တစ်ခု ရလိုက်တယ်"

ယွမ်ရှောင်က တစ်ဖက်လူ ထွက်ခွာသွားသော ကောင်းကင်သို့ မော့ကြည့်ရင်း တွေးတွေးဆဆ ရေရွတ်လိုက်မိသည်။

ကောင်းကင်သည် အနက်ရောင် မင်ရည်များဖြင့် ရေးဆွဲထားသကဲ့သို့ မည်းနက်နေပြီး တိတ်ဆိတ်နေသော်လည်း နဂါးဟိန်းသံများ ရုတ်တရက် ထွက်ပေါ်လာ၏။ လက်သည်းငါးချောင်း ရွှေနဂါးကိုးကောင် ဘေးချင်းယှဥ် ထွက်ပေါ်လာပြီး လှပသော အကြေးခွံများက တလက်လက် တောက်ပနေသည်။ ၎င်းတို့က နတ်ဆိုးသားရဲများ မဟုတ်ဘဲ မြင့်မြတ်သော နတ်သားရဲများ ဖြစ်ကာ မိုင်ပေါင်းများစွာအထိ အရှိန်အဝါ ဖြန့်ကျက်ထားပြီး ရွှေရောင်မီးတောက်များ ဖြာထွက်၏။ ထူးဆန်းသည်မှာ ၎င်းတို့ကို အဖြူရောင်သံကြိုးများဖြင့် ချည်နှောင်ထားကာ ဧရာမ အနက်ရောင် စစ်ရထားကြီးတစ်စင်းထံ ချိတ်ဆက်ထားသည်။ ရထားက ရွေ့လျားနေသော နန်းတော်ကြီးတစ်ခုပမာ ခမ်းနားထည်ဝါပြီး နဂါးပုံများ ပန်းချီရေးထားကာ ရှေးဟောင်းသစ်မွှေးဖြင့် ထုလုပ်ထားကာ ဘီးနေရာ၌ ရွှေကြာပန်းများ တပ်ဆင်ထားသဖြင့် တစ်ချက်လှိမ့်လိုက်တိုင်း ကြာပန်းပုံရိပ်များ ဘက်ပေါင်းစုံ ပျံ့နှံ့နေသည်။

ရထား၏ ပိုင်ရှင်က အဝါရောင်ဝတ်စုံဝတ် အရက်သမား ဖြစ်နေပြီး နောက်ကျိမှုန်မှိုင်းနေခဲ့သော မျက်ဝန်းများမှာ လက်ရှိတွင် မာနတရား ထင်ဟပ်ကာ သြဇာအာဏာအပြည့်ဖြင့် ချဥ်းကပ်လာသောအခါ ရထားလုံး တံခါးများ ပွင့်ထွက်သွား၏။ ဂီတသံများ ထွက်ပေါ်လာပြီး အပျိုတော်လေးများ တန်းစီလိုက်ကြ၍ နူးညံ့သိမ်မွေ့သော်လည်း ပါးလွှာသော ပိုးထည်ကို ဝတ်ဆင်ထားသဖြင့် ကောက်ကြောင်းများ အတိုင်းသား မြင်နေရသည်။ သူတို့က မြင့်မြတ်သော နတ်မိမယ်များနှင့် ဆင်တူသော်လည်း လှုပ်ရှားမှုနှင့် အမူအရာများက ထိုလူကို ဆွဲဆောင်ရန် ရဲရဲတင်းတင်း ပြုမူနေကြ၏။ သူက ယောကျ်ားသဘာဝအတိုင်း လက်လှမ်း၍ အပျိုတော်လေးများကို ခါးမှ ပွေ့ဖက်ကာ လက်ကစားလိုက်သည်။

"ဒါမှ တကယ့်ဘဝပဲ"

သူတို့က ရထားအတွင်း အတူတကွ ဝင်ရောက်သွားပြီး စားကောင်းသောက်ဖွယ်နှင့် သေရည်မျိုးစုံ ပြင်ဆင်ထားသည့် စားပွဲကြီးတစ်ခု ခင်းကျင်းထားပြီးသားပင်။ များပြားလှသော အပျိုတော်များအကြားတွင် ယောကျ်ားသားဟူ၍ အရက်သမားတစ်ယောက်တည်းသာ ရှိပြီး တံခါးများ ဝုန်းခနဲ ပိတ်သွားသောအခါ ကလူကျီစယ်သံများ မရပ်မနား ထွက်ပေါ်လာခဲ့လေသည်။

အပိုင်း ၅၂၄ - ကြီးမြတ်သော စစ်ဧကရာဇ်

ရွှေနဂါးကိုးကောင်က ဟိန်းဟောက်လိုက်ရာ ကြာပန်းဘီးလုံးများမှ အလင်းရောင်များ မိုင်ပေါင်းများစွာအထိ ဖြန့်ကျက်သွားသည်။ စစ်ရထားကြီးသည် တိမ်တိုက်များအတွင်း ဝင်ရောက်၍ ကောင်းကင်ပျံသန်းမြို့တော်မှ ထွက်ခွာသွားသောအခါ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်၏။ ညဦးယံတွင် သတ္တမမင်းသမီး ပြန်လည် မွေးဖွားလာကာ ညနက်နက်၌ ၎င်းက ကောင်းကင်ကို ထွန်းလင်းစေသောကြောင့် ဤညသည် မြို့တော်၏ သက်ဝင်လှုပ်ရှားမှု အရှိဆုံး ညတစ်ည ဖြစ်နိုင်သည်။

"ကောင်းကင်ပေါ်က ဘာကြီးလဲ"

နေထိုင်သူများမှာ အင်မော်တယ်များ ဖြစ်သည့်အလျောက် အလွန်ထူးခြားဆန်းကြယ်သော ဖြစ်ရပ်များသာ သူတို့ကို တုန်လှုပ်အံ့သြစေသည်။ မော့ကြည့်လိုက်ကြသောအခါ နဂါးကိုးကောင်ဆွဲ ရထားကြီး ဖြတ်သန်းသွား၍ ကြာပန်းများ လမ်းကြောင်းတစ်ခွင် ကျန်ရစ်ခဲ့ကြောင်း မြင်လိုက်ရ၏။

"နဂါးကိုးကောင်ရထား"

မြင်သူတိုင်း ၎င်း၏ အမည်နာမကို ချက်ချင်း မှတ်မိသွားသောကြောင့် မဟာတာအိုနယ်မြေတွင် ကျော်ကြားကြောင်း သိနိုင်သည်။ ခဏအတွင်း စိတ်အားထက်သန်စွာ ငြင်းခုံဆွေးနွေးသံများ ကျယ်လောင်စွာ ဆူညံသွား၏။

"အဲ့တာ စစ်ဧကရာဇ်ရဲ့ ရထားမလား"

၎င်းသည် လုအိမ်တော်အထက်မှ ထွက်ခွာသွားသောကြောင့် ပြန်လည်မွေးဖွားလာသည့် သတ္တမမင်းသမီးကို ကာကွယ်ရန် ရောက်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လုပုဖန်၏ ခြံဝင်းကလေးသည် လုအိမ်တော်၏ အစိတ်အပိုင်း ဖြစ်သော်လည်း အစောင့်နှင့် အစေခံတန်းလျား အနီးတွင် တည်ရှိသည်။ ကလေးငယ်များက ညအချိန်ထိ မအိပ်ကြဘဲ ဆော့ကစားနေကြသကဲ့သို့ ဖြစ်ရပ်များကြောင့် ဆူညံပွက်လောရိုက်နေ၏။

"အာကျိ အစ်ကို့မှာ မင်းအတွက် သကြားလုံးရှိတယ်"

အစောင့်တစ်ဦး၏ သမီးဖြစ်ကာ ခြံဝင်းအတွင်းရှိ ကောင်းကင်ဝက်ကလေးများနှင့် လာရောက်ဆော့ကစားတတ်သော ခြောက်နှစ်အရွယ် ကလေးငယ်ကို ယွမ်ရှောင်က လှမ်းခေါ်လိုက်သည်။

"တကယ်လား၊ ပေးပါ။ ပေးပါ"

သူမက တဂျီဂျီ ပူဆာ၍ အပြေးတစ်ပိုင်း ရောက်ရှိလာသည်။

"သမီးက စစ်ဧကရာဇ်ကို တကယ်သဘောကျတာလဲ။ သူက ဘယ်လောက်စွမ်းအားကြီးလဲ ပြောပြပါလား"

ယွမ်ရှောင်က သကြားလုံး ပေး၍ မေးလိုက်သောအခါ သူမ၏ မျက်ဝန်းကလေးများ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာခဲ့၏။ တစ်ချိန်တွင် စစ်ဧကရာဇ်သည် နတ်ဆိုးများကို သွေးချောင်းစီးသည်အထိ တစ်ကိုယ်တော် သတ်ဖြတ်ခဲ့ပြီး ကောင်းကင်ပင် မိုင်ပေါင်းတစ်သိန်း အက်ကွဲသည်ဟု ဆိုသည်။ ကောင်းကင်ဧကရာဇ်ကိုယ်တိုင် သူ့ကို ဘွဲ့နာမည် ပေးအပ်ခဲ့သောကြောင့် သာမန်ဘဝမှ အထက်သို့ ခုန်ပျံကျော်လွှား ရောက်ရှိသွား၏။ စီရင်သူအဖြစ်မှ ၂၅နှစ်အတွင်း တက်လှမ်းလာကာ ကောင်းကင်ရုံးတော်အတွက် အကြီးအကျယ် စွမ်းဆောင်ပေးခဲ့သဖြင့် အဆင့်တစ် အရာရှိအဖြစ် တိုက်ရိုက်တိုးမြှင့်ပေးခြင်းခံရသည်။ လက်ရှိ ကောင်းကင်ရုံးတော်၏ မဟာဧကရာဇ် ရှစ်ပါးအနက် သူက နံပတ်တစ်ဧကရာဇ် ဖြစ်လာလေသည်။

"အဆင့်တစ် အရာရှိဟုတ်လား။ ဒါဆိုရင် သူက ကောင်းကင်ဧကရာဇ်လောက် စွမ်းအားကြီးတယ်ပေါ့"

အဆင့်တစ် ကောင်းကင်အရာရှိဆိုသည်မှာ အမြင့်ဆုံး ရာထူးဖြစ်ကာ ထို့ထက်မြင့်လျှင် တော်ဝင်မျိုးနွယ် ဖြစ်သွားကြောင်း ယွမ်ရှောင် သိထားသည်။

"ဒါတော့ သမီး မသိဘူး။ ဒါပေမယ့် သူက အရမ်းကို သန်မာတယ်။ တရားဝင်ရာထူးအပြင် သမီးအဖေ ပြောသလိုဆိုရင် သူက ကောင်းကင်ရုံးတော်ရဲ့ စစ်သူကြီးချုပ်တဲ့။ စစ်နတ်ဘုရားလို့ တင်စားပြီး သူ သတ်ခဲ့တဲ့ နတ်ဆိုးအလောင်းတွေကို ပုံထားလိုက်ရင် ဒီမြို့တော်လောက်ကို ကြီးတယ်တဲ့"

အာကျိက သကြားလုံးစားရင် လေးစားအားကျဟန်ဖြင့် ပြောပြနေ၏။ မူလအစ နိမ့်ကျ၍ ၂၅နှစ်အတွင်း ထိပ်ဆုံးသို့ လျင်လျင်မြန်မြန် ရောက်ရှိလာသော အစစ်အမှန် အာဏာရှင်တစ်ယောက်က လုပုဖန်၏ အုတ်ဂူထံ လာရောက်လည်ပတ်ရသော အကြောင်းအရင်းကို ယွမ်ရှောင် စဥ်းစားနေသည်။

"အာကျိ အစ်ကို တစ်ခုလောက် မေးဦးမယ်။ လိမ္မာရင် သကြားလုံး ထပ်ကျွေးမယ်"

"စစ်ဧကရာဇ်အကြောင်းဆိုရင် သမီး အကုန်သိတယ်"

အာကျိက ရင်ကော့၍ ဂုဏ်ယူစွာ ကြေညာလိုက်သည်။

"ဒါဆိုရင် စစ်ဧကရာဇ်ရဲ့ နာမည်အရင်းက ဘာများလဲ"

"ဒီအကြောင်းကို လူတိုင်း သိပါတယ်။ သူက အစ်ကိုနဲ့တောင် အမျိုးတော်လောက်တယ်။ လုမျိုးရိုးနဲ့ လူတစ်ယောက် ဖြစ်ပြီး နာမည်က တစ်လုံးတည်း ဖန်တဲ့"

ယွမ်ရှောင်က ထိုစကားကြောင့် မသိစိတ် လှုပ်ခတ်သွားပြီး လုဖန်ဆိုသော နာမည်ကို ရွတ်ဆိုကြည့်လိုက်ရာ ထူးထူးဆန်းဆန်း ခံစားလိုက်ရ၏။

"ရှူး ဘယ်သူမှ မသိစေနဲ့နော်။ သူ သိသွားရင် မိုးကြိုးနဲ့ ပစ်ချလိုက်လို့ ဝက်ကလေးတွေလို ကင်ပြီးသား ဖြစ်သွားလိမ့်မယ်"

"ဟုတ်ကဲ့ပါ"

ကလေးမလေးက စိုးရိမ်တကြီး သတိပေးနေသဖြင့် ယွမ်ရှောင် ရယ်ချင်ချင် ဖြစ်သွားရသည်။

"အစ်ကိုရဲ့ အဖေအကြောင်း စဥ်းစားနေတာလား။ သူ့နာမည်မှာ ပုဖန် ပါနေတယ်လေ။ အများကြီး ကွာခြားတယ်"

ယွမ်ရှောင်က သူမကို သကြားလုံးများ ပေး၍ ဖိနပ်ရာများ ထင်ရှားစွာ ကျန်ရစ်ခဲ့သော ခြံဝန်းထံ ပြန်လှည့်လာခဲ့သည်။ ခန်းမအတွင်း၌ စုယုသည် ကျောက်စာတိုင်ကို အဝတ်စဖြင့် ဂရုတစိုက် သန့်ရှင်းနေကာ ဇရာ၏ နှိပ်စက်မှုကြောင့် အရေးအကြောင်းနှင့် ဆံပင်ဖြူများ ထင်ထင်ရှားရှား မြင်နေရသည်။

"အမေ"

"သားလေး ဘာကိစ္စရှိလို့လဲ"

"အဖေရဲ့ ပုံတူပန်းချီ ရှိလား။ ကျွန်တော် တစ်ခါလောက် ကြည့်ချင်လာလို့"

"အင်း အရင်ကတော့ ရှိတယ်။ ဒီခန်းမထဲမှာ ချိတ်ထားတာလေ"

စုယု ခဏတာ ရပ်တန့်သွားပြီး ကျောက်စာတိုင်ကို ချကာ သက်ပြင်းချလိုက်၏။

"အမေ ဖြုတ်ချလိုက်တာလား။ ဘာလို့လဲ"

"လူတွေက ပြောကြတယ်လေ။ ပုဖန်က စစ်ဧကရာဇ်နဲ့ နာမည်ချင်းအပြင် ရုပ်ချင်းပါ ဆင်နေတော့ မထားသင့်ဘူးတဲ့။ အထင်အမြင် လွဲသွားရင် အမေတို့ ပြဿနာ တက်နိုင်တယ်တဲ့"

သူမက နားထင်ကို လက်ဖြင့် ဖိထားရင်း တစ်လုံးချင်း ပြောလိုက်သည်။

"ကျွန်တော် ကြည့်ချင်တယ်"

ယွမ်ရှောင်က မရမက တောင်းဆိုလိုက်သောအခါ သူမသည် စားပွဲအောက်မှ သေတ္တာတစ်လုံးကို ဂရုတစိုက် ထုတ်ယူခဲ့၏။

"အမေကတော့ မမြင်နိုင်ဘူး။ သားဘာသာ ကြည့်လိုက်ပါ"

သန့်ရှင်းသပ်ရပ်သော သေတ္တာကို ယူလိုက်ပြီး သူက စုယုကို အချိန်ကြာမြင့်စွာ ငေးနေမိသည်။ ဖယောင်းတိုင်မီးရောင်အောက်တွင် သူမက အလွန်စိတ်ပင်ပန်းနေပုံရသော်လည်း သေတ္တာ ပြုတ်ကျမသွားအောင် အသေအချာ ဆုပ်ကိုင်ထား၏။ သေတ္တာကို သူက ဖွင့်၍ ပန်းချီကို ဖြန့်လိုက်သောအခါ ရဲရင့်သော ဟန်ပန်နှင့် အမျိုးသားတစ်ယောက်၏ ပုံ ထွက်ပေါ်လာသည်။ လုပုဖန်က ဆံပင်ကို သပ်ရပ်စွာ စည်းနှောင်ထားပြီး အထူးခြားဆုံးသော အရာမှာ ရိုးသား၍ တောက်ပသော မျက်လုံးများ ဖြစ်သည်။ သို့သော် ထိုမျက်နှာသည် သူ မြင်ခဲ့ရသော အဝါရောင်ဝတ်စုံဝတ် အရက်သမားနှင့် တစ်ထပ်တည်း တူညီနေသည် ဖြစ်ရာ ယွမ်ရှောင်၏ စိတ်ထဲတွင် အလွန်အမင်း ရွံရှာမုန်းတီးစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

"ဒီကောင်ကြီးက တကယ်သေသင့်တယ်။ ကြီးပွားချမ်းသာနေတာတောင် အမေ့ကို တစ်ချက်ကလေး လာမကယ်ဘူး"

"သား ဘယ်သူ့အကြောင်း ပြောနေတာလဲဟင်"

"ဘာမှ မဟုတ်တော့ဘူး"

သူက နားမလည်နိုင်ဖြစ်နေသော စုယုကို စကားလမ်းကြောင်း ပြောင်းကာ သေတ္တာအတွင်း ပန်းချီကားကို ပစ်ထည့်လိုက်၏။

"ဘယ်သွားမလို့လဲ သားလေး"

ယွမ်ရှောင်က သူမ၏ လက်ကို ရုတ်တရက် ဆွဲကိုင်၍ ခန်းမအပြင် ခေါ်သွားသောအခါ စုယု မေးမိသည်။

"မိုးလင်းတော့မယ် အမေရဲ့"

သူက ကောင်းကင်ပေါ်ရှိ အလင်းတန်းကို ညွှန်ပြပြီး ပြောလိုက်လေသည်။

All Chapters