← Chapters

အရမ်းလွန်တာပဲ။

Vol. 18 Ch. 277

အရမ်းလွန်တာပဲ။

Vol. 18 Ch. 277

အရာရှိကျီ၏ လေသံသည် တည်ငြိမ်နေပုံပေါက်သော်ငြား သူ့လေသံထဲ၌ အေးစက်မှုအားဖုံးကွယ်ထားသည်ကို ကျီကျောက် ကြားနိုင်ပါသေးသည်။

“ရှင်ပြောတာမှန်တယ်လို့ ကျွန်မထင်ပါတယ်”

ကျီကျောက်သည် ပြုံးရင်း ဆက်ပြောလိုက်သည်။ “အမြင့်မှာရှိလေ အထီးကျန်လေဆိုပေမဲ့ စွင်းမိသားစုရဲ့ အာဏာက အမြင့်မှာရှိနေတုန်းပဲမလား။ ဖုန်ယွဲ့ဆောင်ကြာမြိုင်ဖက်ကသာ ဟုန်ရှင်းစားသောက်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ပေးဖို့ အတင်းအကြပ် တောင်းဆိုလာခဲ့မယ်ဆိုရင် ဒါနဲ့ ပတ်သက်ပြီး ရှင် ဘာမှ မလုပ်နိုင်မှာကို ကျွန်မ စိုးရိမ်မိပါရဲ့ရှင်”

ကျီထင်းအန်းသည် သူမအား မကြည့်ဘဲ မနေနိုင်၍ လှမ်းကြည့်ကာ ပြောလိုက်မိသည်။

“မိန်းကလေး ဘာကို ဆိုလိုချင်တာလဲဗျ”

“ကျွန်မက ပါရမီရှင်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီသတင်းတွေကို ကျွန်မ ကြားရတဲ့အချိန်မှာ မကျေမနပ် အနည်းငယ် ဖြစ်မိပါတယ်။ ဟုန်ရှင်းစားသောက်ဆိုင်ဘေးမှာ ကျွန်မဖွင့်ထားတဲ့ ချွင်းဖုန့်ဆိုင်လည်း ရှိနေသေးတယ်လေ။ ဖုန်ယွဲ့ဆောင်ကြာမြိုင်သာ ဟုန်ရှင်းစားသောက်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်မယ့် အကြံအစည် အောင်မြင်သွားရင် ကျွန်မတို့ ချွင်းဖုန့်ဆိုင်အပေါ်ကိုလည်း ထိခိုက်လာနိုင်မယ်မဟုတ်လား။ ဒါကြောင့်မို့ ကျွန်မမှာ အကြံပြုချင်တာလေးတစ်ခု ရှိပါတယ်……ရှင် နားထောင်းပေးနိုင်မလားရှင့်”

“ ပြောပါ မိန်းကလေး”

“တင်းယွမ်ကောင်တီရဲ့ မြေတည်နေရာအနေအထားက ထူးခြားစွာ တည်ရှိနေပါတယ်ရှင့်။ ပြောရရင် ယွင်ချွမ်စီရင်စုနဲ့ ကွေ့ချွမ်စီရင်စု နှစ်ခုကြားမှာ တည်ရှိနေတာမလို့ များစွာသော မရေတွက်နိုင်တဲ့ ကုန်သည်တွေက ဟိုဖက်ဒီဖက် ဖြတ်သန်းသွားလာ ကုန်သွယ်ခြင်း ပြုလုပ်နေကြတယ်လေ။ ဒါကြောင့် တစ်နှစ်နဲ့ တစ်နှစ် တော်ဝင်နန်းတော်ကို ဆက်သရတဲ့ တင်းယွမ်ကောင်တီရဲ့ အခွန်ဘဏ္ဍာတွေက မနည်းလှပါဘူးရှင်။ ဒါပေမဲ့ ဒီလောက် များတဲ့ အခွန်တွေ ပေးဆောင်နေရတာတောင် တင်းယွမ်ကောင်တီမှာ အကျင့်ပျက်ခြစားတဲ့ အရာရှိဆိုးတွေ ရှိနေသေးတာ ဧကန်ပါပဲ။ ခရိုင်တရားသူကြီးမင်းမာ ပြောင်းရွှေ့သွားတုန်းက ရှင်သတိမထားမိလိုက်ဘူးထင်ပါရဲ့။ သူက ကြီးမားတဲ့ သေတ္တာ ခြောက်လုံးကို တိတ်တ‌ဆိတ် ပို့ဆောင်ခဲ့တယ်လေ။ အဲ့ဒီသေတ္တာခြောက်လုံးထဲမှာ ဘာတွေရှိနေမယ်ဆိုတာ ရှင်သိလောက်မယ်လို့ ကျွန်မ ထင်မိပါရဲ့ရှင်”

“မိန်းကလေး ဘာကို ပြောချင်တာပါလဲဗျ”

“လူကြီးမင်းရှင့် ရှင် ဒီတင်းယွမ်ကောင်တီရဲ့ အရေးနဲ့ပတ်သက်ပြီး အောင်မြင်မှု တစ်ခုလောက် မှတ်ကျောက်မတင်ချင်ဘူးလားရှင့်။ အခွန်ဘဏ္ဍာ‌တော်အတွက်ရော လူတိုင်းရဲ့ကြွယ်၀ချမ်းသာမှုကိုရော အကျိုးရှိနေမယ့် တစ်ခုခုကိုပေါ့ရှင်”

ကျီကျောက်သည် သူမ၏ ခေါင်းလေးအား မော့လိုက်၍ ရှုပ်ထွေးနေသည့် အကြည့်များဖြင့် အပြုံးဖျော့ဖျော့ ပြုံး‌ထားသည့် ကျီထင်းအန်းအား ကြည့်လိုက်သည်။

“ကျုပ် နားထောင်နေပါတယ်ဗျ”

“ကျွန်မက ဉာဏ်ကောင်းတဲ့အထဲမပါပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကျွန်မခင်ပွန်း ပြောနေတာကို ကြားလိုက်ရတာပါ။ တော်ဝင်နန်းတော်က အခွန်ငွေ ကောက်ခံရတဲ့ ပထမအချက်က နိုင်ငံ့ဘဏ္ဍာတိုက်ကိုဖြည့်ပြီး အရေးပေါ် အခြေအနေမှာ အသုံးပြုနိုင်ဖို့အတွက်ပဲလေ။ နောက်တစ်ချက်ကတော့ ပြည်သူတွေအတွက်….. ပြည်သူတွေသာ အေးချမ်းသာယာမှုရှိရင် တိုင်းပြည်လည်း အေးချမ်းတည်ငြိမ်မယ် မဟုတ်လားရှင့်”

ကျီကျောက်က ဆက်ပြောလေသည်။

“လူကြီးမင်းရှင့်၊ တင်းယွမ်ကောင်တီကို စရောက်ကတည်းက ဆောင်ကြာမြိုင်တွေကို အတင်းအကြပ် ဖိအားပေး ပိတ်သိမ်းစေခဲ့တယ်။ ရှောင်တခင် ဖမ်းဆီးဖိနှိပ်တယ်လို့ ဆိုလို့ရပေမဲ့ ပိုပြီးဖိနှိပ်လေ ပိုပြီးထကြွလေပဲ ဖြစ်နေပါလိမ့်မယ်။ လူကြီးမင်းရှင့် ကျွန်မ ခံစားရသလောက်တော့ ဒီလူတွေကို လမ်းပိတ်မဲ့အစား ခွင့်ပြုပေးလိုက်တာ ပိုကောင်းပါတယ်။ ရှင် ဒီလိုဆောင်ကြာမြိုင်နေရာတွေကို မုန်းတီးတယ်ဆိုပေမဲ့လည်း နှစ်တိုင်းနှစ်တိုင်း သူတို့ဆီကနေ အခွန်တော်ငွေကို ပိုတိုးကောက်ခံသင့်ပါတယ်”

“တောင်နဲ့ မြောက်ကို ဖြတ်သန်းသွားလာနေတဲ့ ချမ်းသာတဲ့ ကုန်သည်တွေနဲ့ လူကုံထံတွေ အလာများတဲ့နေရာ နှစ်ခုက ဆောင်ကြာမြိုင်နဲ့ စားသောက်ဆိုင်တွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ နှစ်တိုင်း ဒီနေရာနှစ်ခုက ဆက်သရတဲ့ အခွန်ဘဏ္ဍာကလည်း မနည်းလှပါဘူးရှင်”

“မိန်းကလေးဆိုလိုတာ ကျွန်တော်က ဒီဆောင်ကြာမြိုင်တွေကို အပြစ်ဒဏ် မပေးသင့်ဘူးပေါ့လေ

“မဟုတ်တာရှင်” ကျီကျောက်က ခေါင်းခါရင်း ပြောလိုက်သည်။

“တင်းယွမ်ကောင်တီမှာ ရှိတဲ့ စစ်အန်းခန်းမဆောင်က ပျက်စီးယိုယွင်းနေခဲ့တာ အချိန်အတော်ကြာနေပြီလေ။ စစ်အန်းခန်းမဆောင်ထဲမှာနေနေကြတဲ့ ပြုစုစောင့်ရှောက်သူမဲ့ သက်ကြီးရွယ်အိုတွေနဲ့ အိမ်မရှိ ယာမရှိ ကလေးငယ်တွေက တစ်ရက်ကို ထမင်းနှစ်နပ်သာ စားနိုင်ကြတာပါ။ တစ်ခါတစ်လေကျရင် ဗိုက်ပြည့်အောင်တောင် မစားနိုင်ကြပါဘူးရှင်။ လွန်ခဲ့တဲ့ဆယ့်နှစ်လပိုင်းကဆို ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို အများအပြား အေးခဲပြီး

သေဆုံးခဲ့ကြပါသေးတယ်”

“ကျွန်မအထင်တော့ အရာရှိအနေနဲ့ ဆောင်ကြာမြိုင်တွေကို အခွန်တော် တိုးကောက်ခံဖို့ အကြောင်းရင်း ရှာပြီး ရလာတဲ့ အခွန်ငွေတွေကို ဒီလိုနေရာမျိုးတွေမှာ အသုံးပြုသင့်ပါတယ်။ ဥပမာဆိုရရင် စစ်အန်းခန်းမဆောင် ပြုပြင်တဲ့နေရာပဲဖြစ်ဖြစ်၊ တူးမြောင်းဖောက်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ပြည်သူတွေကို အကျိုးပြုနိုင်မဲ့ တစ်နေရာရာမှာ အသုံးချသင့်ပါတယ်ရှင်”

ကျီထင်းအန်းသည် သူမ၏ အစီအစဉ်အား နားလည်သွားပြီးနောက် အနည်းငယ် အံ့ဩနေမိသည်။

ကျီကျောက်ကဲ့သို့ အမျိုးသမီးငယ်လေးတစ်ယောက်က ဒီလို ပြီးပြည့်စုံသည့် အဖြေမျိုး စဉ်းစားနိုင်လိမ့်မည်ကို သူ မထင်ထားမိချေ။ ထိုအကြီးအကဲ ပြောခဲ့သလိုပဲ တင်းယွမ်ကောင်တီက သူ့အတွက်ကောင်းချီးပေးမဲ့ နေရာ ဖြစ်ပေလိမ့်မည်။

တကယ့်ကို ဒီနေရာမှာ ကုပ်ကုပ်လေး နေထိုင်နေကြသည့် ကျားများနှင့် ဖုံးကွယ်နေသည့် နဂါးများ ရှိနေကြပေသည်။

“မိန်းကလေးရဲ့ အကြံပြုချက်ကို ကျုပ် လေးလေးနက်နက် စဉ်းစားလိုက်ပါ့မယ်ဗျ”

အတွေးတချို့ တွေးတောပြီးသည့်နောက် ကျီထင်းအန်းရဲ့ အသံမှာ နှစ်လိုအားရမှုများဖြင့် ပြည့်နှက်နေလေသည်။

“ဒါတွေက ကျွန်မရဲ့အညတရ ထင်မြင်ချက်လေးတွေပါရှင့်” ကျီကျောက်သည် ပြုံးလျက် ဦးညွှတ်ဂါရ၀ပြုလိုက်လေသည်။

ထို့နောက် သူမသည် ရှန်းယောင်၏ လက်အား ကိုင်လျက် မြို့တော်ရုံးထဲမှ လမ်းလျှောက်ထွက်လာလိုက်သည်။

ကောင်းကင်ပြာပြာ၌ အဖြူရောင်မိုးတိမ်တိုက်လေးတွေမှာ လေနဲ့အတူ မျောပါနေကြလေသည်။

ခေါင်ရမ်းပန်းလေးတွေရဲ့ မွှေးရနံ့ဖျော့ဖျော့လေးတွေက လေထဲမှာသင်းပျံ့နေလျက် လူတိုင်းအား ကြည်နူးလန်းဆန်းစေလေသည်။

ရှန်းယောင်သည် သူ့ဘေးရှိ အနီရောင်ဘယ်ရီယိုအား စားနေသည့် ကျီကျောက်အား ကြည့်လျက် သူ့မျက်လုံးများမှာ အံ့ဩသင့်မှုများဖြင့် ပြည့်နေလေသည်။

“စားကြည့်မလားဟင်” ကျီကျောက်သည် အပြုံးလေးဖြင့် ဘယ်ရီယိုတစ်ဇွန်း ကလော်လျက် သူ့နှုတ်ခမ်းနားအား ထိုးပေးလေသည်။ “အရမ်း အရသာရှိတာနော်”

ရှန်းယောင်လည်း တစ်ကိုက်လောက် စားကြည့်ပြီးနောက် သူ့မျက်ခုံးအား ပင့်လိုက်မိသည်။

တကယ်ကို အရသာရှိလှပေသည်။

သူတို့နှစ်ယောက်သား လက်ချင်းကိုင်လျက် သုံးလမ်းပေါက်တံတားအား ဖြတ်ကျော်လာကြပြီးနောက် နာမည်ကြီး ကျောက်စိမ်းပစ္စည်းဆိုင်သို့ ရောက်လာကြသည်။ ပထမထပ်၌ အမျိုးမျိုးသော ငွေထည်လက်၀တ်ရတနာများအား သေသပ်စွာ စီတန်းပြသထားသည်။ ထိုပစ္စည်းများမှာ မျက်စိပင် ကျိန်းစေလောက်ပါ၏။ ကျီကျောက်မှာ ထိုပစ္စည်းများကို သဘောတကျ မကြည့်ရသေးခင်မှာပဲ ရှန်းယောင်သည် သူမအား ဒုတိယထပ်သို့ ခေါ်ဆောင်သွားလေသည်။

ကျောက်စိမ်းပစ္စည်းဆိုင်ရဲ့ ပထမထပ်၌ ငွေထည်ပစ္စည်းများ ခင်းကျင်းပြသထားသည် ဆိုပါက ဒုတိယထပ်တွင် ရွှေထည်ပစ္စည်းများနဲ့ အမျိုးမျိုးသော ခေါင်းဆောင်းများ ခင်းကျင်းပြသထားပြီး တတိယထပ်၌မူ ကျောက်စိမ်းပစ္စည်းများအား အမျိုးအစား စုံလင်စွာ ပြသထားပေသည်။

ရှန်းယောင်သည် ရွှေရောင်သိမ်းငှက်ပုံစံဆံထိုးအား ကြည့်ရင်း ပြောလေ‌သည်။

“ဒါလေး တစ်ချက်ပြပေးပါ”

“ဆရာ့မှာ အမြင်ကောင်းရှိတာပဲဗျာ” ဆိုင်ရှင်က အလျင်အမြန်ချီးကျူးကာ ပြောလေသည်။

“ဒီသိမ်းငှက်မောင်နှံဆံထိုးက ကျွန်တော်တို့ဆိုင်ကို အသစ်၀င်တဲ့ပစ္စည်းလေးပါဗျ။ ဆရာ အနီးကပ် မကြည့်ရင်တောင်မှ ဒီဆံထိုးပေါ်က သိမ်းငှက်လေးက သူမရဲ့ အတောင်ပံလေးကို ဖြန့်ပြီး ပျံသန်းနေတဲ့ ပုံစံလေးပါ။ ပြီးတော့

ပုလဲပန်းဖွှားလေးတွေကလဲ အောက်သို့ တွဲလောင်းကျလျက် ဝဲနေပါရောဗျာ”

ရှန်းယောင်သည် ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်ပြီးနောက် ရွှေရောင်သိမ်းငှက်ဆံထိုးလေးအား ဂရုတစိုက်ဖြင့် ကျီကျောက်၏ ဆံပင်များထဲသို့ တပ်ပေးလိုက်သည်။

“ကျွန်မနဲ့ လိုက်ရဲ့လားဟင်” ရုတ်တရက် ကျီကျောက်သည် သူ့အား ဘေးစောင်းကြည့်လျက် တောက်ပစွာ ပြုံး၍ ပြောလေသည်။

“အင်း”

သူမ၏ အပြုံးလေးသည် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်မှာ ရှန်းယောင်၏ အသည်းနှလုံးအား အလွယ်တကူ ဆွဲဆောင်ယူသွားသကဲ့သို့ ခံစားရလေသည်။

ကျီကျောက်သည်လည်း သဘာ၀အလျောက် ရှန်းယောင်မျက်လုံးထဲမှ မှင်သပ်နေသည့်အကြည့်အား ခံစားလိုက်ရသဖြင့် ရှက်ရွံ့စွာဖြင့် သူမ၏ မျက်နှာလေးအား ဆိုင်ရှင်ဖက်လှည့်ကာ အပြုံးလေးဖြင့် မေးလိုက်လေသည်။

“ သူဌေးရှင့် ကျွန်မကို ကြေးမုံမှန်တစ်ချပ်လောက် ယူပေးလို့ရမလားရှင့်”

“ရပါတယ် မိန်းကလေး ခနလေး စောင့်ပေးပါဗျ”

သူမ ပြုံးလိုက်သည့် တခဏတာ၌ ဆိုင်ရှင်ကိုပင် မှင်သက်စေခဲ့လေသည်။

ရှန်းယောင်သည် ရွှေရောင်သိမ်းငှက်ဆံထိုးအပြင် လှပသည့် ကျောက်စိမ်းခေါင်းဆောင်း တစ်စုံအား ကျီကျောက်အတွက် ရွေးပေးခဲ့လေသည်။

“ပြန်ဖို့အချိန်ရောက်ပြီ မဟုတ်လားရှင်” ကျီကျောက်သည် ရှန်းယောင်၏ အင်္ကျီလက်အား ဆွဲလိုက်၍ သူ၏ စိတ်လွတ်လက်လွတ် ၀ယ်ယူခြင်းအား အဆုံးသတ်ရန် အလျင်အမြန် ပြောလေသည်။

“အာ့ထောင် စိတ်မပူပါနဲ့။ ကိုယ် ဒီကိုလာကတည်းက ကိုယ့်မှာ ငွေအလုံအလောက် ပါလာပြီးသားပါ”

ရှန်းယောင်သည် ပြုံးလိုက်ပြီး သူမ၏ မျက်နှာလေးအား ပွတ်သပ်လိုက်သည်။ ထို့နောက် သူသည် လှပသော ပုလဲလက်ကောက်လေးတစ်ကွင်းအား သူမအတွက် ရွေးချယ်ပေးလိုက်လေသည်။

အာ့ထောင်၏ ဖြူဖွေး၀င်းမွတ်သည်ဆိုပေမဲ့ သူမသည် မကြာခဏ မီးဖိုချောင်ထဲ ၀င်ပြီး အစားအသောက်များ ချက်ပြုတ်တတ်သည့်အတွက် ရွှေထည်ထက် ပုလဲထည်က ၀တ်ဖို့ ပိုသင့်တော်ပေသည်။

ဒါ့အပြင် လတ်တလောကာလမှာ ပုလဲပစ္စည်းများက ပိုရှားပါးလာတာကြောင့် ရွှေထည်ပစ္စည်းများနှင့် တန်ဖိုး အတူတူ ဖြစ်ပေသည်။ ကျီကျောက်တစ်ယောက် မထင်ထားသည်က ရှန်းယောင်မှာ လက်၀တ်ရတနာများ ၀ယ်ယူရာ၌ လက်ဖွာခြင်းကိုပင်။

“အာ့ထောင် ကိုယ်မင်းကို တကယ်လက်ထပ်ချင်တာပါ။ ဒါကြောင့်မလို့လေ ဒီခန်း၀င်ပစ္စည်းတွေက ဓလေ့ထုံးထမ်းအရ ၀ယ်ပေးသင့်တာပါ”

နောက်ဆုံးမှာတော့ ရှန်းယောင်သည် ရေစက်ပုံစံရှိ သန္တာရောင် နားကပ်တစ်စုံအား

သူမအတွက် ရွေးလိုက်ခြင်းဖြင့် ဈေး၀ယ်ထွက်ခြင်းအမှုအား အဆုံးသတ်ပေသည်။

“ဟုတ်ပါပြီ၊ ပြန်ကြရအောင်လေ” ကျီကျောက်သည် ရှန်းယောင်တစ်ယောက် ထိုလက်၀တ်ရတနာအိတ်များဖြင့် သူမဆီ လျှောက်လာတာကို မြင်လိုက်ရသဖြင့် ခေါင်းကိုက်ချင်သလို ခံစားလိုက်ရသည်။

ရှန်းယောင်မှာသာ ငွေအလုံ‌အလောက်ရှိပါက သူက ဒီကျောက်စိမ်းပစ္စည်းဆိုင် တစ်ဆိုင်လုံးအား အပိုင်၀ယ်လောက်မယ်လို့ သူမ နက်နက်ရှိုင်းရှိုင်း သံသယဖြစ်မိသည်။

သူတို့တွေ ရှန်းမိသားစုအိမ်ခြံဝင်းသို့ပြန်ရောက်ချိန်၌ ကျောက်လန်ဟွာသည် ရှန်းယောင်မှ ကျီကျောက်အတွက် ၀ယ်လာသည့် လက်၀တ်ရတနာများအား ကြည့်လျက် မျက်မှောင်ကြုတ်လိုက်မိသည်။

ကျီကျောက်သည် သူမ၏ အမူအရာအား မြင်ပြီးနောက် သူမ၏ နှလုံးသား နှစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

ရှန်းယောင်က အလွန်အကျွံ၀ယ်မိသွားတာပဲဖြစ်မယ်။

ဒါကြောင့် အမေက မပျော်မရွှင် အနည်းငယ် ဖြစ်နေပုံပဲ။

“အမေ….တကယ်တော့လေ ရှန်းယောင် ၀ယ်တာ နည်းနည်းလေး များလွန်းတယ်လို့ သမီးလည်း ထင်မိပါတယ်”

“များလွန်းတာလား……” ကျောက်လန်ဟွာသည် သူမလက်လေးအား ဆုပ်ကိုင်လျက် အလေးအနက် ပြောလာလေသည်။

“အာ့ထောင်…….စန်းလန်ကိုတော့ အမေ နောက်မှ ဝေဖန်ရဦးမယ်။ အရမ်း နည်းလွန်းနေတာ သမီးရဲ့….ဘာလို့ ရွှေထည် သုံးမျိုးပဲ ၀ယ်လာရတာလဲ….ပုလဲတွေကရော ဘာလို့ ၀ယ်လာတာလဲကွယ်”

“အမေ ရှန်းယောင်က ပုလဲတွေ အများကြီး ၀ယ်လာတယ်ဆိုတာ သမီးက ပုလဲတွေကို သဘောကျတာကြောင့်ပါ…”

ကျီကျောက်သည် အလျင်အမြန် ရှင်းပြကာ ပြောလိုက်သည်။ “ဒီလောက်ဆို သမီးအတွက် လုံလောက်ပါပြီ….သမီး အရမ်း ပျော်ပါတယ် အမေရယ်”

***

All Chapters