← Chapters

အရှုပ်ထုပ်ထဲ ဝင်ကူညီသူ

Vol. 3 Ch. 22

အရှုပ်ထုပ်ထဲ ဝင်ကူညီသူ

Vol. 3 Ch. 22

"ဒါဆို သခင်မလေး စောစော နားလိုက်ပါတော့ မနက်ဖြန်ကျရင် ဂါရဝပြုဖို့ စောစောထရဦးမယ် တစ်ညလုံး ပင်ပန်းထားတော့ မနက်ဖြန်ကျရင် ပိုပင်ပန်းနေပါလိမ့်မယ်"

မှန်လိုက်တာ…။

အိပ်ဆောင်ဝင်ရသည်က ပင်ပန်းသည်ဟု သူမ ထင်ခဲ့သော်လည်း အိပ်ဆောင်မဝင်ရဘဲ ထိုင်စောင့်ပေးရသည်ကလည်း ပင်ပန်းသည်သာ။

မနက်ဖြန်ကျလျှင် ခနဲ့တဲ့တဲ့ ပြောဆိုသံများကို ကြားရဦးမည်ဟု တွေးမိရုံဖြင့် သူမ စိတ်ရှုပ်သွားမိတော့သည်။

"မီးငြှိမ်းလိုက်တော့"

"ဟုတ်ကဲ့ပါ သခင်မလေး စိတ်ချလက်ချသာ အိပ်ပါ ကျွန်မအပြင်ကနေ စောင့်နေပါ့မယ်"

ချွမ်ချီက ပြောပြီးသည်နှင့် အိပ်ခန်းထဲမှ သိုးချိုပုံမီးအိမ်ကို မီးငြှိမ်းလိုက်ပြီး အပြင်ခန်းမှ မီးအိမ်တစ်လုံးတည်းသာ ချန်ထားခဲ့ရာ တဖျပ်ဖျပ်လူးလွန့်နေသော အလင်းရောင်မှိန်မှိန်အောက်တွင် လင်ဝမ်ယိလည်း တဖြည်းဖြည်း‌အိပ်ပျော်သွားတော့သည်။

သူမကတော့ သက်သောင့်သက်သာ အိပ်ပျော်သွားသော်လည်း ထိုအချိန်တွင် ချန်အန်းနန်းဆောင်မှာ‌တော့ မီးပြန်ထွန်းထားလေပြီ။

သုန်ယွီကျုံးတစ်ယောက် အတွင်းခန်းထဲမှ အသံကြားသဖြင့် တံခါးတွန်းဖွင့်ကာ ဝင်လာခဲ့သည်။

သူထင်ထားသည့်အတိုင်းပင် အိပ်ပျော်နေသည့် အရှင်မင်းကြီးက ပြန်နိုးလာပြီး လည်ပင်းကို ဘယ်ညာ လှည့်ကာ အကြောလျှော့နေသည်ကို တွေ့လိုက်ရ၏။

"ဘယ်အချိန်ရှိပြီလဲ"

"အရှင်မင်းကြီး ချို့အချိန် (မနက် ၁ နာရီ - ၃ နာရီ) ကျော်ပါပြီ"

ညီလာခံတက်ဖို့ စောနေသေးသော်လည်း သူ့မှာ အိပ်ချင်စိတ် မရှိတော့ပေ။

ယခုတစ်ကြိမ် အိပ်ရသည်က အရင်အချိန်များနှင့် ယှဉ်လျှင် အချိန်သိပ်မကြာသော်လည်း အလွန်ပင် နေလို့ထိုင်လို့ ကောင်းလှသည်။

အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ပေါ့ပါးလန်းဆန်းသည့် ခံစားချက်မျိုး ပြန်လည်ရရှိလိုက်သဖြင့် ယွီဝမ်ဟုန် ပြုံးလိုက်မိသည်။ သူမ၏ အနှိပ်စွမ်းရည်က တကယ်ကို မဆိုးလှပေ။

အမတ်ချုပ်အိမ်တော်က ဒုတိယသခင်မလေးမှာ ဒီလိုလက်ရာမျိုး ရှိလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။

အလိုလိုက်ခံထားရသော လင်ကွေ့ဖေးနှင့် ယှဉ်လိုက်လျှင် သူမက ပို၍ အေးဆေးတည်ငြိမ်ကာ သိမ်မွေ့သည်။

ကြည့်ရတာ အမတ်ချုပ်အိမ်တော်ထဲမှာလည်း စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ရှိနေပုံပင်။

ထိုသို့ တွေးမိသောအခါ မူလက ပေါ့ပါးကြည်လင်နေသည့် သူ၏မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားပြီး သုန်ယွီကျုံးကို အမိန့်ပေးလိုက်သည်။

"မီးထွန်းလိုက်တော့ ကိုယ်တော် ဆက်မအိပ်ချင်တော့ဘူး ထတော့မယ်"

"အရှင်မင်းကြီး ဒီအချိန်ကြီး ထမယ်ဆိုရင် စောလွန်းနေမလား"

အပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ရာ အရှင်မင်းကြီး ထ၍လည်း ဘာမှ လုပ်စရာ မရှိပေ။

"ကိစ္စမရှိဘူး မနေ့ညက မဖတ်ရသေးတဲ့ အစီရင်ခံစာတွေ ကျန်သေးတယ် ကိုယ်တော် ဆက်ဖတ်လိုက်မယ်"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

စကားဆုံးသည်နှင့် သူက အပြင်ဘက်ရှိ မိန်းမစိုးနှင့် အစေခံများကို လက်ခုပ်တီး အချက်ပြလိုက်ရာ လူ၈ယောက် ချက်ချင်းဝင်လာကြပြီး ဧကရာဇ်ယွီဝမ်ဟုန်ကို ကိုယ်လက်သန့်စင်ရန် ပြင်ဆင်ပေးကြသည်။

ညီလာခံတက်ရမည့်အချိန် မရောက်သေးသဖြင့် သူက‌ ညီလာခံဝတ်ရုံကိုတော့ မဝတ်ဘဲနေလိုက်၏။

မင်းကြီးသည် အနက်ရောင်နောက်ခံတွင် ရွှေနဂါးပုံထိုးထားသော သာမန်ဝတ်ရုံကို လဲလိုက်ပြီး စာကြည့်ဆောင်ဘက်သို့ ထွက်လာလိုက်သည်။

အလုပ်များဦးမည့် နေ့တစ်နေ့ပါပင်။

.....

မနက်စောစော လင်ဝမ်ယိ အပြင်ထွက်လာသည့်အခါ ဝင်းထဲတွင် စောင့်ဆိုင်းနေသော မုတာရင်ကို တွေ့လိုက်ရသည်။

"လန်ချွမ်း ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ"

မုတာရင်က သူမကို ပြုံးပြုံးရွှင်ရွှင်နှင့် ဆီးကြိုလာသည်။

"မနေ့ညက အစ်မ အိပ်ဆောင်ဝင်ရတယ်လို့ ကြားတာနဲ့ ညီမက ဂုဏ်ပြုဖို့ လာခဲ့တာ… လင်ကျစ်နန်းဆောင်ကို ဂါရဝပြုဖို့ အတူသွားကြမယ်လေ"

အိပ်ဆောင်ဝင်သည့်ကိစ္စက နန်းတွင်းထဲတွင် ဖုံးဖိထား၍ မရနိုင်သော ကိစ္စဖြစ်သည်။

နေ့စဉ်မှတ်တမ်းထဲတွင် တစ်ခုမကျန် မှတ်တမ်းတင်ထားရုံသာမက လူတိုင်းသိအောင်လည်း တခမ်းတနား ကြေညာလေ့ရှိသည်။

ဤသည်မှာ လင်ဝမ်ယိ၏ ဒုတိယအကြိမ်မြောက် အိပ်ဆောင်ဝင်ရခြင်းဖြစ်သော်လည်း သူမအတော်ရှက်မိနေဆဲပင်။ ထို့ကြောင့် သူမက စကားလမ်းကြောင်း လွှဲလိုက်သည်။

"အစ်မ အိပ်ရာထ နောက်ကျသွားတယ်ကွယ်… သွားကြစို့ နောက်ကျရင် မကောင်းဘူး"

"ဟုတ်"

သူမတို့ နှစ်ယောက်စလုံးက "တာရင်" အဆင့်သာ ရှိသေးသဖြင့် ဝေါယာဉ်စီးခွင့် မရှိပေ။ ထို့ကြောင့် အတူလမ်းလျှောက်သွားလိုက်ကြသည်။

"ချွမ်ချီလုပ်တဲ့ ကျောက်စိမ်းဖြူမုန့်ကို ညီမ စားချင်သွားပြန်ပြီ… မမ ပြန်လာရင် ညီမကိုပါ တစ်ခါတည်း ခေါ်သွားလို့ ရမလား ဟီးဟီး"

သူမ၏ ရွှတ်နောက်နောက်ပုံစံလေးကြောင့် လင်ဝမ်ယိ ရယ်လိုက်မိသည်။

"ညီမကလည်း အစားကြိုက်တတ်တာပဲ… သူ လုပ်ပြီးရင် နည်းနည်း‌လောက်ယူသွားလေ"

"တွေ့လား တို့မမက ညီမကိုချစ်မှန်းသိသားပဲ"

လင်ဝမ်ယိက မုတာရင်ကဲ့သို့ ပျော်ပျော်ပါးပါးနေတတ်သူများကို သ‌ဘောကျသည်။

ပြီးခဲ့သော တစ်ခေါက်တုန်းကလည်း ချွမ်ချီ့ကို ရက်အတော်ကြာစုံစမ်းကြည့်ခိုင်းလိုက်သော်လည်း ဘာသတင်းမှထွက်မလာခဲ့ပေ။ သူမက နှုတ်လုံသည့်သူတစ်ဦး ဖြစ်ပုံရသည်။

သို့သော် နန်းတွင်းထဲမှ ညီအစ်မသံယောဇဉ် ဆိုသည်မှာ တစ်နည်းနည်းနှင့် အေးစက်သွားတတ်သည်သာ။ ထို့ကြောင့် လင်ဝမ်ယိ အနေဖြင့် သူမကို ခင်သော်လည်း လျှို့ဝှက်ချက်တွေပါ ပြောပြမည့် အဆင့်ထိတော့ ခင်လာမည်မဟုတ်။

နှစ်ယောက်သား စကားတပြောပြောဖြင့် လျှောက်လာကြရာ မကြာမီပင် လင်ကျစ်နန်းဆောင်သို့ ရောက်ရှိသွားကြသည်။

ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် လင်ဝမ်ယိသည် သူမကိုကြည့်နေကြသည့် မနှစ်မြို့သည့် အကြည့်အချို့ကို ခံစားလိုက်မိ၏။

မနေ့ညက အိပ်ဆောင်ဝင်ခဲ့သည့် ကိစ္စကြောင့်မှန်း လင်ဝမ်ယိတန်းလိုက်ပေသည်။

သူမလည်း သူများမျက်စိစပါးမွေးစူးတာကို မခံချင်ပါ။ သို့သော် သူမက မင်းကြီးဘေးနားတွင် တစ်ညလုံး ထိုင်နေရုံသာ ထိုင်နေခဲ့ရပါသည်ဟု လိုက်ရှင်းပြ၍လည်း မဖြစ်သေးပေ။

သူမသည် စိတ်ထဲတွင် ချဉ်စူးစူးဖြစ်နေသော်လည်း မျက်နှာပေါ်တွင်တော့ ပုံမှန်အတိုင်း တည်ငြိမ်စွာပင် နေလိုက်သည်။

သူမ စင်္ကြံဆီသို့ ရောက်သည်နှင့် အနောက်ဘက်မှ အမျိုးသမီးတစ်ဦး၏ စူးရှပြီး ခပ်ထေ့ထေ့ အသံတစ်သံထွက်ပေါ်လာသည်။

"ဒီမနက် စောစောစီးစီး ဘာလို့ ရင်တွေကျပ်နေပါလိမ့်လို့ တွေးနေတာ လူယုတ်လူညံ့‌တွေနဲ့ လာတွေ့နေလို့ကိုး"

သူမက ရှေ့သို့ တိုးလာရင်း မဲကာရွဲ့ကာနှင့် ပြောဆိုနေသည်။ လင်ဝမ်ယိအား အပေါက်ဖောက်မတတ် စိုက်ကြည့်နေသော သူမ၏ အကြည့်များထဲတွင် မလိုမုန်းထားမှုများ ပြည့်နှက်နေ၏။

"ကျွန်တော်မျိုးမ လင်တာရင် ချူကွေ့ရန်ကို ဂါရဝပြုပါတယ်"

"ကျွန်တော်မျိုးမ မုတာရင် ချူကွေ့ရန်ကို ဂါရဝပြုပါတယ်"

သူတို့နှစ်ဦးစလုံးက သူမ၏ စကားကို မကြားချင်ယောင်ဆောင်ကာ ချူကွေ့ရန်ကို ဒူးညွှတ်ကာ ဂါဝရပြုလိုက်ကြသည်။

ကျန်သော ကိုယ်လုပ်တော်များကလည်း ရာထူးအလိုက် အရိုအသေပြုသူကပြု၊ လက်အုပ်ချီသူကချီနှင့် ဂါဝရပြုကြသည်။

ချူကွေ့ရန်က အခြားသူများကိုတော့ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်သော်လည်း လင်ဝမ်ယိနှင့် မုလန်ချွမ်း နှစ်ယောက်ကိုတော့ တမင်သက်သက် လျစ်လျူရှုထားသည်။

ပါးစပ်ကလည်း ကြမ်းကြမ်းတမ်းတမ်း ပြောဆိုနေသေးသည်။

"ကျွန်မက အနောက်မြောက်ဘက်မှာ ကြာကြာနေခဲ့ဖူးတယ်လေ… အိမ်မှာတုန်းက အဖေနဲ့အတူ အမဲလိုက် ထွက်ဖူးတယ်… တိရစ္ဆာန်အချင်းချင်းတူတာတောင် တချို့က သိပ်ကောက်ကျစ်တာ… မြှားကို ရှောင်တတ်ရုံတင်မကဘူး လူကိုတောင် ထောင်ချောက်ဆင် ဖမ်းချင်ကြသေးတယ်… အထူးသဖြင့် မြေခွေးမတွေလေ အိမ်က လူကြီးတွေပြောတာကြားဖူးတယ်ကွယ်… သက်တမ်းရင့်ပြီး လူယောင်ဖန်ဆင်းနိုင်တဲ့ မြေခွေးမတွေက အဆိုးဆုံးပဲတဲ့ လူ့စိတ်ကို ညှို့ယူဖမ်းစားတတ်ရုံတင်မကဘူး လူ့နှလုံးသည်းပွတ်ကိုပါ စားတတ်ကြတယ်တဲ့"

သူမစကား၏ ဆိုလိုရင်းကို ထိုနေရာရှိ လူတိုင်း နားလည်ကြသည်။

လင်ဝမ်ယိကို သိသိသာသာရော မသိမသာပါ မြေခွေးမဟု သမုတ်နေခြင်းပင် မဟုတ်ပါလော။

ကိုယ်လုပ်တော် အတော်များများက လက်ကိုင်ပုဝါဖြင့် ပါးစပ်ကိုအုပ်ကာ ခိုးရယ်ကြသည်။

မုတာရင်က ဒေါသထွက်လွန်း၍ ရှေ့ထွက်ပြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း လင်ဝမ်ယိက ဆွဲထားလိုက်သည်။

သူမနှင့် ခွန်းတုံ့ပြန်၍ ရန်ဖြစ်နေလျှင် နှစ်ဖက်စလုံး နစ်နာရုံသာ ရှိမည်။

မသိချင်ယောင်ဆောင်နေလိုက်သည်ကသာ အကောင်းဆုံးပင်။

လင်ဝမ်ယိက ဂရုမစိုက်သည့်ပုံစံဖြင့် နေနေသည်ကို မြင်သောအခါ ချူကွေ့ရန်က ပို၍ပင် ဒေါသထွက်သွားပြီး တည်ငြိမ်အေးဆေးနေသည့် ထိုမျက်နှာလေးကို ဆွဲဖဲ့ပစ်ချင်စိတ်တို့ တဖွားဖွားပေါ်ပေါက်လာတော့၏။

အရှင်မင်းကြီးက အိပ်ဆောင်ဝင်ဖို့ ကိုယ်လုပ်တော် မခေါ်တာကြာပြီဖြစ်လျက် ယခုပထမဆုံး အခေါ်ခံမည့်သူဟာ သူမသာဖြစ်သင့်သည်လေ။

သူမက ရှေ့တိုးပြီး ထပ်ပြောဖို့ပြင်လိုက်စဉ်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံက ဖြတ်ပြောလာ၏။

"ညီမလေးချူရယ်… မနက်စောစောစီးစီး ဒီလိုစကားတွေ ပြောနေတာ ကြောက်စရာကြီး…"

ချူကွေ့ရန် လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုစကားပြောလိုက်သည်မှာ သိပ်နာမည်မရှိသည့် ကိုယ်လုပ်တော်တစ်ဦးဖြစ်နေ၏။ ချူကွေ့ရန်က နန်းတွင်းကိုရောက်နေသည်မှာကြာပြီဖြစ်၍ သူမ ဘယ်သူမှန်း တန်းသိလိုက်သည်။

"ယဲ့ကွေ့ရန်က ကျွန်မကို ပညာပြချင်နေတာများလား"

ယဲ့ကွေ့ရန်ဟု အခေါ်ခံလိုက်ရသော အမျိုးသမီးမှာ အသက်နည်းနည်းကြီးပုံရပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားကာ တည်တည်ငြိမ်ငြိမ်ရှိသည်။ သူမက ဖြည်းဖြည်းချင်း လျှောက်လာပြီး အသံသာလေးဖြင့် ပြောလာသည်။

"ညီမလေးချူကတော့ နောက်နေပြန်ပါပြီ... ကျွန်မတို့က အနောက်ဆောင်ကလူတွေအချင်းချင်းပဲဟာ... ကွန်ဖြူးရှပ်ကိုယ်တိုင်က မိစ္ဆာအယူတွေကို မယုံကြည်ဖို့ ပြောထားတယ်လေညီမလေးရဲ့ "

ယဲ့ကွေ့ရန်က စေတနာနှင့် ဝင်ပြောလိုက်ခြင်း ဖြစ်သော်လည်း ချူကွေ့ရန်မှာ မိဘအိမ်တွင်ကတည်းက အလိုလိုက်ခံလေး ဖြစ်သည့်အပြင် နန်းတွင်းရောက်တော့လည်း ယီဖေး၏ အကာအကွယ်ကို ရထားသူ ဖြစ်သဖြင့် ထိုခေတ်ကုန်နေပြီဖြစ်သည့် ကိုယ်လုပ်တော်အိုကြီးများကို မျက်လုံးထဲပင်မထည့်ချေ။

ထို့ကြောင့် သူမက နှာခေါင်းရှုံ့လိုက်ပြီး ကြပ်ကြပ်သတိထားနေဆိုသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ယဲ့ကွေ့ရန်က အချိန်ရှိနေရင် ကျွန်မကိစ္စမှာ ဝင်ပါမနေဘဲ အရှင်မင်းကြီး မျက်နှာသာပေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာသာ စဉ်းစားနေစမ်းပါ.... "

နှစ်ယောက်မှာ အဆင့်အတန်းချင်းအတူတူဖြစ်သော်လည်း ချူကွေ့ရန်က အထက်စီးမှ ဆက်ဆံနေသည်။

ဝင်ကူညီပေးချင်သည့် ယဲ့ကွေ့ရန်ခမျာ ကြားထဲမှ မြေစာပင် ဖြစ်သွားရသည်။

လင်ဝမ်ယိ၏ အကြည့်များ အေးစက်သွားသည်။ သူမ အမုန်းဆုံးအရာမှာ ချူကွေ့ရန်ကဲ့သို့ အမှားအမှန် မခွဲခြားတတ်သော လူစားမျိုးပင်။

ထို့ကြောင့် သူမက စိတ်ကိုငြိမ်အောင် ထားလိုက်ပြီး ဝင်ပြောလိုက်၏။

"ချူကွေ့ရန်က မသိလို့ဖြစ်မယ်...လေးလပိုင်းရဲ့ ရှစ်ရက်နေ့မြောက်က ဗုဒ္ဓဘုရားဖွားမြင်တော်မူတဲ့နေ့လေ...ဒါကြောင့်လေးလပိုင်းကို ဝါဆိုလလို့ခေါ်ကြတယ်...ဒီလိုမနက်စောစောမှာ မကောင်းဆိုးဝါးမိစ္ဆာတွေအကြောင်းပြောရင် နတ်ဘုရားတွေ ငြိုငြင်ကုန်ပါ့မယ်...စကားမှားတာက ဘာမှမဖြစ်ပေမဲ့ ကံနိမ့်သွားတာကတော့ စိုးရိမ်ဖို့ကောင်းပါတယ်"

(End of Chapter)

All Chapters