← Chapters

ပေါ့ပေါ့ပါးပါးစကားဝိုင်း

Vol. 3 Ch. 21

ပေါ့ပေါ့ပါးပါးစကားဝိုင်း

Vol. 3 Ch. 21

ယခုတစ်ကြိမ် ဂါရဝပြုပြီးသည့်အချိန်တွင်တော့ အရှေ့မှ အရှင်မင်းကြီး၏ မျက်နှာကို သူမ သေချာတွေ့လိုက်ရသည်။

ဓားသွားသဏ္ဌာန် မျက်ခုံးတန်းတန်းက ဖြောင့်တန်းနေပြီး နှာတံက ပေါ်လွင်သည်။ သို့သော် သူ၏ အကြည့်များက အေးစက်လွန်းလှပြီး နှုတ်ခမ်းပါးပါးကိုလည်း တင်းတင်းစေ့ထားသည်။

လင်ဝမ်ယိတစ်ယောက် သူမအိမ်တော်မှာတုန်းက အမေနှင့်အတူ အစ်ကိုကြီးအတွက် သတို့သမီးလောင်း ရွေးစဉ်တုန်းက အမေပြောဖူးသည့် စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားမိသည်။

"နှုတ်ခမ်းပါးတဲ့သူတွေက သွေးအေးတတ်ကြတယ် ဒါကြောင့် ညည်းအစ်ကိုကြီးအတွက် ဇနီးသည်ရွေးရင် နှုတ်ခမ်းထူထူလေးကိုပဲ ရွေးရမယ်"

အကယ်၍ ထိုစံနှုန်းဖြင့်သာ တိုင်းတာရမည်ဆိုပါက သူမအရှေ့မှ အရှင်မင်းကြီးမှာ သူမအမေဖြစ်သူ၏ စာမေးပွဲကို သေချာပေါက် အောင်မြင်မည် မဟုတ်ပေ။ နှမြောစရာပဲ…။

အဝါရောင်တောက်တောက်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူ၏ ပုံစံမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။ သို့သော် အခုတလော တိုင်းပြည်ရေးရာများဖြင့် အလုပ်ပန်းထားသည့်ဒဏ်ကြောင့် ထင်ပါရဲ့။ မူလက တောင့်တင်းသန်မာသော ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်ကျသွားသယောင်ရှိသည်။

လင်ဝမ်ယိက သူမ၏ ရိုးသားကာ နူးညံ့သိမ်မွေ့သည့်ဟန်ဖြင့်သာ ရပ်နေဆဲပင်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူမဘက်က စပြီး မေးမြန်းလိုက်သည်။

"အရှင်မင်းကြီး ပင်ပန်းနေပါသလား"

သူ့မျက်လုံးအောက်မှ မျက်ကွင်းညိုများနှင့် အမြဲလိုလို တွန့်ချိုးထားသည့် မျက်မှောင်တို့ကို ကြည့်ရုံဖြင့် တိုင်းပြည်အရေးကိစ္စများဖြင့် အလွန်အလုပ်များနေမည်မှန်း သူမတန်းသိလိုက်၏။ ဖြေရှင်းရ ခက်ခဲသော ကိစ္စများပင် ရှိနေနိုင်သည်။

"အင်း…ညစာ စားပြီးပြီလား…"

"သုံးဆောင်ပြီးပါပြီ အရှင်မင်းကြီး"

"ကြိုက်ရဲ့လား"

"အဲ့ဒီထဲက သုံးမျိုးစပ် အမဲသားလုံးပေါင်းကို နှစ်သက်ပါတယ်"

"အဲ့ဒီဟင်းပွဲကို ကိုယ်တော်လည်း ကြိုက်တယ်…နောက်ဆိုရင် စားဖိုဆောင်ကိုပြောပြီး မင်းဆီ ပို့ပေးခိုင်းလိုက်မယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

လင်ဝမ်ယိမှာ ဘယ်လိုလုပ်ရမည်မသိ ဖြစ်သွားရသည်။ သူမ အိပ်ဆောင်ဝင်ရသည်မှာ နှစ်ကြိမ်သာ ရှိသေးပြီး နှစ်ကြိမ်စလုံးလည်း ဟင်းပွဲများချီးမြှင့်ခံရသည်။ မသိသူများကတော့ သူမကို ငတ်ကြီးကျသည်ဟု ထင်ကုန်ကြပေတော့မည်။

သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသော်လည်း မျက်နှာပေါ်တွင်တော့ သဘောကျသည့်ဟန်ကိုသာ ဆောင်ထားလိုက်ရသည်။

လင်ဝမ်ယိ၏ အတွေးများကို မသိသည့် ဧကရာဇ်ကတော့ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လေသံအေးအေးဖြင့် ဆိုလာသည်။

"ဝတ်ရုံလဲပေး…"

လင်ဝမ်ယိ ကြည့်လိုက်သောအခါ အတွင်းဆောင်ထဲ၌ သူမမှလွဲ၍ မည်သူမျှ ရှိမနေတော့။ သို့ဖြစ်၍ သူမကိုယ်တိုင်ပင် ဝတ်ရုံလဲပေးရတော့သည်။

ဝတ်ရုံပေါ်မှ ချိတ်များက သိပ်မများလှသဖြင့် ခဏချင်းပင် ဖြုတ်၍ ပြီးသွားသည်။ အတွင်း၌ ဝတ်ဆင်ထားသည်ကလည်း အပြင်ဝတ်ရုံကဲ့သို့ပင် အဝါရောင်တောက်တောက် အောက်ခံဝတ်ရုံဖြစ်၍ လင်ဝမ်ယိ မျက်စိပင် ကျိန်းချင်သွားသည်။

အတွင်းဝတ်ရုံ၏ အနားသတ်များတွင် ရွှေနဂါးပုံများ ထိုးထားသေးရာ အလွန်ပင် ခမ်းနားလှပေသည်။

လင်ဝမ်ယိက လက်ချောင်းလေးများဖြင့် အသာအယာ ပွတ်သပ်ကြည့်လိုက်ရာ ချုပ်ရိုးချုပ်သားများမှာ စိပ်ပြီး သေသပ်ကောင်းမွန်လွန်းလှသည်ကို တွေ့ရသည်။ နန်းတွင်းမှ ပန်းထိုးပညာရှင်များ တကယ်ပင် လက်ရာမြောက်လှပေသည်ဟု စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

သူမ၏ ထို အပြုအမူသေးသေးလေးကို အရှင်မင်းကြီးက မြင်‌သွားလေကာ သူက မေးလာသည်။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းရဲ့အမေဆီကနေ ပန်းထိုးပညာ သင်ဖူးတယ်လို့ ပြောခဲ့တယ် မဟုတ်လား"

"ဟုတ်ပါတယ် အရှင်မင်းကြီး"

"အင်း ဒါဆိုရင် ကိုယ်တော့်အတွက် အတွင်းဝတ်ရုံတစ်ထည်လောက် ထိုးပေး… ဒီပန်းထိုးဌာနက လာပို့တဲ့ အဝတ်တွေက အရောင်တောက်လွန်းလို့ ကိုယ်တော် ခေါင်းပါကိုက်တယ်"

လင်ဝမ်ယိ ဆွံ့အသွားရသည်။ သည်အရှင်မင်းကြီးက တကယ်ကို ဉာဏ်နီဉာဏ်နက်များဖြင့် ဝေ့ဝိုက်မေးမြန်းရင်း သူကို ချက်ချင်းပင်အလုပ်တစ်ခုပေးလိုက်ပြီ။

သူမက စိတ်ထဲတွင် ပွစိပွစိ ရေရွတ်နေမိသော်လည်း မျက်နှာပေါ်တွင်တော့ မည်သည့် အရိပ်အယောင်မျှ မပြရဲပေ။ သူမ ချက်ချင်းပင် ပြန်ဖြေလိုက်ရသည်။

"အမိန့်တော်အတိုင်းပါ"

အရှင်မင်းကြီးသည် မတိုင်ခင်ကပင် ကိုယ်လက်သန့်စင်ထားပြီးဖြစ်၍ အတွင်းဝတ်ရုံလဲပြီးသည်နှင့် ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

လင်ဝမ်ယိ မတ်တတ်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူက ဘေးနားရှိ နေရာလွတ်ကို ပုတ်ပြရင်း ပြောသည်။

"ဒီနား လာထိုင်လေ"

သူ၏ လေသံမှာ နုံးနေပြီး နားထပ်စပ်အား လက်ဖြင့် နှိပ်နယ်နေပုံမှာလည်း အတော်ပင် ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သည်။

သူ့ပုံစံကို ကြည့်ရင်း လင်ဝမ်ယိတစ်ယောက် မည်သို့ စိတ်ကူးပေါက်သွားသည်မသိ နှုတ်မှ လွတ်ခနဲ ပြောထွက်သွားမိသည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးမ နှိပ်နယ်ပေးပါရစေ"

စကားဆုံးသည်နှင့် သူမ နောင်တရသွားမိ၏။

သူမက ယခုမှ နှစ်ကြိမ်သာ အိပ်ဆောင်ဝင်ဖူးသေးသူ ဖြစ်သည်။ ဤကဲ့သို့ အပြုအမူမျိုးက အရှင်မင်းကြီးကို ဖြားယောင်းသွေးဆောင်ဖို့ ကြိုးစားနေသည်ဟု အထင်ခံရနိုင်သည် မဟုတ်လား။

သို့သော် သူမမှာ တွေးချိန်ပင်မရလိုက်။ မင်းကြီးက ခွင့်ပြုလိုက်လေပြီ။

သူမ သလွန်‌တော်ပေါ်သို့ တက်လိုက်သည်နှင့် မင်းကြီးက လင်ဝမ်ယိ၏ ရင်ခွင်ထဲသို့ ပစ်လှဲချလိုက်ရာ လင်ဝမ်ယိခမျာ လန့်ဖျပ်ပြီး မလှုပ်ရဲ မယှက်ရဲ ဖြစ်သွားရသည်။

သူမကိုယ်သူမ တည်ငြိမ်အောင် အတင်းကြိုးစားနေရသော်လည်း နှစ်ယောက်သားမှာ အလွန်နီးကပ်နေကြ၍ စိတ်လှုပ်ရှားကာ တုန်ရီနေမိသည်။

သူမ၏ ကိုယ်ခန္ဓာ အနည်းငယ် တုန်ရီနေသည်ကို သတိထားမိလိုက်သောအခါ မျက်လုံးမှိတ်ထားသည့် မင်းကြီးက လင်ဝမ်ယိကို မော့ကြည့်လာသည်။

"နှိပ်ပေးမယ်လို့ ပြောတာ မင်းပဲလေ ဘာလို့ မနှိပ်သေးတာလဲ"

ဧကရာဇ်လုပ်လာသည်မှာ ကြာပြီဖြစ်၍ သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားတစ်ခွန်းကပင် အမိန့်တစ်ခုလို ဖြစ်နေတတ်သည်။

လင်ဝမ်ယိမှာ ငြင်းဆန်၍ မရတော့ပေ။ သူမက အရှေ့မှ ဧကရာဇ်မင်းကြီးကို သူမအမေဟုသာ သဘောထားလိုက်တော့သည်။

ကံကောင်းသည်ကတော့ သူမသည် အမတ်ချုပ်အိမ်တော်မှာတုန်းက မကြာခဏ ခေါင်းကိုက်တတ်သည့် အမေ့အား နှိပ်နယ်ပေးလေ့ ရှိသည်။ ထို့ကြောင့် ဘယ်လိုအားစိုက်ရမည်နှင့် နှိပ်နယ်ပုံနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပေသည်။

မင်းကြီးမှာ အလွန်ပင်ပန်းနေ၍လား… လင်ဝမ်ယိ နှိပ်ပေးသည်ကပင် ကောင်းလွန်းနေ၍လား မသိ။

သိပ်မကြာခင်မှာပင် သူမရင်ခွင်ထဲတွင်မှ အသက်ရှူသံမှန်မှန်လေး ထွက်ပေါ်လာပြီး အရှင်မင်းကြီးလည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။

အရှင်မင်းကြီး၏ စိတ်အေးလက်အေးအိပ်ပျော်နေသည့်ဟန်ကို ကြည့်ရင်း လင်ဝမ်ယိ သက်ပြင်းချလိုက်မိသည်။

လူတိုင်းက ထီးနန်းပုလ္လင်ကိုလိုချင်ကြပေမဲ့…အဲဒါ‌ရဲ့နောက်ကွယ်က ပင်ပန်းဆင်းရဲမှုတွေကိုတော့ ဘယ်သူတွေကများသိလိမ့်မလဲ…

အုပ်ချုပ်သူဧကရာဇ် ဖြစ်လာလျှင် စည်းစိမ်ယစ်မူးနေရုံဖြင့် မပြီးပေ။ တိုင်းပြည်နှင့် လူထုကို စိတ်ထဲမှာ အမြဲ ထည့်မထားလျှင် နေရာမြဲမည်မဟုတ်ချေ။

ထိုသို့ တွေးမိရင်း သူမ အဘိုးအိမ်တော်တွင် နေထိုင်ခဲ့စဉ်က ဒုတိယဦးလေး ပြောပြခဲ့ဖူးသည့် မင်းကျင့်တရားများ အကြောင်းကို သတိရသွားမိသည်။

“ဧကရာဇ်မင်းတို့သည် တိုင်းသူပြည်သားကိုသာ ရှေးဦးထားရသည်…

တိုင်းသူပြည်သားကို ပစ်ပယ်ပြီး ကိုယ့်ကိုယ်ကျိုးကြည့်ခြင်းက မိမိပေါင်သားကိုပြန်လှီးကာ ဗိုက်ဝအောင်စားသလိုပင် ဖြစ်ကာ ဗိုက်ဝသွားချိန်၌ အသက်သေဆုံးရတတ်သည်…

တိုင်းပြည်အေးချမ်းသာယာလိုလျှင် မိမိကိုယ်ကို အရင်ဆုံး ဖြောင့်မတ်အောင် နေရမည်… ကိုယ်ခန္ဓာဖြောင့်မတ်ပါလျက် အရိပ်က ကောက်နေသည်ဟူ၍ မရှိသကဲ့သို့ အထက်လူကြီးက တရားမျှတပါလျက် အောက်လက်ငယ်သားများက ကောက်ကျစ်သည်ဟူ၍လည်း မရှိနို‌င်ပေ…”

ယခု သူမတို့ တိုင်းပြည်အေးချမ်းသာယာနေခြင်းမှာလည်း သူမရှေ့မှောက်မှ သည်ပုဂ္ဂိုလ်၏ ကြိုးပမ်းအားထုတ်မှုကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ထိုသို့တွေးမိလိုက်လျှင် နှိပ်ပေးနေသည့် သူမ၏ လက်အားက အနည်းငယ် လျော့ကျသွားပြီး အိပ်ပျော်နေသည့် မင်းကြီးကို ပိုပြီးသက်တောင့်သက်သာဖြစ်သွားစေလေ၏။

…

မိန်းမစိုးချုပ် သုန်ကုန်းကုန်းက သန်းခေါင်ယံအချိန် ရောက်သည်အထိ အိပ်ဆောင်အတွင်းမှ မည်သည့် လှုပ်ရှားသံမျှ မကြားရ၍ "အရှင်မင်းကြီး" ဟု တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

ပြန်ထူးသံ မကြားရသဖြင့် သူသည် ခြေကိုဖွဖွနင်းကာ တိုးတိုးလေး ဝင်လာခဲ့လိုက်သည်။

ပုံမှန်ဆိုလျှင် အအိပ်ဆတ်သည့် အရှင်မင်းကြီးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကာ လင်ဝမ်ယိကလည်း ကုတင်ဘေးရှိ ဘောင်ကိုမှီရင်း အိပ်ပျော်နေသည်ကို သူတွေ့လိုက်ရ၏။

ဤသို့ ‌နှစ်ယောက်စလုံး အေးအေးချမ်းချမ်းအိပ်ပျော်နေကြသည့် မြင်ကွင်းမျိုးကို သုန်ယွီကျုံး ယခင်က တစ်ခါမှမမြင်ဖူးခဲ့ပေ။ ခဏအကြာတွင် သူ့နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး သူပြုံးလိုက်မိသည်။

သူ ထင်ထားသည့်အတိုင်းပင်။ ဒီလင်တာရင်လေး၏ အနာဂတ်က လျှော့တွက်လို့မရပေ။

သို့သော် ယခုတော့ အိပ်ဆောင်ဝင်စည်းမျဉ်းများကို ဖျက်၍မရချေ။

အကယ်၍သာ သူမက ချန်အန်းနန်းဆောင်မှာ တစ်ညလုံး အိပ်သွားမည်ဆိုလျှင် မနက်ဖြန်အနောက်နန်းဆောင်တစ်ခုလုံး ပွက်လောရိုက်သွားပေလိမ့်မည်။

ထို့ကြောင့် သူက လင်ဝမ်ယိအနားသို့ တိုးသွားပြီး "သခင်မလေး" ဟု တိုးတိုးလေးခေါ်ကာ နှိုးလိုက်သည်။

လင်ဝမ်ယိက အအိပ်ဆတ်သည့်သူမို့ အမြန်ပင်ပြန်နိုးလာသည်။ သူမက သုန်ယွီကျုံးကို တွေ့သောအခါ အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။

ထို့ကြောင့် သူမက မင်းကြီး၏ ခေါင်းကို သူမ၏ ပေါင်ပေါ်မှ အသာအယာ မလိုက်သည်။

သုန်ယွီကျုံးကလည်း ခေါင်းအုံးအမြန်လာခံပေးပြီး စောင်ကို သေချာခြုံပေးကာ မင်းကြီးကို နေရာတကျဖြစ်အောင် ပြင်ပေးလိုက်သည်။ ထို့နောက် သူက တိုးတိုးလေး ပြောလိုက်သည်။

"သခင်မလေး သန်းခေါင်ကျော်ပါပြီ ရီဟွားနန်းဆောင်ကို ပြန်ပို့ဖို့ လူစီစဉ်ထားပါတယ်"

"ကုန်းကုန်း ပင်ပန်းသွားပါပြီ"

သူမ ထရပ်ဖို့ပြင်လိုက်သော်လည်း သူမခြေထောက်များက ထုံကျင်နေပြီး လှုပ်လိုက်သည်နှင့် ကျဉ်ခနဲဖြစ်သွား၏။

သုန်ယွီကျုံးက ၎င်းကို‌မြင်သောအခါ လက်တစ်ဖက်ကိုကမ်းပေးလိုက်ကာ တွဲကူပေးလိုက်ရင်း—

“သခင်မလေး... ဒီအစေခံ လက်ကို တွဲလိုက်ပါ... အပြင်မှာ ဝေါယာဉ် အဆင်သင့် စောင့်နေပါတယ်... သခင်မလေး အနားယူဖို့ ချက်ချင်း ပြန်ပို့ပေးပါ့မယ်”

လင်ဝမ်ယိ ငြင်းချင်သော်လည်း သူမ ခြေထောက်များမှာ ထုံကျဉ်လွန်းနေသဖြင့် လဲကျသွားလျှင် ဒါမှမဟုတ် တစ်ခုခုကို တိုက်မိလျှင် နောက်ဆုံးမှာ သူမသာ ခံရမည်ပင်။ ထို့ကြောင့် သူမ သုန်ယွီကျုံး၏ အကူကို ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်ရသည်။

"ကျေးဇူးပါပဲ သုန်ကုန်းကုန်း"

ထို့နောက် သူမ တဖြည်းဖြည်းချင်း ထွက်သွားလိုက်ပြီး အပြင်ဘက်ရှိ ဝေါယာဉ်ပေါ်သို့ တက်လိုက်ကာ ရီဟွားနန်းဆောင်သို့ ပြန်ရာလမ်းတစ်လျှောက် ငြိမ်ငြိမ်လေး လိုက်ပါလာခဲ့တော့၏။

ချွမ်ချီနှင့် ရှအန်းတို့က နန်းဆောင်တံခါးဝတွင် စောင့်နေကြဆဲပင်။ သူမ ဝေါယာဉ်ပေါ်မှ ဆင်းလိုက်သည့်အချိန်တွင်တော့ ခြေထောက်များမှာ အတော်‌သက်သာသွားလေပြီ။

သူမတို့နှစ်ယောက်က သူမကို တွဲကူရန် ရှေ့တိုးလာကြပြီး ယခင်ကကဲ့သို့ပင် သူမကို ထမ်းပိုးလာသော မိန်းမစိုးများကို ငွေစအနည်းငယ် ဆုချလိုက်ကြသည်။

"သွားကြစို့"

"ဟုတ်ကဲ့ပါ သခင်မလေး"

သူတို့သုံးယောက်သား လက်ဝဲဆောင်သို့ ပြန်ရောက်သောအခါ လင်ဝမ်ယိမှာ ပင်ပန်းလွန်းသဖြင့် မျက်နှာသစ်ရန်ပင် အားမရှိတော့ပေ။

ရှအန်းက သူမ လမ်းလျှောက်ပုံက တစ်ခုခုထူးခြားနေကြောင်း ချက်ချင်း သတိထားမိသွားပြီး စိုးရိမ်တကြီး မေးလာသည်။

"သခင်မလေး ခြေထောက် ဘာဖြစ်လာတာလဲဟင်"

"ဘာမှမဖြစ်ပါဘူး အရှင်မင်းကြီးက ခေါင်းအုံးရင်းအိပ်ပျော်သွားလို့ နည်းနည်းကျဉ်နေတာ"

ထိုစကားကို ကြားသောအခါ ချွမ်ချီမှာ သူမ၏ သခင်မလေးတစ်ယောက် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရသည့်အတွက် ဝမ်းသာသွားသော်လည်း အိပ်ဆောင်ဝင်ရမည့် အခွင့်အရေးကောင်းတစ်ခု လက်လွတ်သွားရသည့်အတွက်လည်း နှမြောတသ ဖြစ်မိသွား၏။

All Chapters