← Chapters

အခန်း (၅၃၁-၅၃၂)

Vol. 40 Ch. 531-532

အခန်း (၅၃၁-၅၃၂)

Vol. 40 Ch. 531-532

အပိုင်း ၅၃၁ - ဝိညာဥ် ပုံဖော်အဆင့်

လုချန်ဖုန်းက ယွမ်ရှောင်ကို သံသယ ဝင်နေသည့်တိုင် သတင်းအမှောင်ချထားသရွေ့ တောဥပဒေ အသက်ဝင်လာမည် ဖြစ်ကာ ကိစ္စများစွာ ပြီးမြောက်နိုင်ပေလိမ့်မည်။ မဟာတာအိုနယ်မြေတွင် အရာရာကို တင်းကြပ်စွာ စောင့်ကြည့်ကန့်သတ်ထားသဖြင့် သူ စိတ်တိုင်းကျ လှုပ်ရှားရန် မလွယ်လှရာ ဤကား အခွင့်အရေးကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ သူက ခြေရာဖျောက်ထားပြီး တရားမျှတမှန်ကန်သော စီရင်သူအဖြစ် ဟန်ဆောင်နေလျှင် မည်သူမျှ ပေါ်တင် ထိရဲမည် မဟုတ်ချေ။

"လုယောင် မင်း ဘာလုပ်နေတာလဲ"

သူက အိမ်ခေါင်မိုးပေါ်မှ ခုန်ချပြီး မြို့တံခါးထံ ထွက်လာသောအခါ လုချန်းဖုန်း၏ မေးခွန်းကို ရင်ဆိုင်လိုက်ရ၏။

"ကင်းလှည့်နေတာပါ။ လူသတ်သမားက အလောင်းတွေ ချိတ်ထားပြန်ပြီလား။ မင်းတို့သုံးယောက်ကို ထောင်ချောက်ဆင်ဖို့ ငါ ပြောမထားဘူးလား"

သူက ဟန်ဆောင်ကောင်းစွာဖြင့် မသိနားမလည်ဟန်ဆောင်ကာ အနားရှိ စွန်းရှောင်ချီကို မေးလိုက်သည်။

"ဘယ်သူတွေ သေသွားတာလဲ ကြည့်လိုက်ဦး"

ထိုစကားကြောင့် သူက အလောင်းများကို အနီးကပ် ကြည့်ပြီး ကျောချမ်းတုန်လှုပ်သွားသယောင် ဟန်ဆောင်လိုက်ပြန်သည်။

"လူခွဲခိုင်းတာ မင်း အကြံလား"

"လူသတ်သမားက ဒီလောက်အစွမ်းမယ်လို့ မထင်ထားဘူး"

"အသုံးမကျတဲ့ကောင် သူတို့ သေရတာ မင်းကြောင့်ပဲ"

လုချန်ဖုန်းက ဒေါသတကြီး ငေါက်ငမ်းရင်း မျက်လုံးများ ပြူးထွက်ကာ အရှိန်အဝါ ပြင်းထန်လွန်းသော ပုံရိပ်တစ်ခု ကြောက်မက်ဖွယ် ဖြစ်တည်လာ၏။ ၎င်းက ခမ်းနားထည်ဝါသော အစိမ်းရောင် လိပ်ကြီးတစ်ကောင် ဖြစ်၍ ယွမ်ရှောင်ထံ ပြေးဝင်လာသောအခါ အနားရှိ လူအားလုံး ထိတ်လန့်တုန်ရီသွားကြတော့သည်။

"ငါ့ကို စမ်းသပ်ချင်တာလား"

သူက စိတ်ထဲမှ လှောင်ရယ်ရင်း ရုန်းထီးကို ဆင့်ခေါ်၍ ကာကွယ်လိုက်သော်လည်း လိပ်ကြီး ဝင်တိုက်လိုက်သောအခါ ချက်ချင်း ပျက်စီး၍ အနောက်ရှိ အဆောက်အအုံထံ လွင့်ထွက်သွားစေသည်။

"အသက်တံဆိပ်က အစွမ်းထက်လို့ အင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်နိုင်ပေမယ့် ကျောက်ချန်ကို သတ်ရလောက်အောင်တော့ မဟုတ်ဘူး။ ဒါပေမယ့် နောက်ကွယ်က လူတွေ ပတ်သက်နိုင်ချေ ရှိတယ်"

အဖြေသိလိုက်ရသောအခါ လုချန်ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး အခြေတည်အဆင့် အင်မော်တယ်တစ်ယောက်ကို သတ်နိုင်မည်ဟု စွပ်စွဲရန် မဖြစ်နိုင်ချေ။ လုရှောင် ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားသော အဖြစ်ကြောင့် သူက တစ်ဖက်လူကို ခြိမ်းခြောက်မှုဟု သတ်မှတ်ကာ မျက်ကွယ်ရာ ခရီးစဥ်တွင် ရှင်းပစ်ရန် ရည်ရွယ်ထား၏။ သို့သော် စီရင်သူ သုံးယောက် မမျှော်လင့်ဘဲ အသတ်ခံလိုက်ရပြီး သူကိုယ်တိုင်ပင် ပြဿနာ တက်နေရ၏။

"ဒီကိစ္စအတွက် ကျုပ်မှာ တာဝန်ရှိပါတယ်။ လူသတ်သမားကို ဖမ်းဖို့ စစ်ကူ တောင်းလိုက်ကြမလား"

ယွမ်ရှောင်က အပျက်အစီးပုံကြားမှ တိုးထွက်လာ၍ လုချန်ဖုန်းထံ ခွင့်ပြုချက်တောင်းလိုက်သည်။

"မင်း ပါဝင်ပက်သတ်စရာ မလိုတော့ဘူး။ ဒီသုံးယောက်အတွက် ခေါင်းတလားတွေ စီစဥ်လိုက်။ တစ်ရက်အတွင်း ငါတို့က သေဆုံးသူအားလုံးအတွက် အဖြေရှာပေးမယ်"

လူပုံအလယ်တွင် စီရင်သူတစ်ယောက်ကို သတ်ပစ်ရန် မဖြစ်နိုင်သောကြောင့် လုချန်ဖုန်းက လက်ကာပြလိုက်ပြီး လုချန်ကို ညွှန်ကြား၏။

"စစ်ကူလာမှာလား။ ကျွန်မတို့ ဘာဆက်လုပ်ရမလဲ ဒုတပ်မှူး"

စွန်းရှောင်ချီက အလိုက်ကမ်းဆိုးမသိဘဲ ဝင်မေးလိုက်ခြင်း ဖြစ်သည်။

"လူသတ်သမားကို မရှာနိုင်ရင် ကိုယ့်ဘာသာ ဆွဲကြိုးချသေလိုက်"

သူက အေးစက်စက် ငေါက်ငမ်း၍ ဆန်ဂျူမြို့၏ အင်အားများနှင့်အတူ ထွက်ခွာသွားတော့သည်။

"အခုထိ မိုးမလင်းသေးဘူး။ ငါတို့ကိစ္စ မရှိတော့ဘူးဆိုမှတော့ ထိုင်နေကြစို့"

သူမက ယွမ်ရှောင်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားကာ စိတ်ပျက်လက်ပျက် ရေရွတ်နေသည်။ ယနေ့အတွက် အလောင်းသုံးလောင်း ရှိနေပြီ ဖြစ်သော်လည်း ကြောက်ရွံ့နေဆဲပင်။

"လာ လာ ဒီနားမှာ ထိုင်။ လူသတ်သမားရဲ့ ဓားမြှောင်က ကြောက်စရာကောင်းတယ်။ ဓားကျင့်ကြံသူတွေက တကယ် စိတ်ပျက်စရာကောင်းလိုက်တာ"

သူမက အမှန်တကယ်ပင် ကောက်ကျစ်ယုတ်မာသော အသိုင်းအဝိုင်းနှင့် ကွဲထွက်နေကာ ရိုးသားဖြူစင်ပုံရ၏။

"ဘာလို့ ကြက်ကင်နံ့ ရနေတာလဲ"

"ငါ နည်းနည်း စားထားလို့ပါ"

"သြော်"

ယွမ်ရှောင်က ရယ်မော၍ ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ စကားဆက်သည်။

"ဒုတပ်မှူးက တကယ် အစွမ်းထက်တာပဲ။ အနှစ်သာရ ပုံဖော်အဆင့်ကို ရောက်နေပြီလား"

"ဒါပေါ့။ သူက တပ်မှူးဖြစ်ကာနီးပြီဆိုတော့ ငါတို့လို ဝိညာဥ်ပုံဖော်အဆင့်ထက် သေချာပေါက် ပိုသန်မာတယ်"

သူမက အားကျဟန်ဖြင့် ပြောလိုက်သည်။

အင်မော်တယ်ဆိုသည့် အဆင့်အတွင်း ကွဲပြားခြားနားပြီး ပထမအဆင့်မှာ မူလဝိညာဥ်ကို ပုံဖော်၍ ခန္ဓာကိုယ်အပြင်ဘက်သို့ ခွဲထုတ်ခြင်း ဖြစ်၏။ သေမျိုး ကျင့်ကြံဆင့်များသည် ခွန်အားကို အုတ်မြစ်ချပေးပြီး တာအိုနှလုံးသား အဆင့်တွင် မူလဝိညာဥ်အတွက် လမ်းဆင်းပေးကာ အင်မော်တယ် ဖြစ်လာလျှင် ၎င်းကို ပြုစုပျိုးထောင်ရန် ရည်ရွယ်၏။ ပုံဖော်နိုင်သော မူလဝိညာဥ်သည် ပတ်ဝန်းကျင်နှင့် တုံ့ပြန်နိုင်ကာ အပြောင်းအလဲများစွာ ယူဆောင်လာပေးနိုင်သည်။ အနှစ်သာရ ပုံဖော်အဆင့်တွင် လုချန်ဖုန်းကဲ့သို့ ဝိညာဥ် အစောင့်အရှောက်ကို ဆင့်ခေါ်၍ တိုက်ခိုက်နိုင်ပေလိမ့်မည်။ လိပ်သဏ္ဍာန် ပုံဖော်နိုင်ခြင်းမှာ ဘိုးဘေးများနှင့် ဆက်နွယ်ပြီး မည်သည့်ပုံသဏ္ဍာန် ထွက်ပေါ်လာမည်ဆိုသည်က တစ်ယောက်ချင်းစီ၏ မျိုးရိုးစဥ်ဆက်အပေါ် မူတည်၏။ လုမိသားစု၏ သမိုင်းတွင် လိပ်ဝိညာဥ် အင်မော်တယ် ဘိုးဘေးတစ်ယောက် ရှိခဲ့ဖူးပြီး အဆင့်တစ်ခုထိ မြင့်မားသောကြောင့် နောက်မျိုးဆက်များအထိ လက်ဆင့်ကမ်းနိုင်ခြင်းပင်။ အနှစ်သာရ ပုံဖော်အဆင့်ဆိုသည်မှာ ဘိုးဘေးတစ်ယောက်၏ ဝိညာဥ်ကို ဆင့်ခေါ်၍ မူလဝိညာဥ်နှင့် ပေါင်းစပ်ကာ တိုက်ခိုက်စေခြင်း ဖြစ်သည်။ ဤအချက်ကြောင့် မဟာတာအိုနယ်မြေသည် မျိုးရိုးနှင့် သွေးစည်းမှုကို တန်ဖိုးထားကြပြီး မိသားစုကြီးများ ကြီးပွားတိုးတက်နေရသည့် အကြောင်းအရင်းပင်။

"ငါလည်း တစ်နေ့တော့ သူ့လို အဆင့်မျိုး ရောက်ချင်တယ်။ တိုက်ခိုက်ရေးစွမ်းအား အများကြီး တိုးလာလိမ့်မယ်"

"နင်ကတော့ အနှစ်သာရ ပုံဖော်အဆင့်ကို စိတ်ကူးယဥ်နေတယ်။ ငါကျတော့ အင်မော်တယ်တောင် မဖြစ်လာသေးဘူး"

ယွမ်ရှောင်က သက်ပြင်းချကာ ညည်းညူပြလိုက်သဖြင့် စွန်းရှောင်ချီမှ အားပေးလာခဲ့သည်။

"ဒါပေမယ့် နင်က လုချန်ဖုန်းရဲ့ လိပ်ဝိညာဥ်ကို ကာကွယ်နိုင်ခဲ့တယ်လေ။ တကယ် အစွမ်းထက်ပါတယ်။ နည်းနည်းလောက် ပိုကြိုးစားလိုက်"

"ငါ တကယ် ကြိုးစားနေတာပါ။ ဝိညာဥ်ပုံဖော်အဆင့် အောင်မြင်ပြီး အင်မော်တယ် ဖြစ်လာချင်တယ်။ ဒါပေမယ့် ယန်နယ်ပယ်မှာ ပိတ်မိနေပြီး ဘာဆက်လုပ်မရလဲ မသိတော့ဘူး"

"ငါ့တုန်းကလည်း အတော်လေး ခက်ခဲတာပဲ။ နည်းလမ်းလေးတစ်ခု ပြောပြရမလား"

သူမက ခေါင်းကုတ်၍ အကူအညီပေးရန် ကမ်းလှမ်းသောအခါ ယွမ်ရှောင်လည်း ငြင်းပယ်ရန် အကြောင်းမရှိပေ။

"ကျေးဇူးပြုပြီး လမ်းညွှန်ပါဦး"

"အလကားတော့ မရဘူးနော်။ ကောင်းကင်ပျံသန်းမြို့တော်ကို ပြန်ရောက်ရင် အရက်မူးအင်မော်တယ် စားသောက်ဆိုင်မှာ တစ်နပ် ကျွေးရမယ်"

"ကောင်းပြီ။ သဘောတူတယ်"

"အရုဏ်တက်ချိန်က အကောင်းဆုံးပဲ။ ကောင်းကင်ကြီး မည်းမှောင်နေရာက လင်းလာပြီး ချီစွမ်းအား ဖြန့်ကျက်လာရင် ဝိညာဥ်ကို ပုံဖော်လိုက်"

သူမက စိတ်လိုလက်ရ ရှင်းပြပေးသည်။

"ဘယ်လိုလုပ်မရလဲ"

"ငါကတော့ အိပ်မက်လိုမျိုး သဘောထားလိုက်တယ်။ အိပ်ချင်မူးတူးအချိန်မှာ စိတ်လျှော့ပြီး ငါ လုပ်ချင်တာတွေ၊ သွားချင်တာတွေ၊ တွေ့ချင်တဲ့ လူတွေအကြောင်း တွေးနေခဲ့တာပေါ့။ ရက်အတော်ကြာအောင်လည်း အစာမစားဘဲ မျိုသိပ်ထားတယ်။ အတွေးတွေနဲ့ ရူးချင်ချင် ဖြစ်နေတုန်း ဆတ်ခနဲ တုန်ခါပြီး ငါ့ဝိညာဥ်က ကြက်ကင်ဆိုင်ကို ရောက်သွားတာပဲ"

သူမက ရှက်ရွံ့သွားဟန်ဖြင့် မျက်နှာလေး ရဲသွားသော်လည်း အမှန်အတိုင်း ပြောပြလိုက်၏။

"တကယ့်ကို ပြောင်မြောက်ပါပေတယ်"

ယွမ်ရှောင်က ဆွံ့အသွားသဖြင့် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေရာမှ သတိပြန်ဝင်လာသောအခါ လက်မထောင်ပြလိုက်လေသည်။

အပိုင်း ၅၃၂ - ဝိညာဥ် ခရီးသည်

စွန်းရှောင်ချီ၏ စကားမှ တဆင့် ယွမ်ရှောင်သည် ကိုယ်အပြင်သို့ ဝိညာဥ်ထွက်ခွာခြင်း နောက်ကွယ် သဘောတရားများကို နားလည်စပြုလာ၏။ စိတ်က ခန္ဓာတွင် ကိန်းအောင်းပြီး မူလဝိညာဥ်သည် လောကတစ်ခွင် သွားလာနိုင်ကာ ဒန်တန်အတွင်း ပိတ်မိနေလျှင် မဖြစ်နိုင်ချေ။ အလွန်ပြင်းထန်သော ဆာလောင်မှုကြောင့် စွန်းရှောင်ချီသည် အင်မော်တယ်လမ်းစဥ်တွင် ရှေ့ဆက်နိုင်ခဲ့ပြီး ရိုးရှင်းသော အတွေး၏ စွမ်းအားကို သက်သေပြနေသည်။ လူသားများသည် စိတ်ကို အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးစေကာ မသိလိုက်မသိဘာသာ ကိုယ့်ကိုကိုယ် ချည်နှောင်ထားမိလျက်သား ဖြစ်တတ်ကြသည်။

သူက အတွေးကို ရိုးရှင်းအောင် လုပ်ရန် အကြံတစ်ခု ရလာပြီး ထိုအခိုက်အတန့်တွင် အရာတစ်ခုတည်းသာ တွေးနေပေ၏။ မြို့တံခါးအပြင်ဘက်ရှိ ကျောက်ပြားတစ်ခုအထက်တွင် တင်ပျဥ်ခွေထိုင်ရင်း နယ်မြေဓာတ်လုံး၏ အလင်းရောင် ထွက်ပေါ်လာမည့် အရပ်သို့လည်း မျက်နှာမူထားသည်။ မျက်လုံးကို မှိတ်၊ အတွေးများ ထိန်းသိမ်း၍ လောကကြီးကို ဝိညာဥ်ဖြင့် အာရုံခံရန် ကြိုးစားကာ အာရုံငါးပါးအား ပိတ်ဆို့ထားလိုက်၏။ ထို့နောက် သူက တိမ်တိုင်းပြည်ရှိ နေ့ရက်များထံ ပြန်ရောက်သွားသယောင် ခံစားလိုက်ရပြီး မည်သည့်အရာက အတု အစစ်ဆိုသည်မှာ အရေးမပါတော့ပေ။ လောကကြီးကို မူလဝိညာဥ်ဖြင့် ကြည့်လိုက်သောအခါ စကြဝဠာတစ်ခုလုံး ဖန်ဆင်းရှင် အင်မော်တယ်အဖြစ် ပြောင်းလဲသွားသည်။

ယွမ်ရှောင်က ရုပ်ခန္ဓာကို သံခြေကျင်းအဖြစ် ရှုမြင်လိုက်သောအခါ လွတ်မြောက်လိုစိတ် ဖြစ်တည်လာပြီး ဆန္ဒတစ်ခု ပြင်းပြင်းထန်ထန် ထွက်ပေါ်လာ၏။ မူလဝိညာဥ်၏ မြင်ကွင်းတွင် ဒန်တန်သည်ပင် အကျဥ်းခန်းတစ်ခုနှင့် ဆင်တူနေပြီး ရုန်းကန်လိုက်သောအခါ ကြီးမားသော စိတ်ဆန္ဒက မီးတောက်ကြီးအလား တစ်ကိုယ်လုံး တောက်လောင်သွားသည်။

မူလဝိညာဥ်သည် လက်ခံသူဖြစ်သော ဖန်ဆင်းရှင် အင်မော်တယ်၏ ရုပ်ခန္ဓာကို စောင့်ကြည့်နေပြီး သူကိုယ်တိုင်မှာ ယွမ်ရှောင် ဖြစ်သောကြောင့် အင်မော်တယ်လမ်းစဥ်အား ကိုယ်တိုင် ရှုမြင်ချင်လာ၏။ နယ်မြေဓာတ်လုံး၏ ချီများက မြင်းဇောင်းမှ လွတ်လာသော မြင်းများပမာ တဟုန်ထိုး ထွက်ပေါ်လာသကဲ့သို့ ခန္ဓာကိုယ်အပေါ် ဖြာကျလာသောအခါ မည်သည့်အတွက်ကြောင့် အကောင်းဆုံးအချိန်အခါ ဖြစ်ကြောင်း သူ နားလည်သွားသည်။ မူလဝိညာဥ်သည် စကြဝဠာ၏ စစ်မှန်သော အလင်းရောင်ကို လမ်းပြမီးအိမ်အသွင်ဖြင့် မြင်လိုက်ရ၏။

"ထွက်စမ်း"

၎င်းသည် ပြင်းပြသော ရည်ရွယ်ချက်ဖြင့် မီးအိမ်ထံ ရူးသွပ်စွာ ပြေးဝင်သွားကာ အလွှာတစ်ခု စုတ်ပြဲသွားသကဲ့သို့ ခံစားနေရပြီး လောကသစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ အရုဏ်တက်ချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသောအခါ အရာရာ ပြန်လည် တည်ငြိမ်သွားပြီး ယွမ်ရှောင် ငုံ့ကြည့်လိုက်သောအခါ ကျောက်ပြားပေါ်ရှိ ကိုယ့်ကိုကိုယ် မြင်နေ၏။

"အောင်မြင်ပြီ"

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး လောကကြီးကို မူလဝိညာဥ်၏ ရှုထောင့်မှ မြင်နိုင်လာပြီဖြစ်သည်။ အတွေးတစ်ချက်ဖြင့် ဒန်တန်ထံ ဝင်ရောက်လိုက်သောအခါ ချီစက်ဝန်းနှင့် ပေါင်းစပ်သွားကာ ယခုမှစ၍ တိုက်ခိုက်ရေးစွမ်းအားတွင် ဝိညာဥ်ကိုလည်း ထည့်သွင်းရပေလိမ့်မည်။ ၎င်းက ထိန်းချုပ်ရ ပိုမိုလွယ်ကူလာကာ ချီကို စုပ်ယူရာတွင် ပိုမို လျင်မြန်၍ အစီအရင်များ၊ ရတနာများနှင့် အသက်တံဆိပ်များ ကိုင်တွယ်ရာ၌ ပို၍ ချောမွေ့လာစေသည်။ ဤအချက်သည် ခွန်အား အဆမတန် တိုးလာခြင်း မဟုတ်သော်လည်း အင်မော်တယ်တစ်ယောက်အတွက် တစ်သက်စာ တိုးတက်မှု ဖြစ်ကာ မကျော်ဖြတ်နိုင်သရွေ့ အစစ်အမှန် အင်မော်တယ် ဖြစ်လာနိုင်မည် မဟုတ်ချေ။

လက်ရှိတွင် ဒန်တန်အတွင်း တာအိုနှလုံးသား၊ ချီစက်ဝန်းနှင့် မူလဝိညာဥ်သည် ဖိုခနောက်ဆိုင် တည်ရှိကာ ယန်နယ်ပယ်မှ အင်မော်တယ်အဖြစ် တက်လှမ်းခြင်းက တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ မတိုးမြှင့်ပေးနိုင်သော်လည်း မရှိမဖြစ် လိုအပ်သည့် အသွင်ပြောင်းလဲမှုပင်။

"ဒါက အင်မော်တယ်နဲ့ သာမန်ကျင့်ကြံသူအကြား ကွာခြားချက်လား"

"အင်မော်တယ်နဲ့ သေမျိုးဆိုတဲ့ အတွေးကို မေ့ထားလိုက်။ အင်မော်တယ်လမ်းစဥ်ဆိုတာ လှေကားတစ်ခု ဖြစ်ပြီး သီးခြား အရာမျိုး မဟုတ်ဘူး။ သေမျိုးနဲ့ အင်မော်တယ်က အပေါ်အောက် တည်ရှိနေတာလို့ မထင်နဲ့။ ကျင့်ကြံသူတိုင်းက ကွဲပြားပြီး တာအိုကပ်ဘေးအဆင့်တွေကိုသာ အထက်အောက် မှတ်ထားလိုက်"

ကြယ်ပြာက ရှင်းပြလိုက်ပြီး အတိုချုပ်ရလျှင် ယန်နယ်ပယ်နှင့် အင်မော်တယ်နယ်ပယ် ကွာခြားချက်မှာ တာအိုကပ်ဘေးအဆင့်များအကြား ခုန်ကူးခြင်းပင်။

"ဒါဆိုရင် မင်းပြောချင်တာက ငါ အခု အဆင့်တက်သွားပေမယ့် လှေကားထစ်တွေ ကျန်နေသေးတယ်ပေါ့"

ယွမ်ရှောင်က မေးခွန်းထုတ်သည်။

"အနည်းဆုံးတော့ မင်း အာကာသ အင်မော်တယ် ဖြစ်လာဖို့ အဝေးကြီး လိုသေးတယ်"

စကြာဝဠာ၏ အကန့်အသတ်မဲ့ ကျယ်ဝန်းမှုသည် နားလည်နိုင်စွမ်းထက် ကျော်လွန်ပြီး ခမ်းနားထည်ဝါသော လမ်းစဥ် ဖြစ်ကာ ယွမ်ရှောင်အတွက် နောက်ထပ် အစတစ်ခုပင်။ ဝိညာဥ် ပုံဖော်သော လုပ်ငန်းစဥ်ကို သူက ဖြည်းဖြည်းချင်း နားလည်လာကာ မကြာခင် ခန္ဓာကိုယ်နှင့် မူလဝိညာဥ် မျက်နှာချင်းဆိုင် ကြည့်နိုင်သည်အထိ တိုးတက်လာ၏။ မူလဝိညာဥ်တွင် ဖန်ဆင်းရှင် အင်မော်တယ်၏ ရုပ်သွင် ဖြစ်ကာ ခန္ဓာကိုယ်၌ ယွမ်ရှောင်၏ မျက်နှာ ထင်ဟပ်နေသည်။ သို့သော် မူလဝိညာဥ်သည် ပျက်စီးလွယ်သော အခြေအနေတွင် ရှိနေပြီး မကြာခဏ ထုတ်လျှင် အားနည်းစေကာ ခန္ဓာကိုယ်နှင့် ဝေးကွာလျှင် ပျောက်ကွာ်သွားပေလိမ့်မည်။

"ငါ့ဝိညာဥ်က သေမျိုး။ တိမ်တိုင်းပြည်ရဲ့ ဘိုးဘေးတွေက ကျင့်ကြံသူလို့တောင် သတ်မှတ်မရဘူး။ ဘယ်လိုမျိုးရိုးဗီဇ ပေါ်လာမှာလဲ"

ဤအတွေးက သူ့ကို ခေါင်းကိုက်စေပြီး ဝိညာဥ်ကို ဒြပ်ထု ဖွဲ့စည်းရန် အဆင့်မှာ မကြာခင် ရောက်ရှိလာပေလိမ့်မည်။ မူလဝိညာဥ်သည် နောက်ထပ် အာရုံတစ်ခု တိုးလာစေကာ အနားရှိ ရန်သူများ၊ အနံ့များနှင့် သဲလွန်စများ ရှာဖွေရာ၌ ပိုမို လွယ်ကူစေသည်။ သူက ၎င်းကို ပြန်လည် သိမ်းဆည်း၍ မတ်တပ်ရပ်လိုက်သောအခါ နတ်ဆိုးကိုယ်ပွား၊ သွေးကျွန်နှင့် နတ်ဆိုးဖြူတို့ကို ဤအကြောင်း ပြန်လည် သင်ကြားပေးရန် အတွေးပေါက်လာ၏။ သို့သော် ကောင်းကင်ရုံးတော်သည် နတ်ဆိုးများကို ခွင့်မပြုသောကြောင့် လနတ်သားနှင့် နတ်ဆိုးဖြူ လာခွင့် မရှိချေ။

"ဒီနေရာမှာ လူတိုင်းက ဖန်ဆင်းရှင်မျိုးစေ့ ရှိပေမယ့် ရဲရှင်းချန်နဲ့ လင်းချန်လောက်တောင် အားမကောင်းဘူး။ ငါရဲ့ နေကိုးစင်းဒန်တန်နဲ့ ကြယ်သွေးကြောတွေ တိုးတက်လာဖို့ ဒါတွေကိုပဲ စုပ်ယူရမယ် ထင်တယ်"

"တကယ်တော့ အဲ့တာတွေနဲ့ ယှဥ်နိုင်လောက်မယ့် မျိုးစေ့ တစ်ခု ရှိတယ်"

"ဘယ်သူလဲ"

ကြယ်ပြာက ရုတ်တရက် ပြောလာသဖြင့် ယွမ်ရှောင်၏ မျက်ဝန်းများ အရောင်တောက်သွားလေသည်။

All Chapters