← Chapters

သတိပေးစကား

Vol. 3 Ch. 25

သတိပေးစကား

Vol. 3 Ch. 25

သူမဘေးနားတွင် သူလျှိုများ ရှိနေသလားဟု တွေးမိလိုက်သော်လည်း ခဏကြာမှပင် အခြေအနေကို သဘောပေါက်သွားတော့သည်။

ဧကန်စင်စစ် နေ့စဉ်မှတ်တမ်းထဲတွင် အတိအကျ ရေးမှတ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

သာမန်အိမ်တော်များ၌ ဇနီးမောင်နှံနှစ်ဦး၏ အိပ်ဆောင်တွင်းကိစ္စဆိုသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စ သက်သက်သာ ဖြစ်သော်လည်း ဤနန်းတော်ကြီးထဲတွင်မူ နေ့စဉ်ရက်ဆက် မှတ်တမ်းစာအုပ်ထဲ ရေးမှတ်ခံရပြီး လူတကာက လှန်လှောဖတ်ရှုနိုင်သော အများပိုင်ကိစ္စ ဖြစ်နေလေတော့သည်။

လင်ဝမ်ယိသည် ဤအရာမျိုးကို အမှန်တကယ်ပင် ရွံရှာမိသော်လည်း သူမ ဘာမှမတတ်နိုင်ပေ။

သူမသည် ခေါင်းကိုသာ ငုံ့၍ လင်ကွေ့ဖေးပြောသမျှကိုသာ နားထောင်နေရသည်။

"လင်မိသားစုက အပေါ်ယံကြည့်ရင်တော့ အင်အားတောင့်သလိုထင်နေရတာ... ဒါပေမယ့် အဲဒါကလည်း အဖိုးက ညီလာခံမှာ ရှိနေသေးလို့ရယ်... အဘွားက မင်းသမီးတစ်ပါး ဖြစ်ခဲ့ဖူးတဲ့ ဂုဏ်နည်းနည်းကျန်နေသေးလို့ရယ်ပါ... လင်မိသားစုရဲ့ ဂုဏ်ဒြပ်နဲ့ မျိုးဆက် ဆက်လက် တည်တံ့ခိုင်မြဲဖို့က နင်နဲ့ငါတို့ညီအစ်မနှစ်ယောက် ပူးပေါင်းမှ ဖြစ်မှာ..."

"ကိုယ်ဝန် စောစောရတာကမှ လင်မိသားစုအတွက်ရော... နင်နဲ့ငါအတွက်ပါ တစ်ခုတည်းသော ထွက်ပေါက်ပဲ... သိရဲ့လား..."

လင်ဝမ်ယိ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်မိသည်။

ဒီလောက် စကားတွေ အများကြီး ပြောနေတာ… သူ့ကို အရှင်မင်းကြီးကို ကောင်းကောင်း ပြုစုခိုင်းပြီး ကလေးစောစော မွေးစေချင်လို့ပဲမဟုတ်လား…။

ထို့အပြင် မွေးလာမည့်က‌လေးကလည်း ယောက်ျားလေး ဖြစ်ရဦးမည်။

ထိုအချိန်ရောက်လာလျှင် သူမ၏ နိဂုံးကလည်း စုဖင် လိုပင်ဖြစ်သွားမည်လားမပြောတတ်။

သူမသည် စိတ်ထဲတွင် အသေအချာသိနေသော်လည်း အပြင်မှာတော့ ထုတ်ပြ၍ မဖြစ်ချေ။

လင်ကွေ့ဖေးက သူမကို သည်စကားတွေ ပြောလာမှတော့ နောက်ကွယ်က အဓိပ္ပါယ်ကို သူမ ရိပ်မိမှာကိုလည်း ကြောက်နေမည် မဟုတ်။

‌စောစောက သွမ့်ဝူပွဲတော်အကြောင်း ထပ်တလဲလဲပြောနေခဲ့သည်မှာလည်း သူမ အစ်ကိုနှင့်မောင်တို့၏ ရှေ့ရေးကို အကြောင်းပြ‌ ခြိမ်းခြောက်ပြီး သူမကို ခေါင်းငုံ့ခံနေစေချင်၍သာ။

တကယ့်ကို မင်းသမီးရုံခန့် ကိုယ်တိုင် သွန်သင်ပေးထားသည့် မြေးအရင်း ခေါက်ခေါက်ပါပေ။ နှစ်ယောက်လုံးမှာ ခြိမ်းခြောက်သည့် နည်းလမ်းကအစ တစ်ထပ်တည်း။

နောက်ကွယ်မှ လုပ်ကြံသည်ဆိုတာမျိုး မရှိ…တစ်ဖက်သား၏ အားနည်းချက် ချက်ကောင်းကို တိတိကျကျ ကိုင်ဆုပ်ထားပြီး တစ်ချက်တည်းနှင့် အသေကောင် ဖြစ်သွားအောင် ရိုက်သတ်ပစ်တတ်ကြ၏။

လင်ဝမ်ယိ တစ်ယောက် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ သူမ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤလမ်းကို လျှောက်လှမ်းခဲ့ရပြီးပြီ။ ထွက်ပေါက်က ဘယ်မှာလဲ ဆိုသည်ကိုတော့ သူမကိုယ်တိုင်လည်း ရှာမတွေ့နိုင်တော့ပေ။

"ကျွန်တော်မျိုးမ နားလည်ပါပြီ..."

လင်ဝမ်ယိ တစ်ယောက် လင်ကျစ်နန်းဆောင်ထဲမှ မည်သို့မည်ပုံ ပြန်ထွက်လာခဲ့သည်ကိုပင် မမှတ်မိတော့ချေ။ အရာရာတိုင်းက သူတစ်ပါး၏ ချုပ်ကိုင်ခြယ်လှယ်မှုအောက်တွင် ရှိနေရသည့် ခံစားချက်…ခါးသီးလွန်း၍ နှုတ်မှပြောဖို့ပင် ခက်ခဲလွန်းလှပေသည်။

ရှအန်းက ဘေးမှ လိုက်လာရင်း သူမ၏ သခင်မလေး မျက်နှာပျက်ယွင်းနေသည်ကို မြင်တော့ စိုးရိမ်တကြီး မေးလိုက်သည်။

"သခင်မလေး... ဘာဖြစ်လို့လဲဟင်... ကွေ့ဖေးမယ်မယ်က သခင်မလေးကို ဘာတွေ ပြောလိုက်လို့လဲ..."

လင်ဝမ်ယိ ခေါင်းခါလိုက်သည်။ သူမ ရှအန်းကို မပြောပြချင်။

လင်ကွေ့ဖေးက နှစ်ကိုယ်တည်းရှိမှ ပြောလာသည့် စကားပေမို့ ထိုကိစ္စအား အခြားလူကို မသိစေချင်သည်မှာ အသေအချာပင်။

ရှအန်း အနေဖြင့် နည်းနည်းသာသိလေလေ ပိုဘေးကင်းလေလေပင်ဖြစ်သည်။

"ငါ တော်ဝင်ဥယျာဉ်ထဲ သွားလမ်းလျှောက်ချင်တယ်... နန်းဆောင်ကို တန်းမပြန်ချင်သေးဘူး..."

ယခုအချိန်တွင် သူမ စိတ်အဆင်ပြေသွားအောင် သူမကိုယ်သူမ ဖြေသိမ့်ဖို့ လိုသည်။ အကယ်၍ ရီဟွားနန်းဆောင်ကို တန်းပြန်သွားလိုက်လျှင် မုတာရင်က သူမ မျက်နှာပျက်နေသည်ကိုမြင်ပြီး အတင်းလာမေးနေလျှင် ပိုရှုပ်သွားပေလိမ့်မည်။

သခင်မလေးက စိတ်မကြည်မလင် ဖြစ်သည့်အခါမျိုးတွင် အိမ်တော်မှာဆိုလျှင် စင်္ကြံလမ်းဘေးတွင် ထိုင်ရင်း နေပူစာလှုံလေ့ရှိကြောင်း ရှအန်း သိထားသည်။

သို့သော် ယခုက နန်းတော်ထဲတွင် ဖြစ်သည်။ လက်ဝဲဆောင်ဘက်ခြမ်းမှ နေရောင်ကလည်း တော်ဝင်ဥယျာဉ်လောက် မကောင်းမွန်ပေ။ ထို့ကြောင့် တော်ဝင်ဥယျာဉ်ဘက်သို့ မကြာခဏ စိတ်ပြေလက်ပျောက် လမ်းလျှောက်တတ်လေ၏။

ပြီးခဲ့သည့်တစ်ခေါက် ဤနေရာသို့ လာတုန်းက လင်ဝမ်ယိဘေးတွင် သာလိကာမလေး မုလန်ချွမ်း ပါ၏။ ထိုအခါတုန်းကတော့ နှစ်ယောက်သားမှာ ပြောပြောဆိုဆို ရယ်ရယ်မောမောနှင့်မို့ ပျော်စရာကောင်းခဲ့သည်။

သို့သော် အခုချိန်မှာတော့ ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာနေသော ဤဥယျာဉ်ကြီးထဲတွင် သူမ တစ်ယောက်တည်း လမ်းလျှောက်နေရသဖြင့် အထီးကျန်ဆန်လှပေသည်။

မြေပြင်ပေါ်တွင် ကျောက်စရစ်ခဲများဖြင့် 'လာဘ်လာဘ၊ ဂုဏ်၊ အသက်ရှည်ခြင်း၊ ပျော်ရွှင်ခြင်း' ဟူသည့် စာလုံးများကိုဖော်ကာ စီထား‌သည်။

ပန်းမန် ရှုခင်းများက လှပအေးမြသော်လည်း…

လင်ဝမ်ယိသည် ဥယျာဉ်အလယ်ရှိ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်အနားသို့ ခပ်တန်းတန်းလျှောက်သွားလိုက်ကာ အပင်အောက်တွင် ငြိမ်ငြိမ်လေးရပ်နေလိုက်သည်။

သူမက ခေါင်းမော့ကာ စိမ်းလန်း စိုပြေနေသော သစ်ပင်ထိပ်ဖျားကို ကြည့်ရင်း… သစ်ပင်တစ်ပင် ဖြစ်ရသည်ကမှ ပိုပြီး လွတ်လပ်ဦးမည်ဟု တွေးလိုက်မိသည်။

သူမက ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက အမတ်ချုပ်အိမ်တော်ကို ပြန်တွေးမိသွားသည်။ အမတ်ချုပ်အိမ်တော်၏ အရှေ့ဆောင်ဝင်းထဲတွင်လည်း ယခုလို ရှေးဟောင်း ကံ့ကော်ပင်ကြီး တစ်ပင် ရှိခဲ့ဖူးသည်။

ထိုအပင်မှာ အရှေ့ဘက်စွန်းတွင် အကိုင်းအခက်များ ဝေဆာလွန်းသဖြင့် ထိုနေရာမှ အခန်းသုံးခန်းစလုံးမှာ လောင်းရိပ်မိကာ နေသိပ်မထိုးပေ။

ထို့ကြောင့်ပင် ထိုအခန်းများသည် နွေရာသီတွင် အပူရှောင်ရန် အကောင်းဆုံးနေရာများ ဖြစ်လာခဲ့လေ၏။

သူမက အအေးမိတတ်သည့်ရောဂါအခံ ရှိသော်လည်း အပူဒဏ်ကိုလည်း အလွန် ကြောက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် ငယ်ငယ်ကတည်းက အရာရာမှာ ခြေမွှေးမီးမလောင် ‌လက်မွှေးမီးမလောင် နေခဲ့ရသည်။

အဘိုးအိမ်မှာ သွားနေခဲ့ရသည့် ငါးနှစ်တာ ကာလအတွင်းမှာလည်း တစ်မိသားစုလုံး၏ သည်းသည်းလှုပ်ချစ်ခြင်းကို ခံခဲ့ရသည်။

သို့သော် သူမ၏ ယခုလက်ရှိ အခြေအနေကို ပြန်တွေးကြည့်မိလျှင်တော့… အိမ်တော်မှာရော ဘာတွေဖြစ်နေကြပြီလဲမသိဘူး…။

လေပြေညင်းလေးတစ်ချက်က သစ်ရွက်များကို တိုးဝှေ့တိုက်ခတ်သွားသည်။

သူမက ထိုနေရာ၌ နာရီဝက်ခန့်မျှ ရပ်နေပြီးနောက် သတိပြန်ဝင်လာခဲ့သည်။

သူမ၏ စိတ်အခြေအနေမှာ အတော်လေး တည်ငြိမ်သွားခဲ့လေပြီ။ သူမသည် ရှအန်းဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"သွားစို့... နန်းဆောင် ပြန်ကြမယ်..."

"ဟုတ်ကဲ့ပါ..."

သူတို့နှစ်ဦးသား တော်ဝင်ဥယျာဉ်ထဲမှ ပြန်ထွက်သွားခဲ့ကြသည်။ သို့သော် ထိုနေရာတွင် လင်ဝမ်ယိ၏ ကျောပြင်ကို စိုက်ကြည့်နေခဲ့သည့် မျက်လုံးတစ်စုံကိုမူ သူတို့ သတိမထားမိလိုက်ကြချေ။

သူတို့ လက်ဝဲဆောင်သို့ ပြန်ရောက်သည့်အခါ မုလန်ချွမ်းက ပြန်သွားလေပြီ။

ချွမ်ချီက စိတ်ပူစွာဖြင့် အပြေးအလွှား ထွက်လာကြိုသည်။ သူမက လင်ဝမ်ယိကို ဘယ်ညာ အပြန်ပြန်အလှန်လှန် စစ်ဆေးကြည်လိုက်ပြီး… စထွက်သွားတုန်းကအတိုင်း အကောင်းပကတိ ရှိနေ‌တော့မှသာ သူမသက်ပြင်းချနိုင်တော့သည်။

"သခင်မလေး အဲဒီမှာ အရမ်းကြာနေတော့... ကျွန်မဖြင့် စိတ်ပူလို့ သေတော့မလိုပဲ..."

"မလိုပါဘူး… ငါ တော်ဝင်ဥယျာဉ်ထဲမှာ လမ်းလျှောက်နေလို့ ကြာသွားတာ..."

"နေ့လယ်စာ စားချိန်တောင် နီးနေပြီ... သခင်မလေးသာ ပြန်မလာသေးရင် ကျွန်မ လင်ကျစ်နန်းဆောင်အထိ လိုက်ရှာတော့မလို့..."

ချွမ်ချီတစ်ယောက် အမှန်တကယ် စိုးရိမ်ပူပန်နေသည်ကို မြင်လိုက်ရသောအခါ လင်ဝမ်ယိ ရင်ထဲ နွေးထွေးသွားရသည်။

ဤအနောက်ဆောင်ထဲတွင် သူမကို စိတ်ပူပေးမည့်သူများ ရှိနေသေးသည်ပဲ။ သူတို့အတွက်နဲ့ပဲ ဖြစ်ဖြစ်…သူမ အလွယ်တကူနဲ့ လဲပြိုသွားလို့ မဖြစ်ဘူး။

ထို့ကြောင့် သူမ စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

"ကျောက်စိမ်းဖြူမုန့်တွေ လုပ်ပြီးပြီလား... မုတာရင် လာယူသွားပြီလား..."

"သခင်မလေး စိတ်ချပါ... ယင်အာကို ကျွန်မ အများကြီး ထည့်ပေးလိုက်ပါတယ်... ပြီးတော့ သခင်မလေးနဲ့ ရှအန်း ပြန်လာရင် စားဖို့အတွက်လည်း တစ်ပွဲ ချန်ထားတယ်..."

သူမက ပြောပြောဆိုဆိုနှင့်ပင် ရှောင်လုကျစ်ကို လှမ်းခေါ်လိုက်သည်။

ရှောင်လုကျစ်က ကျောက်စိမ်းဖြူမုန့်များ ထည့်ထားသော ပန်းကန်ကို ကိုင်ကာ ရိုရိုသေသေ ဝင်လာပြီးနောက် ပန်းကန်ချပေးကာ ပြန်ထွက်သွားရန် ဦးညွှတ်လိုက်သည်။

ပြီးခဲ့သော တစ်ခေါက် အပြစ်ပေးခံရပြီးကတည်းက ရှောင်လုကျစ်က ယခင်ကထက် ပို၍ စည်းကမ်းရှိလာသည်။

ပုံမှန်အချိန်များတွင် လင်ဝမ်ယိ၏ ရှေ့သို့ သိပ်မလာရဲတော့။ သူမတို့ စကားပြောနေသည်ကို ကြားလျှင်လည်း ဝေးဝေးသို့သာ ရှောင်ထွက်သွားတတ်သည်။ မဟုတ်လျှင် မီးဖိုချောင်အသေးလေးထဲ သွားနေတတ်ပြီး…သို့မဟုတ်လည်း ဥယျာဉ်ထဲတွင် အပင်တွေ ရေလောင်းနေတတ်သည်။

အတင်းစကားဆိုလျှင် တစ်ခွန်းမှပင် လာမစပ်စုရဲတော့ပေ။

လင်ဝမ်ယိက သူ ထွက်မသွားခင် လှမ်းတားလိုက်သည်။

သင်ခန်းစာ ပေးသင့်သလောက်လည်း ပေးပြီးပြီမို့…သူ့စိတ်ထဲ မှတ်ထားရင် ရပြီပဲ…။

အရမ်းကြီး တင်းကြပ်ပြီး သွေးအေးစက်ဆက် ဆက်ဆံနေဖို့ မလိုပေ။

"နင် ဒီမက်မွန်မုန့်ကို မစားဖူးသေးဘူး မဟုတ်လား... ဒါ ချွမ်ချီရဲ့ လက်ရာလေးတွေလေ... လက်ဖက်ရည်မွှေးမွှေးလေးနဲ့ တွဲစားရင် အရမ်း စားကောင်းတာ..."

ပြောရင်းဆိုရင်း မုန့်တစ်တုံးကို ယူကာ ကမ်းပေးလိုက်သည်။

ရှောင်လုကျစ်မှာ မယုံနိုင်လောက်အောင် ဝမ်းသာသွားသည်။ ပြီးခဲ့သည့် ကိစ္စဖြစ်ပြီးကတည်းက သခင်မလေးက သူ့ကို ရက်အတော်ကြာအောင် လှစ်လျူရှုထားလိမ့်မည်ဟု ထင်ခဲ့တာပင်။

သူမက သူ့ကိုမုန့်ပါကျွေးလိမ့်မည်ဟု မထင်ထားခဲ့။

သူဟာ ဝမ်းနည်းဝမ်းသာဖြစ်သွားရပြီး မျက်ရည်များ ဝဲတက်လာတော့သည်။

သို့သော် သူက မျက်ရည်များကို အောင့်အီးထားလိုက်ပြီး... အသံကို တတ်နိုင်သမျှ ပုံမှန်လုပ်ရင်း ဆိုရှာ၏။

"သခင်မလေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်..."

ချွမ်ချီကလည်း ဝင်ပြောသည်။

"ဒီမုန့်ကို နေ့လယ်စာ စားပြီးမှ စားနော်... ခဏနေရင် နေ့လယ်စာ စားရတော့မှာ... မုန့်တွေ အများကြီး စားမိပြီး ထမင်းမစားနိုင် ဖြစ်နေဦးမယ်..."

"စိတ်မပူပါနဲ့ မမချွမ်ချီ... ဒီအစေခံက အများကြီးစားနိုင်ပါတယ်... ဒီပန်းကန်ကုန်အောင် စားပြီးရင်တောင် ထမင်းနှစ်ပန်းကန် ထပ်စားနိုင်သေးတယ်..."

သူတို့က အပြန်အလှန်စလိုက်နောက်လိုက်ဖြင့် ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွားကြတော့သည်။

ရင်ထဲ တထိတ်ထိတ် ဖြစ်နေသော ရှောင်လုကျစ်လည်း ထိုအခါမှ စိတ်အေးသွားရတော့သည်။

နေ့လယ်စာကို တော်ဝင်စားဖိုဆောင်မှ လာပို့သည်။ ဟင်းပွဲများထဲတွင် သုံးမျိုးစပ် အမဲသားလုံးပေါင်းလည်း ပါလာ၏။

ထိုဟင်းပွဲကို ကြည့်ရင်း လင်ဝမ်ယိ တစ်ယောက် မနေ့ညက အရှင်မင်းကြီးနှင့် ပြောခဲ့သည့် စကားဝိုင်းကို ပြန်သတိရသွားသည်။

သူမက ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်ကာ—

"ငါ မနေ့ညက အရှင်မင်းကြီးအတွက် အတွင်းဝတ်ရုံကို ပန်းထိုးပေးမယ်လို့ ကတိပေးခဲ့တာပဲ... မေ့နေလိုက်တာ..."

ချွမ်ချီ မျက်လုံး ပြူးသွားပြီး အနည်းငယ် ပိုပိုသာသာ‌လေး ပြောလိုက်သည်။

"သခင်မလေးရယ်... ဒီလိုကိစ္စမျိုးကို မေ့ရတယ်လို့..."

ချွမ်ချီ ထိုသို့ ပြောလိုက်မှ လင်ဝမ်ယိလည်း အားနာသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

"သွား သွား... ပိတ်စ သွားရှာချေ... အရှင်မင်းကြီး ဝတ်ဖို့ဆိုတော့ ဖြစ်ကတတ်ဆန်း လုပ်လို့ မဖြစ်ဘူး..."

________

All Chapters