ပိတ်စ ရွေးချယ်ခြင်း
Vol. 3 Ch. 26
"ဟုတ်ကဲ့ပါ..."
ဒီတစ်ခါတော့ ချွမ်ချီ တစ်ယောက် စောစောကထက် ပိုပြီး တက်ကြွနေသည်။
သခင်မလေးက နန်းတွင်း ဝင်ရောက်ကာစပဲ ရှိသေးတာကို…အရှင်မင်းကြီးအတွက် ကိုယ်တိုင်ကိုယ်ကျ အတွင်းဝတ်ရုံ ပန်းထိုးပေးရတယ်ဆိုတော့ အရှင်မင်းကြီး မျက်နှာသာပေးတာကို တော်တော်လေး ရထားပုံပဲ…။
သို့သော် သေတ္တာကို ဖွင့်ပြီး သေချာ မွှေနှောက်ရှာဖွေကြည့်လိုက်ပြီးနောက်မှာတော့ သူမ မျက်နှာလေး ပြန်စူပုတ်သွားသည်။
"သခင်မလေး... ကျွန်မတို့ အိမ်က လာတုန်းက ပိတ်စတွေ ယူမလာခဲ့ဘူး... ဒီရောက်မှ လာပို့ထားတဲ့ ပိတ်စတွေကလည်း မိန်းကလေး ဝတ်ဖို့တွေချည်းပဲ... ဘယ်လို လုပ်ကြမလဲ..."
လင်ဝမ်ယိ ခဏစဉ်းစားလိုက်ပြီးနောက် ရှောင်လုကျစ်ကို ခေါ်မေးလိုက်သည်။
"ဒီနန်းတော်ထဲမှာ အဝတ်အစားကိစ္စကို တာဝန်ယူတာ အတွင်းဝန်ရုံးမဟုတ်လား..."
ရှောင်လုကျစ်က ခေါင်းညိတ်လိုက်ပြီး ရိုသေစွာ ပြန်ဖြေသည်။
"ဟုတ်ပါတယ်… အတွင်းဝန်ရုံးထဲမှာ ဂိုဒေါင် ခြောက်ခု၊ ဌာန ခုနစ်ခုနဲ့ အခန်း နှစ်ခန်း ရှိပါတယ်... ပိတ်စတွေကိုတော့ ပိုးထည်ဂိုဒေါင်က သိမ်းပြီး... ပန်းထိုးတဲ့ ကိစ္စတွေကိုတော့ ပန်းထိုးဌာနက တာဝန်ယူပါတယ်... အပ်ချုပ်စရာ ရှိရင်တော့ အပ်ချုပ်ဌာန ကို ပို့ရပါတယ်..."
"နန်းတော်ထဲမှာက တကယ်ပါပဲ... ညဝတ်အင်္ကျီ တစ်ထည်လေးအတွက်နဲ့ လူတွေအများကြီး လုပ်နေရတယ်..."
"ဒါကတော့ သေချာတာပေါ့... နန်းတော်ထဲမှာက သခင်တွေရော အစေခံတွေပါ... ဥတုသုံးမျိုးလုံးအတွက အဝတ်အစားတွေ စီမံရတယ်လေ... ဆုတော်ငွေတော် ချီးမြှင့်တဲ့အခါမျိုးဆိုရင်လည်း နှောင့်နှေးလို့ မရဘူး... ဒါကြောင့် အဝတ်တစ်ထည်လို့ ကြည့်လိုက်ရင် ရိုးရိုးလေး ထင်ရပေမယ့် ဌာနစုံက ဝိုင်းလုပ်ပေးရတာပါပဲ..."
ရှောင်လုကျစ်က ရှင်းပြသည်။
"အရင် အမတ်ချုပ်အိမ်တော်မှာ နေတုန်းကလည်း ပန်းထိုးပညာရှင်တွေ ရှိတာပါပဲ... ဒါပေမယ့် လက်ရာကတော့ သခင်မသုန်ကိုမမီကြပါဘူး..."
ချွမ်ချီက ပြောရင်းဆိုရင်း သူမခါးတွင် ချိတ်ဆွဲထားသော သလဲသီးရောင် နံ့သာအိတ်ကလေးကို ကိုင်ကာ ရှအန်းနှင့် ရှောင်လုကျစ်အား ကြွားလိုက်သေး၏။
"ဒီမှာကြည့်... ဒါ သခင်မသုန်ငါ့ကိုလက်ဆောင်ပေးထားတာ..."
ရှအန်းကတော့ ခဏခဏ မြင်ဖူးနေကျမို့ နေသားကျနေပြီ ဖြစ်သော်လည်း ရှောင်လုကျစ်ကမူ ယူကြည့်လိုက်ပြီးနောက် မျက်လုံးများ အရောင်တောက်သွားသည်။
"သခင်မသုန်ရဲ့ လက်ရာက တကယ်ကို သေသပ်တာပဲ... ကျွန်တော် ကြည့်ရတာ နန်းတော်ထဲက ပန်းထိုးပညာရှင်တွေထက်တောင် ပိုလက်ရာမြောက်သလိုပဲ..."
တခြားသူများက သခင်မသုန်ကို ချီးမွမ်းနေကြသည်ကို ကြားရသော် ချွမ်ချီ အပျော်ကြီးပျော်နေမိသည်။
"ဒါဆို ငါ အရှင်မင်းကြီးအတွက် ဝတ်ရုံ ချုပ်ပေးချင်ရင် ပိတ်စ ရဖို့အတွက် ပိုးထည်ဂိုဒေါင်ကို သွားရှာရမှာပေါ့ ဟုတ်လား..."
"ဟုတ်ကဲ့ပါ သခင်မလေး... ပုံမှန်အားဖြင့်တော့ အဲ့ဒီလိုပါပဲ... ဒါပေမယ့် ကျွန်တော်မျိုးလည်း အရင်က မလုပ်ဖူးတော့ သိပ်ေတာ့မသေချာဘူး..."
သူက ချင်ကုန်းကုန်းကို သွားမေးကြည့်ပါလားဟု အကြံပေးချင်သော်လည်း စိတ်ထဲမှာပင်ထားလိုက်ရသည်။ မဟုတ်လျှင် သခင်မလေးက သူ့ကို နောက်တစ်ခေါက်ထပ်ပြီး သံသယဝင်သွားမည်ကို စိုးရိမ်မိ၏။
လင်ဝမ်ယိ စိတ်ထဲတွင် အကြံတစ်ခုရသွားသည်။ ကြည့်ရသည်မှာ ပိုးထည်ဂိုဒေါင်က ဂိုဒေါင်မှူးကို ခေါ်လိုက်တာက ပိုကောင်းလောက်မည်ပင်။
ထို့ကြောင့် သူမ ရှောင်လုကျစ်ကို အမိန့်ပေးလိုက်သည်။
"နင်က သွက်လည်းသွက်တယ်... လူတွေကိုလည်းသိတာဆိုတော့... အခု ပိုးထည်ဂိုဒေါင်ကို တစ်ခေါက်လောက် သွားလိုက်ပါဦး... ဂိုဒေါင်မှူး ရှိနေရင် ဒီကို ခေါ်လာခဲ့…မရှိရင်တော့ ကျန်းနန်ဒေသက လာပို့တဲ့ 'ရေလဲ့ပိုးသား' ရှိမရှိ မေးခဲ့ပေး..."
"ရေလဲ့ပိုးသား... ဟုတ်လား..."
"အင်း... အဲဒီ ပိတ်စက ကျန်းနန်ဒေသက ထွက်တဲ့ ရေပိုးချည်မျှင်တွေနဲ့ ရက်ထားတာ... ဝတ်ရတာ သက်သောင့်သက်သာ ရှိပြီး အရောင်ကလည်း ဖျော့ဖျော့ေလး... ညအိပ်အတွင်းဝတ်ရုံ ချုပ်မယ်ဆိုရင် အသင့်တော်ဆုံးပဲ..."
"ကျွန်တော်မျိုး မှတ်မိပါပြီ... အခုပဲ သွားရှာလိုက်ပါ့မယ်..."
သူက ပြောပြောဆိုဆိုနှင့် ကမန်းကတန်း ပြေးထွက်သွားတော့သည်။ ချွမ်ချီက လင်ဝမ်ယိအနားကပ်လာပြီး စပ်စုလေ၏။
"သခင်မလေး... သူ အတွင်းဝန်ရုံးကို ရောက်ရင် ချင်ကုန်းကုန်းဆီ သတင်းသွားပေးမှာကို မစိုးရိမ်ဘူးလား..."
လင်ဝမ်ယိ ပြုံးလိုက်ပြီး သိပ်ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"သူက အစကတည်းက ချင်ကုန်းကုန်းရဲ့ တပည့်ပဲလေ... ချင်ကုန်းကုန်းနဲ့ အဆက်အသွယ် ရှိတာ ပုံမှန်ပါပဲ... ငါက ဒီအိမ်ဆောင်ထဲက စကားတွေကို အပြင်မရောက်စေချင်တာပဲ ရှိတာ... သူက နှုတ်လုံမယ်ဆိုရင်တော့ တကယ် မဆိုးတဲ့ လူပါ..."
သည်ရက်ပိုင်းအတွင်း သူမ သေချာအကဲခတ်ကြည့်ရသလောက် ထိုရှောင်လုကျစ်က တကယ်မဆိုးလှပေ။
သူက အသက်ငယ်သော်လည်း နန်းတော်ထဲတွင် နေလာသည်မှာ ကြာပြီဖြစ်သည့် နန်းတွင်းသားဟောင်း တစ်ယောက်ဖြစ်သည်။ သို့သော် အထက်ဖားအောက်ဖိတတ်သည့် အကျင့်ဆိုးမျိုး သူ့ဆီမှာ မရှိပေ။
ကြည့်ရသည်မှာ ချင်ကုန်းကုန်းက သူ့အပေါ် တော်တော် ကောင်းခဲ့ပုံရသည်။ ထို့ကြောင့် နန်းတော်ထဲမှာတောင် စိတ်ကောင်းလေး နည်းနည်း ကျန်နေသေးတာဖြစ်လိမ့်မည်။
သို့သော် ချင်ကုန်းကုန်းက သူမကို သည်လောက်တောင် အထင်ကြီးလေသလား။ သူ့ဘက်က သည်လောက်ထိ ဂရုစိုက်စောင့်ရှောက်ထားသည့် တပည့်ရင်းကိုပင် သူမဆီ ပို့ပေးရလောက်သည်အထိပင်။ ထိုအချက်ကိုတော့ လင်ဝမ်ယိ အနည်းငယ် အံ့ဩမိသည်။
သူမတို့တွင် ရှောင်လုကျစ် ရှိနေသဖြင့် အတွင်းဝန်ရုံးနှင့် ပတ်သက်လျှင် အဆင်ပြေမည့် အပိုင်းများ ရှိသည်။ ထို့ကြောင့် သူမ အနေဖြင့် ဆုံးမစရာရှိသည်ကို ဆုံးမမည် ဖြစ်သော်လည်း ရှောင်လုကျစ်ကို တကယ်တမ်း စွန့်ပစ်လိုက်မည်တော့ မဟုတ်ပေ။
ချွမ်ချီက ဩ ဆိုကာ ခေါင်းကိုတညိတ်ညိတ်လုပ်နေ၏။ ရှအန်းကမူ ဤကိစ္စမှတစ်ဆင့် သူတို့သခင်မလေး တစ်ယောက် အရင်ကနှင့် မတူတော့ဘဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာသည်ကို သတိထားမိလိုက်လေ၏။
အရင်တုန်းကဆိုလျှင် သူမက သည်လိုကိစ္စမျိုးတွေကို စိတ်ထဲ ထားလေ့မရှိပေ။
ဘာကြောင့်များ သည်နေ့ လင်ကျစ်နန်းဆောင်က ပြန်လာပြီးမှ အရှင်မင်းကြီး၏ ကိစ္စတွေကို ပိုပြီး ဂရုစိုက်လာရသနည်း။
အရင်တစ်ခေါက်က သူမ ပြောခဲ့ဖူးသည့် ကိုယ်ဝန်ကိစ္စကို ပြန်တွေးမိပြီး ရှအန်း စိတ်ထဲ မသိုးမသန့် ဖြစ်သွားသည်။ သို့သော် လင်ဝမ်ယိက အရင်လိုပင် တည်ငြိမ်နေသည်ကို မြင်ရသော် သူမလည်း ဘာမှ ဆက်မပြောတော့ပေ။
မကြာမီမှာပင် ရှောင်လုကျစ်တစ်ယောက် အတွင်းဝန်ရုံးမှ ပြန်ရောက်လာသည်။
သူ့နောက်တွင် အသက်ကြီးကြီး မားမားတစ်ယောက် ပါလာ၏။ သူမက သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဝတ်ဆင်ထားပြီး အဝတ်အစားများကလည်း တွန့်ကြေခြင်းမရှိ…သေသပ်ပြန့်ပြူးနေသည်။ ကြည့်လိုက်ရုံနှင့် ဂုဏ်သရေရှိ အရာရှိတစ်ဦးမှန်း သိသာလှပေ၏။
"ကျွန်မ ပိုးထည်ဂိုဒေါင်ရဲ့ ဂိုဒေါင်မှူး ဖန့်ပေါင်ကျူ ပါ... သခင်မလေးကို ဂါရဝပြုပါတယ်..."
ပိုးထည်ဂိုဒေါင်မှူးကိုး... အဲဒါကြောင့် ဒီလိုဝတ်စားထားတာပဲ…။
မည်သူမျှ ချိုသာယဉ်ကျေးသူတစ်ဦးကို ရိုက်ပုတ်မောင်းထုတ်လေ့ မရှိကြပေ။ လင်ဝမ်ယိကလည်း သူမအဖို့ အကူအညီလိုနေ၍ မောက်မောက်မာမာ ဆက်ဆံနေမည်မဟုတ်။
ထို့ကြောင့် သူမက ညင်သာစွာ ပြုံးလျက် ဆိုလိုက်သည်။
"ဖန့်မားမား ထပါ... ချွမ်ချီ... မားမားအတွက် လက်ဖက်ရည် ချပေးလိုက်ပါဦး..."
ဖန့်မားမား အံ့ဩသွားပြီး ငြင်းဖို့ ပြင်လိုက်သော်လည်း လင်ဝမ်ယိက ဆက်ပြီးပြောလာသည်။
"ကျွန်မက နန်းတွင်း ရောက်တာ မကြာသေးတော့... ကိစ္စတော်တော်များများကို သိပ်နားမလည်သေးဘူး... ဒါကြောင့် မားမားကို မေးစရာတွေ ရှိနေတာ… အတော်ပဲဖြစ်သွားပြီ..."
"သခင်မလေးက ယဉ်ကျေးလွန်းပါပြီ... ဒါဆို ဒီအစေခံလည်း မငြင်းတော့ပါဘူး..."
သူမက ချွမ်ချီ ကမ်းပေးသော လက်ဖက်ရည်ခွက်ကို လှမ်းယူပြီး ကုလားထိုင်ဝိုင်းလေးပေါ်တွင် ဝင်ထိုင်လိုက်သည်။ လင်ဝမ်ယိကမူ ပြတင်းပေါက်ဘေးရှိ စင်မြင့်လေးပေါ်တွင် ထိုင်လျက် နှစ်ယောက်သား စကားစမြည် ပြောကြသည်။
"ရှောင်လုကျစ် ပြောတာတော့... သခင်မလေးက ရေလဲ့ပိုးသားလိုချင်တယ်ဆို..."
"ဟုတ်ပါရဲ့... အရှင်မင်းကြီးက ကျွန်မကို ညအိပ်အတွင်းဝတ်ရုံ ချုပ်ခိုင်းထားလို့လေ... စဉ်းစားကြည့်လိုက်တော့ အဲဒီပိတ်စက မဆိုးဘူး ထင်လို့ ရှောင်လုကျစ်ကို သွားရှာခိုင်းလိုက်တာ..."
"ဆိုးလိုက်တာ... မနှစ်က ဝင်လာတဲ့ ရေလဲ့ပိုးသားက ခြောက်အုပ်ပဲ ရှိတာ... အားလုံးကို အရှင်မင်းကြီးက ဆုတော်အဖြစ် ပေးသနားလိုက်လို့ ကုန်သွားပြီ... ဒီနှစ်အတွက်ကလည်း မရောက်လာသေးတော့... ဂိုဒေါင်မှာ အဲဒီပိတ်စမရှိတော့ဘူး..."
ထို့နောက် သူမ လက်ပြလိုက်ရာ တံခါးဝတွင် စောင့်နေကြသော အစေခံမလေးများ ဝင်လာကြ၏။ သူတို့က လက်ထဲတွင် ပိတ်စအမျိုးမျိုးကို ကိုင်ဆောင်ထားကြသည်။
"အရှင်မင်းကြီးအတွက် ညအိပ်အတွင်းဝတ်ရုံ ချုပ်မယ်ဆိုလို့... ကျွန်မလည်း အတင့်ရဲပြီး ပိတ်စတစ်ချို့ ရွေးလာခဲ့ပါတယ်... ပိတ်သားတွေက နူးညံ့ချောမွတ်ပြီး အရောင်ကလည်း ဖျော့ဖျော့လေးတွေပါပဲ... ရေလဲ့ပိုးသားနဲ့ သိပ်မကွာပါဘူး..."
လင်ဝမ်ယိ သူမ ရှေ့သို့ ရောက်လာသော ပိတ်စများကို ကြည့်ပြီး သူမ၏ မျက်လုံးများ အရောင်တောက်သွားတော့သည်။
နန်းတော်ထဲက ပစ္စည်းများက အပြင်မှ ပစ္စည်းများထက် ပိုကောင်းတာတော့ အမှန်ပင်ဖြစ်ကြောင်း ဝန်ခံရပေမည်။
အပြင်တွင် သွားရောင်းမည်ဆိုပါက ပိတ်စတစ်အုပ်ချင်းစီက တန်ဖိုးမဖြတ်နိုင်အောင် ဈေးရပေလိမ့်မည်။ တချို့ပိတ်စများဆိုလျှင် ရေလဲ့ပိုးသားထက်ပင် ရှားပါးဦးမည်။ သို့သော် လင်ဝမ်ယိ သေချာ ကြည့်ကြည့်လိုက်သော်လည်း တစ်ခုမှ သဘောမကျပေ။
အဆုံးမှာတော့ သူမက ရိုးရိုးရှင်းရှင်း ပိုးသားတစ်အုပ်ကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။
"ဒီတစ်အုပ်ပဲ ယူထားလိုက်မယ်..."
တခြားလူများ နားမလည်နိုင် ဖြစ်ကုန်ကြသည်။
ဒီထက် ပိုကောင်း ပိုဈေးကြီးတာတွေ ရှိတဲ့ဟာ… ဘာလို့ အဲဒီလောက် ရိုးရိုးကြီးကိုရွေးလိုက်တာလဲ…။
သို့သော် ပိုးထည်ဂိုဒေါင်မှ ဖန့်မားမားကမူ လင်ဝမ်ယိကို အထင်ကြီးစွာ ကြည့်လာပြီး ချီးကျူးစကား ဆိုလေတော့သည်။
"သခင်မလေးက တကယ် အမြင်ရှိတာပဲ... ဒီပိုးသားက ကြည့်ရင်သာ ရိုးရိုးလေး ထင်ရပေမယ့်... အသားအေးပြီး ချွေးထွက်လွယ်တယ်... နွေရာသီ ရောက်တော့မယ်ဆိုတော့ အရှင်မင်းကြီးအတွက် ညအိပ်အတွင်းဝတ်ရုံ ချုပ်ပေးမယ်ဆိုရင် ဝတ်ရတာ သေချာပေါက် သက်သောင့်သက်သာ ရှိမှာပါ..."
သူမက ပိုးထည်ဂိုဒေါင်ကို နှစ်ပေါင်းများစွာ စီမံလာသူဖြစ်၍ ဘယ်ပိတ်စက ဘာအတွက် သုံးလျှင် ကောင်းမလဲ ဆိုတာကို အသိဆုံး ဖြစ်သည်။
မူလကတော့ ဒီပိတ်စကို ယူလာဖို့ မစဉ်းစားခဲ့ပေ။ ပန်းထိုးဌာနက အရှင်မင်းကြီးအတွက် ညအိပ်အတွင်းဝတ်ရုံ ချုပ်သည့်အခါ ဤပိုးသားကို တစ်ခါမှ မရွေးချယ်ခဲ့ဖူးသောကြောင့်ပင်။ သို့သော် လင်တာရင်က ရေလဲ့ပိုးသားကို ရွေးမည်ဆိုကတည်းက သည်ပိုးသားကိုလည်း စိတ်ဝင်စားလောက်တယ်ဟု တွေးမိပြီး ယူလာခဲ့ခြင်းပင်။
မထင်မှတ်ဘဲ နှစ်ယောက်သားမှာ အတွေးချင်း တူနေကြ၏။
လင်ဝမ်ယိက အဘိုးအိမ်တော်မှာ နေစဉ်တုန်း ဤပိုးသားမျိုးကို မြင်ဖူးသည်။
အဘွားကလည်း အပ်ချုပ် ပန်းထိုး ကျွမ်းကျင်သူ တစ်ဦး ဖြစ်၍ ဒီပိုးသားဟာ ရေလဲ့ပိုးသား၏ အစားထိုးပစ္စည်း ဖြစ်ကြောင်း သူမကို ပြောပြဖူးသည်။
သာမန်လူတန်းစားများက ရေလဲ့ပိုးသားကို မဝယ်နိုင်သည့်အခါ ဤပိုးသားကို အစားထိုး သုံးစွဲကြသည်။ အရည်အသွေးကတော့ ရေလဲ့ပိုးသားကို မမီသော်လည်း သိပ်ပြီး မကွာလှပေ။