ဘေးအန္တရာယ်ကင်းဝေးစေဖို့ အကျယ်ချုပ်ချခြင်း
Vol. 3 Ch. 23
"နင်... နင် ငါ့ကို ကျိန်စာတိုက်ရဲတယ်ပေါ့လေ..."
ချူကွေ့ရန်က လင်ဝမ်ယိကို မိုးမီးလောင်မတတ် ဒေါသတကြီး ကြည့်နေသည်။
"ကျွန်တော်မျိုးမ မဝံ့ရဲပါဘူး... ကွေ့ရန်ကို သတိပေးရုံသက်သက်ပါပဲ..."
ထိုသို့ပြောပြီးနောက် ကောင်းကင်ကြီးကို လက်ညှိုးထိုးပြလိုက်ပြီး မျက်နှာထားကိုလည်း နူးညံံ့သိမ်မွေ့သည့်ပုံစံလေးဖြင့် စိုးရိမ်သလိုပြောပြလိုက်ရာ ချူကွေ့ရန်အတွက် မြင်ရသည်မှာ အော့နှလုံးနာစရာကောင်းနေတော့၏။
"ကွေ့ရန် သတိထားပါနော်... ဗုဒ္ဓဘုရားက ကောင်းကင်ပေါ်ကနေ အမြဲစောင့်ကြည့်နေတာ..."
ချူကွေ့ရန်မှာ ဒေါသအထွက်လွန်ပြီး အသက်ရှူပင်မဝတော့သလို ဖြစ်နေသော်လည်း သူမကြောက်လည်းကြောက်သွားရသည်။
စာပေပညာရှင်အိမ်တော်များက ထိုကိစ္စများကို သိပ်အလေးမထားသော်လည်း စစ်သူကြီးအိမ်တော်များကမူ အလွန်အယူသီးကြသည်။ ချူကွေ့ရန်မှာ လင်ဝမ်ယိကို မည်မျှပင် မုန်းတီးနေပါစေ...အခုချိန်တွင်တော့ ဘာတစ်ခွန်းမှဆက်မပြောရဲတော့။
ပုံမှန်ဆိုလျှင် ထက်မြက်ပြတ်သားသည်ဟု နာမည်ကြီးသော ချူကွေ့ရန်တစ်ယောက် ယခု လင်ဝမ်ယိရှေ့မှာ ရှေ့တိုးမရ နောက်ဆုတ်မရဖြင့် အကျပ်ရိုက်သွားသည်ကို တွေ့လိုက်ရသောအခါ အခြားကိုယ်လုပ်တော်များ စိတ်ထဲတွင် မကျေမချမ်းဖြစ်လာရတော့သည်။
သို့သော် ကျောထောက်နောက်ခံမိသားစုနှင့် အားကိုးရာချင်း ယှဉ်ကြည့်မည်ဆိုလျှင် ဘယ်သူမှ လင်ဝမ်ကို မယှဉ်နိုင်ကြပေ။ ထို့ကြောင့် သူတို့သည် မည်မျှပင် မကျေမနပ်ဖြစ်နေကြစေကာမူ ဒေါသကိုမျိုသိပ်ကာ ငြိမ်နေလိုက်ကြရသည်။
အတွင်းဆောင်ထဲမှ လိုက်ကာစကို လှပ်ရန်ပြင်လိုက်သည့် ချင်ဟယ့်တစ်ယောက် အပြင်ဘက်မှ အသံများကို ခေတ္တမျှ နားစွင့်နေလိုက်ပြီး မျက်မှောင်ကျုံ့လိုက်မိသည်။
ဒီချူကွေ့ရန်က လင်ကွေ့ဖေးကို မျက်လုံးထဲကိုမထည့်တာပါလား...ပုံမှန်လာ ဂါဝရမပြုတာကတော့ ထားပါတော့...အခုကျ လင်ကျစ်နန်းဆောင်ပိုင်နက်ထဲမှာတောင် လင်တာရင်ကို ဗြောင်ကျကျ ရန်သွားစရဲသေးတယ်...။
မည်သို့ပင် ဆိုစေကာမူ လင်တာရင်သည် အမတ်ချုပ်အိမ်တော်မှ ဒုတိယသခင်မလေးပင်။ ဒါကို အနောက်မြောက်ဘက်က စစ်သူကြီးလေး၏ သမီးက သည်လောက်ထိ အတင့်ရဲနေသည်တဲ့...။
အမတ်ချုပ်အိမ်တော်ကို မျက်လုံးထဲမထည့်တာလား... ဒါမှမဟုတ်... လင်ကွေ့ဖေးကိုပဲ မျက်လုံးထဲ မထည့်တာလား...။
ထို့ကြောင့် ချင်ဟယ့်က ခြေနှစ်လှမ်းခန့်ပြန်ဆုတ်လိုက်ပြီး အိပ်ဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် အိပ်ဆောင်ထဲတွင် ပြင်ဆင်နေသည့် လင်ကွေ့ဖေး၏ နားနားသို့ကပ်ကာ အပြင်မှာ ဖြစ်သွားသမျှကို တစ်လုံးမကျန် ပြန်လည်လျှောက်တင်လိုက်တော့သည်။
လင်ကွေ့ဖေး၏ ဂရုမစိုက်ဟန်ဖြင့် ဇာမဏီမျက်ဝန်းစူးရှရှတို့မှာ ယခုအခါ မနှစ်မြို့ဟန်တို့ ယှက်သန်းသွားတော့သည်။
"ကိုယ့်နေရာကိုယ်မသိတဲ့ အရိုင်းအစိုင်းမပါလား... နင်အပြင်ထွက်ပြီး ချူကွေ့ရန်ကို ပြောလိုက်... နက္ခတ်တာရာဌာနက လျှောက်တင်လာတယ်လို့... သူ့ရဲ့ ဇာတာက နိမိတ်မကောင်းတဲ့ ကာလထဲရောက်နေတဲ့အတွက် ဘေးအန္တရာယ်ကင်းဝေးစေဖို့ ယုံဟွာဆောင်မှာ လဝက်လောက် သက်သက်လွတ်စားပြီး တရားထိုင်ရွတ်နေရမယ်လို့...အခုတလော သူ့ရဲ့ အမည်စာလွှာကို ပြန်သိမ်းထားလိုက်... ဒီအရှင်မရဲ့ အမိန့်မရှိဘဲ ရီဟွားနန်းဆောင် အနောက်ဘက်ဆောင်ကနေ ခြေတစ်လှမ်းတောင် အပြင်မထွက်စေနဲ့..."
"ဟုတ်ကဲ့... မယ်မယ်... အမိန့်တော်အတိုင်းပါ..."
အပြင်ဘက်ရှိ ကိုယ်လုပ်တော်များမှာ လင်ကွေ့ဖေးကို ဂါဝရပြုဖို့စောင့်နေကြသော်လည်း လူကိုမတွေ့ရသေးခင် အမိန့်တော်က အရင်ရောက်လာသည်။
ချင်ဟယ့် ပြောပြပြီးသည်နှင့် ချူကွေ့ရန်မှာ မကျေမနပ်ဖြစ်သွားတော့သည်။
"ကျွန်တော်မျိုးမရဲ့ ဇာတာက ဘယ်လိုလုပ်ပြီး နိမိတ်မကောင်းဖြစ်ရမှာလဲ... နက္ခတ်တာရာဌာနက မှားတွက်တာများလား..."
ချူကွေ့ရန်သည် လင်ကွေ့ဖေးကို တိုက်ရိုက်မဆန့်ကျင်ရဲသဖြင့် နက္ခတာရာဌာနပေါ်သို့ အပြစ်ပုံချရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမကိုယ်တိုင်ပင် အချည်းနှီးသာဖြစ်မည်မှန်း သိနေသည်။
ထင်သည့်အတိုင်းပင် ချင်ဟယ့်က ချက်ချင်းပင် ပြန်ပြောလာသည်။
"နက္ခတ်တာရာဌာနရဲ့ လက်ရှိဌာနမှူးကက အရှင်မင်းကြီးကိုယ်တိုင် ရာထူးတိုးမြှင့်ပေးထားသူပါ... ချူကွေ့ရန်က နက္ခတ်တာရာဌာနကို သံသယရှိတာလား... ဒါမှမဟုတ် အရှင်မင်းကြီးကို သံသယရှိတာလား... ချူကွေ့ရန် စကားပြောဆင်ခြင်ပါ..."
"နင်..."
အစေခံမိန်းကလေးတစ်ယောက်က သူမကို ဒီလောက်အပေါ်စီးကနေ မောက်မောက်မာမာပြောဆိုနေသည်ကို တွေ့ကာ ချူကွေ့ရန်တစ်ယောက် ဒေါသထွက်လွန်း၍ ရင်ထဲ၌ မီးဟုန်းဟုန်းတောက်နေသလို ခံစားလိုက်ရသည်။
သို့သော် သူများလက်အောက်ရောက်နေသဖြင့် ခေါင်းငုံ့ခံရုံသာ တတ်နိုင်တော့သည်။
ယခုအခါ သူမသည် အကျယ်ချုပ်ချခံလိုက်ရရုံသာမက အမည်စာလွှာပါ အသိမ်းခံလိုက်ရပြီဖြစ်သည်။ တရားရွတ်ရသည်က အချိန်သတ်မှတ်ချက်ရှိသော်လည်း အမည်စာလွှာကမူ မည်သည့်အချိန်ကျမှ ပြန်ရမလဲမသိနိုင်။
သူမ ဒေါသထွက်သော်လည်း ဘာမျှမပြောရဲတော့ချေ။ ဒူးထောက်၍ ဦးခိုက်ကာ ကျေးဇူးတင်ကြောင်း ပြောရုံသာရှိတော့သည်။ ထို့နောက် ချင်ဟယ့်က သမာသမတ်ကျဟန်ဖြင့် ထပ်ပြောလာပြန်သည်။
"သခင်မလေး သွားပါတော့... တော်ကြာ သခင်မလေးရဲ့ ဇာတာကြောင့် ကွေ့ဖေးမယ်မယ် ထိခိုက်သွားရင် နောက်ထပ် ပြဿနာတစ်ခု ထပ်ဖြစ်လာပါဦးမယ်..."
မနက်တိုင်းလာပြီး ဂါဝရမပြုရတော့သော်လည်း ချူကွေ့ရန်မှာ လုံးဝမပျော်ရွှင်နိုင်ပေ။
"ဒါဆိုရင်လည်း... ကျွန်တော်မျိုးမကို ပြန်ခွင့်ပြုပါဦး..."
သူမက ပြောပြီးသည်နှင့် မတ်တပ်ထရပ်လိုက်ကာ လက်ခါပြီးထွက်သွားတော့သည်။
အခြားသော ကိုယ်လုပ်တော်များက ၎င်းကိုမြင်လိုက်ရလျှင် သူတို့ ခေါင်းများကိုတွင်တွင်ငုံ့ထားကြတော့လေ၏။
သူတို့၏ နောက်ခံမျိုးရိုးများမှာ ချူကွေ့ရန်လောက်ပင် အင်အားမရှိကြပေ။ လင်ကွေ့ဖေးက လင်တာရင်က သူ့လူဆိုသည်ကို အတိအလင်းပြလိုက်ရာ အကယ်၍ သူတို့သာ မဆင်မခြင် ဝင်ပါမိလျှင် မြေစာပင် ဖြစ်သွားရုံသာ ရှိပေလိမ့်မည်။
ထို့ကြောင့် ပါးစပ်ပိတ်နေလိုက်ခြင်းကသာ အမှန်ကန်ဆုံး ရွေးချယ်မှုပင်။
အားလုံးက ပုံမှန်အတိုင်း ဂါဝရပြုကြသော်လည်း ယီဖေးနှင့် လန်ဖေးတို့ကတော့ ပေါ်မလာကြပေ။ သို့သော် လင်ကွေ့ဖေးအနေဖြင့် ယခုအချိန်တွင် သူတို့လို ပုရွက်ဆိတ်ကလေးတွေကို ဂရုစိုက်ဖို့ အချိန်မရှိ။
သူမမှာ မကြာမီရောက်လာတော့မည့် သွမ့်ဝူပွဲတော် ပြင်ဆင်ရေးကိစ္စမှာသာ အာရုံရောက်နေသည်။
"ဧကရာဇ်ထိုက်ကျူမင်းဆက်ကတည်းက ဒီသွမ့်ဝူပွဲတော်ကို အလေးထားခဲ့ကြတယ်... မင်းညီမင်းသားတွေ မှူးမတ်မျိုးနွယ်တွေ အားလုံး အသင်းဖွဲ့ပြီး ရှို့နန်ရေကန်မှာ နဂါးလှေပြိုင်ပွဲပြိုင်ကြတယ်... ဒီနှစ်လည်း အတူတူပဲ.."
သူမက ပြောပြီးသည်နှင့် လင်ဝမ်ယိကိုလှမ်းကြည့်လိုက်ရာ လင်ဝမ်ယိလည်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။
ဤပြိုင်ပွဲတွင်သာ အစ်ကိုကြီး၏ နာမည်ပါလာခဲ့လျှင် သူ့ရှေ့ရေးအတွက် အထောက်အကူဖြစ်ပေလိမ့်မည်။
အစ်ကိုကြီးမှာ နန်းတွင်းအစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော လွန်ခဲ့သည့်နှစ်များအတွင်း သူ့နာမည်ကို တင်ပြခွင့်ပင် တစ်ခါမျှ မရခဲ့ဖူးချေ။ ထို့ကြောင့် နေရာမရ လူရာမဝင်ဖြစ်နေသည်မှာ မဆန်းပေ။
လင်ကွေ့ဖေးက သူမကို ဤကိစ္စနှင့် အပေးအယူလုပ်ချင်နေခြင်း။ သို့သော် သူမ ဘာကိုလိုချင်နေသလဲဆိုသည်ကိုတော့ မသိရသေးပေ။
ကြည့်ရသည်မှာ ခဏနေလျှင် လင်ကွေ့ဖေးနှင့် သီးသန့်စကားပြောရဦးမည်ထင့်။
အခြားကိုယ်လုပ်တော်များ၏ အိမ်တော်များတွင်လည်း ညီအစ်ကိုမောင်နှမများ ရှိကြရာ ထိုသတင်းကိုကြားလျှင် အားလုံးပျော်သွားကြပြီး စောစောက ဝင်းထဲတွင်ဖြစ်သွားသည်များကို မေ့သွားကြတော့သည်။
"ဒီတစ်ခေါက် နဂါးလှေပြိုင်ပွဲမှာ ပထမရတဲ့သူက အရှင်မင်းကြီးကိုယ်တိုင်ချီးမြှင့်တဲ့ ဟန်ထယ်ဓားမြှောင်ကို ရမယ့်အပြင် နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့မှာ ရာထူးတိုးပေးခံရဖို့လည်း အခွင့်အရေးရှိတယ်... အဲ့ဒီရာထူးက အရှင်မင်းကြီးရှေ့ မကြာခဏဝင်ထွက်သွားလာရမဲ့နေရာဆိုတော့... ညီမတို့ ပွဲကောင်းကောင်းလေးကြည့်ရဦးမယ်လို့ ငါထင်တယ်..."
ထို့နောက် သူမ ပြုံးလိုက်သည်။
အောက်ဘက်ရှိ ကိုယ်လုပ်တော်များကလည်း အပြိုင်အဆိုင် ချီးကျူးစကားဆိုကြတော့သည်။
"မယ်မယ် ပြောတာ အမှန်ပါပဲ... အရင်နှစ်တွေက သွမ့်ဝူပွဲတော်က သိပ်စိတ်ဝင်စားစရာ မကောင်းလှဘူး... မယ်မယ် စီစဉ်မှပဲ နန်းတွင်းရော နန်းပြင်ပါ လူတိုင်းက ချီးကျူးနေကြတာ..."
"ဟုတ်ပါ့ ဟုတ်ပါ့... မယ်မယ်က အကြံဉာဏ်ကောင်းတွေ ရှိလွန်းတော့ ဒီနှစ်သွမ့်ဝူပွဲတော်က သိပ်ကို စည်ကားတော့မှာပဲ..."
လင်ကွေ့ဖေးသည် သူတို့၏ ချီးကျူးစကားများကို နားထောင်ရင်း ကျေနပ်ပီတိဖြစ်နေသည်။
မိဖုရားခေါင်ကြီးရွှီ ရှိစဉ်တုန်းက သည်လိုပွဲတော်မျိုး ကျင်းပရာတွင် အမြဲတစေ လက်တွန့်နေတတ်သည်။ ခြိုးခြံချွေတာတာက ကောင်းသော်လည်း မျက်နှာပန်းလှအောင် လုပ်ရမည့်အချိန်တွင်ပင် အဲဒီလိုလုပ်နေလျှင်တော့ နန်းတွင်းနန်းပြင် အထက်အောက်အားလုံးက အထင်သေးကြပေလိမ့်မည်။
သူမကတော့ လက်လွှဲယူလိုက်သည့်အချိန်မှစ၍ သွမ့်ဝူပွဲတော်ဖြစ်စေ၊ ဆောင်းဦးလလယ်ပွဲတော်ဖြစ်စေ၊ နှစ်သစ်ကူးပွဲတော်ဖြစ်စေ အားလုံးကို ခမ်းခမ်းနားနား ကျင်းပခဲ့သည်။
ငွေကြေးကုန်ကျမှု များပြားသည်ဆိုသော်လည်း ၎င်းကို ပြန်လည်ဖြည့်တင်းဖို့ နည်းလမ်း သူမတွင်ရှိပြီးသားဖြစ်သည်။
လင်ကွေ့ဖွေးတစ်ယောက် ထိုအရာများကိုတွေးနေရင်း နန်းတော်တစ်ခုလုံးတွင် သူမထက်ပိုပြီး မိဖုရားခေါင်ကြီးဖြစ်ဖို့ သင့်တော်မည့်သူမရှိနိုင်တော့ဟု အတွေးရောက်သွားကာ ပိုပိုပြီးမာနထွားလာတော့သည်။ သူမက လူတိုင်းအား အထက်စီးဆန်ဆန်စကားများ ပြောလာသည်။
အခုလေးတင်မှ ချူကွေ့ရန်ကို အပြစ်ပေးထားသဖြင့် သူမအတွက် အဟန့်ကောင်းသည့်အချိန်လည်းဖြစ်နေသည်။ ထိုကြောင့် သူမက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ဒီသွမ့်ဝူပွဲတော် စားသောက်ပွဲက အင်မတန် အသေးစိတ်ဂရုစိုက်ရတာ... ဒီအရှင်မကြည့်ရတာ ယင်းဖင်ညီမလေးက စေ့စပ်သေချာတယ်ဆိုတော့... ဒီကိစ္စကို ညီမလေးပဲ တာဝန်ယူ စီစဉ်လိုက်ပါလား..."
ဟင်…။
နာမည်ခေါ်ခံလိုက်ရသော ယင်းဖင်က ရုတ်တရက် ခေါင်းမော့လာသည်။ ပုံမှန်အားဖြင့် လူမသိသူမသိ နေတတ်သော သူမမှာ ယခုတော့ လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သွားတော့သည်။
ယင်းဖင်သည် ယွမ်ဟယ် တစ်ဆယ့်သုံးနှစ်မြောက်တွင် နန်းတွင်းသို့ ဝင်ရောက်လာသူဖြစ်ပြီး လင်ဝမ်ယိတို့ အသုတ်ထက် လေးနှစ်စော၏။
သူမ၏ ဖခင်မှာ ရိုးရာထုံးတမ်းဓလေ့ဌာမှ လက်ထောက်အမတ်ဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့ကာ ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်သည်။ ထို့ကြောင့် သူ ၏ သမီးဖြစ်သူမှာလည်း ဖခင်နှင့် တူသည်။
သူမက နန်းတွင်းသို့ ရောက်ကတည်းက ဘာကိုမှမမက်မော၊ ဘယ်သူနှင့်မှ မပြိုင်မဆိုင်ဘဲနေခဲ့သော်လည်း ပန်းချီဆွဲရာတွင်တော့ အလွန်လက်ရာမြောက်လှ၏။
ထိုအချက်ကြောင့်ပင် တစ်လလျှင် နှစ်ကြိမ်သုံးကြိမ်ခန့် အရှင်မင်းကြီးနှင့် တွေ့ဆုံခွင့်ရတတ်သည်။
အချစ်တော်ဟု မဆိုနိုင်သော်လည်း အရှင်မင်းကြီး မှတ်မိနေသော သူများထဲမှတစ်ယောက်ပင်။
ယင်းဖင်အနေဖြင့် ဤပွဲကို ဦးစီးကျင်းပခွင့်ရခြင်းမှာ ပုံမှန်ဆိုလျှင် အင်မတန်ဂုဏ်ယူစရာကောင်းသည်။ ယခင်က ရှေ့လူများလုပ်သွားသော ပုံစံများရှိပြီးသားဖြစ်၍ သူမသည်လည်း ထိုပုံစံအတိုင်း လိုက်လုပ်ရုံသာ။ အကယ်၍ ထူးထူးခြားခြား ကောင်းမွန်အောင် လုပ်နိုင်ခဲ့လျှင် အရှင်မင်းကြီးရှေ့တွင် မျက်နှာရနိုင်ပေလိမ့်မည်။
လူအများက လုပ်ခွင့်ရချင်ပေသည့် လုပ်ခွင့်မရသော အခွင့်အရေးမျိုးဖြစ်သော်ငြား ယခု ယင်းဖင်မယ်မယ်၏ ပုံစံမှာမူ သရဲသဘက်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေလေ၏။
"မယ်မယ်ရဲ့ စေတနာအတွက် ကျွန်တော်မျိုးမ ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ကျွန်တော်မျိုးမက ဝါလည်းနုသေးသလို အရည်အချင်းလည်း မမီပါဘူး... ဒီကိစ္စကိုသာ ကျွန်တော်မျိုးမ လက်ထဲအပ်လိုက်ရင် ပွဲတော်ကို ထိခိုက်သွားမှာ စိုးရိမ်မိပါတယ်... မယ်မယ်ရဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးပါ..."
ပြောပြီးသည်နှင့် သူမက ခါးကိုညွှတ်၍ အရိုအသေပြုလိုက်ပြီး သူမ၏လေသံမှာလည်း စိတ်ရင်းမှန်ဖြင့် တောင်းပန်နေဟန်ပေါ်သည်။
ထိုစကားကိုကြားလိုက်ရသောအခါ အခြားကိုယ်လုပ်တော်များက သူမကို မကြောက်မရွံ့ငြင်းဆန်ရဲသည်ဆိုကာ လှောင်နေကြသော်လည်း လင်ကွေ့ဖေး၏ အကြည့်များကမူ နက်ရှိုင်းသွားတော့သည်။
သူမ၏ စကားများကလည်း အကဲခတ်ဟန်နှင့် ခြိမ်းခြောက်ဟန်တို့ တစ်စွန်းတစ်စပါဝင်လာတော့၏။