အခန်း (၂၆၃)
Vol. 27 Ch. 263
နံနက်ခင်း၏ နူးညံ့ပျော့ပျောင်းသော နေရောင်ခြည်သည် အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှတစ်ဆင့် စခန်းချရာနေရာသို့ ဖြာကျလာခဲ့သည်။
လုချွမ်းသည် ကားပြတင်းပေါက်ကို မှီလျက် မြေပုံတစ်ခုကို ကိုင်ကာ ကျန်းဟိုင်မြို့အနီးတစ်ဝိုက်ရှိ နယ်မြေများကို အသေအချာ လေ့လာနေမိသည်။
သူ့ဘေးတွင်မူ ကျောက်လင်းနှင့် ကျိရုရွှယ်တို့သည် စားပွဲ၌ ထိုင်ကာ ရယ်မောစကားပြောရင်း အသားဆန်ပြုတ်ကို မြိန်ရည်ယှက်ရည် စားသောက်နေကြသည်။ ဆန်တစ်ဆုပ်နှင့် အသားအနည်းငယ်ကို လှီးထည့်လိုက်ရုံမျှဖြင့် ပြင်ဆင်နိုင်သည့် ဤအစာမှာ တောရိုင်းမြေအတွင်း၌ ချက်ပြုတ်ရန် အလွန်ပင် လွယ်ကူရိုးရှင်းလှသည်။
လုချွမ်းသည် သူတို့၏ ယာဉ်တန်း ရှေ့ဆက်ရမည့် လမ်းကြောင်းကို မြေပုံပေါ်တွင် အတည်ပြုရန် ကြိုးစားနေခြင်းပင်။ ယာဉ်တန်းအနေဖြင့် တောရိုင်းမြေရိုင်းများအတွင်း ဦးတည်ချက်မဲ့ လှည့်လည်နေ၍ မဖြစ်ပေ။ ကမ္ဘာပျက်ကပ်ဘေး မတိုင်မီက လမ်းမဟောင်းများအတိုင်း လိုက်ပါမောင်းနှင်ခြင်းကသာ အဆင်ပြေဆုံးနှင့် အမြန်ဆုံး နည်းလမ်းဖြစ်ပေလိမ့်မည်။
ကျန်းဟိုင်မြို့သည် ကျန်းပြည်နယ်အတွင်း၌ တည်ရှိသည်။ လက်ရှိတွင် လုချွမ်းနှင့်အဖွဲ့သည် ကျန်းဟိုင်မြို့ပြဧရိယာ၏ အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ သူတို့သည် တောင်ဘက်သို့ ဆက်လက်ဦးတည်မည်ဆိုပါက ကျန်းပြည်နယ်၏ အခြားမြို့တစ်မြို့ဖြစ်ပြီး ကျန်းဟိုင်မြို့နှင့် အိမ်နီးချင်းဖြစ်သော ပိုင်ချန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။
ပိုင်ချန်မြို့၏ အတိုင်းအတာမှာ ကျန်းဟိုင်မြို့ထက် မငယ်ပေ။ ထို့ကြောင့် လုချွမ်းသည် သူတို့၏ နောက်ထပ် ဦးတည်ရာအဖြစ် ပိုင်ချန်မြို့ကို သတ်မှတ်လိုက်သည်။
အမှန်စစ်စစ် ဇွန်ဘီများကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ဇွန်ဘီဘုရင် တစ်ပါးအနေဖြင့် သူ၏ အင်အားကို တိုးချဲ့လိုပါက ဇွန်ဘီများနှင့် ကင်းကွာ၍ မရနိုင်ပေ။ အထူးသဖြင့် ဇွန်ဘီအမြုတေရှိသည့် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများမှာ သူ၏ အင်အားအတွက် အဓိက အသက်သွေးကြောပင်။
ဤလောကဝယ် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများစွာကို တွေ့ရှိနိုင်သည့် နေရာမှာ လူဦးရေ ထူထပ်လှသော မြို့ပြဒေသများသာ ရှိပေသည်။ အကြောင်းမှာ သာမန်ဇွန်ဘီ အမြောက်အမြား ရှိမှသာလျှင် လုံလောက်သော ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီများ ပေါ်ထွက်လာနိုင်
သောကြောင့်ပင်။
ဥပမာအားဖြင့် ကျန်းနန်မြို့ပြဧရိယာသည် ထိုသို့သော နေရာမျိုးဖြစ်ခဲ့သော်လည်း ယခုအခါ၌မူ ထိုနေရာရှိ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများကို လုချွမ်းက ပြောင်သလင်းခါအောင် ရိတ်သိမ်းပြီး ဖြစ်သည်။ မြို့တွင်း၌ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများ အခြေအတင် ထပ်မံပေါ်ပေါက်လာရန်မှာ အချိန်အတော်ကြာ စောင့်ဆိုင်းရပေလိမ့်မည်။
ထို့ကြောင့် ကျန်းနန်မြို့ပြဧရိယာမှာ လုချွမ်းအတွက် တူးဖော်ပြီးသား သတ္တုတွင်းဟောင်းတစ်ခုနှင့် တူနေပြီဖြစ်သည်။ ယခုအခါ သူသည် သတ္တုတွင်းအသစ်ဖြစ်သော ပိုင်ချန်မြို့ဆီသို့ ဦးတည်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ထိုစဉ် စားသောက်ပြီးစီးသွားကြသည့် ကျောက်လင်းနှင့် ချီချီလေးတို့သည် လုချွမ်းရှိရာသို့ လျှောက်လှမ်းလာကြသည်။
"လုချွမ်း... ငါတို့ နောက်ထပ် ဘယ်ကို ဆက်သွားကြမလဲ"
ကျောက်လင်းက မြေပုံကို စိတ်ဝင်တစား ကြည့်ရှုရင်း မေးမြန်းလိုက်သည်။
"ဟုတ်တယ် ဖေဖေ... သမီးတို့ နောက်ထပ် ဘယ်ကို သွားကြမှာလဲဟင်"
တစ်ရှူးဖြင့် ပါးစပ်သုတ်နေသည့် ကျိရုရွှယ်ကလည်း မနေနိုင်ဘဲ ဝင်ရောက်မေးမြန်းလိုက်၏။
ထိုအခါ လုချွမ်းက ပြုံးလျက် သူတို့နှစ်ဦးကို ကြည့်လိုက်ပြီး မြေပုံပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးဖြင့် ထောက်ပြလိုက်သည်။
"ပိုင်ချန်မြို့လား..."
...
နှစ်ရက်ခန့် ကြာပြီးနောက်...
ပိုင်ချန်မြို့သို့ ဦးတည်ထားသော အမျိုးသားအဆင့် အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်တန်းတစ်ခုသည် မှန်မှန်ပင် ခရီးနှင်လျက် ရှိသည်။ ဗီဇပြောင်း လိပ်ကြီးသည် လမ်းပေါ်တွင် ပိတ်ဆို့နေသော ကားဟောင်းများကို ဘေးသို့ အင်တိုက်အားတိုက် တွန်းဖယ်ပေးနေသဖြင့် ယာဉ်တန်းမှာ အနှောင့်အယှက်မရှိ တိုးထွက်လာနိုင်ခြင်းပင်။
ယာဉ်တန်းအတွင်းရှိ ကားရှေ့ခန်း၌ ထိုင်နေသော လုချွမ်းသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသည့် ကျောက်လင်းနှင့် ချီချီလေးတို့ကို လှည့်ကြည့်လိုက်ပြီးနောက် အနားယူရန် နေရာတစ်ခု ရှာဖွေရန်နှင့် ရိက္ခာအချို့ ထပ်မံစုဆောင်းရန် ဆုံးဖြတ်လိုက်သည်။
လုချွမ်းသည် မြေပုံကို ထုတ်ယူကာ စစ်ဆေးကြည့်ရာ ရှေ့တွင် ကျန်းလီအမည်ရှိ မြို့ငယ်လေးတစ်မြို့ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
"ကျန်းလီမြို့မှာပဲ ခေတ္တနားကြတာပေါ့"
လုချွမ်းသည် ဆုံးဖြတ်ချက်ချပြီးနောက် မြေပုံကို ပြန်လည်သိမ်းဆည်းလိုက်သည်။
မကြာမီအချိန်အတွင်းမှာပင် ယာဉ်တန်းသည် လမ်းဆုံတစ်ခု၌ ရပ်တန့်သွားခဲ့သည်။
"ကျန်းလီမြို့လား... အင်း ဒီနေရာပဲ ဖြစ်ရမယ်"
ကျန်းလီမြို့ဟု ရေးသားထားသော လမ်းညွှန်ဆိုင်းဘုတ်ကို ကြည့်ရင်း လုချွမ်း စိတ်ချသွားကာ စိတ်အာရုံဖြင့် ခိုင်းစေလိုက်ရာ ယာဉ်တန်းကြီးသည် လမ်းဆုံမှတစ်ဆင့် လမ်းအဆုံးရှိ ကျန်းလီမြို့ဆီသို့ ပြန်လည်ဦးတည် မောင်းနှင်သွားတော့သည်။
"ဟင်... လုချွမ်း ငါတို့ ဘယ်ကိုသွားနေတာလဲ။ ပိုင်ချန်မြို့ကို သွားနေတာ မဟုတ်ဘူးလား"
အနည်းငယ် အိပ်ချင်မူးတူး ဖြစ်နေသော ကျောက်လင်းသည် လမ်းကြောင်းပြောင်းသွားသည်ကို မြင်သောအခါ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"အရင်ဆုံး ဒီမြို့ငယ်လေးမှာ နားကြတာပေါ့။ နင်နဲ့ ချီချီလေးလည်း ခရီးပန်းနေကြပြီလေ"
လုချွမ်းက သူ၏ အဖြေကို စာရွက်ပေါ်တွင် ရေးသား၍ ပြသလိုက်သည်။
"အင်း... ဟုတ်သားပဲ"
စာကို မြင်သောအခါ ကျောက်လင်း ခေါင်းညိတ်လိုက်မိသည်။
ဤခရီးစဉ်အတွင်း ကားပေါ်၌သာ အချိန်ကုန်ဆုံးခြင်း သို့မဟုတ် တဲများအတွင်း အိပ်စက်ခြင်းတို့မှာ တကယ်ပင် ပင်ပန်းနွမ်းနယ်ဖွယ် ကောင်းလှသည်။ သူမအတွက်မူ ထားပါတော့ ငယ်ရွယ်လှသော ချီချီလေးအဖို့ ဤကဲ့သို့ ကြမ်းတမ်းသော ခရီးကို အောင့်အည်းသည်းခံ လိုက်ပါနေရခြင်းမှာ အလွန်ပင် ပင်ပန်းလှပေလိမ့်မည်။ ယခုမူ မြို့လေးအတွင်း၌ အနားယူနိုင်တော့မည်ပင်။
ယာဉ်တန်းကြီးသည် ကျဉ်းမြောင်းသော ကွန်ကရစ်လမ်းအတိုင်း ၁၀ မိနစ်ခန့် မောင်းနှင်လာပြီးနောက် နောက်ဆုံးတွင် ကျန်းလီမြို့သို့ ဆိုက်ရောက်လာခဲ့သည်။
ယာဉ်တန်းကြီး မြို့အတွင်းသို့ ဝင်ဝင်ချင်းမှာပင် ဧရာမ ဧည့်သည်တော်ကြီးများအလား ဇွန်ဘီအုပ်ကြီးက ကြိုဆိုလိုက်ကြသည်။
ရှေ့မှ ဗီဇပြောင်း လိပ်ကြီးက ကားဟောင်းများကို တိုက်ဖယ်နေသည့် အသံနှင့် ယာဉ်တန်းကြီး ရွေ့လျားလာသည့် အသံတို့သည် မြို့အတွင်း လှည့်လည်သွားလာနေသော ဇွန်ဘီများကို တိုက်ရိုက် သတိပေးလိုက်သကဲ့သို့ပင်။
ဂါးးး...ဂါးးး
အိမ်များအတွင်းမှ ဇွန်ဘီအမြောက်အမြားမှာ ဟိန်းဟောက်သံများနှင့်အတူ အလုံးအရင်းနှင့် ထွက်ပေါ်လာကြပြီး လမ်းမများပေါ်တွင် လွှမ်းမိုးသွားကာ ဧရာမ ဇွန်ဘီလှိုင်းလုံးကြီးသဖွယ် ယာဉ်တန်းဆီသို့ ပြေးဝင်လာကြတော့သည်။
လုချွမ်းကမူ ရှေ့မှ ပြေးဝင်လာသော ဇွန်ဘီအုပ်ကြီးကို အေးဆေးတည်ငြိမ်စွာပင် ကြည့်နေလိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများသည် ဒီရေအလား တိုးထွက်သွားပြီး ခဏချင်းအတွင်းမှာပင် ရှေ့ရှိ ဇွန်ဘီများကို သူ၏ ထိန်းချုပ်မှုအောက်မှ ဇွန်ဘီရုပ်သေးများအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းလှသော ဇွန်ဘီများသည် ရှိရာအရပ်၌ပင် ရပ်တန့်သွားကြပြီးနောက် ယာဉ်တန်းကြီး ဖြတ်သန်းသွားနိုင်ရန် လမ်းကို အလိုအလျောက် ဖယ်ပေးလိုက်ကြသည်။
"ဒါဟာ ဇွန်ဘီဘုရင်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဇွန်ဘီထိန်းချုပ်နိုင်စွမ်းလား"
ကားနောက်ခန်းမှနေ၍ လုချွမ်း၏ ဇွန်ဘီထိန်းချုပ်ပုံကို ပထမဆုံးအကြိမ် အနီးကပ်မြင်ဖူးခြင်းဖြစ်ရာ ကျောက်လင်းမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများပင် ပြူးကျယ်သွားရသည်။
ဤစွမ်းအားက တကယ့်ကို ထိတ်လန့်စရာကောင်းလှသည်။ နောင်တစ်ချိန်တွင် လူသားများအနေဖြင့် လုချွမ်းကို လုံးဝရန်မစမိရန် လိုအပ်ပေမည်။ အကယ်၍သာ သူ ဒေါသထွက်လာခဲ့လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ မှန်းဆ၍ပင် မရနိုင်တော့ပေ။
ထိုစဉ် လုချွမ်းမှာမူ ကျောက်လင်း၏ စိတ်ထဲ၌ အတွေးပေါင်းစုံ ဖြစ်ပေါ်နေသည်ကို သတိမထားမိဘဲ စိတ်အာရုံဖြင့် ခိုင်းစေလိုက်ရာ ယာဉ်တန်းအတွင်းရှိ အဆင့် ၃ ဇွန်ဘီရုပ်သေးအားလုံးသည် ကားပေါ်မှ ဆင်းကာ ဝဲယာရှိ ဇွန်ဘီအုပ်ကြီးထဲသို့ တိုးဝင်သွားကြတော့သည်။
ဝုန်းးး…ဒုန်းးး
ခဏချင်းအတွင်းမှာပင် အဆင့် ၃ ဇွန်ဘီရုပ်သေးများသည် လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေသည့် ဇွန်ဘီအုပ်ကို စတင်တိုက်ခိုက်ကြသည်။ ၎င်းတို့သည် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများ၏ ဦးခေါင်းကို ရိုက်ခွဲကာ ဇွန်ဘီအမြုတေများကို ထုတ်ယူကြလေသည်။
လမ်းခရီးတွင် တွေ့ကြုံရသည့် ဇွန်ဘီများနှင့် ပတ်သက်၍ လုချွမ်း၏ မူဝါဒမှာ ရိုးရှင်းသည်။ သာမန်ဇွန်ဘီများကို လျစ်လျူရှုကာ အဆင့် ၁ နှင့် ၂ ဇွန်ဘီများကိုမူ အမြုတေရရှိရန် သတ်ဖြတ်သည်။ သို့သော် အဆင့် ၃ နှင့် ၄ ဇွန်ဘီများကိုမူ သူ၏ ဇွန်ဘီစစ်တပ် အင်အားတောင့်တင်းစေရန် သိမ်းသွင်းလေ့ရှိသည်။
သို့သော်လည်း ဤမြို့ငယ်လေးအတွင်း၌ အဆင့် ၃ ဇွန်ဘီ နှစ်ကောင်သာရှိပြီး အဆင့် ၄ မှာမူ တစ်ကောင်မျှ မရှိပေ။ ထို့ပြင် ထိုနှစ်ကောင်မှာ လျင်မြန်ဖြတ်လတ်သည့်ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။ ဇွန်ဘီအုပ်ကို ရှင်းလင်းပြီးနောက် ထိုအဆင့် ၃ ဇွန်ဘီအသစ်နှစ်ကောင်သည် အခြားဇွန်ဘီရုပ်သေးများနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် လုချွမ်း၏ အဆင့် ၃ ဇွန်ဘီရုပ်သေးစစ်တပ်မှာ ၁၂ ကောင်အထိ တိုးပွားသွားပြီး အဆင့် ၄ မှာမူ ၇ ကောင်အတိုင်းပင် ရှိနေသေးသည်။
ဇွန်ဘီရုပ်သေးတစ်ကောင်ထံမှ ဇွန်ဘီအမြုတေအိတ်ကို လှမ်းယူပြီးနောက် ယာဉ်တန်းသည် ဇွန်ဘီများ လမ်းဖွင့်ပေးထားသည့်အတိုင်း မြို့အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။
မကြာမီအချိန်အတွင်း လုချွမ်းနှင့်အဖွဲ့သည် မြို့ထဲရှိ မူလတန်းကြိုကျောင်းတစ်ခုကို အနားယူရန် နေရာအဖြစ် ရွေးချယ်လိုက်ကြသည်။ ၎င်းနေရာမှာ ပတ်ပတ်လည်တွင် တံတိုင်းများရှိသဖြင့် ကာကွယ်ရလွယ်ကူပြီး ဘေးကင်းလုံခြုံမှု ရှိသောကြောင့်ပင်။
ကျောင်းအတွင်းရှိ ရုံးခန်းတစ်ခုထဲတွင် လုချွမ်းသည် ကုလားထိုင်၌ မှီထိုင်လျက် မြေပုံကို ကိုင်ကာ တစ်စုံတစ်ခုကို ပြန်လည်အောက်မေ့နေသည့် ပုံစံရှိနေသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ကျန်းဟိုင်မြို့အစွန်မှ ပိုင်ချန်မြို့အစွန်အထိ ဖြတ်သန်းလာစဉ် သူတို့သည် သားရဲများနှင့် ဇွန်ဘီအမြောက်အမြားကို သုတ်သင်ခဲ့သလို လူနေမှုဘဝအတွက် လိုအပ်သော အရင်းအမြစ်များကိုလည်း စုဆောင်းနိုင်ခဲ့သည်။
ဥပမာအားဖြင့် ပျက်စီးခြင်းမရှိသေးသော ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခုမှ လတ်ဆတ်သော အသီးအနှံများကို ခူးဆွတ်နိုင်ခဲ့သလို လမ်းဘေးရှိ သစ်တော်သီးခြံတစ်ခုမှလည်း အခွံမည်းနက်နေသည့် ထူးဆန်းသော ဗီဇပြောင်း သစ်တော်သီးအချို့ကို ရရှိခဲ့သည်။
ထိုစဉ်က ချီချီလေးမှာ မြည်းစမ်းကြည့်ချင်သဖြင့် အော်ဟစ်ပူဆာခဲ့သော်လည်း လုချွမ်းက သစ်သီးတွင် ပြဿနာရှိမည်ကို စိုးရိမ်သဖြင့် ကနဦးတွင် ငြင်းဆန်ခဲ့သည်။
သူက စာရွက်ပေါ်တွင် "ချီချီလေး... ဒါကိုစားရင် ဗိုက်နာနိုင်တယ်နော်" ဟု ရေးသားခဲ့သော်လည်း ကျောက်လင်းကပါ သိလိုစိတ်ဖြင့် "ချီချီလေး... ဒါက တကယ်စားလို့ရတာ သေချာလို့လား" ဟု မေးမြန်းခဲ့သည်။
"ရတာပေါ့ အန်တီကျောက်လင်းရဲ့ သမီးကို ယုံစမ်းပါ"
ချီချီလေးက ပြောနေစဉ်မှာပင် ကျောက်လင်းက ထိုအခွံမည်းသစ်တော်သီးကို တစ်ကိုက် ကိုက်လိုက်ရာ ချက်ချင်းပင် လန်းဆန်းတက်ကြွသွားမှုကို ခံစားလိုက်ရသည်။
နောက်ပိုင်းတွင် ကျောက်လင်း၏ ပြောပြချက်အရ ထိုအသီးကို စားပြီးပါက လူမှာ အားအင်ပြည့်ဝလာပြီး ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်ကာ စိတ်ဓာတ်နှင့် ခန္ဓာကိုယ်စွမ်းအင်များကို အံ့အားသင့်ဖွယ် ကောင်းမွန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ကြောင်း သိရသည်။