အခန်း (၂၇၀)
Vol. 27 Ch. 270
အမှန်အတိုင်း ပြောရလျှင် ကျောက်လင်း၏ အမြင်၌ တစ်ဖက်လူပြောသည်မှာ အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။ အကယ်၍ အခြားသူသာဆိုလျှင် သဘောတူမိကောင်း တူမိပေလိမ့်မည်။
အကြောင်းမှာ ကလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးအတွက် ဤကမ္ဘာပျက်ကပ်ဘေးကြီးထဲတွင် အသက်ရှင်ရန် ရုန်းကန်ရသည်မှာ အလွန်ပင် ခက်ခဲလှသောကြောင့်ပင်။ သို့သော် ကံမကောင်းစွာဖြင့် ထိုအချက်များသည် သာမန်လူများအတွက်သာ။ ကျောက်လင်းမှာမူ ထိုသူများနှင့် မတူပေ။ သူမဘေးတွင် ဇွန်ဘီဘုရင် ကိုယ်တိုင် ရှိနေသည်။ အဖွဲ့အစည်းတစ်ခု၏ အင်အားကို အမှီပြုစရာမလိုဘဲ အသက်ရှင်နိုင်ရုံသာမက အလွန်တင့်တောင့်တင့်တယ်စွာပင် နေထိုင်နိုင်သေးသည်။
ထို့အပြင် ဇွန်ဘီဘုရင်၏ စရိုက်အရဆိုလျှင်လည်း ဤသို့သော နဂါးကျားဂိုဏ်း ဆိုသည့်အရာထဲသို့ မည်သို့မျှ ဝင်ရောက်မည်မဟုတ်ပေ။
ကျန်းချင်းမှာမူ ဤအချက်များကို လုံးဝမသိရှိပေ။ ထို့ကြောင့်လည်း ကျောက်လင်း၏ ပြတ်သားသော ငြင်းဆိုမှုကို သူ အလွန်ဇဝေဇဝါ ဖြစ်နေရခြင်းဖြစ်သည်။
ဒီအမျိုးသမီးက သူမကိုယ်သူမ အားကိုးပြီး အသက်ရှင်နိုင်မယ်လို့ တကယ့်ကို ယုံကြည်မှုလွန်ကဲနေတာလား
"ရှင်တို့ ပြန်ကြပါတော့ ကျွန်မ ဒီစကားကို တတိယအကြိမ် ထပ်မပြောချင်တော့ဘူး"
ကျောက်လင်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် နောက်တစ်ကြိမ် နှင်ထုတ်လိုက်သည်။
"မင်း... မင်းက"
ထိုအချိန်တွင် ကျောက်လင်းနှင့် ကျိရုရွှယ်တို့၏ ဘာမှမဖြစ်သလို အေးစက်နေသော မျက်နှာများကို ကြည့်ပြီး ကျန်းရှီးမှာ ရုတ်တရက် ဒေါသပေါက်ကွဲသွားတော့သည်။ သူ၏ ကြမ်းတမ်းသော စိတ်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပေ။
ကျန်းရှီးက ကျောက်လင်းကို အော်ဟစ်ငေါက်ငမ်းရန် ပြင်လိုက်စဉ်မှာပင် သူ၏နားစည်အတွင်းသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ဝင်ရောက်လာပြီး သူ၏ခြေထောက်အောက်ရှိ မြေပြင်မှာလည်း သိသိသာသာ တုန်ခါသွားခဲ့သည်။
ကျန်းရှီးမှာ မူးဝေနောက်ကျိသွားပြီး မတတ်သာဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ဂါးးးး
ထို့နောက် ငြိမ်သက်စွာ ရပ်နေခဲ့သော အားဖန်သည် ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အားကောင်းလှသည့် အရှိန်အဝါသည် နဂါးကျားဂိုဏ်းဝင်များကို လွှမ်းမိုးသွားရာ သူတို့အားလုံး၏ ရင်ထဲတွင် ကြောက်စိတ်များဖြင့် တုန်လှုပ်သွားကြတော့သည်။
"ဇွန်ဘီကြီးပဲ"
"ဘယ်လိုမှ ယှဉ်တိုက်လို့ မရနိုင်ဘူး..."
ထိုအခိုက်အတန့်တွင် ကျန်းချင်းနှင့် ကျန်းရှီး ညီအစ်ကိုနှစ်ဦးစလုံး၏ မျက်နှာများမှာ ဖြူလျော်နေတော့သည်။ အဆင့် ၄ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီတစ်ကောင်ကို ဤမျှနီးကပ်သော အကွာအဝေးမှ ရင်ဆိုင်ရခြင်းမှာ သူတို့အတွက် ပထမဆုံးအကြိမ်ပင်။ အကယ်၍ ဤဇွန်ဘီသာ တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေပါက သူတို့အားလုံး ချက်ချင်း အသတ်ခံလိုက်ရလောက်ပြီဖြစ်သည်။
"အမ... အမက သဘောမတူဘူးဆိုမှတော့ ကျွန်တော်တို့ နဂါးကျားဂိုဏ်းကလည်း အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး။ ခွင့်ပြုပါဦး"
အားဖန်၏ ဟိန်းဟောက်သံကြောင့် နားထဲတွင် အုန်းအုန်းကျွက်ကျွက် မြည်နေဆဲဖြစ်သော ကျန်းချင်းသည် ဤနေရာတွင် ဆက်မနေသင့်တော့မှန်း သိသဖြင့် ကျောက်လင်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ကျန်းရှီးနှင့် နောက်လိုက်များကို ဆွဲခေါ်ကာ ကားပေါ်သို့ အလောတကြီး တက်ပြီး ရပ်ကွက်အတွင်းမှ အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။
ရှေ့မှ လမ်းကွေ့တွင် ထရပ်ကားလေး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျောက်လင်းက ကျိရုရွှယ်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"ချီချီလေး... ဟို နဂါးကျားဂိုဏ်းဆိုတဲ့ လူတွေကို ကြည့်ရုံနဲ့တင် သူတို့က လူကောင်းတွေ မဟုတ်မှန်း သိသာတယ်။ အန်တီ့အထင်တော့ သူတို့ ဒီလောက်နဲ့တင် အလွယ်တကူ လက်လျှော့ကြမှာ မဟုတ်ဘူး။ ငါတို့ရဲ့ အင်အားက သူတို့ကို ကြောက်စရာမလိုပေမဲ့ တစ်ဖက်လူက ရုတ်တရက် ချောင်းမြောင်း တိုက်ခိုက်လာနိုင်တယ်။ ဒါကြောင့် သမီးဖေဖေကို သတိရှိရှိနဲ့ ဂရုစိုက်ဖို့ ပြန်ပြောလိုက်ဦးနော် သူတို့ အခွင့်အရေး မရအောင်လို့"
"ဟုတ်ကဲ့ပါ အန်တီကျောက်လင်း သမီး အခုပဲ ပြန်သွားပြီး ဖေဖေကို ပြောလိုက်ပါ့မယ်"
ကျိရုရွှယ်က လိမ္မာပါးနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမသည် အခြေအနေကို နားလည်ပြီးသားဖြစ်သလို စောစောက အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ မရိုးသားမှန်း ခန့်မှန်းမိသည်။ သူတို့က ကျောက်လင်းကို ဇွန်ဘီထိန်းချုပ်နိုင်သူဟု ထင်မှတ်မှားပြီး ဂိုဏ်းထဲသို့ သိမ်းသွင်းရန် ကြိုးစားခဲ့ခြင်းပင်။ ယခု ကျောက်လင်းက ငြင်းပယ်လိုက်ပြီဖြစ်ရာ ထိုလူများမှာ ငြိမ်နေမည်မဟုတ်သည်မှာ သေချာသည်။
သို့သော် ကျိရုရွှယ်မှာ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။ တစ်ဖက်လူ၏ အင်အားမှာ သူမနှင့် သူမဖေဖေအတွက် ဘာမှမဟုတ်ကြောင်း သူမ ကောင်းကောင်းသိသည်။
......
နဂါးကျားဂိုဏ်း ဌာနချုပ် မြေအောက်ကလပ်။
ဒုန်း….
"အသိဥာဏ်မရှိတဲ့ မိန်းမနဲ့ ကလေးမလေးက ငါတို့ကို ဒီလောက်အထိ ရောင့်တက်ပြရဲတယ်ပေါ့ အေးအေးဆေးဆေး ဖိတ်ခေါ်တုန်းက လက်မခံဘဲ အတင်းအကျပ် အကျပ်ကိုင်မှ ဖြစ်မယ်ထင်တယ်"
ကျန်းရှီးသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်ရာ ဘီယာခွက်အချို့ လွင့်စင်သွားပြီး အရက်များမှာ စားပွဲတစ်ဝက်ခန့်အထိ ဖိတ်စင်သွားသည်။
ဘေးနားတွင် စုရုံးနေကြသော လက်အောက်ငယ်သားများမှာလည်း ဆောင်းတွင်းရောက် ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြပြီး မည်သူမျှ စကားမဟရဲကြသဖြင့် အခြေအနေမှာ အလွန်ပင် တင်းမာလေးလံနေသည်။
"အစ်ကို... စိတ်အေးအေးထားပါဦး။ အဲဒီမိန်းမက ငါတို့ နဂါးကျားဂိုဏ်းကို ဒီလောက်ပြတ်ပြတ်သားသား ငြင်းလိမ့်မယ်လို့ ကျွန်တော်လည်း မထင်ထားဘူး"
ကျန်းချင်းက ကျန်းရှီးကို ဖျောင်းဖျရင်း ခေါင်းကို မတတ်သာသလို ခါယမ်းလိုက်သည်။
ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် ကလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးအတွက် ဤကမ္ဘာပျက်ကပ်ဘေးတွင် သူတို့ဂိုဏ်းထဲဝင်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်သင့်သည်။ သူမ ဘာကြောင့် ငြင်းပယ်ခဲ့သလဲဆိုသည်ကို သူ တကယ်ပင် နားမလည်နိုင်အောင် ဖြစ်နေရသည်။
"ဟင်း... မရဘူး ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တာက ဘာအရေးလဲ ငါ သူ့ကို သင်ခန်းစာ ပေးရမယ်
ကမ္ဘာပျက်ကပ်ဘေး စကတည်းက ဘယ်သူမှ ငါ့မျက်နှာကို လာပြီး ဆန့်ကျင်တာမျိုး မလုပ်ရဲသေးဘူး။ ဒီတစ်ခါတော့ သူ့မျက်နှာကို ငါ ရိုက်ခွဲပစ်ရမယ်"
ကျန်းရှီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏မျက်လုံးထဲတွင် ဒေါသများ တောက်လောင်နေပြီး ကြမ်းတမ်းလှသော အရှိန်အဝါကြောင့် လက်အောက်ငယ်သားအချို့မှာ ကြောက်လန့်တကြား ခေါင်းငုံ့သွားကြသည်။
သူသည် ခေါင်းလှည့်ကာ အနီးရှိ ကျန်းချင်းကို တိုက်တွန်းလိုက်သည်။
"ညီလေး... မြန်မြန် လူစုစမ်း"
"အစ်ကို... အဲဒါက အဆင့် ၄ ဇွန်ဘီနော်။ ငါတို့ အခုလောလောဆယ် အင်အားနဲ့ ဘယ်လိုမှ ရင်ဆိုင်နိုင်တာမဟုတ်ဘူး။ အကုန်ပုံအောတိုက်ရင်တောင် ငါတို့က သူတို့ရဲ့ ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး။
ဒါ့အပြင် သူတို့ဆီမှာ အဆင့် ၄ ဇွန်ဘီ ဘယ်နှကောင်ရှိမှန်းတောင် ငါတို့ မသိသေးဘူး။ တကယ်လို့ အများကြီးရှိနေရင် ငါတို့အားလုံး သေတွင်းသက်သက်ပဲ"
ကျန်းချင်းက စိုးရိမ်တကြီးဖြင့် ကျန်းရှီးကို ဖျောင်းဖျလိုက်သည်။
ထိုအရာက နောက်ပြောင်ရမည့် ကိစ္စမဟုတ်ပေ။ အဆင့် ၄ ဇွန်ဘီဆိုသည်မှာ သူတို့ လွယ်
လွယ်နှင့် ယှဉ်နိုင်သည့်အရာ မဟုတ်ချေ။
အကယ်၍ သူ၏အစ်ကိုက ခေါင်းမာနေဦးမည်ဆိုပါက သူတို့အားလုံး အသက်ပျောက်ကြရပေလိမ့်မည်။
ကျန်းချင်း၏ အဆင့် ၄ ဇွန်ဘီဆိုသည့် စကားလုံးမှာ ဒေါသထွက်နေသော ကျန်းရှီး၏ ခေါင်းပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏ အသိစိတ်ကို ပြန်ဝင်လာစေသည်။
လူဘယ်လောက်ပင် များများ အဆင့် ၄ ဇွန်ဘီနှင့် ရင်ဆိုင်ရခြင်းမှာ သေမိန့်စာကို လက်မှတ်ထိုးလိုက်သကဲ့သို့ပင်။
"ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ ပိုင်ချန်မြို့က ငါတို့ နဂါးကျားဂိုဏ်းရဲ့ နယ်မြေပဲ။ ဒီထဲက ဇွန်ဘီအမြုတေတွေက ငါတို့ပိုင်တာ။ တခြားလူတွေက ငါတို့နယ်မြေထဲမှာ စိတ်ကြိုက် လာလုပ်နေတာကို ဒီအတိုင်း ကြည့်နေရမှာလား"
ကျန်းရှီးက မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်နေသော ကျန်းချင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
သူသည် အမြဲတမ်း တစ်ခုခုဆိုလျှင် သူ၏ညီထံမှ အကြံဉာဏ်တောင်းလေ့ရှိသည်။ ထိုကဲ့သို့ အချိန်မျိုးတွင် သူ၏ ထက်မြက်သောညီဖြစ်သူမှာ အမြဲတမ်း အကြံကောင်းများ ထွက်လာတတ်သည်။
"အစ်ကို... ငါတို့ နဂါးကျားဂိုဏ်းရဲ့ လက်ရှိအင်အားနဲ့ဆိုရင် အဲဒီမိန်းမကို ယှဉ်ဖို့မလွယ်ဘူး။ ဒါပေမဲ့ ဟိုမိစ္ဆာကောင်အကြောင်းကိုတော့ မမေ့နဲ့လေ"
"ငါတို့ တခြားတစ်ယောက်ရဲ့ ဓားကိုငှားပြီး လူသတ်လို့ရတယ်"
ပြောရင်းနှင့်ပင် ကျန်းချင်း၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ထိုအမျိုးသမီး၏ စွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ပြီး အလားအလာလည်း အလွန်ကြီးမားသည်။ အကယ်၍ သူမကိုသာ အချိန်ပေးပြီး ကြီးထွားခွင့်ပြုလိုက်ပါက ဤပိုင်ချန်မြို့လေးမှာ သူမအတွက် အဆုံးသတ်နေရာ ဖြစ်လာမည်မဟုတ်ကြောင်း ကျန်းချင်း သေချာပေါက် သိနေသည်။
သို့သော် ကျားနှစ်ကောင်သည် တောင်တစ်ခုတည်းတွင် အတူမနေနိုင်ပေ။ ပိုင်ချန်မြို့သည် သူတို့ နဂါးကျားဂိုဏ်း၏ နယ်မြေဖြစ်ရာ အခြားသူတစ်ဦး လာရောက်ကျူးကျော်သည်ကို သူတို့ သည်းမခံနိုင်ပေ။ သူမက သူတို့ဂိုဏ်း၏ စေတနာကို ငြင်းပယ်လိုက်ပြီဖြစ်ရာ သူမကို ကြိုတင်၍ အမြစ်ပြတ် သုတ်သင်ရပေလိမ့်မည်။
မိစ္ဆာကောင်ဆိုသည့် စကားလုံးကို ကြားလိုက်ရုံနှင့်ပင် အမြဲတမ်း မောက်မာတတ်သော ကျန်းရှီးပင်လျှင် မျက်နှာပျက်သွားပြီး သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ နဂါးကျားဂိုဏ်းဝင်များမှာလည်း ထိုမိစ္ဆာကောင်အကြောင်း ကြားလိုက်ရချိန်တွင် ဂယောက်ဂယက်ဖြစ်သွားကြပြီး သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားကြသည်။ ထိုမိစ္ဆာကောင်သည် သူတို့အပေါ် အလွန်ပင် နက်ရှိုင်းသော အကြောက်
တရားများကို ပေးစွမ်းခဲ့ဖူးပုံပင်။
နဂါးကျားဂိုဏ်းတွင် စည်းကမ်းတစ်ခုရှိသည်။ ၎င်းမှာ ညဘက်တွင် လုံးဝ လှုပ်ရှားမှုမပြုလုပ်ရန် ပင်။ ထိုစည်းကမ်းမှာ ဤမိစ္ဆာကောင်ကြောင့်ပင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုမိစ္ဆာကောင်သည် ညဘက်တွင်သာ ထွက်ပေါ်လာတတ်သော သတ္တဝါဖြစ်သည်။
"အကြံကောင်းပဲ အဲဒီကောင်ရဲ့ အင်အားက တကယ်ကို ကြီးမားတာ။ အဲဒီမိန်းမရဲ့ လက်အောက်မှာ အဆင့် ၄ ဇွန်ဘီရှိရင်တောင် အဲဒီကောင်ကို နိုင်မှာမဟုတ်ဘူး။ အကောင်းဆုံးကတော့ နှစ်ဖက်လုံး အထိနာပြီး ငါတို့ နဂါးကျားဂိုဏ်းက အသာလေး အမြတ်ထုတ်လိုက်ရုံပဲ"
ကျန်းရှီးမှာ ထိုအကြံကို စဉ်းစားလေလေ ပို၍ ဖြစ်နိုင်သည်ဟု ထင်လေလေပင်။
အကယ်၍ အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ဖြစ်သွားခဲ့လျှင် သူတို့ နဂါးကျားဂိုဏ်းအတွက် ခြိမ်းခြောက်မှုကြီး နှစ်ခုကို တစ်ပြိုင်တည်း ရှင်းလင်းပစ်ရန် အခွင့်အရေးကောင်းကြီး ရရှိသွားပေလိမ့်မည်။
သို့သော် မကြာမီမှာပင် ကျန်းရှီး၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး စိုးရိမ်တကြီးဖြင့် "ဒါပေမဲ့ အဲဒီမိစ္ဆာကောင်က ငါတို့ပြောတာ နားထောင်တာမှ မဟုတ်တာ။ ငါတို့က ဓားငှားပြီး သတ်ချင်တယ်ဆိုရင်တောင် သူက ငါတို့ခိုင်းတဲ့အတိုင်း လုပ်ပါ့မလား"
"ဟားဟား... အစ်ကိုရာ အဲဒီမိစ္ဆာကောင်က ငါတို့အမိန့်ကို နားထောင်စရာ မလိုပါဘူး။ သူက သွေးကို အရမ်းဆာလောင်တာလေ အဲဒီတော့ ငါတို့က သူ့ကို သွေးကျွေးလိုက်ရင် ရပြီပေါ့"
ကျန်းချင်းက ယုံကြည်မှုအပြည့်ဖြင့် ရယ်မောရင်း ပြောလိုက်သည်။
"မင်း ဆိုလိုတာက..."
ကျန်းရှီး၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပသွားတော့သည်။