← Chapters

အခန်း (၂၆၄)

Vol. 27 Ch. 264

အခန်း (၂၆၄)

Vol. 27 Ch. 264

ကမ္ဘာပျက်ကပ်ဘေးသင့်နေသော ပိုင်ချန်မြို့၏ မြို့လယ်ခေါင်သည် ကျန်းနန်မြို့ပြနှင့် မခြားနားလှဘဲ ပျက်စီးယိုယွင်းခြင်း၊ ခြောက်ကပ်ငြိမ်သက်ခြင်းတို့ဖြင့်သာ ပြည့်နှက်နေပြီး သက်ရှိတို့၏ အရိပ်အယောင် လုံးဝကင်းမဲ့နေသည်။

လမ်းမများပေါ်တွင် ကားအမြောက်အမြားသည် စနစ်တကျမရှိဘဲ ဖရိုဖရဲ ရပ်နားထားကြရာ အလွန်ပင် ရှုပ်ထွေးလှသည်။ အချို့ယာဉ်များမှာ တစ်စီးနှင့်တစ်စီး တိုက်မိထားသဖြင့် အစိတ်အပိုင်းများမှာ ဟိုတစ်စဒီတစ်စ လွင့်စင်ကာ ပျက်စီးနေကြပြီး အချို့ကားပြတင်းပေါက်များမှာမူ ရိုက်ခွဲခံထားရကာ ကားအတွင်းပိုင်း၌ ခြောက်သွေ့နေသော သွေးကွက်မည်းကြီးများ ပေကျံနေသည်။

ထိုယာဉ်များ၏ ကြားတွင် ပုပ်ပွနေသော အလောင်းများကို နီညိုရောင်သန်းနေသည့် မြေပြင်ပေါ်၌ ရံဖန်ရံခါ မြင်တွေ့ရတတ်ပြီး ယင်ကောင်များမှာ တဝီဝီဖြင့် အုပ်စုလိုက်နားနေကာ ပုပ်စပ်သော အနံ့ဆိုးများကို ထုတ်လွှတ်နေကြသည်။

တစ်ချိန်တည်းမှာပင် လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများမှာလည်း မြင်မကောင်းအောင် ပျက်စီးနေသည်။ မှန်ပြတင်းပေါက်များမှာ အကြမ်းဖက်ခံရမှုကြောင့် အစအနမကျန် ကွဲအက်နေကာ ကုန်ပစ္စည်းများမှာလည်း ဟိုဒီပြန့်ကြဲနေသည်။ အချို့သော လိပ်တံခါးများမှာ အတင်းအဓမ္မ တွန်းဖွင့်ခံထားရသည့် လက္ခဏာများ ရှိနေပြီး အချို့တံခါးများပေါ်တွင်မူ သွေးစွန်းနေသော လက်ရာများမှာ ထင်ကျန်နေဆဲဖြစ်ရာ ကမ္ဘာပျက်ကပ်ဘေး စတင်ချိန်က ဤနေရာ၌ မည်မျှအထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်ကို သက်သေပြနေသည်။

လေပြင်းတစ်ချက် အဝှေ့တွင် လမ်းပေါ်ရှိ အမှိုက်သရိုက်များမှာ လွင့်ပျံသွားကြပြီး အချို့မှာ လမ်းသလားနေသော ဇွန်ဘီများ၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားသဖြင့် ၎င်းတို့ထံမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာစေသည်။

မြို့ထောင့်များနှင့် မြင့်မားသော အဆောက်အအုံများကြားတွင် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများ ရံဖန်ရံခါ ပေါ်လာတတ်ပြီး ခဏချင်းအတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားတတ်သည်။

ဝုန်း... ဝုန်း...

ထိုစဉ် မြို့၏ မြောက်ဘက်ဆီမှ မော်တော်ယာဉ်များ မောင်းနှင်လာသည့် အသံများ ထွက်ပေါ်လာသည်။

အသံမှာ အဝေးမှနေ၍ တဖြည်းဖြည်း နီးကပ်လာရာ အစီအစဉ်မရှိ လမ်းသလားနေကြသော ဇွန်ဘီအားလုံးသည် ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ ၎င်းတို့သည် အသံလာရာအရပ်ကို ခွဲခြားသိမြင်နိုင်ရန် ဦးခေါင်းများကို ဟိုဖက်ဒီဖက် ဖြည်းညှင်းစွာ ယိမ်းနွဲ့ကာ ကြည့်နေကြသည်။

ဂါးးးးး

နောက်တစ်ခဏတွင်မူ ဇွန်ဘီအမြောက်အမြားသည် ကြောက်မက်ဖွယ် ဟိန်းဟောက်သံများနှင့်အတူ မြို့၏ မြောက်ဘက်အရပ်ဆီသို့ အလုံးအရင်းနှင့် ပြေးဝင်သွားကြသည်။

အဆောက်အအုံများ၊ ဆိုင်ခန်းများနှင့် လူနေအိမ်ရာများအတွင်းမှ ဇွန်ဘီအမြောက်အမြားသည် အပြင်သို့ တိုးဝှေ့ထွက်လာကြသည်။ ထိုအထဲတွင် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများလည်း ပါဝင်ပြီး လမ်းမအသီးသီးပေါ်၌ စုရုံးလာကြသည်။

နောက်ဆုံးတွင် ၎င်းတို့သည် လမ်းမများပေါ်မှတစ်ဆင့် စုစည်းမိသွားကာ ပင်လယ်နက်ကြီးတစ်ခုအလား ဧရာမ ဇွန်ဘီလှိုင်းလုံးကြီးသဖွယ် အသံလာရာအရပ်သို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားတော့သည်။

မြို့မြောက်ပိုင်း၏ ပင်မလမ်းမကြီးပေါ်တွင် မြေပြင်တုန်ခါမှုနှင့်အတူ စစ်သည်တော်သောင်းချီ ချီတက်လာသကဲ့သို့သော အသံကို ကြားလိုက်ရသဖြင့် လုချွမ်းသည် ယာဉ်တန်းကို ထိန်းချုပ်ကာ ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။

လမ်းအဆုံးတွင် ပေါ်ထွက်လာသော ဇွန်ဘီအုပ်ကြီးကို ကြည့်ရင်း လုချွမ်းသည် အံ့ဩခြင်းမရှိပေ။ ပိုင်ချန်မြို့၏ မြို့လယ်ခေါင်သို့ မဝင်ရောက်မီကပင် ဤအခြေအနေမျိုးကို သူ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။

တစ်စုံတစ်ယောက်က ဤမြို့အတွင်းရှိ ဇွန်ဘီများကို တမင်သက်သက် ရှင်းလင်းထားခြင်း မရှိပါက ယာဉ်တန်းနှင့် ဝင်ရောက်လာသူတိုင်းသည် ဇွန်ဘီလှိုင်းလုံးကြီး၏ တိုက်ခိုက်မှုကို မလွဲမသွေ ရင်ဆိုင်ရမည်သာ။

ဝုန်း... ဝုန်း... ဝုန်း...

ရှေ့တွင် ပေါ်လာသော ဇွန်ဘီများမှာ တစ်စထက်တစ်စ ပိုမိုများပြားလာပြီး လမ်းမကြီးတစ်ခုလုံးကိုပင် ပြည့်နှက်သွားစေသည်။ ၎င်းတို့သည် ရူးသွပ်စွာဖြင့် ယာဉ်တန်းဆီသို့ ပြေးဝင်လာကြသည်။

ထိုသို့ အလုံးအရင်းနှင့် ပြေးဝင်လာသော ဇွန်ဘီအုပ်ကြီးကို ကြည့်ပြီး နောက်ခန်းမှ ကျောက်လင်းမှာ အနည်းငယ် ထိတ်လန့်သွားမိသည်။

ဇွန်ဘီများ မည်မျှပင် များပြားပါစေ ဇွန်ဘီဘုရင် ဖြစ်သော လုချွမ်းအတွက် ဘာမှမဟုတ်မှန်း သူမ နားလည်ထားသော်လည်း တစ်ပြိုင်နက်တည်း အတင်းတိုးဝှေ့လာကြသော မြင်ကွင်းက သူမကို မသိစိတ်ဖြင့် တင်းမာသွားစေခြင်း ဖြစ်သည်။

သူမဘေးရှိ ကျိရုရွှယ်က ထိုအခြေအနေကို သတိပြုမိပြီး "အန်တီကျောက်လင်း... မပူနဲ့နော် ဒီဇွန်ဘီတွေက ဖေဖေကို ဘာမှလုပ်လို့မရပါဘူး" ဟု နှစ်သိမ့်လိုက်သည်။

ထိုအခါမှ ကျောက်လင်းလည်း သတိဝင်လာပြီး သူမ စိုးရိမ်လွန်နေကြောင်း သိရှိသွားကာ ချီချီလေးကို ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ရှေ့ဆုံးတွင်ရှိသော လုချွမ်းကမူ တိုက်ခိုက်လာသော ဇွန်ဘီများကို တည်ငြိမ်စွာပင် ကြည့်နေသည်။ သူ့အတွက်မူ ဤဇွန်ဘီများသည် ခြိမ်းခြောက်မှုများ မဟုတ်ဘဲ အဖိုးတန်သတ္တုတွင်းများသဖွယ် ဖြစ်ပြီး သူ့ထံသို့ ရင်းမြစ်များ လာရောက်ဆက်သနေခြင်းသာ။

လုချွမ်းသည် စိတ်အာရုံဖြင့် အမိန့်ပေးလိုက်ရာ ယာဉ်တန်းမှ တာဖန်းနှင့် အခြားအဆင့် ၄ ဇွန်ဘီရုပ်သေးများသည် ဇွန်ဘီအုပ်ကြီးရှိရာသို့ အရှိန်အဟုန်ဖြင့် စတင်ချီတက်သွားကြသည်။

ဝုန်း ဒုန်း ဒုန်း…

တာဖန်း ၊ အားဖန် နှင့် ဧရာမဇွန်ဘီ ၁ တို့သည် ရှေ့ဆုံးမှ ဦးဆောင်၍ ဇွန်ဘီအုပ်ကြီးအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားကြရာ ဇွန်ဘီအမြောက်အမြားမှာ လွင့်စင်ထွက်သွားကြပြီး အချို့မှာမူ ကိုက်ဖြတ်ချေမှုန်းခြင်း ခံလိုက်ရသဖြင့် တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

ဘုန်း…

တာဖန်း၏ လက်သီးချက်များသည် ပစ်မှတ်ကို ထိမိတိုင်း နားကွဲလုမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လမ်းကြောင်းပေါ်ရှိ ဇွန်ဘီများမှာ အသားစ၊ သွေးစများအဖြစ် လွင့်စင်ကာ ပေါက်ကွဲသွားကြသည်။ တစ်ချိန်တည်းမှာပင် သံမဏိတံခါးချပ်ကြီးများကဲ့သို့ သန်မာလှသော သူ၏ လက်မောင်းကြီးများဖြင့် ဘေးပတ်ပတ်လည်ရှိ ဇွန်ဘီများကို လွှင့်ပစ်နေတော့သည်။

သူ၏ဘေးတွင်မူ အားဖန်သည် ဧရာမ သံတုတ်ကြီးကို ဝှေ့ယမ်းလျက် ဖျက်ဆီးခြင်း နတ်ဆိုးဘုရင်အလား ဇွန်ဘီအုပ်ကြီးကို ရိုက်ချေနေသည်။ သူ လွှဲယမ်းလိုက်တိုင်း ဇွန်ဘီအုပ်ကြီးမှာ ဟင်းလင်းပြင်ဖြစ်သွားပြီး ဘေးပတ်ပတ်လည်ရှိ ဇွန်ဘီများမှာလည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကြောင့် လွင့်ထွက်သွားကြရသည်။

အစွန်ဆုံး ညာဘက်ခြမ်းတွင်မူ ဧရာမဇွန်ဘီ ၁ သည် ကတ္တရာစေးကဲ့သို့ နက်မှောင်နေသော ဓားရှည်ကြီးများနှင့်တူသည့် လက်သည်းဓားမြှောင်များကို အသုံးပြုကာ ရိတ်သိမ်းစက်တစ်ခုအလား ဇွန်ဘီများကို အပိုင်းပိုင်းဖြတ်တောက်နေသည်။ သူ ဖြတ်သန်းသွားသည့် လမ်းကြောင်းတစ်လျှောက်တွင် ဇွန်ဘီအလောင်းများမှာ မြေပြင်ပေါ်၌ ပုံအောကျန်ရစ်ခဲ့သည်။

အစွမ်းထက်လှသော အဆင့် ၄ ဇွန်ဘီရုပ်သေး သုံးကောင်က ရှေ့မှ ပိတ်ဆို့ထားသဖြင့် ဧရာမ ဇွန်ဘီလှိုင်းလုံးကြီးမှာ ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။

ဧရာမဇွန်ဘီ ၁ နှင့် အခြားအဆင့် ၄ ဇွန်ဘီရုပ်သေးများအပြင် အခြားသော ဇွန်ဘီများကလည်း စတင်တိုက်ခိုက်လာကြသည်။

ဒြပ်စင်ထိန်းချုပ်နိုင်သောများဖြစ်သည့် မီးလျှံ ၁ ၊ မီးလျှံ ၂ နှင့် မြေလျှိုး ၁ တို့သည် နောက်ဘက်မှ ရပ်လျက် ရှေ့ရှိ ဇွန်ဘီဒီရေလှိုင်းကြီးဆီသို့ စွမ်းအင်သုံး တိုက်ခွက်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြတော့သည်။

မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့သည် အချင်းတစ်မီတာခန့်ရှိသော လောင်မြိုက်နေသည့် မီးလုံးကြီးများကို ရော့ကက်လောင်ချာများသဖွယ် ဇွန်ဘီအုပ်ကြီးအတွင်းသို့ အဆက်မပြတ် ပစ်လွှတ်လိုက်ကြလေသည်။

ဝုန်း ဝုန်း ဝုန်း….

ချက်ချင်းဆိုသလိုပင် ဇွန်ဘီအုပ်ကြီးအတွင်း၌ မီးလျှံများ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ဇွန်ဘီများသည် မီးလုံးများ၏ဒဏ်ကြောင့် အစုလိုက်အပြုံလိုက် သေဆုံးကုန်ကြရာ ဇွန်ဘီအုပ်ကြား၌ ဟင်းလင်းပြင်ကြီးများ ဖြစ်ပေါ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်လာသော မီးပွားများက အနီးအနားရှိ ဇွန်ဘီများကိုပါ ကူးစက်လောင်ကျွမ်းစေသဖြင့် ဇွန်ဘီအုပ်ကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားရသည်။

အခြားတစ်ဖက်တွင်မူ မြေလျှိုး ၁ သည် ဥက္ကာခဲများကဲ့သို့ ကြီးမားလှသော ကျောက်တုံးကြီးများကို ဖန်တီးကာ အောက်ရှိ ဇွန်ဘီအုပ်ကြီးပေါ်သို့ မိုးရွာသကဲ့သို့ ပစ်ချလိုက်သည်။

ဒုန်း…

ကျောက်တုံးကြီးများ မြေပြင်ပေါ်သို့ ကျရောက်သွားသည့် ခဏချင်းမှာပင် အောက်ရှိ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများသည် အသားဖတ်များအဖြစ် ကြေမွသွားရပြီး လွင့်စင်လာသော ကျောက်စအစနများက ဘေးပတ်ပတ်လည်ရှိ ဇွန်ဘီများကိုပါ သွေးရည်ကြည်များအဖြစ် ဆွဲဖြတ်ပစ်လိုက်တော့သည်။

ကျန်ရှိနေသော လျှပ်စီး ၁ မှာမူ ရှေ့သို့ အတင်းတိုးမသွားဘဲ ဧရာမဇွန်ဘီ ၁ နှင့် အခြားရုပ်သေးများ၏ နောက်ကွယ်၌ ရပ်လျက် လွတ်ထွက်လာသည့် ဇွန်ဘီများကိုသာ ပစ်မှတ်ထားကာ လျင်မြန်စွာ နှိမ်နင်းပေးနေသည်။

အဆင့် ၄ ဇွန်ဘီရုပ်သေး ခုနစ်ကောင်၏ အစွမ်းပြ သုတ်သင်မှုအောက်တွင် လုချွမ်း၏ အမိန့်အရ အဆင့်နိမ့် ဆင့်ကဲပြောင်းလဲသူအားလုံးကို ဇွန်ဘီအမြုတေရယူရန် သတ်ဖြတ်ခဲ့ပြီး အဆင့် ၃ ဆင့်ကဲပြောင်းလဲသူများကိုမူ သူ၏ ဇွန်ဘီရုပ်သေးအသစ်များအဖြစ် တိုက်ရိုက် သိမ်းသွင်းလိုက်သည်။

ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် အဆက်မပြတ် စီးဆင်းလာနေသော ဇွန်ဘီလှိုင်းလုံးကြီးမှာ ကျဲပါးသွားပြီး ဆက်လက်မတောင့်ခံနိုင်တော့ပေ။ ခဏအကြာတွင် ယာဉ်တန်းသည် အလောင်းများဖြင့် ပိတ်ဆို့လုနီးပါး ဖြစ်နေသော ပင်မလမ်းမကြီးအတိုင်း ဖြည်းညှင်းစွာ ဖြတ်သန်းလာခဲ့သည်။ သူတို့နောက်ကွယ်တွင်မူ တောင်လိုပုံနေသော ဇွန်ဘီအလောင်းများထံမှ ပုပ်စပ်သော အနံ့ဆိုးများ ထွက်ပေါ်နေတော့သည်။

မြို့တွင်းသို့ ဆက်လက်ဝင်ရောက်လာပြီးနောက် ယာဉ်တန်းသည် ဓာတ်ဆီဆိုင်တစ်ခု၌ ရပ်တန့်လိုက်သည်။ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို စေခိုင်း၍ ဆီဆိုင်မှ လောင်စာဆီများကို စုဆောင်းစေပြီး သူကိုယ်တိုင်မှာမူ ကျောက်လင်းနှင့်အတူ ဆီဆိုင်အတွင်း၌ ခေတ္တအနားယူနေလိုက်သည်။

ထိုင်ခုံတစ်ခုတွင် နေရာယူလိုက်ပြီးနောက် လုချွမ်းသည် လက်ထဲမှ ဇွန်ဘီအမြုတေများ ပြည့်နှက်နေသော အိတ်ကိုကြည့်ကာ ကျေနပ်အားရနေမိသည်။ ယခုတိုက်ပွဲမှ လုချွမ်းသည် အဆင့် ၂ ဇွန်ဘီအမြုတေ ဒါဇင်ပေါင်းများစွာ ရရှိခဲ့သည့်အပြင် သူ၏ အဆင့် ၃ ဇွန်ဘီရုပ်သေး စစ်တပ်မှာလည်း ဆယ်ဂဏန်းကျော်အထိ တိုးပွားလာခဲ့သည်။

တိုတောင်းလှသော အချိန်အတွင်းမှာပင် လုချွမ်း၏ အင်အားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ကျန်းဟိုင်မြို့မှ ထွက်ခွာလာခဲ့ခြင်းမှာ တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေသည်။

ထိုသို့ တွေးမိရင်း လုချွမ်းသည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေကာ နှုတ်ခမ်းအစုံမှာလည်း အနည်းငယ် ကွေးညွှတ်လျက် ပြုံးယောင်သန်းနေတော့သည်။ ပိုင်ချန်မြို့အတွင်း၌ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများစွာ ရှိနေသည်ဖြစ်ရာ သူ၏ ဇွန်ဘီထိန်းချုပ်နိုင်စွမ်းနှင့်ဆိုလျှင် တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသရွေ့ သူ၏ အင်အားမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတောင့်တင်းလာပေလိမ့်မည်။

All Chapters