အခန်း (၅၂၅-၅၂၆)
Vol. 40 Ch. 525-526
အပိုင်း ၅၂၅ - သုံးရောင်ခြယ် ဆေးလုံး
မိုးလင်းသောအခါ အမှောင်ထု အစီအရင်ကြီး ဖယ်ခွာသွားသဖြင့် နယ်မြေဓာတ်လုံးမှ ဖြာထွက်လာသော အလင်းရောင်နှင့် တိမ်တိုက်များက ကောင်းကင်ပျံသန်းမြို့တော်ကို နောက်တစ်ဖန် လွှမ်းခြုံလိုက်သည်။ ဤနေ့တွင် ယွမ်ရှောင်က စီရင်သူအဖြစ် ကောင်းကင်အုပ်စိုးအိမ်တော်ကို တရားဝင် သတင်းပို့ရမည် ဖြစ်သောကြောင့် နံနက်စောစော ထွက်လာကာ ရာထူးသရုပ်ဖြစ်သော ချပ်ကာကို ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထား၏။ သူက စာမေးပွဲ၏ ထိပ်သီး ဖြစ်သည့်အပြင် ယွမ်ကန်၏ ယုတ်မာမှုကို လူသိရှင်ကြား ထုတ်ဖော်ခဲ့သဖြင့် အလွန်ကျော်ကြားလာကာ သာမန်ပြည်သူအများအပြား နှုတ်ဆက်နေကြသည်။
သူက ဦးတည်ရာသို့ ရောက်သောအခါ လျူမူ၏ အိမ်တော်သို့ ဦးစွာ သွားရောက်ခဲ့ပြီး သူမသည် ချီစွမ်းအင်များ ဝန်းရံ၍ ကျင့်ကြံလျက်ရှိ၏။
"မိသားစု အခြေအနေကြောင့် မင်းအတွက် တစ်နှစ်စာ လစာ ကြိုထုတ်ပေးထားတယ်"
သူမ ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ စားပွဲပေါ်တွင် ရွှေဖြူရောင် အင်မော်တယ်ကျောက်စိမ်း တစ်ရာကို စီစီရီရီ တွေ့လိုက်ရသည်။ ၎င်းတို့က အရည်အသွေး အလွန်ကောင်းမွန်ပြီး ထိကြည့်လိုက်လျှင် နွေးထွေးကာ နယ်မြေဓာတ်လုံး၏ စွမ်းအားများ ကိန်းအောင်းနေ၏။ ကောင်းကင်ရုံးတော်၏ ငွေကြေးဖြစ်ကာ စွမ်းအားများပြားသဖြင့် အနက်ရောင် သားရဲလေး စုပ်ယူနိုင်ရာ ယွမ်ရှောင်အတွက် အသုံးဝင်လှသည်။
"အရသာ ပိုကောင်းတယ်။ သေမျိုးလောကရဲ့ အင်မော်တယ်ကျောက်စိမ်းတွေနဲ့ ဘာမှမဆိုင်ဘူး"
သူက ကျောက်စိမ်းများကို သိမ်းဆည်းလိုက်သောအခါ လနီ၏ ပါးစပ်ကြီး ချက်ချင်း ရောက်ရှိလာကာ တစ်တုံး ဝါးမျိုသွားသည်။ ကျောက်စိမ်းနှစ်မျိုးက အမည်တူသော်လည်း သေမျိုးလောကတွင် ချီစွမ်းအင် စိမ့်ဝင်နေရုံသာ ဖြစ်ပြီး နယ်မြေဓာတ်လုံးမှ ဖြစ်တည်လာစေသော ကျောက်စိမ်းကို မယှဥ်နိုင်ပေ။ လက်ရှိတွင် ယန်နယ်ပယ် ကျင့်ကြံဆင့်ကြောင့် သားရဲလေး ထုတ်လုပ်ပေးသော ကောင်းကင်တာအိုဆေးလုံးများက အာနိသင် နည်းပါးလာသောကြောင့် အရင်းအမြစ် နည်းပါးနေပြီ ဖြစ်ကာ လစာ ရရှိလိုက်ခြင်းမှာ အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပေသည်။
"မနေ့ညက မင်းရဲ့အိမ်အပေါ် ကောင်းကင်မှာ တော်တော် လှုပ်ခတ်သွားတာပဲ"
"ဟုတ်ပါတယ်"
"အစမ်းခန့် စီရင်သူတစ်ယောက်အနေနဲ့ မင်းက လုချန်ဖုန်းဆီမှာ တာဝန်ကျနေတယ်။ ဂရုစိုက်ပါ"
လျူမူက ထိုအကြောင်းကို စကားမစတော့ဘဲ လမ်းကြောင်းလွှဲကာ သတိပေးသည်။
"နားလည်ပါပြီ"
ယွမ်ရှောင် ခေါင်းညိတ်ပြလိုက်ပြီး ယွမ်ကန်၏ ပြစ်မှုကို ဖော်ထုတ်ခဲ့သည့်အတွက် ပစ်မှတ်ထားခြင်း ခံရမည်ကို သဘောပေါက်ထားသည်။
"လေအိမ်တော်က လုချန်ဖုန်းရဲ့ တပ်ဖွဲ့မှာ သတင်းသွားပို့လိုက်"
"ကောင်းပါပြီ။ စကားမစပ် ကောင်းကင်အုပ်စိုးအိမ်တော်ရဲ့ သိုင်းပညာတွေကို ကျုပ် ဘယ်လိုသင်ယူရမလဲ"
သူက ထွက်ခွာရန် ခြေလှမ်းပြင်ပြီးမှ ရပ်တန့်ကာ မေးခွန်းထုတ်၏။
"သာမန်သိုင်းပညာကိုတော့ သိုင်းခန်းမမှာ စိတ်ကြိုက် သင်ယူနိုင်တယ်။ အဆင့်ပိုမြင့်တာတွေအတွက်တော့ တာဝန်တွေ လုပ်ဆောင်ပြီး အမှတ်နဲ့ လဲလှယ်ရမယ်"
လောကကြီးတွင် အလကားရသော အစားတစ်နပ် မရှိချေ။ လောကကြီးက ပို၍ ကျယ်ပြန့်လေလေ ရက်စက်ပြီး လက်တွေ့ကျလေလေ ဖြစ်ကာ ဓားအပျက်အစီးနယ်မြေရှိ အဆင့်အတန်းမျိုး အခွင့်အရေးမျိုး ထပ်မံရောက်ရှိလာရန် မလွယ်ချေ။ မဟာတာအိုနယ်မြေတွင် နောက်ခံရှိသော ပါရမီရှင်များက အံ့ဖွယ်ဖြစ်ပြီး နောက်ခံ အားနည်းကာ ပါရမီ ကောင်းမွန်နေလျှင် လူပျောက်စာရင်း ဝင်သွားပေလိမ့်မည်။ ထို့နောက် သူက လုချန်ဖုန်း တာဝန်ယူထားသော လေအိမ်တော်သို့ သတင်းပို့ရန် ထွက်ခွာလာ၏။ ထိုနေရာတွင် စီရင်သူ အယောက်တစ်ရာကျော် ရှိပြီး အများစုမှာ လုပ်သက် ငါးနှစ်အောက်များချည်း ဖြစ်ကာ အချိန်မရွေး ထုတ်ပယ်ခံရနိုင်ချေ ရှိသည်။ အချက်အလက်များ မှတ်တမ်းတင်ရန် တာဝန်ကျသော ကျောက်ချန်အမည်ရှိ စီရင်သူက သံသယဖြင့် မျက်မှောင်ကြုတ်နေ၏။
"လုယောင် ဓားနဲ့ ရုန်း ကျင့်ကြံသူ ဟုတ်လား။ ဒီအချက်အလက်တွေက အတုအယောင် ဖြစ်နေရင် အပြစ်ကြီးတယ်ဆိုတာ သိလား"
"မှန်ကန်ပါတယ်"
"ကောင်းပြီ။ ဒါက မင်းအတွက် ကျင့်ကြံရေး အခန်းသော့နဲ့ ဌာနအကြောင်း မိတ်ဆက်ပဲ"
သူက စာရွက်စာတမ်းနှင့် ပစ္စည်းအချို့ကို ယွမ်ရှောင်ထံ ကမ်းပေးလိုက်ကာ ခြိမ်းခြောက်ရန် ကြိုးစားသည်။
"လူသစ်တွေအတွက် စည်းကမ်းချက်ကို သိလား"
"မသိဘူး"
ယွမ်ရှောင်က အရေးမစိုက်ဟန်ဖြင့် ပြတ်ပြတ်သားသား ထွက်ခွာသွားသောကြောင့် သူ၏ မျက်နှာထား မည်းနက်သွားသည်။
"အစ်ကိုကျောက် ကျုပ်တို့ကို ပြောပါဦး"
အနောက်တွင် စောင့်ဆိုင်းနေသော စီရင်သူ အသစ် တစ်ယောက်က ရှေ့တိုးလာကာ ကျောက်စိမ်းသုံးတုံး လာဘ်ထိုး၍ အလျင်အမြန် စုံစမ်းနေခဲ့သည်။
ကောင်းကင်အုပ်စိုးအိမ်တော်တွင် စီရင်သူတိုင်းအတွက် သီးသန့်အခန်းများ စီစဥ်ပေးထားကာ လုံခြုံသဖြင့် ရေရှည်နေထိုင်ရန် သင့်လျော်၏။ သို့သော် နန်းဆောင်တစ်ခုအတွင်း အခန်းများ ခွဲထားသောကြောင့် ဘေးအခန်းမှ ဆူညံသံများကိုမူ တံခါးမပိတ်ထားလျှင် ကြားရပေလိမ့်မည်။ မျက်နှာကျက်တွင် ရုန်းတစ်ခု စီရင်ထားကာ နယ်မြေဓာတ်လုံး၏ ချီများကို အဆင်မပြတ် စုပ်ယူပေးနေသည်။
"အကုန်စားလိုက်"
ယွမ်ရှောင်က လစာကို သားရဲလေးထံ ပစ်ပေးကာ လှည့်ပတ်နေသော ရုန်းအောက်တွင် ထိုင်ချလိုက်၏။ ရှန်ရီနှင့် လုဖန်ဆိုသော ဖြစ်တည်မှုများက ဆက်စပ်မှု ရှိသော်လည်း အလှမ်းကွာဝေးနေသဖြင့် ထပ်မစဥ်းစားတော့ပေ။ လက်ရှိရည်မှန်းချက်သည် နယ်နမိတ် ပြုပြင်ရေး နတ်အပ်ဖြစ်ကာ ကိုယ့်ကိုကိုယ် သန်မာလာစေရန် ကောင်းကင်အုပ်စိုးအိမ်တော်၏ အရင်းအမြစ်များကို အသုံးချရပေလိမ့်မည်။ လျူမူက အဆင့် ရှစ်၊ ကာကွယ်သူ လျူချောင်က အဆင့် ခုနစ်၊ သခင်ကြီးလုက အဆင့်ခြောက် ဖြစ်သောကြောင့် မြို့စားများမှာ အဆင့်ငါး အရာရှိ ဖြစ်ပေလိမ့်မည်။ ဤအဆင့်များသည် ရာထူးကို အခြေခံ၍ သတ်မှတ်ထားကာ တိုက်ခိုက်ရေးစွမ်းအားနှင့် မသက်ဆိုင်ချေ။ ကိုယ်ပွားများကလည်း အရေးကြီးသော အလှည့်အပြောင်းတွင် ရှိနေသဖြင့် သူက အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ရန် အရေးကြီးလာခဲ့၏။
ယွမ်ရှောင်က နယ်မြေဓာတ်လုံး၏ ချီများကို စုပ်ယူ၍ ကျင့်ကြံနေစဥ် အနက်ရောင်သားရဲလေးသည် အနီ၊ အစိမ်း၊ အပြာ အရောင်သုံးမျိုး တောက်ပနေသော ဆေးလုံးကို အန်ထုတ်ပေးလာခဲ့သည်။
"ဒါက ဘာလဲ"
"သုံးရောင်ခြယ် ဆေးလုံး။ လတ်ဆတ်နေတုန်း စားလိုက်"
"မင်း ကံကောင်းသွားတယ်။ မဟုတ်ရင် ငါ့အီးအီးတွေပါ ရောကုန်တော့မယ်"
ကြယ်ပြာက ညည်းညူရင်း ပြောနေစဥ် လနီမှာ ပြောင်စပ်စပ် ပြုံးနေသည်။
ယွမ်ရှောင်က တစ်ချက်မဲ့ကာ ဆေးလုံးကို သန့်စင်အောင် ဆေးကြောပြီးမှ မြိုချလိုက်ရသည်။ ၎င်းက သာမန်ကောင်းကင်တာအိုဆေးလုံးများထက် သိသိသာသာ ပို၍ အစွမ်းထက်ကာ ဒန်တန်တစ်ခုလုံး အရောင်များ တောက်ပလာပြီး ချီစက်ဝန်း အဆင်မပြတ် လည်ပတ်ကျယ်ပြန့်လာကာ တာအိုနှလုံးသားကို တည်ငြိမ်အောင် ထိန်းသိမ်းပေးထား၏။ ကောင်းကင်ရုံးတော်သို့ ရောက်ပြီး သုံးရက်အတွင်း သူက ယန်နယ်ပယ် နောက်ပိုင်းအဆင့်သို့ ရောက်ရှိသွားကာ အခြားသူများနှင့် ယှဥ်လျှင် ထူးကဲသော အမြန်နှုန်းပင်။ ဤနှုန်းဖြင့် ဆိုလျှင် ရက်အနည်းငယ်အတွင်း အင်မော်တယ်နယ်ပယ်သို့ ရောက်သွားနိုင်သော်လည်း ကံဆိုးသည်မှာ တစ်နှစ်လစာ အကုန်ပြောင်သွားခြင်း ဖြစ်သည်။
ပိုက်ဆံရှာရမည့် အချိန်ရောက်ပြီ ဖြစ်၍ သူက အခန်းအောင်းနေရန် စိတ်မပါတော့သဖြင့် တံခါးဖွင့်၍ အပြင်ထွက်လာခဲ့သည်။ ထိုအချိန်တွင် အလွန်ချောမောသော ယောကျ်ားတစ်ယောက် ရောက်ရှိလာကာ ကာကွယ်သူအရာရှိ လျူချောင် ဖြစ်နေပြီး ခန့်မှန်းရခက်ခဲသော မျက်နှာထားဖြင့် အမိန့်ပေး၏။
"လုယောင် ငါနဲ့ လိုက်ခဲ့"
ယွမ်ရှောင်က စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်၍ လိုက်ပါသွားစဥ် အခြားအခန်းများ ပွင့်လာပြီး စူးစမ်းချင်သော မျက်နှာများ ထွက်ပေါ်လာသည်။ စင်္ကြံလမ်းများကို ဖြတ်သန်းပြီးနောက် အစောင့်အရှောက်ခန်းမ ဟူသော နေရာတစ်ခုသို့ ရောက်လာကာ သူတို့ နှစ်ဦး ဝင်ရောက်သွားသည်နှင့် တပြိုင်နက် တံခါးကြီးက ဝုန်းခနဲ ပိတ်သွား၏။ အတွင်း၌ တောင်ကြီးများပမာ မြင့်မားသော တစ်နေရာတွင် ပုံရိပ်နှစ်ခု ထိုင်နေပြီး သခင်ကြီးလုနှင့် ဇနီးသည်တို့ ဖြစ်လေသည်။
အပိုင်း ၅၂၆ - ပထမဆုံး တာဝန်
"သခင်ကြီးလု၊ လုယောင် သတင်းပို့ပါတယ်"
ယွမ်ရှောင်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်ပြီး လျူချောင်သည် ဘေးတွင် ရုပ်တုတစ်ခုကဲ့သို့ ရပ်နေသည်။
"မင်း စိတ်လှုပ်ရှားနေစရာ မလိုဘူး။ သခင်ကြီးလုက နတ်ဆိုး လိုဏ်ဂူမှာ ကျင်းပခဲ့တဲ့ စီရင်သူ စစ်ဆေးပွဲ၊ နောက်ဆုံး စမ်းသပ်မှု အကြောင်း မေးချင်ရုံ သက်သက်ပါ။ ဝင်ရောက်ယှဉ်ပြိုင်သူ အားလုံး ဒီနေရာကို ရောက်လာရတယ်"
"နားလည်ပါတယ်"
ယွမ်ရှောင်က ခေါင်းညိတ်ပြီး အယောင်ဆောင်ထားသူ တစ်ယောက် ဖြစ်ကြောင်း သူကိုယ်တိုင် သိသကဲ့သို့ သခင်ကြီးလုလည်း သိနေသဖြင့် သမီးဖြစ်သူ နတ်ဆိုး လိုဏ်ဂူ၌ တိုက်ဆိုင်စွာ ပျောက်ဆုံးသွားခဲ့သောအခါ သခင်ကြီးလုသာ သံသယ မဝင်လျှင် တကယ့် အံ့သြစရာ ဖြစ်ပေလိမ့်မည်။
တိတ်ဆိတ်ငြိမ်သက်နေသော ခန်းမကြီးတွင် သခင်ကြီးလုသည် ယွမ်ရှောင်ကို ခေါင်းအစ ခြေအဆုံး ကြည့်ရှုပြီး ပြောသည်။
"ဆယ်စုနှစ်တစ်ခု ကြာပြီးနောက် ပျောက်ဆုံးနေတဲ့ သားဖြစ်သူ ပြန်ရောက်လာပြီး စီရင်သူ တစ်ယောက် အောင်မြင်စွာ ဖြစ်လာခဲ့ပြီ။ စံအိမ်တော် သခင်ကြီး တစ်ယောက် အနေနဲ့ မင်းရဲ့ မိခင်ကို ဂုဏ်ပြုစကား ဆိုဖို့ မေ့သွားတယ်။ အချိန်ရရင် ငါ့ရဲ့ တောင်းပန်တာကို ပြောပေးပါဦး"
"သခင်ကြီးက အလွန်အမင်း ဂုဏ်ပြုလွန်းနေပါပြီ။ ရှောင်လုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကို အမေလည်း အရမ်း စိတ်ပူနေခဲ့တာပါ"
"မနေ့က နတ်ဆိုး လိုဏ်ဂူထဲမှာ ရှိနေတုန်း မင်း ရှောင်လုကို မြင်ခဲ့မိသလား"
သခင်မကြီးက မေးလိုက်သည်။
ယွမ်ရှောင်က ခေါင်းခါပြီး "မမြင်မိပါဘူး" ဟု ဖြေသည်။
"ယွမ်ကန်က မင်းကို ချော်ရည်ထဲ တွန်းချလိုက်တုန်းက ဘယ်လို အသက်ရှင် လွတ်မြောက်ခဲ့တာလဲ"
"ကျွန်တော့်ဆရာက အကာအကွယ် ဝတ်စုံ၊ ရွှေချည်မျှင် ဝတ်ရုံတစ်ထည် ပေးထားလို့ပါ"
"လျူမူလား"
လျူချောင်က ယွမ်ရှောင်ကို လှမ်းကြည့်လာသောအခါ သူ ခေါင်းညိတ်ပြသည်။
သခင်ကြီးလုနှင့် ဇနီးက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးနောက် သခင်ကြီးလု လက်ဝှေ့ယမ်းလိုက်ပြီး အမိန့်ထုတ်၏။
"လျူချောင်၊ သူ့ကို လိုက်ပို့ပေးလိုက်ပါ"
"ဟုတ်ကဲ့"
"ဒါဆိုရင် သွားခွင့်ပြုပါဦး"
သူတို့က အစောင့်အရှောက် ခန်းမမှ အတူ ထွက်လာကြသည်။
"မင်း အပြန်လမ်း သိလား၊ ဒါမှမဟုတ် ငါ လိုက်ပို့ပေးရမလား"
"ကျွန်တော် လမ်းသိပါတယ်"
လျူချောင်က သူ၏ပခုံးကို ပုတ်လိုက်ပြီး အကြည့်များ ရုတ်တရက် အေးစက်သွားကာ ခြိမ်းခြောက်သည်။
"သတိပေးစကား တစ်ခွန်း ပြောရရင်၊ မင်းနဲ့ မင်းအစ်ကိုက ငါ့ညီမနဲ့ ဝေးဝေးမှာ နေစေချင်တယ်"
"ဘာ အကြောင်းပြချက်နဲ့လဲ"
ယွမ်ရှောင်က တည်ငြိမ်စွာ မေးလာသောကြောင့် သူ ခေတ္တ တိတ်ဆိတ်သွားသည်။ သူ့ကို ဤလေသံမျိုးနှင့် ပြန်ပြောမည်ဟု မထင်ထားခဲ့ပေ။
"မင်း သိပ်ဉာဏ်မကောင်းဘူးပဲ၊ ဟုတ်တယ်မလား"
ထိုစကားတစ်ခွန်းသာ ပြောပြီးနောက် သူသည် အခြား ဦးတည်ရာသို့ ထွက်သွားတော့သည်။
အစောင့်အရှောက် ခန်းမ အတွင်း၌ သခင်ကြီးလုသည် ထွက်ခွာသွားသော ယွမ်ရှောင်၏ ပုံရိပ်ကို ကြည့်ပြီး အေးစက်စွာ ပြောသည်။
"ရှောင်လုကို အဲဒီကောင် သတ်လိုက်တာဆိုတာ ၈၀ ရာခိုင်နှုန်း သေချာတယ်"
"ဒါဆို ဘာလို့ စောင့်နေတာလဲ။ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်လိုက်ကြစို့။ တခြား ဘယ်လိုသေခြင်းမျိုးထက်မဆို ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ သေခြင်းမျိုးနဲ့ သေပါစေ။ ပြည်သူတွေရဲ့ ထောက်ခံမှု ရှိနေရင်တောင် သာမန် စီရင်သူ တစ်ယောက်ကို သတ်ဖို့ ငါတို့က တွန့်ဆုတ်နေရမှာလား"
သခင်မကြီး၏ မျက်နှာသည် လက်ရန်းကို ဆုပ်ကိုင်ထားရင်း ဒေါသကြောင့် ရှုံ့မဲ့နေပြီး အသံမှာ အေးစက်နေသည်။
"ပြည်သူတွေဆိုတာ ခဏတာ စိတ်ခံစားချက်တွေ နောက်ကို လိုက်တတ်ကြတာမို့ မေ့လွယ်တယ်။ အကြောင်းရင်း မရှိဘဲ ပျောက်ဆုံးသွားသူတွေ အများကြီး ရှိတာပဲ။ ရက်နည်းနည်းလောက်နေရင် သူတို့က သူ့ကို မေ့သွားကြမှာပါ။ ဒါမှမဟုတ် သူတို့ အာရုံပြောင်းသွားအောင် ရှင် တခြား ပဋိပက္ခ တစ်ခုခုကို လှုံ့ဆော်ပေးလိုက်ပေါ့"
"ငါတို့ အရမ်း လောလို့ မဖြစ်ဘူး။ ဒီကိစ္စမှာ ပိုကြီးမားတဲ့ အရာတစ်ခု ပါဝင်နေတယ်"
"ရှင် ဘာကို ဆိုလိုတာလဲ"
"မင်း မထူးဆန်းဘူးလို့ မထင်ဘူးလား။ လုယောင် သေဆုံးသွားပြီလို့ ယူဆထားတာ ဆယ်နှစ်ရှိပြီ။ သူ့အမေနဲ့ အစ်ကိုကလွဲလို့ ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြဘူး။ ဒီအယောင်ဆောင်ကောင် ရုတ်တရက် ပေါ်လာပြီး နောက်ခံလည်း မရှိဘဲ သမီးကို ပစ်မှတ်ထားပြီး ငါ့ကို ရန်စရဲတယ်"
သခင်ကြီးလုက ပြောရင်း ခေါင်းခါလိုက်သည်။
"ရှင် ဆိုလိုတာက တစ်ယောက်ယောက် ရှင့်ကို ထောင်ချောက်ဆင်နေတာ ဖြစ်နိုင်တယ်ပေါ့။ ရှင့်ကို ကျော့ကွင်းမိစေဖို့ လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်ကို အသုံးချဖို့ ကြိုးစားနေတာလား"
သူမ၏ မျက်နှာ တင်းမာသွားသည်။
"မြို့စား ကျန်းသာ ရာထူးတိုးသွားရင် ငါက နောက်ထပ် ဖြစ်လာမယ့် မြို့စားပဲ။ ဒါပေမယ့် လျူမိသားစု က ကောင်လည်း အတူတူပဲ။ ကောင်းကင်အုပ်စိုး အင်မော်တယ် အိမ်တော်က သူတို့နယ်မြေ။ အပြစ် တချို့က သေးငယ်ပေမယ့် ချဲ့ကားလိုက်ရင် လူထု အုံကြွမှု ဖြစ်စေနိုင်ပြီး အရေးကြီးတဲ့ အချိန်တွေမှာ ဆုံးဖြတ်ချက်ကို ထိခိုက်စေနိုင်တယ်"
"လျူမိသားစုက ငါတို့နဲ့ ကစားဖို့ လူသစ်တစ်ယောက်ကို လွှတ်လိုက်တာလား"
"အတိအကျပဲ။ ငါတို့သာ အခု စိတ်လိုက်မာန်ပါ လုပ်လိုက်ရင် ဟိုဘက်က လူထုအမြင်နဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ အသင့်ပြင်ထားမှာ သေချာတယ်"
သခင်ကြီးလုက ခံစားချက်မပါဘဲ ဆက်ပြောသည်။
"ရှောင်လုက ငယ်ငယ်ရွယ်ရွယ်နဲ့ ငါတို့ဆီကနေ အသတ်ခံလိုက်ရတာ။ ဒီဆုံးရှုံးမှုကို ဘယ်လိုလုပ် မျိုသိပ်ထားနိုင်မှာလဲ"
"ချစ်ဇနီး၊ မင်းရဲ့ မိသားစု အဆက်အသွယ်တွေကို သုံးပြီး တစ်ခုခု တောင်းဆိုဖို့ ကြိုးစားပေးနိုင်မလား?
သခင်မကြီးက ခဏတာ ရပ်တန့်သွားပြီးနောက် မေးလိုက်သည်။
" တက်လှမ်းခြင်း ရေကန်က သက်တော်ရှည် အင်မော်တယ် အကြောင်း ပြောနေတာလား"
"ဟုတ်တယ်။ သူက ဂူကောင်တွေ မွေးမြူရာမှာ ဆရာတစ်ဆူပဲ"
သခင်ကြီးလုက ရှေ့တိုးပြီး တီးတိုးပြောလိုက်၏။
"လူတွေကို အမှန်တိုင်း ပြောထွက်အောင် လုပ်နိုင်တဲ့ အမှန်တရား ဂူတစ်ကောင် တောင်းချင်တယ်။ အဲဒါရှိရင် ငါတို့ ဒီအခြေအနေကို ဖြိုခွင်းနိုင်လိမ့်မယ်။ ရှောင်လုအတွက် ကလဲ့စားချေရုံတင် မကဘူး၊ လျူအိမ်တော်ကို ဖြုတ်ချဖို့ပါ ဒီအခွင့်အရေးကို အသုံးချနိုင်မယ်"
"ဂူပိုးကောင်တွေက တန်ဖိုးဖြတ်မရဘူး။ ဒါ့အပြင် သက်တော်ရှည် အင်မော်တယ်က ကောင်းကင်ရုံးတော်ရဲ့ အဆင့် ၂ ကောင်းကင်အရာရှိ တစ်ယောက်ပဲ။ ငါတို့ အဆက်အသွယ်က အဲဒီလောက် မသန်မာဘူး"
"ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။ ရသမျှ အကုန် သုံးရမှာပဲ။ ရှောင်လု အတွက် မင်း ကိုယ်တိုင် သွားရမယ်"
သူက သခင်မကြီး၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများ စိတ်ပြင်းပြစွာ တောက်လောင်နေသည်။
"ကောင်းပါပြီ။ ကျွန်မ တာဝန်ယူပါမယ်"
သူမက သက်ပြင်းချ၍ မတ်တပ်ရပ်ကာ တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာသွားသည်။
သခင်ကြီးလုက ကုလားထိုင်ပေါ် ပြန်မှီချလိုက်ပြီး ပခုံးအနည်းငယ် တွန့်ကာ၊ ကောက်ကျစ်ပြီး အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
ယွမ်ရှောင်က လေအိမ်တော်သို့ ရောက်သည်နှင့် တံခါးဝတွင် စီရင်သူ တစ်ဦးက ပြောလာသည်။
"လုယောင်၊ ဒုတပ်မှူး ချန်ဖုန်း မင်းကို ရှာနေတယ်"
"သူ ဘယ်မှာလဲ"
ဤနေရာတွင် လူတိုင်း အဆင့် ၉ စီရင်သူများ ဖြစ်ကြသော်လည်း အာဏာကွဲပြားမှုများ ရှိနေသေးပြီး ဥပမာအားဖြင့် လုချန်ဖုန်းသည် စီရင်သူ ၁၀၀ ကျော်ကို ကွပ်ကဲပြီး တပ်မှူးဟောင်း ယွမ်ကန်း၏လက်အောက်ခံ ဒုတပ်မှူးလည်း ဖြစ်၏။
"မင်းရဲ့ ကျင့်ကြံခြင်းအခန်းထဲမှာ"
"ကောင်းပြီ"
ယွမ်ရှောင် ပြန်ရောက်သောအခါ ကျင့်ကြံခြင်းအခန်း တံခါး ပွင့်နေသည်ကို တွေ့လိုက်ရပြီး ဝင်သွားရာ လုချန်ဖုန်း သာမက အခြား လေးယောက်ကိုပါ တွေ့လိုက်ရသည်။
လေပြေအဆောင်ရှိ အခြား စီရင်သူများအကြောင်း အကျဉ်းချုပ် ဖတ်ရှုခဲ့ဖူးသဖြင့် သူ ထိုလူများကို မှတ်မိသည်။ သူတို့အနက် အရပ်အရှည်ဆုံးမှာ ကျောက်ချန် ဖြစ်ပြီး စီရင်သူအဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကာ မကြာခင်ကမှ ရာထူး အတည်ပြု ခန့်အပ်ခံရ၍ ယခု တရားဝင် စီရင်သူ တစ်ယောက် ဖြစ်လာ၏။ ကျန်သုံးယောက်မှာ ယွမ်ရှောင် ကဲ့သို့ပင် အစမ်းခန့် စီရင်သူများ ဖြစ်ကြသော်လည်း ကောင်းကင်အုပ်စိုး အင်မော်တယ် စံအိမ်တော်၌ ရှိနေခဲ့ကြပြီး လုပ်သက်အနည်းဆုံးမှာ ၂နှစ် ဖြစ်သည်။
ကျောက်ချန် အပြင် ကျန်သုံးယောက်မှာ ချီယု၊ ကုယွမ် နှင့် စွန်းရှောင်ချီတို့ ဖြစ်ကာ ချီယုနှင့် ကုယွမ်သည် တရားဝင် လက်ထပ်ပြီးသား ချစ်သူများ ဖြစ်၍ ချောမောလှပပြီး စစ်မှန်သော လက်တွဲဖော်များအလား လိုက်ဖက်ညီလှသည်။ ယွမ်ရှောင်မှလွဲလျှင် အငယ်ဆုံးဖြစ်သော စွန်းရှောင်ချီမှာ မိန်းကလေး တစ်ဦးဖြစ်ပြီး စီရင်သူ သံချပ်ကာအောက်မှ ဖောင်းကစ်နေသော ပါးမို့မို့လေးများက သူမကို ရိုးရိုးအအနှင့် ချစ်စရာကောင်းသည့်ပုံ ပေါက်စေသည်။
"လူစုံပြီလား။ ဒီကိုလာ၊ တာဝန်တစ်ခု ရှိတယ်"
လုချန်ဖုန်းက လေးနက်စွာ ပြောသည်။
"ငါတို့ သတင်းပို့ချက် တစ်ခု ရထားတယ်။ ကောင်းကင်ပျံသန်းမြို့တော်ရဲ့ စီရင်ပိုင်ခွင့် နယ်မြေအတွင်း ဆန်ကျူလို့ခေါ်တဲ့ မြို့ငယ်လေးမှာ လူသတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတယ်။ သုံးရက်အတွင်းမှာ လူကိုးယောက် အသတ်ခံလိုက်ရပြီး အားလုံးက ပုံစံတူ အသတ်ခံရတာပဲ။ ဒေသခံ အာဏာပိုင်တွေ လက်လှမ်းမမီတော့လို့ ကောင်းကင်အုပ်စိုး အင်မော်တယ် စံအိမ်တော်က အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်။ ငါက စုံစမ်းစစ်ဆေးမှုကို တာဝန်ယူမှာဖြစ်ပြီး မင်းတို့ ငါးယောက်က အဖွဲ့တစ်ဖွဲ့ အနေနဲ့ ကွပ်ကဲမှုအောက်မှာ ချက်ချင်း လှုပ်ရှားရမယ်"
ကျင့်ကြံခြင်း၌သာ အာရုံစိုက်နေသော ယွမ်ရှောင် အတွက် ၎င်းက စိတ်ဝင်စားစရာကောင်းသော အပြောင်းအလဲ တစ်ခု ဖြစ်သော်လည်း အလုပ်ဝင်ပြီး မကြာခင်မှာပင် ကြီးမားသော အမှုတစ်ခု၌ ဆွဲထည့်ခံရခြင်းအတွက် ဖုံးကွယ်ထားသော ရည်ရွယ်ချက် အချို့ ရှိနေရမည်ဟု နားလည်သည်။
"ငါက ဆန်ဂျူမြို့ နဲ့ ပေါင်းစပ်ညှိနှိုင်းရေးကို အဓိက ကိုင်တွယ်မှာဖြစ်ပြီး၊ မင်းတို့ ငါးယောက်က စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ရမယ်။ လုယောင်၊ မင်းက အဖွဲ့ကို ဦးဆောင်ရမယ်။ အမှုကို ဖြေရှင်းနိုင်ရင် အမှတ် အများဆုံး ရလိမ့်မယ်။ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချ"
"တပ်မှူး ချန်ဖုန်း၊ ကျွန်တော် ကန့်ကွက်ပါတယ်။ ကျွန်တော် ငါးနှစ်လုံးလုံး ကြိုးစားလုပ်ကိုင်ခဲ့ပြီးမှ အခုပဲ အတည်ပြု ခန့်အပ်ခံရတာ။ ဘာလို့ သူ့အမိန့်ကို နာခံရမှာလဲ"
ကျောက်ချန်က မယုံနိုင်ဟန်ဖြင့် ချက်ချင်း စောဒကတက်လိုက်၏။
"ဘာလို့လဲဆိုတော့ သူက လုမိသားစုဝင် တစ်ယောက်ဖြစ်ပြီး စီရင်သူ စစ်ဆေးပွဲမှာ အမှတ် ထိပ်ဆုံးရောက်ခဲ့လို့ပဲ"
ကျောက်ချန်က ထိုစကားကြောင့် လက်သီး ဆုပ်လိုက်ပြီး နာကျည်းမှုကို မျိုသိပ်ထားရသည်။
"အဖွဲ့ထဲမှာ တရားဝင် စီရင်သူ တစ်ယောက် ရှိနေတာကို အစမ်းခန့် စီရင်သူ တစ်ယောက် ခေါင်းဆောင် ဖြစ်လာတာမျိုး အရင်က တစ်ခါမှ မရှိဖူးဘူး"
ချီယုက ပြောသည်။
"ပါးစပ်ပိတ်ထားစမ်း။ နောက်တစ်ခါ ထပ်ပြောရင် ဖြတ်ရိုက်ပစ်မယ်"
လုချန်ဖုန်းက သူတို့ကို စူးရဲစွာ စိုက်ကြည့်ပြီး ငေါက်ငမ်းလိုက်သောကြောင့် ခေါင်းငုံ့ထားရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"မြန်မြန်လုပ်ကြစမ်း။ ဓားယာဉ်တွေကို ယူပြီး ချက်ချင်း ထွက်ခွာကြ"