အခန်း (၅၃၃-၅၃၄)
Vol. 40 Ch. 533-534
အပိုင်း ၅၃၃ - ဝိညာဉ် မျိုးစေ့
မေးခွန်း မေးလိုက်သည်နှင့် တပြိုင်နက် မည်သူဆိုသည်ကို ယွမ်ရှောင် ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။
"ကောင်းကင်ရုံးတော်ရဲ့ အကြီးမြတ်ဆုံး စစ်နတ်ဘုရား လုဖန်"
ကြယ်ပြာက အေးစက်စွာ ပြောလိုက်သည်။
"သူက ငါတို့ တွေ့ဖူးသမျှထဲမှာ ပထမဆုံး ဝိညာဉ် ဂုဏ်သတ္တိရှိတဲ့ မျိုးစေ့ ပိုင်ရှင်လား"
ယွမ်ရှောင် မျက်ခုံးပင့်လိုက်မိသည်။
"ဟုတ်တယ်၊ တကယ် ရှားပါးတယ်။ သူ့ရဲ့ ဝိညာဉ်က တကယ်တမ်း ဘာလဲဆိုတာ ငါ သိချင်နေမိတယ်။ အတော်လေး ထူးဆန်းတယ်လေ"
"ငါတို့ သူ့ကို ပြန်တွေ့ရဦးမှာပါ" ယွမ်ရှောင် ပြောလိုက်သည်။
ထိုလူ့အကြောင်း တွေးမိသောအခါ သခင်မစုယု၊ လုအန်းနှင့် လုယောင်တို့အကြောင်း ဆက်စပ်တွေးမိသွားပြီး သူ ခေါင်းခါလိုက်မိသည်။
"ချမ်းသာ ကြွယ်ဝလာပြီးမှ သားမယားကို စွန့်ပစ်တာ၊ ဘယ်လို ယောကျ်ားမျိုးက ဒီလိုလုပ်ရက်တာလဲ"
ထိုအကြောင်း ဆက်မတွေးတော့ဘဲ စွန်းရှောင်ချီနှင့် ပြန်လည် ပူးပေါင်းရန် လှည့်ထွက်လာခဲ့၏။
"ဘာများ ခံစားရသေးလဲ"
သူမက မေးလိုက်သည်။
"ငါ အောင်မြင်ပြီးပြီ။ ကောင်းကင်ပျံသန်းမြို့တော်ကို ပြန်ရောက်ရင် နင့်ကို ထမင်းတစ်နပ် ကျွေးပါ့မယ်"
"နင် ပုံဖော်တာ အောင်မြင်သွားပြီလား။ ဘယ်လိုလုပ်ပြီးလဲ။ ဘာကို တောင့်တလိုက်လို့လဲ"
သူမ ထိတ်လန့်သွားသည်။
"ငါက နှာဘူးလေ၊ ဒါကြောင့် အပြင်ထွက်ပြီး အလှပဂေးလေးတွေကို တွေ့ရဖို့ တွေးလိုက်တာ"
"သေနာကောင်"
သူမ၏ ရင်ဘတ်ကို ကာကွယ်ပြီး နောက်သို့ ဆုတ်လိုက်ရာ မျက်နှာတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်နေသည်။
"စိတ်အေးအေးထားပါ။ နင်က ဘေးကင်းပါတယ်"
"သွားစမ်းပါ"
ယွမ်ရှောင် နောက်နေမှန်း သူမ သိ၍ နှုတ်ခမ်းဆူပြီး စိုက်ကြည့်သည်။
အရုဏ်တက်လာ၍ ဆန်ဂျူမြို့ သည် သက်ဝင်လှုပ်ရှားလာသော်လည်း မြို့စောင့်တပ်များက လှုပ်ရှားနေကြပြီ ဖြစ်၍ ညကတည်းက မြို့ကို ပိတ်ထားလိုက်ပြီး ယခု မည်သူမျှ ထွက်ခွာခွင့် မရှိတော့ပေ။ မြို့သူမြို့သားများမှာ ရှုပ်ထွေးနေစဉ်မှာပင်၊ မြို့တံခါးဝတွင် စီရင်သူ သုံးဦး ကြိုးပေးခံထားရသည့် သတင်းကို ဖုံးဖိထား၍ မရတော့သဖြင့် တောမီးပမာ ပျံ့နှံ့သွားသည်။
ဤသို့ ကမောက်ကမ ဖြစ်နေချိန်တွင် လုချန်ဖုန်းအနေဖြင့် ရှေ့ထွက်ပြီး ပြည်သူများကို နှစ်သိမ့်ပေးရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။ ကောင်းကင်အုပ်စိုး အင်မော်တယ် အိမ်တော် အနေဖြင့် ဆန်ဂျူမြို့မှ လူသတ်မှုများကို အလေးထားကြောင်းနှင့် မကြာမီ စီရင်သူ အသစ်များ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သူ ကြေညာလိုက်ကာ နောက်တစ်နေ့ အရုဏ်မတက်ခင် တရားခံအစစ်ကို ဖော်ထုတ်ပြမည်ဟုပင် ပြည်သူများကို ကတိပေးလိုက်သေး၏။ ဆန်ဂျူမြို့သည် နောက်ဆုံးတွင် တည်ငြိမ်သွားသော်လည်း မျက်နှာပြင်အောက်တွင် မငြိမ်မသက် ဖြစ်နေဆဲပင်။
နေ့လယ်ခင်း၊ ချီစွမ်းအား အကြီးမားဆုံး အချိန်တွင် အင်မော်တယ် ကျောက်စိမ်းလက်ကျန် နည်းပါးနေသော ယွမ်ရှောင်သည် ကျင့်ကြံမှုကို ခိုင်မာစေရန် အကုန် အသုံးပြုလိုက်သည်။ မျှော်လင့်စောင့်စားနေသော စစ်ကူများလည်း ရောက်ရှိလာကြကာ ဓားယာဉ်များ ကောင်းကင်ကို ခွဲပြီး ဝင်ရောက်လာသံက သူ့ကို အနှောင့်အယှက် ဖြစ်စေ၏။ လုချန်ဖုန်းသည် သူတို့ဘက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်ရာ ယွမ်ရှောင်လည်း အခြေအနေကို ရိပ်မိပြီး ကြိုဆိုရန် စွန်းရှောင်ချီနှင့် သွားရောက် ပူးပေါင်းလိုက်သည်။ ဓားယာဉ် ၁၁ စင်း ကောင်းကင်မှ ဆင်းသက်လာပြီး ဆန်ဂျူမြို့ ရှေ့ရှိ ကျောက်သားရင်ပြင်ပေါ်တွင် နေရာယူလိုက်ကြပြီး တံခါးများ ပွင့်လာသောအခါ စီရင်သူ ၁၁ ဦး ထွက်ပေါ်လာပြီး နက်ရှိုင်းသော အရှိန်အဝါနှင့် အစွမ်းထက်သော အမူအရာများသည် လုချန် ဦးဆောင်သော ဆန်ဂျူမြို့မှ အရာရှိငယ်များကို လွှမ်းမိုးထားသည်။ ပြဿနာ အားလုံး၏ တရားခံဖြစ်သော လုချန်သည် ရောက်လာသူများကို တွေ့သောအခါ တင်းမာသွားသည်။
" ကျန်းလန်ယွဲ့ နဲ့ သူ့အဖွဲ့ပဲ"
စွန်းရှောင်ချီက ဤသို့ ရေရွတ်ပြီး ကြောက်ရွံ့စွာ နောက်ဆုတ်သွားသည်။ ထိုလူငယ်၏ အမူအရာသည် လုချန်ဖုန်းထက် ပိုမို ဖြောင့်မတ်ပုံ ရသော်လည်း မျက်လုံးများက ပို၍ အေးစက်ပြီး ဉာဏ်နီဉာဏ်နက်များကြောင်း ဖော်ပြနေ၏။ ကောင်းကင်ပျံသန်းမြို့တော် အုပ်ချုပ်သူ မျိုးရိုးနာမည်က ကျန်းဖြစ်သောကြောင့် ကျန်းလန်ယွဲ့သည် မြို့အုပ်ချုပ်သူ မိသားစုမှ ဖြစ်နိုင်ချေ များသည်။ ရာထူး အဆင့်အတန်း အရ သူသည် လုချန်ဖုန်းနှင့် တန်းတူဖြစ်သော်လည်း ခေါ်ဆောင်လာသူများက လုချန်ဖုန်းနှင့် ပါလာသော စီရင်သူ ၅ ဦးထက် သိသိသာသာ ပို၍ စွမ်းအားကြီးမားပြီး အများစုမှာ အခြေတည်အဆင့် အင်မော်တယ်နယ်ပယ်တွင် ရှိကာ အနှစ်သာရ ပုံဖော်ရန် နီးကပ်နေကြပြီ ဖြစ်၏။
"လန်ယွဲ့"
"ချန်ဖုန်း၊ အဆောင်ကနေတဆင့် ပြဿနာ အသေးစိတ်ကို ငါ အတော်လေး သဘောပေါက်ထားပြီးပြီ။ မင်းမှာ အစီအစဉ် ရှိပြီလား"
ကျန်းလန်ယွဲ့က ရှေ့တိုးလာပြီး ဆန်ဂျူမြို့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
လုချန်ဖုန်း ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီး ပြောသည်။
"သီးသန့်ဆွေးနွေးကြရအောင်"
ဤသို့ဖြင့် ယွမ်ရှောင်၊ စွန်းရှောင်ချီ နှင့် စီရင်သူ ၁၀ ဦးတို့သာ ထိုနေရာတွင် ကျန်ရစ်ခဲ့ကြသည်။
"မင်းတို့ နှစ်ယောက်က အားအနည်းဆုံးပဲ။ ဘယ်လိုလုပ် အခုထိ မသေသေးတာလဲ"
အမျိုးသမီး စီရင်သူ တစ်ဦးက ရယ်သံစွက်ကာ လှောင်ပြောင်လိုက်သည်။
"လူသတ်သမားက တစ်ညကို သုံးယောက်ပဲ သတ်တာလေ"
စွန်းရှောင်ချီက အနေရခက်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဒါဆို ဒီည မင်းအလှည့် ဖြစ်နိုင်တာပေါ့"
စီရင်သူများအကြားတွင် ရယ်သံများ ထွက်ပေါ်လာပြီး အတော်လေး သက်တောင့်သက်သာ ရှိနေပုံရသည်။
"မင်းက ကျောက်ချန်ရဲ့ အဖွဲ့ခေါင်းဆောင် နေရာကို လုယူလိုက်လို့ သူ ဒေါသထွက်ပြီး တစ်ယောက်တည်း ခွဲထွက်သွားရာကနေ အသတ်ခံလိုက်ရတာလို့ ငါ ကြားတယ်"
အမျိုးသမီး စီရင်သူက မေးသည်။
"ရာထူးကို ဒုတပ်မှူး ကိုယ်တိုင် ပေးခဲ့တာပါ"
ယွမ်ရှောင်က လေးနက်စွာ ပြန်ဖြေလိုက်သော်လည်း ရယ်သံများ ထပ်မံ ထွက်လာပြန်၏။
အဝေးတစ်နေရာတွင် လုချန်ဖုန်း၊ လုချန် နှင့် ကျန်းလန်ယွဲ့ တို့သည် တင်းမာသော မျက်နှာထားများဖြင့် ရပ်နေကြသည်။
"ချန်ဖုန်း၊ စီရင်သူ သုံးယောက် သေသွားပြီ။ တရားခံအစစ်ကို ဖမ်းမိရင်တောင်မှ အဆင့် ၈ ရာထူးတိုးဖို့ ထိခိုက်ဦးမှာပဲ"
ကျန်းလန်ယွဲ့က ခေါင်းခါရင်း ပြောလိုက်သည်။
"ဒီအခြေအနေ ရောက်မှတော့ အကောင်းဆုံး ဖြစ်အောင် ပြန်ပြင်ဆင်ဖို့ ကြိုးစားရုံကလွဲပြီး ဘာမှ လုပ်လို့ မရတော့ဘူး"
လုချန်ဖုန်းက သက်ပြင်းချသည်။
"ငါ့ကို အမှန်အတိုင်း ပြောစမ်း၊ ဟို ကိုးယောက်နဲ့ စီရင်သူ သုံးယောက်ကို သတ်တာ လူတစ်ယောက်တည်း လက်ချက်လား။ အမှန်အတိုင်း မပြောရင် ငါ မင်းကို ကူညီလို့ မရဘူး"
"မင်း ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ပြီး အခု တစ်ဖက်လူရဲ့ ကစားကွက်ထဲ ဝင်သွားပြီ ဆိုတာ ငါ သိတယ်"
ကျန်းလန်ယွဲ့က လုချန်ဖုန်းကို ရုတ်တရက် နားရင်းရိုက်လိုက်၏။
"သင်ခန်းစာ ယူစမ်း"
"ကျွန်မ အမှားပါ။ သခင်လေးက ကျွန်မကို ကူညီဖို့ ကြိုးစားပေးရုံ သက်သက်ပါ"
လုချန်က ကြောက်ရွံ့စွာ အလျင်အမြန် ဝန်ခံလိုက်ရသည်။
"အသုံးမကျဘူး။ အခုချိန်မှာ အပြစ်တင်နေလို့ ဘာမှ ထူးမှာ မဟုတ်ဘူး။ ငါ့ကို ပြော၊ မင်း သံသယရှိတဲ့သူ ရှိလား"
"လုယောင်"
လုချန်ဖုန်းက ယုံကြည်မှုရှိရှိ ပြောနေသဖြင့် ကျန်းလန်ယွဲ့နှင့် လုချန် နှစ်ယောက်စလုံး ခေတ္တ တန့်သွားပြီး အဝေးရှိ ယွမ်ရှောင်ထံ လှည့်ကြည့်လိုက်မိကြသည်။
"မင်း သေချာလို့လား"
"သူကိုယ်တိုင် စွမ်းရည် မရှိနိုင်ပေမယ့် နောက်ကွယ်မှာ သေချာပေါက် တစ်ယောက်ယောက် ရှိနေတယ်။ ပြီးတော့ အဲဒီလူက ငါ့ကို ဒုက္ခပေးဖို့ ကြံနေတာ"
"သက်သေမရှိဘဲ စီရင်သူ တစ်ယောက်အပေါ် အပြစ်ပုံချဖို့ ဆိုတာ ခက်ခဲတယ်"
" နှလုံးလောင်ကျွမ်း ဂူကောင်ကို မင်း ယူလာခဲ့လား "
"ငါ ယူလာခဲ့တယ်။ ကောင်းကင် ကျောက်စိမ်း အများကြီး ပေးလိုက်ရတယ်"
"ဘယ်လောက်လဲ။ ငါ မင်းကို အခု ပြန်ပေးမယ်
"နောက်မှ ရှင်းကြတာပေါ့။ မင်း အဲဒါနဲ့ ဘာလုပ်ဖို့ စိတ်ကူးထားတာလဲ"
"လုယောင်ကို ကျွေးလိုက်မယ်။ နှလုံးသား မီးလောင်ကျွမ်းသလို နာကျင်မှုကို မသေမချင်း ခံစားခိုင်းပြီး နောက်ကွယ်က လူ ထွက်လာအောင် ဖိအားပေးမယ်"
လုချန်ဖုန်းက အကြံပြုသည်။
"နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိတာ သေချာရဲ့လား"
ကျန်းလန်ယွဲ့က မေးခွန်းပြန်ထုတ်သည်။
"ငါ သေချာတယ်။ သူတစ်ယောက်တည်းဆိုရင် ကျောက်ချန်ကိုတောင် နိုင်အောင် တိုက်နိုင်မှာ မဟုတ်ဘူး"
"မင်း ဘာလို့ အဲဒီလောက် သေချာနေရတာလဲ"
"ဒီကိစ္စမှာ ငါ့ကို ယုံလိုက်စမ်းပါ"
လုယောင်သည် အဖွဲ့အစည်းတစ်ခုခု၏ ကျောထောက်နောက်ခံဖြင့် ရောက်လာသော အယောင်ဆောင် ဖြစ်ကြောင်း လုချန်ဖုန်း ထုတ်မပြောနိုင်သဖြင့် အာမခံလိုက်ရုံသာ ရှိ၏။
အမြဲ သတိကြီးသော ကျန်းလန်ယွဲ့က ခဏ တွေးပြီး ကောက်ချက်ချသည်။
"ဒါပေမယ့် နောက်ကွယ်က လူက ငါတို့ထက် ပိုစွမ်းအားကြီးနေပြီး မဖမ်းနိုင်ရင် ဘယ်လိုလုပ်မလဲ။ အဲဒါ အန္တရာယ် မများလွန်းဘူးလား"
"ငါတို့ သုံးယောက်စလုံးက အနှစ်သာရ ပုံဖော်နိုင်တယ်လေ။ ဒါလောက်ဆို လုံလောက်ပါတယ်ကွာ။ လုယောင်ကို အစီအရင်ထဲ ပစ်ထည့်ပြီး ငါတို့က လူလုံးထွက်မပြဘူး။ တစ်ဖက်လူက စွမ်းအားကြီးနေခဲ့ရင် ပုံရိပ်ဖမ်း စက်လုံးနဲ့ မှတ်တမ်းတင်ပြီး ကောင်းကင်အုပ်စိုး အင်မော်တယ် အိမ်တော်ကို ဖြေရှင်းခိုင်းလိုက်မယ်"
"အဲဒါ ဖြစ်နိုင်တယ်။ စွမ်းအားကြီး ပုဂ္ဂိုလ် ဖြစ်နေရင်တောင် မှုခင်းနေရာကို ဖိတ်ခေါ်မထားဘဲ ရောက်လာတာမို့လို့ ကျောက်ချန်ကို မသတ်ခဲ့လည်း သူတို့ကို အပြစ်ပုံချလို့ ရသေးတယ်"
ကျန်းလန်ယွဲ့က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
"အဲဒီလောက် ရှုပ်ထွေးမှာ မဟုတ်ပါဘူး။ သူတို့ကို ဖမ်းပြီး အမှုကို ပိတ်လို့ ရလောက်ပါတယ်"
"ဒါဆိုရင် လုယောင်နဲ့ ပတ်သက်တယ် ဆိုတာ မင်း တော်တော် သေချာနေတာလား"
ကျန်းလန်ယွဲ့ က သေချာစေရန် ထပ်မေးလိုက်သည်။
"သေချာတယ်"
"မင်းရဲ့ အကြောင်းပြချက်က…"
"ယောကျ်ားတစ်ယောက်ရဲ့ တိကျတဲ့ အာရုံခံစားမှုပဲ။ နောက်ကွယ်ကလူ ပေါ်မလာရင်တောင် လုယောင်ရဲ့ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်က စီရင်သူသုံးယောက် သေဆုံးစေခဲ့တာပဲ။ သူ့ကို နည်းနည်းလောက် အပြစ်ပေးတာ ဘာမှ မဖြစ်ဘူး မဟုတ်လား။ သူက နှလုံးလောင်ကျွမ်း ဂူကောင် ဘာလဲဆိုတာတောင် သိမှာ မဟုတ်ဘူး"
"ဒါဆို ဒီည ငါတို့ လှုပ်ရှားကြမလား။ ငါ အစီအရင်ကို ပြင်ဆင်ထားလိုက်မယ်"
တရားခံဖြစ်သော လုချန်လည်း ဤကိစ္စကို ဖြေရှင်းရန် အလွန် စိတ်အားထက်သန်နေ၏။
"ငါတို့က ဂူကောင်လည်း ဝယ်လာပြီးပြီဆိုတော့ လုပ်ကြတာပေါ့"
ကျန်းလန်ယွဲ့လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။
အပိုင်း ၅၃၄ - ငါက လူသတ်သမားပဲ
အချိန် တစ်ပတ်လည်သွားပြီး မင်ရည်ကဲ့သို့ မည်းနက်သော အမှောင်ထုသည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့သည်။ ဆန်ဂျူမြို့တွင် အင်မော်တယ်နယ်ပယ်၌ ကျင့်ကြံဆင့် တည်ငြိမ်အောင် လုပ်နေသော ယွမ်ရှောင်သည် ပျံသန်းလာသော အဆောင်တစ်ခုကို ဖမ်းယူလိုက်၏။ ၎င်းကို ရုန်းများဖြင့် စီရင်ထားကာ သတင်းစကားပို့ရာတွင် အသုံးပြုပြီး ကောင်းကင်အုပ်စိုးအိမ်တော်၏ စီရင်သူများ မကြာခဏ အသုံးပြုတတ်သော ရတနာတစ်မျိုး ဖြစ်သည်။ စွန်းရှောင်ချီလည်း အဆောင်တစ်ခု လက်ခံရရှိလိုက်ပြီး စာသားတစ်ကြောင်း ထွက်ပေါ်လာသည်။
"လူသတ်သမားကို အနောက်ဘက် တောင်တန်းမှာတွေ့တယ်။ စီရင်သူအားလုံး စုဝေးကြ"
သူမက အရေးတကြီး ဖြစ်နေဟန်ဖြင့် ယွမ်ရှောင်ထံ ပြေးလာသည်။
"ဒီလူသတ်သမားက အရမ်းကြောက်စရာကောင်းတယ်။ ငါတို့ မသွားဘဲ နေကြမလား"
ညအချိန်ရောက်မှ လူသတ်သမားကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သည်ဟူသော သတင်းကြောင့် ယွမ်ရှောင်၏ မျက်နှာ၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"မဖြစ်နိုင်ဘူး။ အဆောင်က ပေးပို့လာတဲ့ အမိန့်ကို မလွန်ဆန်ရဲဘူး"
"ကောင်းပြီ"
သူက ခေါင်းညိတ်၍ စွန်းရှောင်ချီနှင့် အတူ အမှောင်ထုအတွင်း ပြေးဝင်ကာ အလျင်စလို ပျောက်ကွယ်သွားသည်။
"နင်ပြောတာလည်း မှန်တော့ မှန်ပါတယ်။ ငါတို့ သွားရင်လည်း အပိုသက်သက် ဖြစ်နေလိမ့်မယ်။ နင့်ကို အဆင့်တက်နိုင်အောင် ငါ အကြံပေးခဲ့တယ်နော်။ ကျေးဇူးပြုပြီး ငါ့ကို ကာကွယ်ပေးပါ"
လမ်းတွင် သူမက ကြောက်လန့်နေသော မျက်နှာငယ်လေးဖြင့် တောင်းပန်လာသဖြင့် အမိန့်ကို မလွန်ဆန်ရဲလောက်အောင် ကြောက်လန့်နေသကဲ့သို့ လူသတ်သမားကိုလည်း စိုးထိတ်နေခြင်းပင်။
"စိတ်မပူနဲ့။ လှည့်ကွက်တစ်ခု သင်ပေးမယ်"
ဤသို့ဖြင့် သူက လူသတ်သမား အရေအတွက် သုံးဦးပြည့်အောင် သတ်ပြီးသည်အထိ ပုန်းအောင်းနေရန် ညွှန်ကြားလိုက်၏။ လမ်းတလျှောက်တွင် လူသူကင်းမဲ့နေကာ ဆန်ဂျူမြို့ ပတ်ဝန်းကျင်၌ လူပြတ်တတ်သော အနောက်ပိုင်း တောင်တန်းသို့ ရောက်ရှိလာကာ အမှောင်ထုကြောင့် သူမကို ပိုမို ကြောက်ရွံ့စေသည်။ သို့ရာတွင် အခြားစီရင်သူများလည်း ရောက်ရှိလာသောကြောင့် အနည်းငယ် စိတ်အေးသွားကာ အတွေးများနေလိုက်၏။
"လူသတ်သမား တစ်ယောက်တည်းကို စီရင်သူ ဒီလောက်အများကြီး ဝိုင်းဖမ်းမလို့လား။ တကယ်ကို ဘယ်သူများလဲ"
တောင်ထိပ်တစ်ခုအထက်တွင် ကျန်းလန်ယွဲ့ ၊ လုချန်ဖုန်းနှင့် လုချန်တို့ ရှိနေကြပြီး လုချန်၏ လက်ထဲတွင် ပုံရိပ်များ တဖြတ်ဖြတ် လှုပ်ရှားနေသည့် သံလိုက်အိမ်မြှောင်တစ်ခု ကိုင်ထားသည်။
"အစီအရင်ထဲကို စီရင်သူတွေ ဝင်လာကြပြီ။ စုစုပေါင်း ၁၂ယောက်၊ စွန်းရှောင်ချီနဲ့အတူ လုယောင်လည်း ပါတယ်"
"ဝင်္ကပါကို ဖွင့်ထားလား"
ကျန်းလန်ယွဲ့က မေးခွန်းထုတ်၏။
"ဖွင့်ထားပြီးပါပြီ။ အဝင်လွယ်ပြီး အထွက်ခက်တယ်။ နောက်ထပ် လူပိုတွေ ရောက်လာရင်လည်း ငါ ချက်ချင်း သိနိုင်တယ်"
"မှတ်ထားစမ်း။ နောက်ထပ် ကျူးကျော်လာသူရှိရင် ငါတို့ကို အကြောင်းကြားဖို့ တုံ့ဆိုင်းမနေနဲ့"
"စိတ်ချပါ။ ဒီအစီအရင်ကို နှစ်ပေါင်းများစွာကြာအောင် ထိန်းချုပ်ဖူးပါတယ်"
စီရင်သူအားလုံး ရောက်ရှိလာသောအခါ ကျန်းလန်ယွဲ့နှင့် လုချန်ဖုန်းသည် အစီအရင် ခင်းကျင်းထားသည့် တောင်ကြားအတွင်း ဆင်းသက်သွားကြ၏။
"လူသတ်သမားကို တွေ့ပြီလား"
"သတင်းပို့ပါတယ်။ မတွေ့မိပါဘူး"
"ငါလည်း မတွေ့ဘူး"
"မဖြစ်နိုင်ဘူး။ ဆက်ရှာကြစမ်း။ အနီးအနားမှာ ရှိလိမ့်မယ်"
သတင်းပို့ချက်များကြောင့် ကျန်းလန်ယွဲ့က ဒေါသတကြီး ဖြစ်သွားကာ အော်ငေါက်လိုက်ပြီး စီရင်သူ သံချပ်ကာ မဝတ်ထားသူတိုင်း တွေ့လျှင် ဖမ်းဆီးရန် ညွှန်ကြားခဲ့၏။ အဖွဲ့က လူခွဲပြီး လိုက်လံရှာဖွေကာ တောင်ကြားအတွင်း စေ့စေ့စပ်စပ် စစ်ဆေးခဲ့ကြသော်လည်း စိတ်ပျက်လက်ပျက် ပြန်ရောက်လာကြသည်။
"ဘယ်သူမှ မတွေ့ဘူး"
"လူသတ်သမား ဒီကိုလာတာ သေချာတယ်"
ကျန်းလန်ယွဲ့ရော လုချန်ဖုန်းပါ မျက်နှာထားများ အေးစက် တင်းမာနေကြ၏။
"အခု လူသတ်သမားကို ရှာမတွေ့ဘူးဆိုတာ ငါတို့အထဲမှာ သစ္စာဖောက် ရှိနေလို့ ဖြစ်ရမယ်။ သစ္စာဖောက်က ပစ်မှတ်ကို သတိပေးလိုက်လို့ လွတ်မြောက်သွားတာပေါ့"
လုချန်ဖုန်း၏ မှတ်ချက်ကြောင့် စီရင်သူအားလုံး တုန်လှုပ်သွားကာ ကိုယ့်ကိုကိုယ် သက်သေပြလိုက်ကြသည်။
"အဆောင်ရကတည်းက ငါတို့သုံးယောက် အတူတူ ရှိနေတာကို သက်သေခံနိုင်တယ်"
"ငါတို့လည်း အတူတူပဲ"
ကျန်းလန်ယွဲ့၏ လက်အောက်ရှိ စီရင်သူ ဆယ်ယောက်က ချက်ချင်း အစီအရင်ခံလိုက်သကဲ့သို့ စွန်းရှောင်ချီလည်း ဝင်ပြောသည်။
"ငါနဲ့ လုယောင်လည်း တစ်ချိန်လုံး အတူတူရှိနေတာ။ လူသတ်သမားကို သတင်းပေးဖို့ မဖြစ်နိုင်ဘူး"
ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် လုချန်ဖုန်းက အကွက်ဆင်ရန် လမ်းကြောင်း ဖောက်ပေးလိုက်၏။
"ဘယ်သူက သစ္စာဖောက် ဖြစ်နိုင်မယ်လို့ ထင်လဲ။ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်"
"မနေ့ညက စီရင်သူငါးယောက်မှာ သုံးယောက်သေခဲ့ပေမယ့် အားအနည်းဆုံး လုယောင်က ထူးထူးဆန်းဆန်း အသက်ရှင်ခဲ့တယ်။ ကျောက်ချန်ကို တစ်ကိုယ်တော်ဖြစ်အောင် စီစဥ်တာလည်း သူပဲ"
"ဟုတ်တယ်။ မှန်တယ်"
"လုယောင်က သစ္စာဖောက် မဟုတ်ရင်တောင် မနေ့ညက သေဆုံးမှုအတွက် တာဝန်ရှိတယ်။ အကုန် သူ့ကြောင့်ပဲ"
စီရင်သူ ဆယ်ယောက်က အလွန်တရာ မုန်းတီးဟန်ဖြင့် တစ်ယောက်တစ်ပေါက် စွပ်စွဲလိုက်ကြရင်း ယွမ်ရှောင်ကို စက်ဝိုင်းသဏ္ဍာန် ဖြည်းဖြည်းချင်း ပိတ်ဆို့နေကြ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုယောင်က ဒုတပ်မှူးရဲ့ မိသားစုကမလား။ အခုလည်း ငါနဲ့အတူတူ ရှိနေတာကို၊ လူသတ်သမားက အန္တရာယ်ကို အာရုံခံမိပြီး ထွက်ပြေးသွားတာရော မဖြစ်နိုင်လို့လား"
စွန်းရှောင်ချီက ချက်ချင်း ခေါင်းယမ်း၍ ယွမ်ရှောင် ဘက်မှ ခုခံပြောဆိုပေးနေသော်လည်း လုချန်ဖုန်းသည် အော်ငေါက်ကာ ခြိမ်းခြောက်လာခဲ့သည်။
"မင်း ပါးစပ်ပိတ်ထားစမ်း။ ပြီးတော့ လုယောင်၊ မင်းရဲ့ လုပ်ရပ်အတွက် တာဝန်ယူရမယ်။ သစ္စာဖောက်ဆိုရင် အခု ဝန်ခံစမ်း။ အချိန်မီ နောင်တရရင် သက်ညှာကောင်းသက်ညှာပေးနိုင်တယ်"
သူက ပြောနေရင်း ဝတ်ရုံထဲရှိ နှလုံးလောင်ကျွမ်း ဂူကောင် ထည့်သွင်းထားသည့် ပုလင်းတစ်လုံးကို ဆုပ်ကိုင်ထားသည်။ လုယောင် ဝန်မခံလျှင် ညှင်းပန်းနှိပ်စက်ပြီး သက်သေ ရယူကာ တရားမျှတစွာ စီစဥ်ခဲ့ကြောင်း အလီဘိုင် ပြနိုင်ရန် ဖြစ်ပေသည်။ အမှန်တကယ် ကြံစည်ထားသည်မှာ နောက်ကွယ်မှ လူ ထွက်လာအောင် လုယောင်ကို ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်ရင်း သတ်ပစ်ရန်လည်း ဖြစ်သည်။
"နင်..နင် အပြစ်ကင်းတယ်ဆိုတာ သက်သေပြလိုက်ပါ"
စွန်းရှောင်ချီက စိုးရိမ်တကြီးဖြင့် ယွမ်ရှောင်၏ ဝတ်ရုံကို ဆွဲကာ တိုက်တွန်းနေ၏။
"ငါက သစ္စာဖောက် မဟုတ်ဘူးကွ။ ငါက လူသတ်သမားလေ"
တစ်ချိန်လုံး အေးစက်စက်ဖြင့် တည်ငြိမ်နေခဲ့သော သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်တည်လာကာ ကြက်သီးထစရာ လေသံမျိုးဖြင့် ပြောလိုက်သည်။ ဝန်မခံဘဲ ငြင်းလျှင် ဂူကောင်ကို အသုံးပြုရန် အသင့်ဖြစ်နေသော လုချန်ဖုန်း ကြက်သေသေသွားကာ ကိုယ့်နားကိုပင် မယုံနိုင်တော့ချေ။
"မင်း...မင်း ဘာပြောလိုက်တယ်"
"အမှန်အတိုင်းပြောဖို့ ငါ့စွမ်းအား လုံလောက်နေပြီ။ နောက်ထပ် ဟန်မဆောင်တော့ဘူး။ စီရင်သူသုံးယောက်ကို ဘဝပြောင်းပေးလိုက်တာ ငါပဲ"
သူက ညအမှောင်အောက်တွင် ခြောက်ခြားဖွယ် အော်ဟစ် ရယ်မောနေသည်။
"ဒီကောင် ဝန်ခံနေပြီ။ ဖမ်းလိုက်စမ်း"
ကျန်းလန်ယွဲ့က အချက်ပြလိုက်သောအခါ ဝိုင်းရံထားသော စီရင်သူအားလုံး တပြိုင်နက် တိုက်ခိုက်လိုက်ကြသဖြင့် စွန်းရှောင်ချီပင် အားခနဲ အော်လိုက်မိ၏။
"လုယောင် သေစမ်း"
တစ်ချိန်လုံး လှောင်ပြောင်ကဲ့ရဲ့နေသော အမျိုးသမီး စီရင်သူက အနီးဆုံးဖြစ်၍ ယွမ်ရှောင်၏ မျက်နှာကို ချိန်ရွယ် တိုက်ခိုက်ခဲ့သည်။
"ဟား ဟား"
သူက လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်သောအခါ မိုးပြာရောင် ဓားမြှောင်တစ်လက် ဖြတ်သန်းသွားပြီး လေခွင်းသံ ဆယ်ကြိမ်ဆက်တိုက် ဖြစ်ပေါ်လာ၏။ ၎င်းသည် စက်ဝိုင်းပုံ လမ်းကြောင်းအတိုင်း ပျံသန်းသွားကာ နောက်ဆုံးတွင် သွေးများ ပေကျံလျက် လက်ဝါးအတွင်း ပြန်လည် ကျဆင်းလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားကာ စီရင်သူဆယ်ယောက် ခန္ဓာကိုယ်များ တောင့်တင်း၍ မြေပြင်သို့ တစ်ချိန်တည်းမှာပင် ဘုန်းခနဲ ပစ်လဲကုန်သည်။
"အား"
စွန်းရှောင်ချီက အလန့်တကြား နောက်ဆုတ်ရင်း ကြည့်လိုက်သောအခါ အလောင်းတိုင်း မျက်စိတစ်လုံးစီ ပေါက်ထွက်နေကာ ဦးနှောက်အရည်များ စီးထွက်၍ ကြောက်စိတ်ဖြင့် တွန့်လိမ်ရှုံ့မဲ့နေကြ၏။ ရုပ်ရည်ချောမောသော ယွမ်ရှောင်သည် ဓားမြှောင်ကို ဟန်ပါပါ ကိုင်ထားပြီး လုချန်ဖုန်းနှင့် ကျန်းလန်ယွဲ့ကို ရန်စနေပြန်ရာ မယုံကြည်နိုင်ဖွယ် မြင်ကွင်းမျိုး ဖြစ်ပေါ်လာခဲ့လေသည်။
"ငါက လူသတ်သမားလို့ ပြောပါတယ်။ မင်းတို့ အခုထိ မယုံကြသေးဘူးလားကွာ"