← Chapters

အခန်း (၂၆၈)

Vol. 27 Ch. 268

အခန်း (၂၆၈)

Vol. 27 Ch. 268

လှေကားမှ ဆင်းလာပြီးနောက် မျက်သူငယ်အိမ် ဒေါင်လိုက်ရှိသော လူငယ်နှင့် ကတုံးလူငယ်တို့သည် မြို့အတွင်း၌ လျင်မြန်စွာ ဖြတ်သန်းလာခဲ့ကြပြီး နောက်ဆုံးတွင် လျှို့ဝှက်လမ်းတစ်ခုမှတစ်ဆင့် မြေအောက်ကလပ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။

ဤမြေအောက်ကလပ်သည် အလွန်ကျယ်ဝန်းလှပြီး ကြည့်လိုက်ပါက လမ်းဆုံးပင် မမြင်နိုင်ပေ။ အတွင်းသို့ ဆက်လက်ဝင်ရောက်သွားသည့်အခါ ဘားများနှင့် လောင်းကစားရုံများစွာကိုလည်း တွေ့မြင်နိုင်သည်။

ကောလာဟလများအရ ဤမြေအောက်ကလပ်ကို ကမ္ဘာပျက်ကပ်ဘေး မတိုင်မီကပင် ချမ်းသာကြွယ်ဝသော လူကုံထံသားများက သူတို့၏ အသိုင်းအဝိုင်းအတွင်းရှိ သူငယ်ချင်းများအတွက်သာ သီးသန့်ရည်ရွယ်၍ စားသောက် ပျော်ပါးနိုင်ရန် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် လောင်းကစားရုံ ဘားနှင့် တိုက်ခိုက်ရေးကွင်းကဲ့သို့သော အသုံးအဆောင်များကို ဤနေရာ၌ နေရာအနှံ့ တွေ့မြင်ရခြင်းဖြစ်သည်။

မျက်သူငယ်အိမ် ဒေါင်လိုက်ရှိသော လူငယ်သည် ကတုံးလူငယ်နှင့်အတူ လမ်းတစ်လျှောက်ရှိ လူအချို့ကို နှုတ်ဆက်ရင်း တိုက်ခိုက်ရေးကွင်းရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။ ထိုအချိန်တွင် ကျယ်ဝန်းလှသော လက်ဝှေ့စင်အောက်၌ လူအုပ်ကြီးမှာ စုရုံးရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ်ဆွေးနွေးနေကြပြီး ရံဖန်ရံခါတွင်မူ တစ်ခဲနက် အားပေးသံများ ထွက်ပေါ်လာတတ်သည်။

စင်မြင့်ပေါ်တွင်မူ အေးစိမ့်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အလျား ပေ ၄၀ ကျော်ခန့်ရှိသော ရေခဲမြွေဟောက်ကြီးနှင့် ထွားကြိုင်းလှသော မီးကျားကြီးတို့သည် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ရေခဲမြွေဟောက်ကြီး၏ ခန္ဓာကိုယ်သည် ရေခဲပုံဆောင်ခဲများနှင့်တူသော အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး မီးဆိုင်းများအောက်တွင် တောက်ပနေသည်။ သူ၏ တုတ်ခိုင်လှသော အမြီးကြီးကို လွှဲယမ်းလိုက်တိုင်း မီးကျားကြီးဆီသို့ အသားထဲထိ စိမ့်ဝင်သွားနိုင်သော အေးစိမ့်သည့် လေထုကို မှုတ်ထုတ်နေသည်။

မီးလျှံများ တောက်လောင်နေသော မီးကျားကြီးကမူ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားလျက် မြွေမြီး၏ ရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

ဘုန်း….

အေးစိမ့်သော စွမ်းအားများ ပါဝင်နေသည့် မြွေမြီးသည် စင်မြင့်ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားရာ ကျောက်သားကဲ့သို့ မာကျောလှသော မျက်နှာပြင်မှာ တွင်းကြီးတစ်ခု ဖြစ်သွားတော့သည်။ ထိုမြင်ကွင်းကြောင့် အောက်ရှိ လူအုပ်ကြီးထံမှ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာခဲ့သည်။

မြွေမြီးကို ရှောင်တိမ်းပြီးနောက် မီးကျားကြီးသည် ချက်ချင်းပင် တန်ပြန်တိုက်စစ် ဆင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးလျှံများမှာ ရုတ်တရက် ပိုမိုပြင်းထန်လာပြီး ထိုအပူရှိန်ကို အသုံးပြုကာ ရေခဲမြွေဟောက်ကြီး မှုတ်ထုတ်လိုက်သော အေးစိမ့်လေထုကို တိုးဝှေ့လျက် ရှေ့သို့ တည့်တည့် ပြေးဝင်သွားတော့သည်။

ဝေါင်းးး

အေးစိမ့်သောလေနှင့် ပူပြင်းသော မီးလျှံတို့ ထိတွေ့မှုကြောင့် အဖြူရောင် မြူခိုးအစုအဝေးကြီး ဖြစ်ပေါ်လာသည်။ မီးကျားကြီးသည် လျှပ်စီးလက်သကဲ့သို့ ထိုမြူခိုးများထဲမှ ပြေးထွက်လာပြီး သူ၏ တောက်လောင်နေသော ကျားလက်သည်းဖြင့် ရေခဲမြွေဟောက်ကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

မျှော်လင့်မထားဘဲ ရေခဲမြွေဟောက်ကြီး၏ အေးစက်သော မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ မီးကျားကြီး အနီးကပ် ပြေးဝင်လာသည့် နောက်ဆုံးမိနစ်တွင် သူသည် ဘေးသို့ ရှောင်တိမ်းလိုက်ပြီး သူ၏ တုတ်ခိုင်သော အမြီးကြီးကို မီးကျားကြီးဆီသို့ နောက်တစ်ကြိမ် လေတိုးသံနှင့်အတူ ဝှေ့ယမ်းလိုက်တော့သည်။

မျှော်လင့်မထားသော တိုက်ကွက်ကြောင့် မီးကျားကြီး၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ယှက်သန်းသွားပြီး သူသည် ခန္ဓာကိုယ်ကို အမြန်လှည့်ကာ ကျားလက်သည်းဖြင့် အရှိန်အဟုန်နှင့် လာနေသော မြွေမြီးကို ခုခံလိုက်သည်။

ဘုန်း…

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲတုန်ခါမှုသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရာ စင်မြင့်အောက်ရှိ လူအုပ်ကြီးမှာ လွင့်ထွက်မသွားစေရန် နောက်သို့ အလန့်တကြား ဆုတ်ခွာလိုက်ကြရသည်။

ကျွီ...

တိုက်ခိုက်မှုအပြီးတွင် မီးကျားကြီး၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော အရှိန်ကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ သူ၏ ခြေသည်းလေးခုစလုံးမှာ စင်မြင့်ကြမ်းပြင်ကို ကုတ်ခြစ်လျက် မီတာဆယ်ကျော်ခန့် နောက်သို့ လျှောတိုက်သွားပြီးမှသာ အနိုင်နိုင် ရပ်တန့်သွားတော့သည်။

ရေခဲမြွေဟောက်ကြီး၏ အမြီးမှာလည်း ထိုတိုက်ခိုက်မှုကြောင့် ပြန်ကန်ထွက်သွားပြီး စင်မြင့်အစွန်းကို ပြင်းထန်စွာ ရိုက်မိသွားခဲ့သည်။

"ဟားဟားဟား... တကယ့်ကို အားရစရာပဲ ညီလေး နောက်တစ်ခေါက် ထပ်လုပ်ကြရအောင်"

ထိုအချိန်တွင် မီးကျားကြီး၏ မျက်လုံးများထဲ၌ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး အံ့ဩစရာကောင်းသည်မှာ လူစကားကို ပြောလိုက်ခြင်းပင်။ သူသည် တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

ပြောပြောဆိုဆိုနှင့်ပင် မီးကျားကြီးသည် ရေခဲမြွေဟောက်ကြီးရှိရာသို့ ချက်ချင်း ပြန်လည်ပြေးဝင်သွားတော့သည်။

"အစ်ကို... ခဏလောက် နားရအောင်ပါ"

ရေခဲမြွေဟောက်ကြီးက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

သို့သော်လည်း မီးကျားကြီးမှာ လုံးဝနားမထောင်ဘဲ ခေါင်းမာစွာဖြင့်ပင် အတင်းဝင်ရောက် တိုက်ခိုက်နေသဖြင့် ရေခဲမြွေဟောက်ကြီးမှာလည်း မတတ်သာဘဲ တုံ့ပြန်တိုက်ခိုက်ရင်း သူတို့နှစ်ဦးမှာ နောက်တစ်ကြိမ် လုံးထွေးသတ်ပုတ်နေကြပြန်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် မီးကျားကြီးနှင့် ရေခဲမြွေဟောက်ကြီးတို့မှာ အနိုင်အရှုံးမပေါ်ဘဲ နောက်ဆုံးတွင် တိုက်ပွဲကို ရပ်တန့်လိုက်ကြသည်။

လူအုပ်ကြီး၏ တစ်ခဲနက် အားပေးသံများကြားမှာပင် ထိုသားရဲကြီးနှစ်ကောင်သည် လူသားပုံစံသို့ အသီးသီး ပြန်လည်ပြောင်းလဲလိုက်ကြသည်။

မီးကျားကြီးမှာ ထိပ်ပြောင်ဆံပင်ပုံစံနှင့် သန်မာထွားကြိုင်းသော အမျိုးသားကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး သူ၏ အပေါ်ပိုင်းဗလာကျင်းနေသော ခန္ဓာကိုယ်တွင် တက်တူးများစွာ ရှိနေသည်။ ရေခဲမြွေဟောက်ကြီးမှာမူ ဆံပင်တိုတို အသားဖြူဖြူနှင့် တည်ကြည်သော မျက်နှာရှိသည့် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

အနီးကပ် သေချာကြည့်မည်ဆိုပါက ထိုသူနှစ်ဦးမှာ အသက်အရွယ်နှင့် ကိုယ်ခန္ဓာ တည်ဆောက်ပုံ ကွာခြားသော်လည်း ရုပ်ရည်ချင်းမှာမူ ၇၀ ရာခိုင်နှုန်းခန့် တူညီနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

အကြောင်းမှာ ထိုသူနှစ်ဦးသည် ညီအစ်ကိုအရင်းများဖြစ်ကြပြီး နဂါးကျားဂိုဏ်း၏ ခေါင်းဆောင်များလည်း ဖြစ်ကြသောကြောင့်ပင်။

ညီအစ်ကိုနှစ်ဦးစလုံးသည် သားရဲအသွင်ပြောင်းလဲနိုင်စွမ်းကို နိုးကြားရှိထားကြသူများဖြစ်ရာ တစ်ဦးမှာ မီးကျားအဖြစ် ပြောင်းလဲနိုင်ပြီး အခြားတစ်ဦးမှာ ရေခဲမြွေဟောက်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိကြသည်။ ကမ္ဘာပျက်ကပ်ဘေး ဆိုက်ရောက်လာပြီးနောက် ညီအစ်ကိုနှစ်ဦးသည် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို အသုံးချကာ ဆင့်ကဲပြောင်းလဲသူအမြောက်အမြားကို စုစည်းခဲ့ပြီး ဤမြေအောက်ကလပ်ကို အခြေစိုက်စခန်းပြု၍ နဂါးကျားဂိုဏ်းကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

"ညီလေး... မင်းရဲ့အင်အားက တော်တော်လေးကို မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ အခုဆိုရင် အစ်ကိုနဲ့တောင် ရင်ဘောင်တန်းနိုင်နေပြီ။ နောက်ဆိုရင် အစ်ကိုတောင် မင်းကို နိုင်မှာမဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် အစ်ကို အနားယူပြီး မင်းကိုပဲ ဂိုဏ်းချုပ်နေရာ ပေးလိုက်တော့မယ်"

ကျန်းရှီးက လျှောက်လာပြီး ကျန်းချင်း၏ ပုခုံးကို ပုတ်ကာ တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

"အစ်ကို... ဘာတွေပြောနေတာလဲ။ ကျွန်တော်တို့က ညီအစ်ကိုတွေပဲဟာ ဘာလို့ အဲဒီလိုတွေ ခွဲခြားနေမှာလဲ။ အရင်တုန်းက အစ်ကိုသာ အသက်နဲ့ရင်းပြီး ကျွန်တော့်ကို အကြိမ်ကြိမ် မကယ်ခဲ့ရင် ကျွန်တော် ဇွန်ဘီတွေလက်ထဲမှာ သေတာကြာလှပြီ"

ကျန်းချင်းက မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ... မင်းပြောသလိုပဲ ထားပါတော့။ ဂိုဏ်းချုပ်လုပ်ရတာ ပျော်ဖို့ကောင်းပေမဲ့ တော်တော်တော့ ပင်ပန်းသားကွ။ မင်းမှ မလုပ်ချင်တာ အစ်ကိုပဲ ဆက်လုပ်ပါဦးမယ်"

ညီဖြစ်သူ မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ ကျန်းရှီးက လက်ကိုပြန်ရုပ်ပြီး ခေါင်းခါရင်း ပြောလိုက်သည်။

"လာစမ်းပါ ငါတော့ ဗိုက်ဆာနေပြီ တစ်ခုခု သွားစားကြရအောင်"

ထိုအချိန်တွင် ကြည့်ရှုသူအများစုမှာလည်း ပြန်သွားကြပြီဖြစ်ရာ ကျန်းရှီးသည် ညီဖြစ်သူကိုခေါ်၍ စင်ပေါ်မှ ဆင်းလာခဲ့သည်။

"ဂိုဏ်းချုပ်ကြီးနဲ့ ဒုတိယဂိုဏ်းချုပ်ကြီးခင်ဗျာ... ကျွန်တော့်မှာ တင်ပြစရာ အရေးကြီးကိစ္စတစ်ခု ရှိပါတယ်"

အခွင့်အရေးကို စောင့်နေသော မျက်သူငယ်အိမ် ဒေါင်လိုက်ရှိသည့် လူငယ် ကျန်းယွီနှင့် ကတုံးလူငယ်တို့သည် အရှေ့သို့ အပြေးအလွှား တိုးထွက်လာပြီး ရိုသေစွာ ပြောလိုက်ကြသည်။

"ကျန်းယွီ... မင်းနဲ့ ကတုံးနဲ့ ဘာဖြစ်လာကြတာလဲ"

ကျန်းရှီးနှင့် ကျန်းချင်းတို့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ ကျန်းချင်းက သူတို့နှစ်ဦးကို မျက်မှောင်ကြုတ်ကြည့်ကာ မေးမြန်းလိုက်လေသည်။

"ဒုတိယဂိုဏ်းချုပ် ဂိုဏ်းချုပ်ကြီး... ကျွန်တော်နဲ့ ကတုံးတို့ မြို့ထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ မိန်းကလေးငယ်တစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူတို့ကို ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေက အမြဲတမ်း ဝိုင်းရံကာကွယ်ပေးထားတာပါ။ အဲဒီဇွန်ဘီတွေက အနည်းဆုံး အဆင့် ၃ ဖြစ်နိုင်ရင် အဆင့် ၄ တွေတောင် ဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့လည်း အဆင်ခြင်မဲ့ မလှုပ်ရှားရဲတာနဲ့ ခေါင်းဆောင်တို့ဆီကို အမြန်ဆုံး သတင်းလာပို့တာပါ"

ကျန်းယွီက အလေးအနက် ရှင်းပြလိုက်သည်။

အမျိုးသမီးတစ်ယောက်လား ပြီးတော့ ဇွန်ဘီတွေက အကာအကွယ် ပေးထားတယ်ဟုတ်လား။

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းရှီးနှင့် ညီဖြစ်သူတို့မှာ အလွန်ပင် အံ့အားသင့်သွားကြသည်။

"ကျန်းယွီ... မင်း ငါ့ကို နောက်နေတာလား။ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေက ဘယ်တုန်းက လူတွေကို ရန်မမူဘဲ ကာကွယ်ပေးတတ်သွားတာလဲ"

ကျန်းရှီးက မျက်ခုံးပင့်လျက် မယုံကြည်နိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"တကယ်ပါ ဂိုဏ်းချုပ်ကြီး ကျွန်တော့်ကို မယုံရင် ကတုံးကို မေးကြည့်လို့ရပါတယ် သူလည်း မြင်ခဲ့တာပဲ"

ကျန်းယွီက အလျင်စလို ပြောလိုက်သည်။ လူသုံးယောက်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ ကတုံးမှာလည်း အလောတကြီး ခေါင်းညိတ်ပြလိုက်တော့သည်။

"အစ်ကို... ကျန်းယွီနဲ့ ကတုံးက ကျွန်တော်တို့ကို လိမ်စရာ အကြောင်းမရှိဘူး သူတို့ပြောတာ အမှန်ဖြစ်ရမယ်။ အကယ်၍ ဇွန်ဘီတွေက လူတွေကို ကာကွယ်ပေးနေတယ်ဆိုရင်... တစ်ဖက်လူက ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိတဲ့ ဆင့်ကဲပြောင်းလဲသူဖြစ်နေလို့များလား"

ထိုသို့ပြောရင်း ကျန်းချင်း၏ မျက်ဝန်းများမှာ တစ်ချက် တောက်ပသွားပြီး ခန့်မှန်းလိုက်သည်။

"မှန်ပါတယ် ဒုတိယဂိုဏ်းချုပ် ကျွန်တော်လည်း စောစောက အဲဒီလိုပဲ တွေးခဲ့တာပါ"

ကျန်းယွီက ချက်ချင်းပင် ထောက်ခံလိုက်သည်။

"ဇွန်ဘီတွေကို ထိန်းချုပ်တာ မယုံနိုင်စရာပဲ။ တကယ်လို့ အဲဒီမိန်းကလေးသာ ဒီထက်ပိုပြီး အင်အားကြီးလာရင် ပိုင်ချန်မြို့မှာ ငါတို့ နဂါးကျားဂိုဏ်းအတွက် နေရာရှိပါဦးမလား။ မဖြစ်ဘူး... မဖြစ်ဘူး... ညီလေး မြန်မြန်လူစုစမ်း အခုချက်ချင်း သွားပြီး သူတို့ကို ရှင်းပစ်ရမယ်"

ကျန်းရှီးမှာ ထိတ်လန့်တကြားဖြစ်သွားပြီး အလျင်စလို အော်ဟစ်စေခိုင်းတော့သည်။

"အစ်ကို... စိတ်အေးအေးထားပါဦး ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တဲ့ ဆင့်ကဲပြောင်းလဲသူဆိုတာ တကယ့်ကို ရှားပါးတယ်။ တကယ်လို့ သူတို့ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်နိုင်ရင် အဲဒီဇွန်ဘီတွေရဲ့ အကူအညီနဲ့ ငါတို့ နဂါးကျားဂိုဏ်းရဲ့ အင်အားက အဆမတန် တိုးတက်လာမှာနော်"

ကျန်းချင်းက ကျန်းရှီးကို အမြန်တားဆီးပြီး အကြံပေးလိုက်သည်။ ဇွန်ဘီထိန်းချုပ်နိုင်စွမ်းရှိသူမှာ အလွန်တန်ဖိုးရှိလှသဖြင့် ဤအခွင့်အရေးကို လက်လွှတ်မခံသင့်ကြောင်း ကျန်းချင်း တွေးမိလိုက်ခြင်းဖြစ်သည်။

All Chapters