စားသောက်ပွဲ တာဝန်ယူကျင်းပခြင်း
Vol. 3 Ch. 24
"ကြည့်ရတာ... ယင်းဖင်ညီမလေးက ဒီအရှင်မကို မျက်နှာသာပေးဖို့ အစီအစဉ်မရှိဘူးနဲ့ တူတယ်..."
ဒူးထောက်နေသော ယင်းဖင်မှာ တံတွေးကို ဂလုခနဲ မြိုချလိုက်မိသည်။ ကွေ့ဖေး၏ အရှိန်အဝါနှင့် ဖိအားအောက်တွင် သူမလည်း အနည်းနှင့်အများတော့ ကြောက်သွားမိသည်။
သို့သော် မည်မျှပင်ကြောက်ပါစေ…သူမ ငြင်းမှဖြစ်မည်။ ထို့ကြောင့် လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မရဲတရဲ ဆက်ပြောလိုက်သည်။
"မယ်မယ် ကျွန်တော်မျိုးမကို အထင်လွဲနေပါပြီ... ကျွန်တော်မျိုးမက ဘယ်လိုလုပ်ပြီး မယ်မယ်ကို မလေးမစား လုပ်ရဲပါ့မလဲ... တကယ်ကို အရည်အချင်းမမီတာပါ... ကျွန်တော်မျိုးမကြောင့် ပွဲပျက်သွားပြီး မယ်မယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးလို့ပါ... အဲဒီလိုသာဆိုရင် ကျွန်တော်မျိုးမရဲ့ အပြစ်ဖြစ်သွားပါလိမ့်မယ်..."
အရည်အချင်းမမီဘူးတဲ့လား…။
သူက ဒါကို ဆင်ခြေလုပ်ချင်သေးတယ်ပေါ့…။
သူမအဖေက ရိုးရာထုံးတမ်းဓလေ့ဆိုင်ရာဌာနမှ လက်ထောက်အမတ်တစ်ဦးဖြစ်၍ သူမလည်း ငယ်ငယ်ကတည်းက ဒီစည်းမျဉ်းများအကြောင်း ကြားဖူးနားဝရှိပြီးသား ဖြစ်ပေလိမ့်မည်။ စားသောက်ပွဲလေးတစ်ခု ကျင်းပဖို့လောက်ကို ဒီလောက်အထိ ငြင်းဆန်စရာ အကြောင်းမရှိပေ။
သည်ကိစ္စနောက်ကွယ်မှာ သေချာပေါက် အကြောင်းရင်းတစ်ခုခု ရှိရမည်။
ထိုသို့တွေးလိုက်မိလျှင် လင်ကွေ့ဖေးက သူမ၏ ခြိမ်းခြောက်နေသည့်လေသံကိုပြောင်းလိုက်ပြီး နွေဦးလေညင်းကဲ့သို့ နူးနူးညံ့ညံ့လေသံလေးဖြင့် ဆက်ပြောလိုက်သည်။
"ဒီအရှင်မက ညီမလေးကို စတာပါကွယ်... ဒီစားသောက်ပွဲကို ယင်းဖင်ညီမလေး မလုပ်နိုင်ဘူးဆိုရင်လည်း..."
သူမက အောက်မှ အခြားကိုယ်လုပ်တော်များကို ဝေ့ဝဲကြည့်လိုက်သည်။ တချို့က စိတ်အားထက်သန်နေကြသလို တချို့က တမင်ရှောင်ဖယ်နေကြသည်။ တချို့ စပ်စုနေကြသည့် မျက်နှာများလည်း ရှိလေ၏။
"ဒါဆိုရင် ယဲ့ကွေ့ရန်နဲ့ တုချန်ကျိုက်တို့ နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ လုပ်လိုက်ကြပါ... ညီမတို့နှစ်ယောက်စလုံးက အရှင်မင်းကြီးကို ပြုစုခဲ့တာကြာပြီဆိုတော့ အတွေ့အကြုံလည်းရှိနေပြီ… စည်းမျဉ်းစည်းကမ်းတွေကိုလည်း ကျွမ်းကျင်ပြီးသားဖြစ်မှာပါ... အထူးသဖြင့် ယဲ့ကွေ့ရန်ပေါ့... အရှင်မင်းကြီးကို မပြုစုခင်တုန်းက နန်းတွင်းရေးရာဌာနက လူပဲဟာ... စားသောက်ပွဲတွေလည်း အများကြီး ကျင်းပခဲ့ဖူးတယ်မား... သပ်သပ်ရပ်ရပ်နဲ့ ပြီးပြည့်စုံအောင် လုပ်ရမယ်... သိတယ်ဟုတ်..."
သူမ၏လေသံမှာ ညှိနှိုင်းနေခြင်းမဟုတ်တော့ဘဲ တိုက်ရိုက်အမိန့်ပေးလိုက်ခြင်းပင်ဖြစ်တော့သည်။
တုချန်ကျိုက် ဝမ်းသာအားရဖြစ်သွားသည်။ အစကတည်းက လင်ကွေ့ဖေး၏ ဘက်တော်သားလုပ်ဖို့ ရွေးချယ်ခဲ့သည့် သူမ၏ ဆုံးဖြတ်ချက် မှန်သွားကြောင်း သိလိုက်ရလေပြီ။
အကယ်၍ ဒီကိစ္စကို အကြောင်းပြုပြီး အရှင်မင်းကြီး၏ အာရုံစိုက်မှုကို ရလာခဲ့လျှင် နန်းတွင်းထဲမှ သူမ၏ နေ့ရက်များမှာ ပိုပြီးသက်တောင့်သက်သာ ရှိလာတော့မှာပင်။
ထို့ကြောင့် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး လင်ကွေ့ဖေးအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"မယ်မယ် စိတ်ချပါ... ကျွန်တော်မျိုးမ သေချာ ဂရုစိုက်လုပ်ဆောင်ပါ့မယ်... မယ်မယ် မျက်နှာပျက်အောင် လုံးဝ အဖြစ်ခံမှာ မဟုတ်ပါဘူး..."
သူမက ထိုသို့ပြောလိုက်ရာ ယဲ့ကွေ့ရန်မှာ ငြင်းဖို့လမ်းမရှိတော့သဖြင့် သူမနောက်လိုက်ပြီး ဒူးညွှတ်ကာ ကျေးဇူးတင်ရတော့သည်။
လင်ဝမ်ယိ စောစောကကိစ္စကြောင့် သူမကို ပို၍ အကဲခတ်ကြည့်မိသည်။ သူမက စကားနှင့်သာ လက်ခံလိုက်သော်လည်း မျက်နှာပေါ်တွင်မူ တုချန်ကျိုက်ကဲ့သို့ စိတ်လှုပ်ရှားဝမ်းသာနေပုံ မပေါ်ပေ။
ကြည့်ရသည်မှာ စိတ်ရင်းမှန်ကို ထုတ်မပြတတ်သူမျိုးဖြစ်ပုံရသည်။
သည်လိုလူမျိုးက စောစောက ဘာကြောင့် ဝင်ကူပြောပေးခဲ့သလဲ ဆိုတာတော့ သူမ စဉ်းစား၍မရ။
သူမ တွေးနေတုန်းမှာပင် ဘေးနားမှ မုတာရင်က သူမဘက်လှည့်လာပြီး လက်မထောင်ပြလာ၏။ လင်ဝမ်ယိ ချက်ချင်းပင် သိလိုက်သည်။ သူမ အထင်လွဲသွားပြီပင်။
မုလန်ချွမ်းက ဒါကို လင်ကွေ့ဖေးက သူမကို တမင် မျက်နှာလုပ်ပေးသည်ဟု ထင်နေသည်။
စောစောက သူမကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့သည့် ချူကွေ့ရန်က သွယ်ဝိုက် အကျယ်ချုပ်ချခံလိုက်ရပြီး သူမကို ကူညီခဲ့သော ယဲ့ကွေ့ရန်မှာမူ စားသောက်ပွဲကိုဦးစီးခွင့်ရကာ အရှင်မင်းကြီး၏ မျက်နှာသာရနိုင်မည့် အခွင့်အရေးကို ရသွားသည်။
သည်လို လုပ်ပြလိုက်ခြင်းမှာ လင်ဝမ်ယိကို အလွယ်တကူ ရန်လာစ၍မရကြောင်း လူတိုင်းသိစေရန် ရည်ရွယ်၏။
လင်ဝမ်ယိမှာမူ ထိုကိစ္စအတွက် အလွန်စိုးရိမ်ပူပန်နေမိသည်။
မုလန်ချွမ်းတောင် နားလည်သည့်ကိစ္စကို အခြားလူများလည်း သေချာပေါက် နားလည်ကြပေလိမ့်မည်။
သူမအတွက် အန္တရာယ်များလျော့သွားသော်လည်း သည်လိုအကူအညီမျိုးပေးပြီးနောက် လင်ကွေ့ဖေးက သူမဆီက ဘာပြန်လိုချင်နေသနည်း။
အစ်ကိုကြီး၏ အနာဂတ်လမ်းကို ငါးစာအဖြစ်သုံးဖြင့် တစ်ဖုံ၊ သူမ၏ ကျောထောက်နောက်ခံအဖြစ် ကာကွယ်ပေးရင်းဖြင့် တစ်မျိုး။
ဘယ်လိုကြည့်ကြည့် ဒါက ကျားပါးစပ်ထဲ ခေါင်းထိုးဝင်ခိုင်းနေသည့် ပုံစံမျိုးပင်။
သူမမှာ ထောင်ချောက်ကို မြင်နေရသော်လည်း မငြင်းဆန်နိုင်ဖြစ်နေရသည်။
လင်ကွေ့ဖေးက ဖဲချပ်တွေကို ဘယ်တော့လှန်ပြလာမလဲ ဆိုတာကိုသာ စောင့်ကြည့်ရတော့မည်။ လှန်လာသည့် ဖဲချပ်များကို သူမ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ဆိုသည်ကတော့ လင်ဝမ်ယိ၏ အရည်အချင်းအပေါ်တွင်သာ မူတည်လေ၏။
သွမ့်ဝူပွဲတော်နှင့် ပတ်သက်ပြီး လင်ကွေ့ဖေးက စကားနည်းနည်းထပ်ပြောခဲ့သည်။
ထို့နောက် အိမ်မှစာပို့လိုက်သည်ဟူသော အကြောင်းပြချက်ဖြင့် လင်ဝမ်ယိကို ဆက်ခေါ်ထားလိုက်၏။
မုတာရင်က မပြန်ခင်မှာ သူမနားနားကပ်၍ တိုးတိုးလေးပြောသွားသေးသည်။
"မမ... ခဏနေမှ ပြန်ခဲ့နော်... ညီမ အရင်သွားနှင့်ပြီး ချွမ်ချီ လုပ်ထားတဲ့ ကျောက်စိမ်းဖြူမုန့် သွားစားလိုက်ဦးမယ်..."
သူမကတော့ ပေါ့ပေါ့ပါးပါးနှင့် အေးချမ်းနေလိုက်တာ။ လင်ဝမ်ယိ ကိုယ့်အခြေအနေကိုယ် ပြန်ကြည့်မိတော့ သူမ၏ ရှေ့ခရီးလမ်းမှာမူ ဝေဝါးနေလျက်။
သူမက လင်ကွေ့ဖေးနှင့် တွေ့ဖို့ သတိအပြည့်ထားလိုက်သည်။
လူအားလုံး ပြန်သွားကြသောအခါ ချင်ဟယ့်က နန်းတွင်းသူအားလုံးကို အပြင်မှာ စောင့်နေရန် ပြောလိုက်သဖြင့် အတွင်းဆောင်ထဲတွင် လင်ကွေ့ဖေးနှင့် လင်ဝမ်ယိ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
လင်ဝမ်ယိ ထိုကိစ္စမှာ သေချာပေါက် အရေးကြီးကိစ္စဖြစ်မည်ဟု ထင်လိုက်မိသည်။
သူမထင်သည့်အတိုင်းပင် လင်ကွေ့ဖေး၏ ပထမစကားတစ်ခွန်းကပင် လင်ဝမ်ယိကို အံ့အားသင့်သွားစေတော့၏။
"ယင်းဖင် ကိုယ်ဝန်ရှိနေတာ လေးလတောင် ရှိနေပြီ... ဒါပေမယ့် အနောက်ဆောင်တစ်ခုလုံး ဘယ်သူမှ မသိကြဘူး..."
ကိုယ်လုပ်တော်တစ်ပါး ကိုယ်ဝန်ရှိတာကို အထက်ကို မတင်ပြဘူးတဲ့လား... ဘာဖြစ်လို့ပါလိမ့်…။
လင်ဝမ်ယိ၏ အတွေးများကို ရိပ်မိသော လင်ကွေ့ဖေးက ရှင်းပြလာသည်။
"သူ နန်းတွင်းရောက်ပြီး ဒီလောက်ကြာမှ ကလေးရတာဆိုတော့ သေချာပေါက် သတိထားရမှာပေါ့... အခုလောက်ဆို သူ့ကိုယ်ဝန်က တည်ငြိမ်သွားလောက်ပြီ... သင့်တော်တဲ့အချိန်ကို စောင့်ပြီး ထုတ်ပြောရုံပဲ ရှိတော့တာ..."
"ဒါဆို မယ်မယ်ပြောချင်တာက..."
"နန်းတွင်းထဲမှာ ရုတ်တရက် ကိုယ်ဝန်ဆောင် ကိုယ်လုပ်တော်နှစ်ပါး ပေါ်လာတယ်... ရာထူးတွေကလည်း မနိမ့်ကြဘူး... တကယ်လို့ သူတို့သာ သားယောက်ျားလေးမွေးခဲ့ရင် ရာထူးတစ်ဆင့် ထပ်တိုးပေးခံရမှာ သေချာတယ်..."
ရာထူးတစ်ဆင့် ထပ်တိုးမယ်တဲ့လား…။
ယင်းဖင် ဖေးရာထူးသို့ တက်သွားသည်က ကိစ္စမရှိလှသော်လည်း လန်ဖေးသာ တစ်ဆင့်ထပ်တိုးသွားလျှင်... နန်းတွင်းထဲမှာ ကွေ့ဖေးမယ်မယ် နှစ်ပါး ဖြစ်လာတော့မှာလား…။
၎င်းမှာ ယခင်က တစ်ခါမှမဖြစ်ခဲ့ဖူးသော ကိစ္စပင်။
လင်ကွေ့ဖေး ဒီလောက်ထိ စိုးရိမ်တကြီး ဖြစ်နေသည်မှာလည်း မဆန်းပေ။
"အခုချိန်မှတော့ ဒီအရှင်မလည်း ညီမလေးကို ကွေ့ပတ်မနေတော့ဘူး... ဟိုးအရင်တုန်းက မင်းသမီးမင်ရော့ကို မွေးတုန်းက ဒီအရှင်မ ကိုယ်တွင်းအကြောတွေ ထိခိုက်သွားခဲ့တယ်... ဒါကြောင့် ဒီလောက်နှစ်တွေကြာတာတောင် ကိုယ်ဝန်ထပ်မရတော့ဘူး... ဒါကြောင့် ညီမလေး နန်းတွင်းထဲ ဝင်လာရတဲ့ အကြောင်းရင်းကို ကိုယ့်ဘာသာ အနည်းအကျဉ်းတော့ ရိပ်မိမှာပါ..."
လင်ကွေ့ဖေးက ကွေ့ပတ်မနေတော့ဘဲ ဗွင်းဗွင်းရှင်းရှင်းပင် ပြောချလာတော့သည်။
"ကိုယ်ဝန်နုနေသေးရင် ကလေးက မြဲမမြဲက ပြောဖို့ခက်တယ်... မွေးလာရင်တောင်မှ နန်းတွင်းထဲမှာ အရွယ်ရောက်တဲ့အထိ ကြီးပြင်းလာနိုင်ဖို့က မလွယ်ကူဘူး... ပထမမင်းသားနဲ့ ဒုတိယမင်းသားက သက်သေပဲ..."
မင်းသားနှစ်ပါးအကြောင်း ရုတ်တရက် ထည့်ပြောလာသဖြင့် လင်ဝမ်ယိမှာ ပို၍ပင် တုန်လှုပ်ချောက်ချားသွားရသည်။
"ပထမမင်းသားက မိဖုရားခေါင်ကြီးရွှီ မွေးဖွားပေးခဲ့တာ... အရှင်မင်းကြီး သိပ်မျှော်လင့်ခဲ့ရတဲ့ တရားဝင်သားဦးရတနာပေါ့... ကံဆိုးချင်တော့ အသက်လေးနှစ်လောက်မှာပဲ ရောဂါကြောင့် ဆုံးပါးသွားခဲ့တယ်... မိဖုရားခေါင်ကြီးလည်း စိတ်ထိခိုက်ပြီး အိပ်ရာထဲဘုန်းဘုန်းလဲသွားရာက တစ်နှစ်လောက်အကြာမှာပဲ ကွယ်လွန်သွားရှာတယ်..."
"ဒုတိယမင်းသားကိုတော့ ကိုယ်လုပ်တော် စုဖင်က မွေးခဲ့တာ... မွေးတုန်းက မွေးရခက်ပြီး သုံးရက်လောက်ကြာမှ မွေးနိုင်ခဲ့တယ်... ကလေးက မွေးရာပါ အားနည်းတာအပြင် သူပါ သွေးထွက်လွန်ပြီး ဆုံးသွားခဲ့တယ်... ကလေးကတော့ လန်ဖေးရဲ့ မွေးစားသား ဖြစ်လာခဲ့တာပေါ့..."
လင်ကွေ့ဖေးက ပြောနေရင်းနှင့် လင်ဝမ်ယိကို အကဲခတ်ကြည့်လိုက်သည်။
သူမထင်သည့်အတိုင်းပင်…မျက်နှာတစ်ခုလုံးဖြူဖျော့နေလေပြီ။
သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် လှောင်ပြုံးတစ်ခု ဖြစ်တည်လာသည်။
အခုမှ နန်းတွင်းရောက်ကာစမို့လို့ ထင်ပါရဲ့... ဒီလောက်ကိစ္စလေးနဲ့တင် မခံနိုင်ဖြစ်နေရှာပြီ…။
သို့သော် သူမက ဆက်ပြောလိုက်သည်။
"ယီဖေးက မွေးလာတဲ့ တတိယမင်းသားကျတော့ ထွားကျိုင်းသန်မာတဲ့အပြင် ဉာဏ်ရည်ဉာဏ်သွေးလည်း ထက်မြက်တယ်... နန်းတော်တစ်ခုလုံးမှာ ရှာကြည့်လိုက်ရင် သူကတော့ လူရာဝင်တယ်လို့ ပြောလို့ရတာပေါ့..."
လူရာဝင်တယ် ဆိုသည့် စကားလုံးကို ပြောလိုက်သည့်အချိန်တွင် လင်ကွေ့ဖေး၏ အံကြိတ်သံကို လင်ဝမ်ယိ အတိုင်းသား ကြားလိုက်ရသည်။
ကြည့်ရသည်မှာ တတိယမင်းသားက သူမအတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်နေတာ ကြာပြီထင်၏။
ယီဖေးသာ မျက်ခြည်မပြတ် စောင့်ရှောက်မထားလျှင် ဤနန်းတော်ထဲမှ လူပေါင်းဘယ်လောက်ကများ တတိယမင်းသားကို လုပ်ကြံချင်နေကြမလဲ မသိနိုင်ချေ။
"အခုလည်း နောက်ထပ်နှစ်ယောက်က ကိုယ်ဝန်ရှိနေကြပြီ... တကယ်လို့ သူတို့မွေးလိုက်တာကသာ သားယောက်ျားလေးတွေသာ ဖြစ်ခဲ့ရင် စတုတ္ထမင်းသားနဲ့ ပဉ္စမမင်းသား ဖြစ်လာကြလိမ့်မယ်... နန်းတော်ထဲမှာတော့ ပိုပြီး စည်ကားလာတော့မှာပဲ..."
သူမက ပြောနေရင်း တစ်စုံတစ်ခုကို ပြန်စဉ်းစားသွားမိသည်ထင့်… သူမ၏ အကြည့်တို့ ဝေးလွင့်သွားသည်။
လင်ဝမ်ယိ ငြိမ်သက်စွာ နားထောင်နေမိ၏။ ဤကိစ္စများမှာ သူမကဲ့သို့ တာရင်အဆင့် ကိုယ်လုပ်တော်လေးတစ်ပါးအနေဖြင့် ဝင်ရောက်ဆွေးနွေးရန် မသင့်တော်သလို၊ လင်ကွေ့ဖေးက သူမ ဘာဆက်ပြောမည်ကိုလည်း မသိရသေးသဖြင့် စိတ်ထဲရှိရာ လျှောက်မှန်းနေ၍လည်းမသင့်ပေ။
သူမ၏ လုပ်နိုင်စွမ်းများကို လျှိုထားသည်ကသာ သူမကို ပို၍ သက်တောင့်သက်သာ နေနိုင်စေလိမ့်မည်။
ခဏကြာတော့ လင်ကွေ့ဖေးသည် သူမ၏ အတွေးနွံထဲနစ်နေရာမှ ပြန်သတိဝင်လာပြီး လင်ဝမ်ယိကို အကဲခတ်သည့်ဟန်တို့ဖြင့် ကြည့်လာသည်။
"ညီမလေးက နန်းတွင်းဝင်တာ နောက်ကျပေမယ့် အလားအလာကောင်းတာကို ဒီအရှင်မ တွေ့နေရတယ်... ဒါပေမယ့် မနေ့ညကလိုမျိုး အဖော်ပြုရုံသာပြုပြီး အိပ်ဆောင်ဝင်ခွင့်မရတဲ့ ကိစ္စမျိုးကိုတော့ တတ်နိုင်သမျှ နည်းအောင် လုပ်မှဖြစ်မယ်..."
ရုတ်တရက်ကြီး ထိုကိစ္စကို ထောက်ပြခံလိုက်ရသဖြင့် လင်ဝမ်ယိမှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိပြီး အနေရခက်သွားရတော့သည်။