အတွင်းစိတ်နတ်ဆိုး
Vol. 18 Ch. 271
ဘန်း...
စားပွဲ၀ိုင်းထိပ်ဆုံးတွင် ထိုင်နေသည့် ရှန်းတာ့ရှန်သည် မည်းမှောင်နေသော အမူအရာဖြင့် စားပွဲခုံအား အားပြင်းပြင်းဖြင့် ရိုက်လိုက်ကာ ဒေါသတကြီး ကြိမ်းမောင်းလေသည်။
"ငါ သဘောမတူဘူးကွ"
"အဖေ.....အမေ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီဗျ"
ရှန်းယောင်သည် လူကြီးနှစ်ယောက်၏ သဘောထားကို အချိန်အတန်ကြာ စောင့်ဆိုင်းနေသော်ငြားလည်း သူ့ဆုံးဖြတ်ချက်ကို ပြင်ရန် ဆန္ဒတော့ မရှိပေ။
"ငါအထင်တော့ မင်းက သောက်ရေးမပါတာတွေ ပြောနေတာပဲကွ။"
ရှန်းတာ့ရှန်သည် ဒေါသထွက်ရလွန်းသဖြင့် သူ့မျက်နှာတစ်ခုလုံး နီရဲကာ တုန်ရီနေလေသည်။
သူသည် ရှန်းယောင်အား လက်ညိုးထိုးလျက် ကြိမ်းမောင်းပြောဆိုလိုက်သည်။
"မင်းမှာ အသိစိတ် မရှိတော့ဘူးလားကွ။ မင်း အရင်က ခြေထောက်ဒဏ်ရာရတုန်းက ဘယ်သူက မင်းကို ပြုစုပေးခဲ့လဲ၊ ဘယ်သူက ဒီမိသားစုအတွက် အကောင်းဆုံး လုပ်ပေးခဲ့သလဲ၊ ပြီးခဲ့တဲ့နှစ်တွေမှာ အာ့ထောင်က မင်းအတွက် ဒီရှန်းမိသားစုအတွက် အများကြီး စွန့်လွှတ်အနစ်နာခံပေးခဲ့တာတွေ မင်းမေ့သွားပြီလားကွ။"
"အဖေ ကျွန်တော် စိတ်ပိုင်းဖြတ်ပြီးပါပြီ.... ကျွန်တော့်ကို ထပ်ပြီး နားချဖို့ မလုပ်ပါနဲ့တော့ဗျ။"
"ရှန်းယောင်"
ရှန်းတာ့ရှန်သည် လေးနက်သော အမူအရာဖြင့် ထပ်မံ ကြိမ်းမောင်းလာပြန်သည်။
"မင်း အာ့ထောင်ကို ကွာရှင်းပြတ်ဆဲဖို့ လုပ်ရဲရင် မင်းအမေနဲ့ ငါ့မှာ မင်းလိုသားမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးကွ"
ကျီကျောက် ပင်မခန်းထဲကို ၀င်လာသောအချိန်တွင် တင်းမာနေသည့် လေထုကို ခံစားလိုက်ရသည်။
အချိန်တခဏတာလောက် သူမ မှင်သက်နေမိသည်။
အရင်နှစ် ဇွန်လအလယ်ပိုင်းလောက်တုန်းက သူမ ဒီကမ္ဘာထဲ ပထမဆုံး ၀င်ရောက်လာသည့်အချိန်၌ ရှန်းမိသားစုသည် သူမအား နှင်ချရမလား ဆက်ထားရမလား ဆွေးနွေးတိုင်ပင်ခဲ့ကြသေးသည်။
"အဖေ......အမေ" ကျီကျောက်သည် လူတိုင်းရဲ့ မြင်ကွင်းထဲသို့ အပြုံးလေးတစ်ပွင့်ဖြင့် လျှောက်လာလေသည်။
"အရမ်း ညဥ့်နက်နေပြီလေ.....ဘာလို့ တစ်ယောက်မှ မနားကြသေးတာလဲဟင်"
"အာ့ထောင်..... နင်နဲ့ စန်းလန်တို့ကြားမှာ တစ်ခုခု ဖြစ်ခဲ့ကြသေးတာလား"
ကျောက်လန်ဟွာသည် သူမရှေ့သို့ အပြေးလာပြီး စိုးရိမ်တကြီး မေးလာလေသည်။
"အမှန်တိုင်း ပြောစမ်းပါ။ နင်တို့နှစ်ယောက် ရန်ဖြစ်ခဲ့ကြသေးလား"
"ကျွန်မမှာ ရှင့်ကို ပြောစရာရှိတယ်"
ရှန်းယောင်သည် ရုတ်တရက် ကျီကျောက်အား ကြည့်လိုက်သည်။ သူ့မျက်လုံးများက မည်းမှောင်လျက် ခံစားချက်ကင်းမဲ့စွာဖြင့်ပြောလိုက်သည်။
"ကောင်းပြီလေ"
"ဘာဖြစ်ကြတာလဲ"
သူတို့နှစ်ယောက်သား တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်ကိုကြည့်လျက် ကျောက်လန်ဟွာတစ်ယောက် ပိုပြီး စိုးရိမ်လာမိသည်။
"ယောကျ်ားရေ တို့တွေ သူတို့နောက်လိုက်ကြည့်ကျရင် ကောင်းမလားဟင်"
ရှန်းတာ့ရှန်သည် လေးနက်သောအမူအရာဖြင့် ဘာမှ၀င်မပြောဘဲ နေနေလေသည်။
"အမေ စန်းလန်က အခုချက်ချင်းကြီး ကွာရှင်းချင်ကြောင်း ပြောသွားတာ သူ့အမူအရာက အရမ်း အလေးအနက်ကြီး ဖြစ်မနေဘူးလားဗျ"
ရှန်းတာ့လန်သည် မရေရွတ်နိုင်ဘဲ မနေနိုင်စွာ ပြောနေမိသည်။
"စန်းလန်တစ်ယောက် စာလေ့လာတာ များပြီး ရူးသွားတာများလား.....ကွာရှင်းဖို့ ကိစ္စကြီးကို ဘယ်လိုများ ဘာမှမဟုတ်တဲ့ကိစ္စလိုမျိုး ပြောထွက်နိုင်ရတာလဲ"
"အမှန်ပဲရှင်.....အာ့ထောင်တစ်ယောက် ဒီစကားတွေကို ကြားသွားမလား မသိဘူးနော်။ အာ့ထောင် ဒီစကားတွေသာကြားသွားရင် သေချာပေါက် ၀မ်းနည်းသွားမှာပဲရှင်"
အကြီးဆုံးမရီးရှန်းတစ်ယောက် ကျီကျောက်အတွက် အနည်းငယ် မခံမရပ်နိုင် ဖြစ်နေမိသည်။
"ကျွန်မ ကြည့်ရသလောက်တော့ စန်းလန်နဲ့ အာ့ထောင်တို့ စကားများထားကြတာပဲဖြစ်မယ်"
ဒုတိယမရီးရှန်းသည် အလျင်အမြန်ပဲ ၀င်ပြောလာခဲ့သည်။
"ဟင်း....ဒါမျိုးကိစ္စက လင်မယားကြားမှာ ပုံမှန်ဖြစ်နေကြ အငြင်းအခုံကိစ္စအသေးအမွှားလေးပဲ မဟုတ်လားရှင်။ မနက်ဖြန်မနက်ကျရင် နှစ်ယောက်သား ပြန်ပြေလည်သွားကြမျိုးလည်း ဖြစ်နိုင်တာပဲလေ။ အဖေ၊ အမေ၊ အစ်ကိုကြီးရှန်းနဲ့ အကြီးဆုံးမရီးရှန်းတို့ စိတ်ပူမနေကြပါနဲ့တော့...."
"အရမ်းညဉ့်နက်နေပြီလေ....ကိုယ့်အခန်းကိုယ် အမြန်ပြန်သွားကျရင် မကောင်းဘူးလားရှင်" ဒုတိယမရီးရှန်းသည် မထိန်းနိုင်ဘဲ သမ်းဝေရင်း ပြောလိုက်သည်။
အခန်းကိုပြန်ရောက်ပြီးနောက် ရှန်းယောင်သည် စာရေးစားပွဲခုံ၌ ချက်ချင်း၀င်ထိုင်လျက် စာရေးနေလေသည်။ သိပ်မကြာခင် သူသည် ကွာရှင်းပြတ်ဆဲကြောင်းစာချုပ်အား ရေးပြီးသွားခဲ့သည်။
"အမှန်တော့လေ.....ရှင် အများကြီး ဒုက္ခခံဖို့ မလိုပါဘူးရှင်"
ကျီကျောက်သည် မတော်တဆဖြင့် ကွာရှင်းကြောင်းဆိုသည့် စာလုံးအား အမှတ်တမဲ့ တွေ့လိုက်တာကြောင့် ပြုံးပြီး ပြောလာလေသည်။
"ရှင် မေ့နေလောက်ပြီ ထင်ပါရဲ့ရှင်.....တကယ်တော့ ကျွန်မဆီမှာ ရှင် ရေးထားတဲ့ ကွာရှင်းစာချုပ် ရှိတယ်လေ"
ဒီအကြောင်းကို ကြားလိုက်ရသည့်နောက် ရှန်းယောင်သည် သူရေးနေတဲ့စာအား ရပ်လိုက်လေသည်။
"အင်း.....ကိုယ်မေ့သွားတာ"
"ရှန်းယောင်......ရှင် ကျွန်မကို တကယ် ကွာရှင်းချင်တာလားဟင်"
ကျီကျောက်သည် သူ့မျက်နှာကိုကြည့်လျက် သူမ၏ နူးညံ့သိမ်မွေ့သည့် လေသံလေးဖြင့် သူ့အား အလေးအနက် မေးလိုက်သည်။
" အကြောင်းအရင်းကို ကျွန်မ သိနိုင်မလားဟင်"
"မင်းက ကျီအာ့ထောင်အစစ်မှ မဟုတ်တာလေ"
ရှန်းယောင် သူမမျက်လုံးထဲသို့ စိုက်မကြည့်ရဲသဖြင့် သူမ၏ အကြည့်အား ရှောင်တိမ်းလျက် ပြောလိုက်သည်။
"ဒါကို ရှင်သိ့နေနှင့်ပြီးသားမဟုတ်လို့လား"
ဒီလို လက်ခံနိုင်စရာ မရှိတဲ့ အကြောင်းပြချက်သည် ကျီကျောက်အား ရယ်မောစေခဲ့သည်။
"ကျွန်မက အဲ့အရင်က ကြမ်းတမ်းရိုင်းစိုင်းတဲ့ ကျီအာ့ထောင် မဟုတ်တာကို ရှင်သိနေနှင့်ပြီးသားလေ။ ပိုပြီး အရေးကြီးတာက ကျွန်မ ဘယ်သူဘယ်ဝါဆိုတာကို ရှင့်ရှေ့မှာ ဘယ်တုန်းကမှ မဖုံးကွယ်ခဲ့ဖူးဘူးလေရှင်"
ကျီကျောက်သည် သူ့အား ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"ဆရာတော်ဝူကျိ ရှင့်ကို ဘာတွေပြောလိုက်တယ် ဆိုတာကို ကျွန်မ မသိပေမဲ့ ရှင်နဲ့ ကွာရှင်းဖို့ ကိစ္စကို ကျွန်မသဘောမတူဘူးဆိုတာကို ပြောထားချင်တယ်နော်"
ရှန်းယောင်သည် သူ့မျက်၀န်းများထဲမှ နာကျင်မှုအား ဖုံးကွယ်ရန် အောက်သို့ စိုက်ကြည့်နေလျက် အသံတိမ်တိမ်လေးဖြင့် ပြောလာလေသည်။
"ကိုယ် စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ မင်းသဘောမတူဘူးဆိုရင်တောင် ပြဿနာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့က အမည်ခံလင်မယားသက်သက်ပဲ မဟုတ်လား.... သူများလင်မယားဆက်ဆံရေးတွေလို ကိုယ်လက်နှီးနှောမှုမျိုး ရှိခဲ့ဖူးတာမှ မဟုတ်ဘဲ"
"ရှန်းယောင် ရှင်ကျွန်မကို ကတိပေးခဲ့ဖူးတာကို ရှင်မှတ်မိသေးလား။ တစ်ခါက ရှင်ပြောခဲ့ဖူးတယ်လေ ကျွန်မတို့တွေဘယ်လိုပြဿနာမျိုးဘဲ ကြုံတွေ့နေပါစေ ကျွန်မတို့ ကျန်ရှိတဲ့ဘ၀တစ်လျှောက်လုံးမှာ အချင်းချင်း ကူညီထောက်ပံ့ပေးရင်း ရင်ဆိုင်ကြမယ်ဆို။ အခု အဲ့ဒီကတိစကားက ရှင့်နားထဲမှာမြည်ဟည်းနေဆဲပဲရှင့်။ ရှင် မေ့သွားပြီလား"
ရှန်းယောင်က စကားတစ်ခွန်းမှ ဖွင့်ဟမလာခဲ့ပေ။
"ရှင် ဘာမှမပြောလာရင်တောင် ကျွန်မခန့်မှန်းကြည့်လို့ရပါတယ်။ ကျွန်မလေ ရှင့်ကို တစ်ခုလေးပဲ မေးကြည့်ချင်တယ်ရှင်။ ရှင်လုပ်သမျှအရာတိုင်းက ကျွန်မကောင်းဖို့အတွက် လုပ်နေတယ်လို့ ရှင် တကယ်ထင်နေတာလား" ရှန်းယောင်က နှုတ်ဆိတ်နေမိသည်။
ဒီရွေးချယ်မှုက သူမကောင်းဖို့အတွက်လားဆိုသည်ကို သူတကယ်မသိပါ။ ဒါပေမဲ့ အဲ့ဒီထိတ်လန့်စရာအဖြစ်အပျက်အား သူ့စိတ်ထဲ၌ ပြန်မြင်ရသည့်အချိန်တွင် သူနောက်ဆုတ်မိသွားသည်။
ဆရာတော်ဝူကျိပြောခဲ့သည်က သူ့မွေးရပ်အင်္ဂါလက္ခဏာများမှာ မှောင်မိုက်နေပြီး သူ့ဘ၀လမ်းကြောင်း၌ ကြီးမားသည့် ဘေးအန္တရာယ် ကြုံရဖွယ် ရှိနေလေသည်။
တစ်ဖက်တွင်လည်း မူလကျီအာ့ထောင်သည် ကျောက်ကျောက်၏ အသက်ဝိညာဉ်ကို ကျူးကျော်၀င်ရောက်ရန် လုပ်နေခြင်း ဖြစ်သည်။
ကျီကျောက်သည် တာ့ကျင်းမှ စောစီးစွာမထွက်သွားနိုင်ပဲ သူမ၏ မူလကမ္ဘာသို့ မပြန်နိုင်ခဲ့ပါလျှင် သူမ အသက် ဆုံးရှုံးရမည်ဖြစ်သည်။ ပို၍အရေးကြီးသည်က သူမ ဒီမှာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ပါက အနာဂတ်တစ်ချိန်မှာ သူမက သူ့လက်ထဲ၌ အသက်ဆုံးရှူံးရမည်ဖြစ်သည်။ ဒါဟာ သူတို့ကြားက ကံတရားသာ ဖြစ်ပေသည်။ သူ အာ့ထောင်ကို ဒီလောက်ချစ်တာ ဘယ်လိုစိတ်မျိုးနှင့် သူမအား ထိခိုက်နာကျင်အောင် လုပ်ရက်ပါ့မလဲ။
အခန်း တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။
တိတ်ဆိတ်မှုက အနည်းငယ်ထူးဆန်းနေပေသည်။ ကျီကျောက် သူ၏ နှလုံးခုန်သံကိုပင် ကြားနေရပေသည်။
"မေ့လိုက်ပါတော့ရှင်"
ကျီကျောက် ရုတ်တရက်ပြုံးလျက် တခစ်ခစ် ရယ်လိုက်မိသည်။ "ရှန်းယောင် ကျွန်မ ရှင့်ကို ချစ်တယ်......ဒါ့ကြောင့် ကျွန်မ ရှင့်ဆုံးဖြတ်ချက်ကို အလေးထားပါတယ်ရှင်"
ကျီကျောက် တစ်ခဏကြာအောင် စဉ်းစားပြီးသည့်နောက် အတွင်းခန်းထဲသို့ ၀င်သွားပြီး သူမ၏ ပစ္စည်းများကို ထုပ်ပိုးထားရန် ပြင်ဆင်လိုက်သည်။
"မနက်ဖြန်မနက် အရုဏ်တက်အချိန်ထိ ရှင့်ဆုံးဖြတ်ချက်ကို မပြောင်းလဲသေးဘူးဆိုရင် ကျွန်မ ဒီရှန်းမိသားစုအိမ်ကနေ ထွက်သွားပေးပါ့မယ်"
ကျီကျောက်သည် သူ့ဘေးနားမှ ဖြတ်လျှောက်သွားပြီး ခြေတစ်လှမ်းအကွာအဝေး၌ ရပ်နေခဲ့သည်။
ထိုညသည် ရှန်းယောင်အဖို့ လွန်စွာနှိပ်စက်ညှဉ်းပန်းခံနေရသကဲ့သို့ ဖြစ်နေလေသည်။
သူသည် နူးညံ့သောမွေ့ရာပေါ်၌ လူးလှိမ့်လဲလျောင်းလျက် အိမ်မပျော်နိုင် ဖြစ်နေသည်။
သူ အာ့ထောင်ကို ဘယ်လိုများ ကွာရှင်းနိုင်ရက်ပါ့မလဲ။
ဒါပေမဲ့ အာ့ထောင် ဒီမှာ ဆက်နေနေပါလျှင် အနာဂတ်တစ်ချိန်၌ သူမအား သူ သတ်ဖြတ်မိပေလိမ့်မည်။
ဆရာတော်ဝူကျိပြောတာက သူ့ထံ၌ အတွင်းစိတ်နတ်ဆိုးများရှိနေသည်ပင်။
တစ်ချိန်ချိန်၌ ဒီအတွင်းစိတ်နတ်ဆိုးမှ သူ၏ ဆင်ခြင်တုံတရားအား လုယူသွားနိုင်ပြီဆိုပါက သူ့ဘေးမှာရှိသည့် သူချစ်ခင်ရတဲ့သူများအား နာကျင်အောင် သူလုပ်မိလိမ့်မည်ပင်ဖြစ်ပေသည်။
ကုတင်တစ်ဖက်ခြမ်းမှာ အိပ်နေသည့် ကျီကျောက်တစ်ယောက်သည်လည်း ထိုနည်းတူစွာ လုံးလုံးအိပ်မပျော်နိုင်ခဲ့ပေ။
ညက သူမသည် မြေကမ္ဘာဘုရားအား အိမ်မက်မြင်မက်ခဲ့သည်။
ဒီအိမ်မက်က ဆိုးရွားနေသည့်အတွက်ကြောင့်ပဲလား သူမက ရှန်းယောင်၏ နှလုံးသားထဲမှ အနှောင်အဖွဲ့အား နားလည်ပေးနိုင်ခြင်း ဖြစ်သည်။
သူမ၏ အိမ်မက်ထဲ၌ ရှန်းယောင်နှင့် သူမတို့ နှစ်ယောက်သား စကားများငြင်းခုန်ခဲ့ကြလျက် ရှန်းယောင်မှ သူ့ဓားကိုမြှောက်၍ သူမ၏ ရင်၀အား ထိုးစိုက်ခဲ့လေသည်။
နီရဲတောက်ပနေသည့် သွေးများက သူမ၏ အတွင်း၀တ်အင်္ကျီဖြူ တစ်ထည်လုံးအား ပေကျံသွားစေလေသည်။
ရှန်းယောင်သည် သူမအား သတ်မိပြီးနောက် လုံးလုံးရူးသွပ်သွားခဲ့လေသည်။
ကျီကျောက် မမှားဘူးဆိုရင် ရှန်းယောင်သည် ဤဖြစ်ရပ်အား သိရှိခဲ့ပြီး ဖြစ်လောက်သည်။ ဒါ့ကြောင့် သူ့ကိုယ်သူ သူမနှင့် အကွာအဝေးတစ်ခု ခြားလိုက်၍ ကွာရှင်းပြတ်စဲရန်ပင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေမည်။
ဆရာတော်ဝူကျိနှင့် ပတ်သက်၍ ဘယ်နားက မှားနေသည်ကို သူမ မသိပါလေ။
ကျီကျောက် မျှော်လင့်မိသည်က ဒီတစ်ခေါက်မှာတော့ ရှန်းယောင် သူ့ကိုယ်တွင်းရှိ နတ်ဆိုးအား အနိုင်ယူနိုင်စေရန် ဖြစ်ပေသည်။ ဒီလိုမှမဟုတ်ပါလျှင် အနာဂတ်တစ်ချိန်၌ သူ့အပေါ် မကောင်းတဲ့ တစ်စုံတစ်ရာ ဖြစ်ပေါ်လာစေလိမ့်မည်။
ရှန်းယောင်သည်လည်း တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပါပေ။
အရုဏ်တက်ချိန်၌ သူသည် မြေကမ္ဘာဘုရားကျောင်းသို့ အလျင်အမြန်ပြေးသွားရင်း ဆရာတော်ဝူကျိအား ဒီအကြောင်းနှင့် ပတ်သက်၍ မေးမြန်းချင်နေခဲ့သည်။
သို့သော်ငြားလည်း သူ ဘုရားကျောင်းသို့ရောက်သည့်အချိန်၌ ဆရာတော်ဝူကျိမှာ ထွက်ခွာသွားပြီဖြစ်ပေသည်။
ရှန်းယောင်သည်လည်း မျက်မှောင်ကြုတ်လျက် စိတ်မပါလက်မပါအနေအထားဖြင့် ရှန်းမိသားစုအိမ်ခြံဝင်းထဲသို့ ပြန်လာခဲ့လေသည်။
ထိုအချိန်၌ မီးခိုးရောင်ရထားလုံးက ရှန်းမိသားစုအိမ်ခြံဝင်းအပြင်ဖက်၌ ရပ်စောင့်နေလေသည်။
"မင်း ဘာလို့ အရမ်းစိတ်ဓာတ်ကျနေပုံဖြစ်နေတာလဲ"
နတ်ဆေးသမားတော် ရှန်းဟယ်က သူ့အား စိတ်အနှောင့်ယှက်ဖြစ်သည့်အလား ကြည့်လျက် မေးလာလေသည်။
"ငါ့တပည့်အလိမ္မာလေးရော ဘယ်မလဲ...... အခုထိ သူမနိုးသေးဘူးလား"
***