← Chapters

အခန်း (၂၆၁)

Vol. 27 Ch. 261

အခန်း (၂၆၁)

Vol. 27 Ch. 261

ကျောက်လင်းက ဆက်နေရန် ဆုံးဖြတ်လိုက်ခြင်းအပေါ် လုချွမ်းကလည်း လိုလိုလားလားပင် လက်ခံလိုက်သည်။

သူသည် ကျောက်လင်းကို ခေါင်းညိတ်ပြလိုက်ပြီး စက္ကူပေါ်တွင် "ကောင်းပြီ ငါတို့ မနက်ဖြန် ခရီးစကြမယ်" ဟု ရေးသားလိုက်သည်။

ထိုစာကို မြင်မှသာ ကျောက်လင်းမှာ စိတ်အေးသွားတော့သည်။ လုချွမ်းက သူမကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သတ်မှတ်ပြီး ဤအခွင့်အရေးကို အသုံးချကာ မောင်းထုတ်လိုက်

မလားဟု စိုးရိမ်ခဲ့မိသော်လည်း သူမ အထင်နှင့်အမြင်မှာ တကယ်တမ်း၌ ကွာခြားနေခဲ့သည်။

"သွားကြစို့ အထဲကိုပြန်ပြီး အတူတူ စားသောက်ကြတာပေါ့။ မနေ့ညက တကယ်ကို ပင်ပန်းခဲ့ကြပြီ"

လုချွမ်းသည် ထိုစာကို ရေးသား၍ ကျောက်လင်းအား ပေးကမ်းပြီးနောက် ချီချီလေးကို လက်ဆွဲကာ အိမ်ထဲသို့ ဦးတည်လိုက်သည်။

စက္ကူပေါ်ရှိ စာသားများကို ကြည့်ရင်း ကျောက်လင်း၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူမသည် ရှေ့မှ လျှောက်လှမ်းသွားသော လုချွမ်းနှင့် ချီချီလေးတို့၏ ကျောပြင်ကို ကြည့်ကာ သွက်လက်သော ခြေလှမ်းများဖြင့် နောက်မှ လိုက်ပါသွားတော့သည်။

ချီချီလေးနှင့် ကျောက်လင်းတို့ စားပွဲတွင် ထိုင်ကာ အစာစားနေကြစဉ်အတွင်း လုချွမ်းကမူ စတင်လှုပ်ရှားနေပြီ ဖြစ်သည်။

ထွက်ခွာရန် ဆုံးဖြတ်ပြီးသည်နှင့် မနက်ဖြန်တွင် အချိန်ကြန့်ကြာမှု မရှိစေရန်အတွက် လုချွမ်းသည် လိုအပ်သော ပြင်ဆင်မှုများကို ချက်ချင်း စတင်ပြုလုပ်တော့သည်။

လုချွမ်းသည် အိမ်နောက်ဖေးသို့ တစ်ဦးတည်း ထွက်ခွာသွားသည်။

ထိုနေရာ၌ ဧရာမဇွန်ဘီ အပါအဝင် ဇွန်ဘီရုပ်သေးအားလုံးကို လုချွမ်းက စုရုံးစေရန် ဆင့်ခေါ်ထားပြီး ဖြစ်သည်။

ပထမဦးစွာ သူသည် ဧရာမဇွန်ဘီ၏ လက်ထဲမှ သွေးစွန်းနေသော အိတ်တစ်အိတ်ကို လှမ်းယူလိုက်သည်။ ထိုအိတ်ထဲတွင် ဇွန်ဘီအမြုတေအချို့ ရှိနေသည်။

ထို့နောက် လုချွမ်းသည် သူ့ရှေ့တွင် စုဝေးနေကြသော ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီရုပ်သေးများကို အကဲခတ်လိုက်သည်။

လက်ရှိတွင် သူ့ထံ၌ အဆင့် ၃ ရှိသော ဇွန်ဘီရုပ်သေး ၁၀ ကောင်နှင့် အဆင့် ၄ ရှိသော ဇွန်ဘီရုပ်သေး ၇ ကောင် ရှိနေသည်။

ဤအုပ်စုမှာ လက်ရှိ သူပိုင်ဆိုင်သမျှ အင်အားစုအားလုံးဖြစ်ပြီး စိုက်ခင်းမှ စွန့်ခွာချိန်တွင် သူ၏ ဘေးကင်းလုံခြုံရေးအတွက် ကနဦး အာမခံချက်များလည်း ဖြစ်ကြသည်။

ကျန်ရှိနေသော အဆင့် ၁ နှင့် ၂ ဇွန်ဘီရုပ်သေးများအပြင် ဒဏ်ရာရရှိထားသော အဆင့် ၃ ဇွန်ဘီအချို့ကိုမူ လုချွမ်းက ပြတ်ပြတ်သားသားပင် သုတ်သင်လိုက်ပြီး ဇွန်ဘီအမြုတေများကို ထုတ်ယူထားလိုက်ခြင်းပင်။

အဆင့်နိမ့် ဇွန်ဘီများနှင့် ဒဏ်ရာရနေသော ဇွန်ဘီများသည် လုချွမ်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာနိုင်သဖြင့် ၎င်းတို့ကို ရှင်းလင်းလိုက်ပြီး ခရီးဆောင်အထုပ်အပိုးကို ပိုမိုပေါ့ပါးအောင် ပြုလုပ်လိုက်ခြင်းကသာ အကောင်းဆုံး နည်းလမ်းပင်။

လုချွမ်းသည် စိတ်အာရုံဖြင့် အမိန့်ပေးလိုက်ရာ ဇွန်ဘီရုပ်သေးများသည် စိုက်ခင်းအနှံ့ ပျံ့နှံ့သွားကြပြီး ကင်းထောက်စောင့်ကြပ်ခြင်း လုပ်ငန်းများကို စတင်ကြတော့သည်။

သူကိုယ်တိုင်မူ အိတ်ကိုယူ၍ အခန်းထဲသို့ ဝင်သွားကာ သွေးများနှင့် ဦးနှောက်အရည်များ ပေကျံနေသော ဇွန်ဘီအမြုတေတစ်ခုချင်းစီကို စင်ကြယ်အောင် ဆေးကြောရန် ပြင်ဆင်လိုက်သည်။

ခဏအကြာတွင် ချီချီလေးမှာ အစာစားပြီးသွားသဖြင့် အပြင်သို့ ဝမ်းသာအားရ ပြေးထွက်လာခဲ့သည်။

လုချွမ်းသည် စားပွဲရှိရာသို့ လျှောက်သွားပြီး ထမင်းစားပြီးခါစဖြစ်သော ကျောက်လင်းကို ကြည့်ကာ စက္ကူပေါ်တွင် ဤသို့ ရေးသားလိုက်သည်။

"ကျောက်လင်း... အခုကစပြီး ငါနဲ့အတူ အိမ်ထဲမှာရှိတဲ့ ရိက္ခာနဲ့ ပစ္စည်းတွေကို ထုပ်ပိုးကြမယ်။ အသုံးဝင်မယ့်အရာမှန်သမျှကို ကားပေါ် တင်ထားကြတာပေါ့"

"ကောင်းပါပြီ"

စာကိုဖတ်ပြီးနောက် ကျောက်လင်းသည် ဝမ်းမြောက်ဝမ်းသာ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

လုချွမ်း၏ မိသားစုကြီးထဲသို့ ဝင်ရောက်လာသူဖြစ်သည့်အတိုင်း အိမ်ပြောင်းရွှေ့သည့် အလုပ်များတွင် သူမအနေဖြင့် ဝိုင်းဝန်းကူညီရန်မှာ သဘာဝပင်။

ထို့နောက် လုချွမ်းသည် ကျောက်လင်းနှင့်အတူ အိမ်အတွင်းရှိ အသုံးအဆောင်များကို စနစ်တကျ ရွေးချယ်ကာ အထုပ်အပိုးများ ပြင်ဆင်ပြီး ကားပေါ်သို့ တင်ဆောင်ကြသည်။

ငါးကန်အနီးတွင်မူ

"လိပ်အိုကြီးရေ"

ကျိရုရွှယ်သည် လိပ်အိုကြီးကို ကြည့်ကာ မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာနေတော့သည်။

လိပ်အိုကြီးသည် ဇွန်ဘီအမြုတေများစွာကို အလဟဿ စားသုံးခဲ့ခြင်း မဟုတ်ကြောင်း သက်သေပြခဲ့ပြီ ဖြစ်သည်။

ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသော လိပ်အိုကြီးမှာ ခိုင်မာထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေပြီး အဆင့် ၃ သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ၆ မီတာကျော်အထိ ကြီးမားလာပြီး မှင်ရောင်ကျောက်စိမ်းကဲ့သို့ မည်းနက်နေသော လိပ်ခွံကြီးမှာ ကားတစ်စီးပင် ရပ်နားထားနိုင်လောက်အောင် ကျယ်ဝန်းလှသည်။

စောစောက ဖခင်ဖြစ်သူ ဇွန်ဘီအမြုတေများကို ဆေးကြောနေစဉ်အတွင်း ကျိရုရွှယ်သည် သူမ၏ ချစ်စရာကောင်းသော အမူအရာဖြင့် ချွဲနွဲ့ကာ အဆင့် ၂ နှင့် ၃ ရှိသော ဇွန်ဘီအမြုတေအချို့ကို တောင်းခံခဲ့ရာ ယခုအခါ ထိုအမြုတေများအားလုံးမှာ လိပ်အိုကြီး၏ ဗိုက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

ဝူးးးး

ဇွန်ဘီအမြုတေများကို စားသုံးပြီးနောက် လိပ်အိုကြီးမှာ အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။ သူသည် ခြေလက်များကို လှော်ခတ်ကာ ကျိရုရွှယ်အနီးသို့ ကပ်လာပြီး မှင်ရောင်ကျောက်စိမ်းကဲ့သို့သော ရှေ့ခြေလက်နှစ်ဖက်ကို ကမ်းပါးပေါ် တင်ထားကာ သူမကို အသာအယာ တိုးဝှေ့လျက် အလွန်ပင် ယဉ်ပါးသိမ်မွေ့ကြောင်း ပြသနေတော့သည်။

"လိပ်အိုကြီးရေ... မနက်ဖြန်ကျရင် ငါတို့ ဒီနေရာကနေ ထွက်သွားကြတော့မယ်။ အချိန်တိုအတွင်းမှာတော့ နင် ရေထဲမှာ နေရတော့မှာ မဟုတ်ဘူး။ အခြေအနေသစ်နဲ့ အသားကျအောင် ကြိုးစားရမယ်နော်"

ကျိရုရွှယ်သည် လိပ်အိုကြီး၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ရင်း ပြောလိုက်သည်။

ထိုစဉ် လိပ်အိုကြီးသည် ကမ်းပေါ်သို့ တက်လာပြီး သူ၏ ကျောခွံကြီးကို ကျိရုရွှယ်ဘက်သို့ လှည့်ပေးလိုက်၏။ ကျိရုရွှယ်က ပြုံးလျက် လိပ်ခွံပေါ်သို့ ခုန်တက်ကာ နေရာယူလိုက်သည်။ ကျိရုရွှယ်၏ စေခိုင်းမှုအောက်တွင် လိပ်အိုကြီးသည် ကျောက်တံတိုင်း၏ ပေါက်ပြဲနေသော နေရာဆီသို့ လျင်မြန်စွာ သွားရောက်ကာ ရုတ်တရက် ရပ်တန့်လိုက်သည်။

ကျိရုရွှယ်သည် ရှေ့မှ သွေးဆာနွယ်ပင်တံတိုင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သဘာဝအရ ရှင်သန်ကြီးထွားနေသော ဤသွေးဆာနွယ်ပင်များသည် လိပ်အိုကြီးကဲ့သို့ မဟုတ်ဘဲ သူမတို့ သားအဖနှင့်အတူ လိုက်ပါနိုင်စွမ်း မရှိကြပေ။ ဤနေရာ၌သာ ကျန်ရစ်ခဲ့ရမည် ဖြစ်သည်။

ထိုအချက်ကို တွေးမိသောအခါ ကျိရုရွှယ်၏ စိတ်ထဲတွင် အနည်းငယ် နှမြောတသ ဖြစ်မိသွားသည်။ ဤသွေးဆာနွယ်ပင်များသည် ပြီးခဲ့သည့် လူသားဆင့်ကဲပြောင်းလဲသူများနှင့် တိုက်ပွဲတွင် အလွန်ပင် အသုံးတည့်ခဲ့သည် မဟုတ်ပါလော။ သို့သော် ဝါးပင်များမှာ ရွေ့လျား၍မရသည့်အပြင် အရေအတွက်မှာလည်း များပြားလွန်းလှသဖြင့် အားလုံးကို ခေါ်ဆောင်သွားရန်မှာ မဖြစ်နိုင်ပေ။

သို့သော်လည်း စိုက်ခင်းမှ ထွက်ခွာသွားလျှင်ပင် ဤသွေးဆာနွယ်ပင်များသည် သူမ၏ ထိန်းချုပ်မှုအောက်၌သာ ရှိနေဦးမည် ဖြစ်သည်။ ၎င်းတို့ ရင့်မှည့်လာချိန်တွင် သွေးနီရောင်

အမြုတေများ လာရောက်ရိတ်သိမ်းရန် သူမ စိတ်ကူးထားသည်။ အကယ်၍ တစ်စုံတစ်ဦးက ဖျက်ဆီးပစ်ခြင်း မပြုခဲ့လျှင် ဤသွေးဆာနွယ်ပင်များက တစ်နေ့နေ့တွင် သူမအတွက် အကျိုးအမြတ်များ ပေးစွမ်းနိုင်ပေလိမ့်မည်။

ကျိရုရွှယ် အတွေးနယ်ချဲ့နေစဉ် နောက်ဘက်မှ လှမ်းခေါ်သံတစ်ခု ထွက်ပေါ်လာသည်။

"ချီချီလေး... ဒီကို လာခဲ့ဦး"

ကျောက်လင်းသည် အိတ်ငယ်တစ်အိတ်ကို ကိုင်လျက် အိမ်တံခါးဝတွင် ရပ်ကာ ကျိရုရွှယ်ကို လက်လှမ်းပြနေခြင်း ဖြစ်သည်။

"လာပြီ... လာပြီ"

"လိပ်အိုကြီး... ငါ့ကို အမြန်ခေါ်သွားပေးတော့"

ကျိရုရွှယ်က လှမ်း၍ ထူးလိုက်ပြီးနောက် လိပ်ခွံကို အသာအယာ ပုတ်ကာ ခိုင်းစေလိုက်သည်။

ဝုန်း... ဝုန်း...

လိပ်အိုကြီးသည် ကျိရုရွှယ်ကို တင်ဆောင်လျက် ကျောက်လင်းရှိရာသို့ ဖုန်တောတစ်လူလူဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးထွက်လာခဲ့သည်။

"အန်တီကျောက်လင်း... သမီးကို ဘာခိုင်းမလို့လဲဟင်"

လိပ်အိုကြီး၏ ကျောပေါ်တွင် ထိုင်နေရင်း ကျိရုရွှယ်က သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ကြည့်စမ်း... အန်တီ ပစ္စည်းတွေ သိမ်းနေတုန်းက ဒါလေးတွေ တွေ့လိုက်တာ။ ဟင်းသီးဟင်းရွက် မျိုးစေ့လေးတွေလေ။ ဒါတွေကို စိုက်ခင်းထဲမှာ သွားစိုက်ထားမလို့... တစ်နေ့နေ့ ငါတို့ ဒီကို ပြန်လာဖြစ်ခဲ့ရင် ဒီအပင်လေးတွေ ပြန်ပေါက်နေမှာကို မြင်ချင်လို့ပါ"

စိုက်ခင်းကြီးမှာ ရှင်းလင်းရေးလုပ်စဉ်က မြေညှိခံထားရသော်လည်း မြေဆီလွှာမှာမူ ကောင်းမွန်ဆဲဖြစ်ရာ အပင်စိုက်ပျိုးရန် အလွန်သင့်တော်လှသည်။

"ဘယ်လိုလဲ ချီချီလေး... အန်တီနဲ့အတူ အပင်သွားစိုက်မလား"

ကျောက်လင်းက ပြုံးရွှင်စွာဖြင့် လက်ထဲမှ အိတ်ကလေးကို လှုပ်ပြကာ မေးလိုက်သည်။

"ဟုတ်ကဲ့... စိုက်မယ်လေ"

ကျိရုရွှယ်မှာ ဝန်မလေးဘဲ ချက်ချင်းပင် သဘောတူလိုက်တော့သည်။

ထို့နောက် ကျောက်လင်းသည် ချီချီလေးနှင့် လိပ်အိုကြီးကို ခေါ်ဆောင်ကာ စိုက်ခင်းရှိရာသို့ သွားရောက်၍ မျိုးစေ့များ စတင်ချကြလေသည်။ ကျိရုရွှယ်၏ စေခိုင်းမှုဖြင့် လိပ်အိုကြီးက သူ၏ ခြေသည်းများဖြင့် မြေကြီးကို မြောင်းများဖော်ပေးပြီး ကျောက်လင်းက မျိုးစေ့များကို တစ်စေ့ချင်း စနစ်တကျ ချပေးခဲ့သည်။

မကြာမီအချိန်အတွင်းမှာပင် လက်ထဲရှိ မျိုးစေ့အားလုံးကို စိုက်ပျိုးပြီးစီးသွားခဲ့သည်။

"ကဲ... အိမ်ထဲ ပြန်ကြရအောင်"

ကျောက်လင်းသည် လက်မှ ဖုန်များကို ခါထုတ်လိုက်ရင်း မျိုးစေ့များ စိုက်ထားသည့် မြေကွက်ကို ကြည့်ကာ ကျေနပ်အားရနေမိသည်။ ထို့နောက် ချီချီလေးကို ခေါ်ကာ အိမ်သို့ ပြန်လာခဲ့ကြသည်။

နောက်တစ်နေ့ နံနက်တွင်...

မော်တော်ယာဉ်တန်းတစ်ခုသည် စိုက်ခင်းအတွင်းမှ ဖြည်းညှင်းစွာ မောင်းနှင်ထွက်ခွာလာခဲ့ပြီး အတန်ကြာသောအခါ ဇွန်ဘီယာဉ်တန်းကြီးသည် ကျန်းနန်မြို့ပြဧရိယာအတွင်းသို့ ချဉ်းကပ်ဝင်ရောက်လာခဲ့သည်။

လုချွမ်းသည် ချီချီလေးကို ပွေ့ချီလျက် လိပ်အိုကြီး၏ ကျောပေါ်တွင် ထိုင်ကာ ရှေ့ဆုံးမှ ဦးဆောင်လာသည်။ ဤဗီဇပြောင်း လိပ်ကြီး၏ အရှိန်မှာ မော်တော်ကားတစ်စီးထက် မလျော့သည့်အပြင် ပိုမိုငြိမ်သက်လှသဖြင့် ခရီးလမ်းတစ်လျှောက် မည်သည့် တုန်ခါမှုမျှ မရှိပေ။

ကျောက်လင်းမှာမူ လုချွမ်း၏ နောက်မှ ကပ်လိုက်လာသည့် ပထမဆုံး ကုန်တင်ကားပေါ်တွင် ထိုင်လျက် လမ်းဘေးဝဲယာမှ ခြောက်ကပ်နေသော မြင်ကွင်းများကို ငေးမောကြည့်ရှုနေမိသည်။ လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် လမ်းတစ်လျှောက်ရှိ ဇွန်ဘီများသည် ယာဉ်တန်းအတွက် လမ်းဖွင့်ပေးထားကြသဖြင့် မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့သည်။

ယာဉ်တန်းကြီးသည် နယ်မြေအတော်များများကို ဖြတ်ကျော်လာခဲ့ပြီး ကျန်းနန်မြို့ပြဧရိယာမှ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် လုချွမ်း၏ စိတ်အာရုံ စေခိုင်းမှုတစ်ခုကြောင့် မြို့အတွင်းရှိ ဇွန်ဘီများအားလုံးသည် သူတို့၏ ဘုရင်အား နှုတ်ဆက်လမ်းညွှန်သည့်အလား တစ်ပြိုင်နက်တည်း ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။

All Chapters