သမားတော်တစ်ယောက်၏ စေတနာ
Vol. 18 Ch. 279
ကျီကျောက်၏ စိတ်ဓာတ်အနည်းငယ်ကျနေသည့် အမူအရာအား ကြည့်လျက် ရှန်းယောင်သည် အလျင်အမြန်ပဲ သူမ၏ လက်ကလေးအား ကိုင်လျက် အားပေးကာ ပြုံးလိုက်သည်။
“အာ့ထောင်…..ဆေးပညာရပ်ကို သင်ကြားတယ်ဆိုတာ တစ်ညတည်းနဲ့ အောင်မြင်နိုင်တဲ့ တစ်စုံတစ်ခုမှ မဟုတ်တာကွာ”
“ဒါ့အပြင် မင်း ကောင်းကောင်းကြီး လုပ်ခဲ့ပြီးသားပါ။ ဒါကြောင့်မလို့ မင်းကိုယ်မင်း အပြစ်တင်ဖို့ မလိုပါဘူးကွာ”
သူမ နတ်ဆေးသမားတော် ရှန်းဟယ်၏ တပည့် ဖြစ်လာတည်းက ကျီကျောက်သည် ဆရာကြီး ထားခဲ့သည့် ဆေးပညာစာအုပ်များအား နေ့တိုင်း ဖတ်ရှုရလေသည်။ သူမ၏ အားလပ်ချိန်၌ မကြာခဏ ဆေးပင်မျိုးစိတ်ခွဲခြားနေတတ်သည်။ ဆေးပညာ လေ့လာသင်ယူခဲ့တာ တစ်နှစ်ပဲရှိသေးတယ်ဆိုသော်ငြား သူမသည် များစွာသော ဆေးညွှန်းများအား မှတ်သားပြီးဖြစ်လေသည်။
“ဒါပေမဲ့ ဆရာပေးတဲ့စာမေးပွဲကို ကျွန်မ ဒီနေ့ နှစ်နာရီနောက်ကျမှ ပြီးခဲ့တယ်လေ”
ကျီကျောက်သည် သူမ၏ ခေါင်းလေးအားငုံ့လျက် ၀မ်းနည်းနေသည့်အသံလေးဖြင့် ပြောလာသည်။
“ကျွန်မ ပိုကောင်းအောင် လုပ်ခဲ့သင့်တာပါ”
“အာ့ထောင်….” ရှန်းယောင်သည် သူမ၏ ဆံပင်လေးအားသပ်ပေးရင်း သူ့မျက်နှာပေါ်ကအပြုံးမှာ ပိုပြီးနူးညံ့လာလေသည်။
“wကယ်လို့ ဒီတစ်ကြိမ်ကို ကောင်းကောင်းမလုပ်နိုင်ဘူးလို့ထင်ရင်
နောက်တစ်ခေါက်ကျရင် ပိုကြိုးစားပြီး ဒီထက့် ပိုကောင်းအောင် လုပ်လို့ ရတာပဲလေ”
ရှန်းယောင်၏ အားပေးစကားကို ကြားပြီးနောက် ကျီကျောင်၏ စိတ်အခြေအနေသည် အရင်လောက် စိတ်ဓာတ်ကျမနေတော့ချေ။
“အရမ်းနောက်ကျနေပြီ အာ့ထောင်…..စောစော နားလိုက်တေ့ာလေ”
“အရင်ဆုံး ကျွန်မ အိမ်စာပြီးအောင် လုပ်ချင်သေးတယ်ရှင်”
ကျီကျောက်သည် စားပွဲပေါ်ရှိ ဆေးစာအုပ်များအား လက်ညှိုးထိုးပြလျက် ပြုံးကာ ပြောလာသည်။
ရှန်းယောင်လည်း သူမအား တားမနေတော့ချေ။ ထို့အစား သူသည် ကပ်ကြေးတစ်ချောင်းဖြင့် ဖယောင်းတိုင်မီးအား ပိုပြီး လင်းထိန်စေရန် မီးစာအား ဖြတ်နေလေသည်။
သူက နောက်လှည့်လိုက်ပြီး စာအုပ်စင်ဆီသို့ လျှောက်သွား၍ သာမန်ကာလျှံကာဖြင့် စစ်မက်ရေးရာစာအုပ်တစ်အုပ်အား ဆွဲယူလိုက်ပြီး ဟိုလှန်ဒီလှန်ဖတ်နေလိုက်သည်။ မသိလိုက်ခင်မှာဘဲ ညသည် နက်သထက်နက်လာပေသည်။
ရှန်းယောင်သည် သူ့လက်ထဲမှ စာအုပ်အားပိတ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ကျီကျောက်သည် စာရေးစားပွဲခုံပေါ်၌ နှစ်ခြိုက်စွာ အိပ်စက်နေသည်အား မြင်လိုက်ရပေသည်။ ကျီကျောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေသော်ငြားလည်း သူမ၏ ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းပါးလေးမှာ ဟိုလှုပ်ဒီလှုပ် လှုပ်နေဆဲပင်။
“ဆေးမြင်းခွာပင် မျိုးစိတ်သည် ကိုယ်တွင်းအပူချိန်ကိုဖယ်ရှားပေးနိုင်ပြီး အဆိပ်အတောက်အား ကင်းစင်စေသော်ငြား အဆိပ်ရှိသည့် အပင်တစ်မျိုး ဖြစ်သည်။ ထိုအပင်သည် ခေါင်းမူးစေ၍ အဆုတ်အားမွန်းကြပ်စေသလို နှလုံးကြွက်သားအား အပြင်းအထန် လှုပ်ခါစေနိုင်သည့် အကျိုးသက်ရောက်မှုလည်း ရှိလေသည်….”
“အရူးမလေး” ရှန်းယောင်သည် သူမ၏ နှာခေါင်းထိပ်လေးလား ကုတ်လိုက်၍ ပူဆွေးသောကရောက်သည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။
မျက်စိတစ်မှိတ်အတွင်းမှာဘဲ နာရီ၀က်ဆိုသည့် အချိန်ကာလဟာ ကုန်ဆုံးသွားလေသည်။
နတ်ဆေးသမားတော် ရှန်းဟယ်၏ ဂရုစိုက်သင်ပြမှုများအောက်၌ ကျီကျောက်၏ ဆေးပညာစွမ်းရည်မှာ တဟုန်ထိုး တိုးတက်လာခဲ့လေသည်။
ပိုပြီးအရေးကြီးသည်က သူမသည် အနံ့ခံရုံနှင့်ပင် ဆေးပင်များ၏ မျိုးစိတ်အား တိကျစွာ ခွဲခြမ်းစိတ်ဖြာနိုင်ရုံသာမက သင့်တော်လျောက်ပတ်သည့် ဆေးညွှန်းများကိုလည်း ညွှန်ကြားလာနိုင်ပြီး အဆိပ်အား နှိမ်နင်းနိုင်သည့် အဆိပ်ဖြေဆေးနည်းကိုလည်း ဖော်စပ်လာနိုင်ပြီဖြစ်လေသည်။
ဒီလိုတိုးတက်လာမှုက နတ်ဆေးသမားတော် ရှန်းဟယ်အား လွန်စွာ ကျေနပ်၀မ်းမြောက်စေသည်။
အရင်တုန်းက ကျီကျောက်အား သူ့တပည့်အဖြစ် လက်ခံရသည့် အကြောင်းရင်းမှာ သူ့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒအလျောက်သာ ဖြစ်ပေသည်။ အဆုံးမှာတော့ ကျီကျောက်၏ ချက်ပြုတ်ခြင်းဆိုင်ရာ စွမ်းရည်မှာ လက်ဖျားခါရလောက်အောင် ထိပ်တန်း ဖြစ်လေသည်။
သို့ဖြစ်၍ သူသည် ရတနာတစ်ပါးအား ကောက်မိသည်ဖြစ်ကြောင်း တဖြည်းဖြည်း သိလာရလေသည်။
အာ့ထောင်၏ဉာဏ်ရည်နှင့်သာဆို အနာဂတ်မှာ ကျော်ကြားသည့် သမားတော်ကောင်း ဖြစ်လာပေလိမ့်မည်။
ခြောက်လပိုင်းအစမှာတော့ ရာသီဥတုသည် တဖြည်းဖြည်း ခြောက်ကပ်လာပေသည်။
ငြီးငွေ့ဖွယ်ကောင်းပြီး ခြောက်ကပ်လှသည့် ရာသီဥတုသည် အသက်တစ်ရှိုက်မှ ရှူမိရုံနှင့်ပင် အဆုတ်အား မွန်းကြပ်စေလေသည်။
ရှန်းဟယ်ကျေးရွာနှင့် တင်းယွမ်ကောင်တီတစ်ခုလုံး၌ မိုးမရွာသည်မှာ ဆယ်ရက်ခန့် ရှိပြီ ဖြစ်လေသည်။ ပိုပြီးအရေးကြီးသည်က ခြောက်လပိုင်းထဲသို့ ၀င်ရောက်လာသည့် အချိန်ထဲက လေထုထဲရှိ လေမှာ ပူအိုက်စပ်နေခြင်း ဖြစ်ပေသည်။
“ဒီနေ့ အရမ်းပူတာပဲ” ညနေစောင်းလုချိန်၌ ရှန်းတာ့ရှန်သည် ခြံ၀န်းထဲသို့ ပေါက်ပြားထမ်းလျက် ၀င်လာလေသည်။
အဲ့ဒီအချိန်မှာ သူ့အပေါ်၀တ်ရုံ တစ်ထည်လုံးမှာ ရင်ဘတ်နှင့် ကပ်ညှိနေပြီး ရွှဲရွှဲစိုလျက် ရှိလေသည်။ သူဆံပင်တွေတောင်မှ ချွေးများဖြင့် ရွှဲစိုနေလေသည်။
“အာ့ထောင်က မတ်ပဲစွပ်ပြုတ်လေး ပြင်ခဲ့ပေးတယ်လေ။ အခုချိန်မျိုးမှာ သောက်ရင် တကယ်ကောင်းပဲပေါ့ရှင်”
ကျောက်လန်ဟွာသည် အိမ်တော်၀န်းထဲသို့ မတ်ပဲစွပ်ပြုတ်လေးဖြင့် အလျင်အမြန် လျှောက်လာခဲ့လေသည်။
သူမ၏ မျက်နှာ၌ မဖုံးကွယ်နိုင်သည့် သောကများဖြင့် ပြည့်နေလေသည်။
“ယောကျာ်းရေ ကျွန်မတို့ စိုက်ခင်းထဲက သီးပင်စားပင်တွေ အဆင်ပြေရဲ့လားရှင်”
“သီးပင်ခြံဥယျာဉ်ထဲမှာ စိုက်ပျိုးထားတာကိုပဲ ကျေးဇူးတင်ရမှာပဲ” ရှန်းတာ့ရှန်သည် သပတ်အား ယူ၍ သူ့မျက်နှာအား သုတ်လိုက်လေသည်။ ထို့နောက် သူသည် မတ်ပဲစွပ်ပြုတ်ပန်းကန်အား ယူလိုက်ပြီး တစ်လုတ်ထဲ မော့သောက်လိုက်လေသည်။ ထို့နောက်မှသာ သူက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလေသည်။
“ကိုယ်တို့ခြံထဲက သီးပင်တွေ အကုန်အခြေနေကောင်းပါတယ်… ဒါပေမယ့် ရာသီဥတုက မူမမှန်ပဲ အိုက်လောင်နေပါရောကွာ”
ရှန်းတာ့ရှန်က ဒီအကြောင်းနှင့် ပတ်သက်ပြီး တွေးမိလေ တစ်ခုခုမှားယွင်းနေသည်ကို သူခံစားရလေဖြစ်ပေသည်။
“လန်ဟွာ... ဒီနှစ် နွေရာသီက အရင်နှစ်နွေရာသီနဲ့ တူတယ်လို့ ထင်လားဟင်”
နောက်ထပ် မိုးခေါင်ခြင်းနှစ်သာ ထပ်ဖြစ်မယ်ဆိုရင်_
ရှန်းတာ့ရှန် ထိုအကြောင်းကို ထပ်ပြီး မတွေးချင်တော့ချေ။
“ဟင့်အင်း” ကျောက်လန်ဟွာသည် သူမ၏ ခေါင်းအား အလျင်အမြန် ခါလိုက်ကာ ပြောလေသည်။
“ဘုရားသခင်က ကျွန်မတို့လို အပြစ်မဲ့တဲ့ ပြည်သူတွေကို တစ်ခုပြီးတစ်ခု အနိုင်မကျင့်လောက်ပါဘူးရှင်”
“ကိုယ်လည်း ဒီလိုပဲ မျှော်လင့်မိပါရဲ့ကွာ”
ရှန်းတာ့ရှန်သည် သူ့မျက်လုံးများထဲမှ စိုးရိမ်ကြောင့်ကြမှုများအား ဖုံးကွယ်ရန် မျက်စိမှိတ်လိုက်မိလေသည်။
ထိုအချိန်၌ ကျီကျောက်တစ်ယောက်သည် သူမ၏ အခန်းထဲ၌ ဆေးစာအုပ် တစ်အုပ်အား ဖတ်လျက် ရှိနေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ၏ ဆရာသည် သူမအား ပုစ္ဆာတစ်ပုဒ် ပေးလာခဲ့ပြီး ထိုပုစ္ဆာအား သင့်တော်သည့် ကုသဖြေရှင်းနည်းအား စဉ်းစားရန် မေးလာခဲ့လေသည်။
နှစ်ရက်လုံးလုံး သူမ ထိုပုစ္ဆာအကြောင်း စဉ်းစားခဲ့ပေမဲ့ မည်သည့်သဲလွန်စမှ မရှိသေးချေ။
သူမ၏ တစ်စထက်တစ်စ မျက်မှောင်ကြုတ်လာသည်ကို မြင်ပြီးနောက် ရှန်းယောင်သည် ချက်ချင်းဆိုသလို သူမအား စိုးရိမ်ပူပင်စွာ ကြည့်လာလေသည်။ “အာ့ထောင်…..ဘာမှားနေလို့လဲဟင်”
“ရှန်းယောင်….တကယ်လို့သာ ရှင် လမ်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ သေခါနီး ရာဇ၀တ်သားတစ်ယောက်ကို တွေ့တယ်ဆိုပါတော့ ရှင့်လက်ထဲမှာလည်း အဲ့လူအသက်ကို ကယ်တင်နိုင်တဲ့ ဆေးဝါးရှိနေတယ်ဆို ရှင် သူ့ကို ကယ်တင်မှာလား မကယ်တင်ဘူးလားဟင်”
ကျီကျောက်သည် ထိုအကြောင်းအား စဉ်းစားရင်း ရှန်းယောင်နှင့် ဆွေးနွေးတိုင်ပင်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ဒါ့အပြင် ရှန်းယောင်၏ ထိုးထွင်းသိမြင်နိုင်သည့်ဉာဏ်က သူမ၏ သံသယများအား ရှင်းလင်းအောင် ကူညီပေးနိုင်လေသည်။
“ကယ်တင်ပေးမှာပေါ့” ရှန်းယောင်သည် တုံ့ဆိုင်းမှုမရှိဘဲ ဖြေလာလေသည်။
ကျီကျောက်သည် သူ့အား ဒီလောက် အမြန် ဖြေဆိုလာလိမ့်မည်ဟု မထင်ထားသဖြင့် တခဏတာလောက် မှင်သက်သွားမိလေသည်။
“အဲ့ဒီလူက ရက်စက်ကြမ်းကြုတ်ပြီး မကောင်းတဲ့သူဆိုတာ ရှင်သိနေတာတောင်မှ ရှင် သူ့ကို ကယ်တင်ပေးဦးမှာလား” ရှန်းယောင်သည် မသိစိတ်မှ မျက်မှောင်ကြုတ်လိုက်မိလေသည်။
“အာ့ထောင်….ကိုယ်ပြောနေတာ မပြီးသေးဘူးလေကွာ”
ရှန်းယောင်သည် သူမ၏ လက်ကလေးအား ဆုပ်ကိုင်လျက် သူမ၏ လက်ဖဝါးလေးများအား ကုတ်ခြစ်လိုက်သည်။ ထို့နောက် သူသည် ခပ်ဖွဖွ ရယ်မောလျက် ပြောလေသည်။
“ကိုယ်ဆိုလိုတာက အပြစ်ဒဏ်မသင့်သေးဘူးဆိုရင် ပြောတာပါ”
“နိုင်ငံမှာ ဥပဒေအများကြီးရှိတယ်လေ။ ဒီလူကသာ တကယ်ဆိုးဝါးလွန်းတဲ့သူဆိုရင် ဥပဒေအရ အပြစ်ပေးခံရသင့်တယ်”
“ကိုယ် သူ့ကို ကယ်တင်ဖို့ ရွေးချယ်ရတဲ့ အကြောင်းပြချက်က အာ့ထောင် တစ်ခါက ပြောခဲ့ဖူးတာကြောင့်ပါပဲ”
“ဘာလဲဟင်….”
“သမားတော်ဆိုတာ စေတနာတရား ထက်သန်ရမယ်”
ကျီကျောက်သည် ရုတ်ချည်း သိရှိနားလည်သွားတော့လေသည်။
“ကျွန်မ နားလည်သွားပြီ” ကျီကျောက်သည် ရုတ်တရက် ရှန်းယောင်ရှေ့သို့ ပြေးလာပြီး သူ၏ ကြွက်သားများဖြင့် တောင့်တင်းကျစ်လျစ်သည့် ခါးတစ်ဝိုက်အား သူမ၏ လက်မောင်းလေးများဖြင့် ပွေ့ဖက်လိုက်ပြီးနောက် သူ့အား ကြည့်၍ တောက်ပစွာ ပြုံးကာ ပြောလိုက်သည်။
“ရှန်းယောင်…ရှင့်ကို ကျေးဇူးတင်ပါတယ်နော်”
ရှန်းယောင်လည်း သူမကိုယ်လေးအား ပြန်ဖက်ရန် လုပ်ခိုက် သူ့ခါးတစ်ဝိုက်ရှိ သူမ၏ လက်မောင်းအား လျော့သွားသည်ကို ခံစားလိုက်ရသည်။
သူမ၏ အလျင်လိုနေသည့် နောက်ကျောလေးအား ကြည့်ရင်း ရှန်းယောင်တစ်ယောက် အကူညီမဲ့စွာ သူ့မျက်ခုံးများအား ပွတ်လိုက်မိသည်။
ရွေရောင်နေလုံးကြီးသည် အနောက်အရပ်သို့ ၀င်ရောက်လာပြီး ခမ်းနားထည်ဝါလှသည့် နေ၀င်ဆည်းဆာအလင်းရောင်မှာ ကောင်းကင်တစ်ခွင်၌ ပြည့်နှက်နေလေသည်။
ငန်းအုပ်စုမှာ တောင်အရပ်မှ မြောက်အရပ်သို့ ဖြည်းညင်းစွာ ပျံသန်းနေကြပြီး သူတို့၏ အုပ်စုပုံစံအား ရံဖန်ရံခါ ပြောင်းလဲလိုက်ကြလေသည်။
ရှန်းဟယ်တစ်ရွာလုံး ချက်ပြုတ်ခြင်း အခိုးအငွေ့များနှင့် ပြည့်နှက်နေလျက် အေးချမ်းသာယာသည့် မြင်ကွင်းလေးတစ်ခု ဖြစ်နေလေသည်။
ရှန်းမိသားစုအိမ်တော်၀န်းထဲ၌ နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ၏ ဇွန်းအား ကျေနပ်အားရမှုဖြင့် ချလိုက်လေသည်။ “တကယ် အရသာရှိတယ်ဟေ့”
“တပည့် ဒီကွေ့ဟွားဇီးနက်ဝိုင်လုပ်ဖို့ အစွမ်းကုန် တွေးထားရတာပါ” ကျီကျောက်က အပြုံးလေးဖြင့် ရှင်းပြလေသည်။
“ဝိုင်ထဲမှာ အသုံးပြုထားတဲ့ ကွေ့ဟွားပန်းပွင့်ဖတ်လေးတွေက လွန်ခဲ့တဲ့နှစ် ဆောင်းဦးရာသီတုန်းက ခူးခဲ့တဲ့ ပန်းလေးတွေပါ။ တပည့် အများကြီးတော့ မကောက်ယူခဲ့ပါဘူး”
နတ်ဆေးသမားတော် ရှန်းဟယ်က သူမအား စောင်းငဲ့ကြည့်လာလေသည်။
“ဆရာသခင့်အတွက် တပည့်၀တ်တရားကျေပွန်ချင်လို့ပါ” ကျီကျောက်သည် ကျိုးနွံစွာဖြင့် အလျင်အမြန် ပြောလိုက်လေသည်။
“မင်းရဲ့ မျက်ခုံးတွေ ပြေလျော့လာပြီး စိုးရိမ်သောကရောက်နေပုံ မပေါ်တော့တာ မြင်နေရပြီဆိုတော့ ပုစ္ဆာအတွက် အဖြေကို မင်းစဉ်းစားပြီးပြီထင်တယ်”
“ဟုတ်ကဲ့” ကျီကျောက်သည် စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဆရာမေးတဲ့ပုစ္ဆာနဲ့ ပတ်သက်ပြီးတော့ တပည့်မှာ အဖြေစာလုံး ရှစ်လုံး ရှိပါတယ်။
အ ရင် ကယ် ပြီး မှ မေး မြန်း သ မား တော် စေ တ နာ အ ရင်း ခံ”
“သမားတော်တစ်ယောက်ရဲ့ စိတ်စေတနာလား” နတ်ဆေးသမားတော် ရှန်းဟယ်သည် ထိုစာလုံးများအားကြားပြီးနောက် သူ၏ နှုတ်ခမ်းများအား ကွေးညွှတ်လိုက်မိသည်။
“ဒီစာကြောင်းကို မင်းဘာသာမင်း စဉ်းစားမိခဲ့တာလား”
“ဟင့်အင်း” ကျီကျောက်သည် ရိုးသားစွာဖြင့် သူမ၏ ခေါင်းအား ခါယမ်းလိုက်သည်။
“ဆရာသခင်….အမှန်တိုင်းပြောရရင် ဆရာဒီပုစ္ဆာကို မေးတဲ့အချိန်ထဲက တပည့်အတွက် အရမ်းကို ပဋိပက္ခဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တပည့်မျက်လုံးထဲမှာ ကြမ်းကြုတ်တဲ့ရာဇ၀တ်သားဆိုတာ သေခြင်းတရား နယ်နမိတ်ပေါ်မှာ ရှိနေတာမလို့ ကောင်းကင်ဘုံမှာ မျက်လုံးပါတာပဲလေ။ ဒီလူ သေသေ ရှင်ရှင် တပည့်နဲ့ ဘာဆိုင်လို့လဲပေါ့”
“ဒါပေမဲ့လည်း ရှန်းယောင်နဲ့ စကားဝိုင်းတချို့ ဖလှယ်ပြီးနောက်မှာတော့ တပည့်တစ်ခု နားလည်လိုက်ရတာက မတူညီတဲ့ အခြေအနေမှာ ကွဲပြားတဲ့ အတွေးအမြင်တွေ ပေါက်ဖွားနိုင်တယ်ဆိုတာကိုပါ”
ကျီကျောက်က အလေးအနက်ဖြင့် ရှင်းပြလာလေသည်။
“တပည့်သာ ကျီကျောက်ဆိုတဲ့ သာမန်လူ တစ်ယောက်အနေနဲ့ ဒီလိုအခြေအနေကို ရင်ဆိုင်ရရင် ထိုသူ့ကို ပင်ကိုယ်အားဖြင့် ကယ်တင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း တကယ်လို့ တပည့်သာ သေခါနီးလူတွေကို ကယ်တင်ပေးပြီး ထိခိုက်ဒဏ်ရာရတဲ့ လူတွေကို ကုသပေးနေရတဲ့ သမားတော်တစ်ယောက် ဖြစ်မယ်ဆိုရင် သမားတော်ဆိုတာ စိတ်စေတနာကို အရင်းခံရမယ်မဟုတ်ပါလား။ သမားတော်တစ်ယောက်ရဲ့ စေတနာတရားကိုတော့ တပည့် မစွန့်ပယ်နိုင်ခဲ့ပါဘူး”
***