← Chapters

အခန်း (၂၆၂)

Vol. 27 Ch. 262

အခန်း (၂၆၂)

Vol. 27 Ch. 262

ညအမှောင်သည် ကျန်းနန်မြို့ပြဧရိယာ၏ အပြင်ဘက်ရှိ တောရိုင်းမြေရိုင်းများပေါ်သို့ တဖြည်းဖြည်း သက်ဆင်းလာခဲ့ပြီး အေးစိမ့်သော အအေးဒဏ်ကလည်း ပိုမိုပြင်းထန်လာခဲ့သည်။

မှောင်မည်းနေသော အမှောင်ထုအတွင်း မြူနှင်းများ ဝေဝေဖျဖျ လွင့်ပျံနေပြီး ပတ်ဝန်းကျင် အပူချိန်မှာလည်း ရုတ်ချည်းပင် ထိုးဆင်းသွားတော့သည်။

ထိုစဉ် ခြောက်ကပ်နေသော ဤတောရိုင်းကန္တာရအလယ်တွင် မြင်တွေ့ရခဲလှသော မီးပုံကြီးတစ်ခု ရုတ်တရက် ထတောက်လာသည်။ မီးလျှံများသည် ကောင်းကင်ယံသို့ ထိုးတက်နေပြီး အဝေးမှကြည့်လျှင်ပင် သိသိသာသာ ထင်ရှားလှပေသည်။

မီးပုံကြီးမှ ထွက်ပေါ်လာသော မီးပွားကြီးများသည် တောရိုင်းလေနှင့်အတူ လွင့်ပါသွားကြပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြသည်။

မီးပုံ၏အနီးတွင် ဘေးချင်းယှဉ်လျက် ဆောက်လုပ်ထားသော အစိမ်းရောင် တဲနှစ်လုံးရှိပြီး တဲအတွင်းမှ အလင်းရောင်ဖျော့ဖျော့လေးများမှာ အပြင်သို့ စိမ့်ထွက်နေသည်။

မီးရောင်လှမ်းနိုင်သော အဝေးဆုံးနေရာတွင်မူ ခန့်ညားထည်ဝါပြီး အရပ်ရှည်လှသော ပုံရိပ်ကြီးတစ်စုသည် စခန်းချရာနေရာ၏ နောက်ဘက်မှနေ၍ ကင်းစောင့်နေကြသည်။

ထိုပုံရိပ်များမှာ အခြားမဟုတ်ပေ။ လုချွမ်း၏ လက်အောက်ရှိ အဆင့် ၃ ဇွန်ဘီရုပ်သေး ၁၀ ကောင်ပင်။

အဆင့် ၄ ဇွန်ဘီရုပ်သေး ၇ ကောင်ကိုမူ လုချွမ်းက ချီချီလေးအား အနီးကပ်ကာကွယ်ပေးနိုင်ရန် စခန်းချရာနေရာအတွင်း၌ပင် ဖြန့်ကြက်ထားရှိသည်။

ဤတောရိုင်းမြေရိုင်းတွင် ကာကွယ်ပေးမည့် တံတိုင်းများ မရှိသဖြင့် လုံခြုံမှုမရှိသကဲ့သို့ ခံစားရပေသည်။ ဇွန်ဘီရုပ်သေးများကို ကင်းစောင့်အဖြစ် အသုံးမပြုပါက လုချွမ်းအနေဖြင့် ကောင်းစွာအိပ်ပျော်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ယခုအချိန်တွင် ချီချီလေးနှင့် ကျောက်လင်းတို့သည် ခေါက်တင်ခေါက်ချ ထမင်းစားစားပွဲလေး၌ ထိုင်နေကြသည်။

လုချွမ်းကမူ မီးပုံကြီး၏ ရှေ့တွင် အလုပ်ရှုပ်နေတော့သည်။

မီးပုံပေါ်တွင် သံစင်တစ်ခု တင်ထားပြီး ၎င်းအပေါ်၌ အပြားလိုက် အကင်အိုးတစ်ခု ရှိနေသည်။

လုချွမ်းသည် ညှပ်ဖြင့် အသားလွှာများကို ညှပ်ယူကာ အကင်အိုးပေါ်သို့ တင်၍ ကင်နေခြင်းပင်။

မကြာမီအချိန်အတွင်းမှာပင် မီးတောက်များ၏ အပူရှိန်ကြောင့် အကင်အိုးကြီးမှာ နီရဲလာပြီး အသားလွှာများမှာ တရှဲရှဲ မြည်လျက် ကင်နေကြသည်။ မွှေးကြိုင်လှသော အသားကင်နံ့များမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ ခံတွင်းပျက်နေသူပင် သွားရည်ကျလောက်အောင် ဆွဲဆောင်နေတော့သည်။

ဤအသားလွှာများမှာ လမ်းခရီးတွင် လုချွမ်း အမဲလိုက်ခဲ့သော အဆင့် ၂ ဗီဇပြောင်း ဧရာမနွားကြီးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ကျန်းနန်မြို့ပြမှ ထွက်ခွာလာပြီးနောက် တောရိုင်းမြေအတွင်းသို့ ဝင်ရောက်လာသောအခါ ယာဉ်တန်းသည် လမ်းတစ်လျှောက်တွင် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများနှင့် ဗီဇပြောင်း သားရဲကြီးများကို များစွာ ကြုံတွေ့ခဲ့ရသည်။

လုချွမ်းသည် သု့ရှေ့သို့ ရောက်လာသော ထိုကဲ့သို့သော အခွင့်အရေးနှင့် ရိက္ခာများကို မည်သည့်အခါမျှ လက်လွှတ်ခံမည့်သူ မဟုတ်ပေ။

အဆင့် ၁ ဖြစ်စေ အဆင့် ၂ ဖြစ်စေ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများနှင့် ကြုံတွေ့ရတိုင်း လုချွမ်းသည် ၎င်းတို့၏ ဇွန်ဘီအမြုတေများကို မပျက်မကွက် ရိတ်သိမ်းခဲ့သည်။

သို့ရာတွင် အဆင့် ၃ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများမှာမူ အလွန်ရှားပါးလှသဖြင့် လမ်းခရီးတစ်လျှောက်တွင် ယာဉ်တန်းနှင့် ဆုံတွေ့ခြင်း မရှိခဲ့ပေ။

လမ်းခရီး၌ ကြုံတွေ့ရသည့် ဗီဇပြောင်းသားရဲများကိုမူ အဆင့်အတန်းမခွဲခြားဘဲ လုချွမ်းက အပြတ်အသတ် ချေမှုန်းပစ်ခဲ့သည်။ ၎င်းတို့ကို သုတ်သင်ပြီးနောက် ဇွန်ဘီအမြုတေအားလုံးကို ထုတ်ယူကာ အသားများကိုမူ ယာဉ်တန်းပေါ်၌ စနစ်တကျ သိုလှောင်ထားလိုက်သည်။

ထိုအသားများထဲမှ အကောင်းဆုံး အစိတ်အပိုင်းများကို သူတို့အတွက် အာဟာရအဖြစ် အသုံးပြုပြီး ကျန်ရှိသော အသားများကိုမူ အဆင့် ၃ ဇွန်ဘီရုပ်သေးများကို ကျွေးမွေးကာ သူတို့၏ ကြီးထွားနှုန်းကို မြှင့်တင်ပေးခဲ့သည်။

ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီရုပ်သေး ၁၇ ကောင်၏ ဝန်းရံစောင့်ကြပ်မှုကြောင့် ခရီးစဉ်တစ်လျှောက်တွင် ယာဉ်တန်း၏ လုံခြုံရေးမှာ အထူးစိတ်ချရပြီး သားရဲများ သို့မဟုတ် ဇွန်ဘီများ၏ နှောင့်ယှက်မှုကို ခံရခဲလှသည်။ အကြောင်းမှာ ထိုသတ္တဝါများ အနီးသို့ မချဉ်းကပ်နိုင်မီမှာပင် စောင့်ကြပ်နေသော ဇွန်ဘီရုပ်သေးများ၏ သုတ်သင်ခြင်းကို ခံလိုက်ရသောကြောင့်ပင်။

အကင်အိုးပေါ်တွင် အသားများ ပြည့်သွားသောအခါ လုချွမ်းသည် ညှပ်ကို ချထားလိုက်ပြီး ကျန်းနန်မြို့ပြဧရိယာရှိရာ အရပ်ဆီသို့ နက်ရှိုင်းပြီး ခန့်မှန်းရခဲသော မျက်ဝန်းများဖြင့် တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

ယခုအခါ သူသည် ထိုနေရာမှ ပျောက်ကွယ်လာခဲ့ပြီဖြစ်ရာ အတိုင်းအဆမဲ့သော ဤမြေပြင်ကျယ်ကြီးပေါ်တွင် အတားအဆီးမဲ့စွာ လှည့်လည်သွားလာနိုင်ပြီဖြစ်သည်။ ပင်လယ်ပြင်အတွင်းသို့ တိုးဝင်သွားသော နဂါးတစ်ကောင်ကဲ့သို့ပင် သူသည် လုံးဝလွတ်လပ်သွားခဲ့ပြီဖြစ်ကာ ဤကျယ်ပြောလှသော ကမ္ဘာလောကကြီးအတွင်း စိတ်အလိုရှိရာ စီးဆင်းသွားလာနိုင်ပေတော့မည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ဘေးကာလအတွင်း၌ လူသားတို့သည် အခြေစိုက်စခန်းမြို့တော်၏ ပြင်ပ အကန့်အသတ်ရှိသော နယ်မြေအတွင်း၌သာ စိုးမိုးခြယ်လှယ်နိုင်ကြသည်။ ဤနယ်နိမိတ်ကို ကျော်လွန်သွားသည်နှင့် ကျန်ရှိသော ပြင်ပလောကကြီးမှာ လူသားတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။

အထူးသဖြင့် အခြေအနေအရပ်ရပ် အလွန်ရှုပ်ထွေးလှသော တောရိုင်းမြေရိုင်းများအတွင်း၌ လုချွမ်းသည် သမုဒ္ဒရာထဲမှ ရေစက်တစ်စက်ကဲ့သို့ ဖြစ်နေပေရာ လူသားတို့အနေဖြင့် သူ၏ တည်နေရာကို ထပ်မံခြေရာခံရန်မှာ မဖြစ်နိုင်တော့သည့် အခြေအနေပင်။

ယနေ့မှစ၍ သူသည် လွတ်လပ်သော ကောင်းကင်ယံထက်တွင် ပျံသန်းနိုင်ပြီဖြစ်သည်။

ယခင်က စိုက်ခင်း၌ရှိစဉ်ကမူ လုချွမ်းသည် တစ်နေရာတည်း၌ ပိတ်မိနေသကဲ့သို့ ခံစားခဲ့ရသည်။ ထိုအခြေအနေမျိုးတွင် လူသားဆင့်ကဲပြောင်းလဲသူများက ကလဲ့စားချေရန် တိုက်ခိုက်လိုပါက များစွာစဉ်းစားနေစရာမလိုဘဲ စိုက်ခင်းသို့သာ လာရောက်ရုံသာ ရှိသည်။ ၎င်းမှာ လုချွမ်းအတွက် များစွာ နစ်နာလှသည့် အချက်ပင်။

သို့သော် ယခုမူ တောရိုင်းမြေရိုင်းများအတွင်း၌ လူသားတို့က ကလဲ့စားချေလိုလျှင်ပင် သူ့ကို ရှာတွေ့နိုင်တော့မည် မဟုတ်သလို စိုက်ခင်းသို့ သွားရောက်ရှာဖွေလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ရှဲရှဲ...

လုချွမ်းသည် အတွေးထဲမှ ပြန်လည်နိုးထလာပြီး အသားကင်များ ကျက်ခါနီးဖြစ်နေသည်ကို မြင်သောအခါ ၎င်းတို့ကို ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပြီး အသားအသစ်များကို အကင်အိုးပေါ်သို့ ထပ်မံတင်လိုက်လေသည်။

အသားကင်များ အပြည့်ထည့်ထားသော ပန်းကန်ကို ကိုင်လျက် လုချွမ်းသည် ထမင်းစားစားပွဲရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး သူတို့နှစ်ဦး၏ ရှေ့၌ ချပေးလိုက်သည်။

"ကျေးဇူးပါ ဖေဖေ"

ကျိရုရွှယ်သည် ဝမ်းသာအားရ ပြုံးရွှင်လျက် လုချွမ်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးပါပဲ လုချွမ်း"

ကျောက်လင်းကလည်း အားနာသလိုဖြင့် ပြောလိုက်မိသည်။

ဇွန်ဘီဘုရင် တစ်ပါးက သူမအတွက် ကိုယ်တိုင်ကိုယ်ကျ အသားကင်ပေးနေသည်ဟူသော အချက်ကို အခြားသူများအား ပြန်ပြောပြလျှင်ပင် မည်သူမျှ ယုံကြည်ကြမည်မဟုတ်ပေ။

လုချွမ်းက ပြုံးလျက် သူတို့နှစ်ဦးကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ချီချီလေးဘက်သို့ အကြည့်ရွှေ့ကာ စက္ကူပေါ်တွင် ရေးသားလိုက်သည်။

"ချီချီလေး... အမွှေးအကြိုင် ဒါမှမဟုတ် အစပ် ထပ်ထည့်ချင်သေးလား"

ရိက္ခာနှင့် ပစ္စည်းများကို ထုပ်ပိုးစဉ်က လုချွမ်းသည် အသားကင်ရာတွင် မရှိမဖြစ်လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များ အပါအဝင် လူသုံးကုန်ပစ္စည်းမျိုးစုံ ပါဝင်အောင် ဂရုတစိုက် ထည့်သွင်းခဲ့သည်။ ထိုပစ္စည်းများသာ မပါရှိပါက အသားကို အလွတ်အတိုင်းသာ ကင်စားကြရပေလိမ့်မည်။

"မလိုတော့ဘူး ဖေဖေ"

ကျိရုရွှယ်က ခေါင်းခါပြလိုက်သည်။ မွှေးကြိုင်လှသော အသားကင်နံ့ကြောင့် သူမ၏ ဆာလောင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ထပ်မံစောင့်ဆိုင်းရန် စိတ်မရှည်နိုင်တော့ပေ။

ချီချီလေးဘက်မှ ဘာမှထပ်မလိုကြောင်း အတည်ပြုပြီးနောက် လုချွမ်းသည် ခေါင်းညိတ်ပြကာ မီးပုံရှိရာသို့ ပြန်လှည့်သွားခဲ့သည်။

"အန်တီကျောက်လင်း... မြန်မြန်စားနော်"

ကျိရုရွှယ်သည် ကျောက်လင်းကို ယဉ်ကျေးစွာ ဖိတ်ခေါ်ပြီးနောက် အသားတုံးများကို တူဖြင့် အမြန်ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူမသည် အလွန်အရသာရှိလှသော အမူအရာဖြင့် အသားများကို မြိန်ရည်ယှက်ရည် ဝါးစားနေတော့သည်။

သူမ၏ တိုက်တွန်းမှုကြောင့် ကျောက်လင်းသည်လည်း အသားကင်တစ်တုံးကို ညှပ်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် အသားကင်၏ မွှေးပျံ့သောရနံ့နှင့် အသားဆီတို့၏ အရသာမှာ ပါးစပ်အတွင်း ပျံ့နှံ့သွားပြီး သွားရည်များပင် ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာတော့သည်။

မကြာမီအချိန်အတွင်းမှာပင် ကျောက်လင်းနှင့် ကျိရုရွှယ်တို့သည် ပန်းကန်ထဲရှိ အသားကင် တစ်ဝက်ကျော်ကို စားသောက်ပြီးစီးသွားကြသည်။

ကျောက်လင်းသည် တူကို ချထားလိုက်ပြီးနောက် စားပွဲပေါ်ရှိ ဘီယာပုလင်းကို လှမ်းယူရန် လက်လှမ်းလိုက်မိသော်လည်း ဘာမှကိုင်မိခြင်း မရှိပေ။

ချက်ချင်းပင် သူမ သတိဝင်လာပြီး သူမကိုယ်သူမကို ခါးသီးစွာ ပြုံးလိုက်မိတော့သည်။

"ဘီယာလေးသာ ပါရင် သိပ်ကောင်းမှာပဲ"

ကျောက်လင်းသည် စိုက်ခင်း၌ ရှိစဉ်က အချိန်များကို လွမ်းဆွတ်တမ်းတမိသွားသည်။ ထိုစဉ်က ဂိုဒေါင်အတွင်း၌ ဘီယာများစွာ ရှိခဲ့သော်လည်း ထိုလူသားဆင့်ကဲပြောင်းလဲသူများကြောင့် အများစုမှာ ပေါက်ကွဲကာ ပျက်စီးသွားခဲ့ရသည်။

"အန်တီကျောက်လင်း... ဘီယာသောက်ချင်လို့လားဟင်"

ကျောက်လင်း၏ လက်အဟန်အမူအရာကို ကြည့်ပြီး ကျိရုရွှယ်က ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။

"မဟုတ်ပါဘူး... အရင်က သောက်နေကျမို့လို့ ယောင်သွားတာပါ။ သောက်တာ မသောက်တာက အန်တီ့အတွက် အရေးမကြီးပါဘူး"

ကျောက်လင်းသည် ချီချီလေးရှေ့တွင် ထိုအချက်ကို ဝန်မခံလိုသဖြင့် ခေါင်းကို အပြင်းအထန် ခါယမ်းပြလိုက်သည်။

"တကယ်လား... အန်တီ အသားကင်စားတိုင်း ဖေဖေ့ဆီမှာ ဘီယာတောင်းနေတာကို သမီးမြင်ဖူးသားပဲ"

ကျိရုရွှယ်က အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ထပ်မံမေးမြန်းလိုက်ပြန်သည်။

"အဲဒါက... မဟုတ်ပါဘူး။ မဟုတ်ပါဘူး အသားကင်ပဲလေ။ သောက်သောက် မသောက်သောက် အန်တီ့အတွက် အဆင်ပြေပါတယ်"

ကျောက်လင်းမှာ အနေရခက်စွာဖြင့် ပြန်လည်ဖြေရှင်းနေရတော့သည်။

"အော်... အဲဒီလိုလား ဖေဖေက အခန်းထဲကနေ ဘီယာတစ်ဖာကို ကားပေါ်တင်သွားတာ သမီးမြင်လိုက်လို့။ အခုတော့ မလိုတော့ဘူးဆိုတော့လည်း နှမြောစရာပဲနော်"

ကျိရုရွှယ်က နှမြောတသဟန်ဖြင့် ခေါင်းလေးကို ခါပြလိုက်သည်။

"နေဦး ချီချီလေး... အဲဒီဘီယာက ဘယ်ကားပေါ်မှာလဲဟင်"

ကျောက်လင်းက စိတ်လှုပ်ရှားစွာဖြင့် အလောတကြီး မေးမြန်းလိုက်မိသည်။

"ဟီးဟီး... အန်တီ့ကို စတာပါနော်။ အန်တီက ဘီယာမသောက်ချင်ဘူးဆို"

"အာ... ချီချီလေး နင် ငါ့ကို ညာတယ်ပေါ့လေ"

"အမလေး... အန်တီ မလုပ်ပါနဲ့တော့။ ယားလွန်းလို့ပါ ဟားဟား"

"ငါ့ကို ညာတဲ့အတွက် လက်စားချေတာပဲ။ နောက်တစ်ခါ ထပ်လုပ်ရဲသေးလား ကြည့်ကြတာပေါ့"

သူတို့နှစ်ဦး၏ ရယ်မောသံများကို ကြားရသောအခါ လုချွမ်း၏ ရင်ထဲတွင် ကြည်နူးမှုလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။ ချီချီလေးအနေဖြင့် ဤကဲ့သို့ လှည့်လည်သွားလာရသည့် ဘဝသစ်ကို ငြိုငြင်ခြင်းမရှိသည့်အတွက် သူ စိတ်အေးသွားရသည်။

သူတို့နှစ်ဦး ဆော့ကစားလို့ပြီးစီးကာ အသားကင်များလည်း ကုန်သွားသောအခါ လုချွမ်းက အနားသို့ချဉ်းကပ်လာပြီး စာရေးသားလိုက်သည်။

"ကဲ... အားလုံးပဲ စောစောအိပ်ကြတော့။ မနက်ဖြန် ငါတို့ ခရီးဆက်ရဦးမယ်"

ခဏအကြာတွင် ကျောက်လင်းသည် ကျိရုရွှယ်ကို ခေါ်ဆောင်ကာ တဲအတွင်းသို့ ဝင်သွားတော့သည်။

အပြင်ဘက်တွင်မူ လုချွမ်းတစ်ဦးတည်း ကျန်ရစ်ခဲ့ကာ လောင်မြိုက်နေသော မီးလျှံများကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

ယခုတစ်ကြိမ်တွင် သူသည် တစ်နေရာတည်း၌ ရပ်တန့်နေရန် အစီအစဉ်မရှိတော့ပေ။ သူသည် နေ့စဉ်နှင့်အမျှ နေရာသစ်တစ်ခုဆီသို့ အစဉ်မပြတ် ရွေ့လျားသွားလာနေတော့မည်ပင်။

All Chapters