အဘွားရဲ့ တပည့်ရင်း
Vol. 3 Ch. 27
သူမ နန်းတော်ထဲတွင်လည်း ဤကဲ့သို့သော ပိတ်စမျိုး ရှိနေလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။
သူမသည် သံသယ တစ်ဝက်ဖြင့် မေးလိုက်မိသည်။
"ဖန့်မားမား... ဒီပိတ်စက တခြားလူတွေအတွက် ပြင်ဆင်ထားတာတော့ မဟုတ်ပါဘူးနော်..."
တခြားလူတွေ ဆိုသည်မှာ အစေခံများကို ဆိုလိုခြင်းပင်။ သူမ အကြောက်ဆုံးက အစေခံတွေ သုံးဖို့ ထားသည့် ပိတ်စကို ယူသုံးပြီး အရှင်မင်းကြီးအတွက် ညဝတ်အင်္ကျီ ချုပ်ပေးသည်ဟု အပြောခံရပြီး အပြစ်ရှာခံရမှာကိုပင်။ ထိုသို့သာဆုလျှင် သူမမှာ နေ့တစ်ဝက်မကူးခင်မှာပင် အအေးနန်းဆောင်ကို ရောက်သွားရပေလိမ့်မည်။
သူမ နန်းတွင်း ဝင်လာသည်မှာ အအေးနန်းဆောင်ကို သွားဖို့ မဟုတ်။ ထို့ကြောင့် ကိစ္စတိုင်းကို ဂရုစိုက်ရမည်။
ဖန့်မားမားက ပြုံးလိုက်သည်။ သူမက အတွေ့အကြုံများများရှိသည့် လူတစ်ယောက်ဖြစ်လေတော့ ထိုစကား၏ အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွား၏
"သခင်မလေး စိတ်ချပါ... ဒီနေ့ ကျွန်မ ယူလာသမျှ ပိတ်စအားလုံးဟာ တော်ဝင်မျိုးနွယ်တွေ သုံးဖို့ သီးသန့်ပါ... ဒီပိုးသားကလည်း အခွန်ဆက်သလာတဲ့ ပစ္စည်းပါပဲ... ပိတ်စတွေ အများကြီးထဲမှာမို့ သိပ်မထင်ရှားတာပဲ ရှိတာပါ..."
ထို စကားကိုကြားလိုက်ရမှ လင်ဝမ်ယိ စိတ်အေးသွားရသည်။
စဉ်းစားကြည့်ရင်လည်း ဟုတ်တော့ဟုတ်သား… ပိုးထည်ဂိုဒေါင်မှူး တစ်ယောက်အနေနဲ့ အစေခံတွေသုံးတဲ့ ပိတ်စကို ယူလာပြီး ကိုယ့်သေတွင်း ကိုယ်တူးပါ့မလား…။
"ဖန့်မားမား ဒီလိုပြောမှပဲ ကျွန်မ စိတ်အေးသွားတော့တယ်..."
ထို့နောက် ဖန့်မားမားက ထိုပိတ်စနှင့် လိုက်ဖက်မည့် ပိုးချည်မျှင် တစ်ထပ်ကို ထုတ်ပေးလာသည်။ ကန်ပြာရောင်၊ မိုးပြာရောင် စသည့် အရောင်နုလေးများ ဖြစ်ပြီး ထိုပိတ်စနှင့် တွဲဖက်လိုက်လျှင် အလွန် လိုက်ဖက်ညီလှသည်။ တဆက်တည်းမှာပင် စာရွက်တစ်ရွက်ကိုလည်း ထုတ်ပေးလာ၏။
"ဒါက အရှင်မင်းကြီးရဲ့ ညအိပ်အတွင်းဝတ်ရုံ အတိုင်းအတာပါ... ဒီအစေခံ မလာခင်တုန်းက ပန်းထိုးဌာနကို ဝင်ပြီး အထူးတလည် တောင်းလာခဲ့တာပါ... သခင်မလေး လိုမယ် ထင်လို့..."
လင်ဝမ်ယိ တစ်ယောက် နန်းတော်ထဲက လူတွေအပေါ် အမြင်ပိုကြည်သွားတော့လေပြီ။
လူတိုင်းက ဉာဏ်ရည်ထက်မြက်ပြီး ပါးနပ်ကြသည်။ ပိတ်စလေးသာ တောင်းလိုက်သော်လည်း လိုလေသေးမရှိ အကုန် ယူလာပေးကြသည်။
တစ်ခုချင်းစီက အသုံးဝင်ရုံသာမက တွဲဖက်ထားသည်မှာလည်း အလွန် လိုက်ဖက်လေ၏။
"ဖန့်မားမားက တကယ် စေ့စပ်သေချာတာပဲ... ကျေးဇူးပါပဲရှင်..."
"သခင်မလေးက ယဉ်ကျေးလွန်းပါပြီ... ကျွန်မက နန်းတွင်း မဝင်ခင်တုန်းက ယွင်ရှို့ပန်းထိုးဆိုင်မှာ နေခဲ့ဖူးပါတယ်.. ဒါကြောင့် သခင်မလေးနဲ့ ရေစက် ပါတယ်လို့ ဆိုရမယ်..."
ယွင်ရှို့ပန်းထိုးဆိုင် ဆိုသည်မှာ လင်ဝမ်ယိ၏ အဘိုးအိမ်တော် ပိုင်ဆိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်သည်။
ယွင်ရှို့ပန်းထိုးဆိုင်မှာ မြို့တော် ရှန်းကျင်းနှင့် ကျန်းနန်ဒေသ တကြောလုံးတွင် အလွန် နာမည်ကျော်ကြားသည်။ ထိုဆိုင်က ထွက်လာသည့် ပန်းထိုးပညာရှင်တွေဆိုလျှင် တစ်ယောက်ဆို တစ်ယောက် ထိပ်တန်းအဆင့်တွေချည်းပေမို့ နန်းတော်ထဲ ရောက်လာတာ မဆန်းတော့ပေ။
သို့သော် လင်ဝမ်ယိသည် ဤကဲ့သို့နန်းတော်ထဲတွင် အသိများနှင့် လာတွေ့ရမည်ဟု တစ်ခါမှမထင်ထားခဲ့ပေ။
ထို့ကြောင့် သူမ အလွန် အံ့ဩဝမ်းသာ ဖြစ်သွားမိသည်။
"ဖန့်မားမားက ယွင်ရှို့ဆိုင်က ထွက်လာတာကိုး... တကယ့်ကို မထင်မှတ်ဘဲ ဆုံရတာပါပဲ..."
နှစ်ယောက်လုံးက စကားကို ရှင်းရှင်းလင်းလင်း မပြောကြသော်လည်း အဓိပ္ပါယ်ကိုတော့ နားလည်ကြသည်။
ပိုးထည်ဂိုဒေါင်က နန်းတော်ထဲမှာ အရေးပါသည့် နေရာမဟုတ်သော်လည်း နန်းတော်ထဲတွင် ကိုယ့်လူတစ်ယောက် ရှိနေခြင်းက လင်ဝမ်ယိအတွက် ကောင်းမွန်သည့် အရာတစ်ခုပင်။
ချွမ်ချီက အကင်းပါးသူပီပီ အခြားလူများကို ထွက်သွားခိုင်းလိုက်ပြီး သူမ၏ သခင်မလေးနှင့် ဖန့်မားမား တို့ကို အေးအေးဆေးဆေး စကားပြောနိုင်ဖို့ လုပ်ပေးလိုက်သည်။
အပြင်လူတွေကတော့ ယွင်ရှို့ပန်းထိုးဆိုင်ဟာ သုန်အိမ်ေတာ်က ပိုင်တယ်လို့ပဲ သိထားကြသော်လည်း အမှန်မှာမူ ၎င်းသည် သူမ၏ အဘွားဖြစ်သူ သခင်မတု၏ မိဘတွေ ချန်ထားခဲ့သည့် အမွေဖြစ်၏။ မူလက အရှုံးပေါ်လုနီးပါး ဖြစ်နေသည့် လုပ်ငန်းကို သူမ အဘွားက ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ အမေ့လက်ထက် ရောက်တော့ ပိုလို့တောင် တိုးတက်လာခဲ့တော့သည်။
ထိုကြောင့် သခင်မသုန်က အမတ်ချုပ်အိမ်တော်၏ သခင်မဖြစ်နေသော်လည်း အမှန်တကယ်မှာတော့ ယွင်ရှို့ပန်းထိုးဆိုင်၏ ပိုင်ရှင်မှာ သူမ၏ အဘွား ဖြစ်နေဆဲပင်။
ထိုအကြောင်းကို အိမ်တော်နှင့် ရင်းနှီးသူများလောက်သာ သိကြသည်။
"ဖန့်မားမားရဲ့ ဆရာက ဘယ်သူလဲမသိဘူး... ပြီးတော့ မျိုးနွယ်ကလဲဟင်..."
"ကျွန်မရဲ့ ဆရာက ဆရာမတုနျန်ဇစ်ပါ.. လျိုမျိုးနွယ်ကပါ..."
လျိုမျိုးနွယ်။ တုနျန်ဇစ်။
ဒီ ဖန့်မားမားက တကယ်ပဲ...
"ဖန့်မားမားက အဘွားရဲ့ တပည့်ရင်း ဖြစ်နေတာကိုး..."
ဖန့်မားမား မျက်လုံးထဲတွင် အပြုံးရိပ်များ ယှက်သန်းသွားပြီး… လင်ဝမ်ယိကို ကြည့်သည့် အကြည့်များက ပို၍ ကြင်နာလာသည်။
ထို့နောက် သူမက တည်ငြိမ်စွာဖြင့် ကြေးပြားပန်းထိုးထားသည့် ကြယ်သီးကွင်း တစ်ခုကို လင်ဝမ်ယိအား ကမ်းပေးလိုက်သည်။
ဤပစ္စည်း၏ အကြောင်းကို အဘွားက သူမကို သင်ပေးဖူးသည်။ အပြင်လူသိပ်မသိသောအရာပင်။
ထိုပစ္စည်း သူမတွင်ရှိနေသည်ဆိုကတည်းက ကြည့်ရသည်မှာ သူမက အဖွားနှင့် အတော်လေး ရင်းနှီးပုံရသည်။
"သခင်မလေးက ကျွန်မကို မြှောက်လွန်းနေပါပြီ... ဆရာမက အကုန်လုံး သင်ကြားပေးခဲ့လို့သာ ကျွန်မ နန်းတွင်း ရွေးချယ်ပွဲမှာ ပထမ ရခဲ့တာပါ... ယွင်ရှို့ပန်းထိုးဆိုင်အတွက်လည်း မျက်နှာပန်း လှခဲ့ရတာပါ... ဒါပေမယ့် နောက်ပိုင်းမှာတော့... ကျွန်မ ဆရာမကို ကျေးဇူးကန်းမိသလို ဖြစ်သွားခဲ့ရတယ်..."
ဖန့်မားမားက အကြောင်းရင်းကို ထုတ်မပြောသော်လည်း လင်ဝမ်ယိ သိလိုက်သည်။ သူတစ်ပါး လုပ်ကြံခံလိုက်ရတာပင် ဖြစ်မည်။
မဟုတ်လျှင် ဖန့်မားမားလောက် အရည်အချင်း ရှိသည့်သူက ဤကဲ့သို့ ပိုးထည်ဂိုဒေါင်လေးထဲမှာ ဂိုဒေါင်မှူး လာလုပ်နေမည်လော။ ပန်းထိုးဌာန၏ ထိပ်သီး ပန်းထိုးပညာရှင်ပင် ဖြစ်နေလောက်ပြီ။
သို့သော် ဖန့်မားမားက ထိုအကြောင်း မပြောပြချင်မှန်း သိသာနေသဖြင့် လင်ဝမ်ယိလည်း ဆက်မမေးတော့ပေ။
"ဒါဆို ဖန့်မားမား ဒီကို ရောက်လာတာ... အဘွားပြောလို့လား..."
"သခင်မလေးက ဆရာမ ပြောတဲ့အတိုင်း ဉာဏ်ကောင်းတာပါလား... လွန်ခဲ့တဲ့ လဝက်လောက်က ကျွန်မ ပိတ်စ ဝယ်ထွက်ရင်း ဆရာမက ဖိတ်လို့ သွားတွေ့ခဲ့ပါတယ်... အဲဒီတော့မှ သခင်မလေး နန်းတွင်း ဝင်သွားပြီ ဆိုတာ သိလိုက်ရတယ်... ဒါကြောင့် ကူညီနိုင်တဲ့ နေရာ ရှိရင် ဝိုင်းကူညီပေးပါလို့ ဆရာမက အထပ်ထပ် မှာလိုက်ပါတယ်..."
အဘိုးအိမ်ကို သတိရမိပြီး လင်ဝမ်ယိ ရင်ထဲ နွေးထွေးသွားသည်။
"အဘွားက အရင်လိုပဲ ကျွန်မကို ချစ်တုန်းပါလား... အသက်ကြီးနေပြီကို ကျွန်မအတွက် ပူပင်နေရသေးတယ်... ကျွန်မဖြင့် အားနာလိုက်တာ..."
"သခင်မလေး စိတ်မပူပါနဲ့... ဆရာမရဲ့ ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကလည်း ကောင်းပါတယ်... ကြည့်ရတာ အသက်ရှည်ရှည် နေရမယ့်ပုံပါပဲ... သခင်မလေးအတွက် စိတ်ပူနေတာလေး တစ်ခုပါပဲ... ကျွန်မလည်း သခင်မလေးကို လာတွေ့ဖို့ အခွင့်ကောင်း ရှာနေတာ... မထင်မှတ်ဘဲ ရှောင်လုကျစ်က ပိတ်စ လာရှာတာနဲ့ တိုးတော့ ဒီကို ရောက်လာခဲ့တာပါ... သခင်မလေးနဲ့ တွေ့ချင်နေတာ ကြာပြီလေ..."
ဖန့်မားမားက သူမကို ချစ်ကြင်နာမှုတို့ အပြည့်ဖြင့်ကြည့်နေသည်။
"ကျွန်မက နန်းတွင်းအနောက်ဆောင်မှာ အရေးပါတဲ့သူ မဟုတ်ပေမယ့်… အတွင်းသတင်းတွေကိုတော့ နည်းနည်းပါးပါး သိပါတယ်... သခင်မလေး အနေနဲ့ ကျွန်မကို အားမနာပါနဲ့..."
သူမ နန်းတွင်း ဝင်လာလိုက်တော့ အပြင်မှာ မောင်လေးတစ်ယောက်သာ ကျန်တော့သည်။ သူမ၏ မောင်လေးကလည်း သုန်မိသားစုဆီမှာ အလုပ်လုပ်နေလေ၏။
(T/N ရှုပ်သွားမှာစိုးလို့ ဖန့်မားမားရဲ့မောင်လေးပါနော်)
ဤနှစ်များအတွင်း သုန်သခင်ကြီး၏ ကူညီမှုကြောင့် သူမ၏ မောင်လေးလည်း အိမ်ထောင်ကျကာ သားသမီးတွေ ရနေပြီး ကိုယ်ပိုင် စီးပွားရေးနှင့် အခြေကျနေလေပြီ။
ထို့ကြောင့် သူမဟာ ဆရာတပည့်သံယောဇဉ်ေကြာင့်ပင် ဖြစ်စေ။ မောင်လေး၏ ရှေ့ရေးကြောင့်ပင်ဖြစ်စေ လင်ဝမ်ယိကို စိတ်ရင်းမှန်နှင့် ကူညီပေးမှာ အသေအချာပါပင်။
လင်ဝမ်ယိကလည်း ပြုံးရွှင်စွာဖြင့် ပြန်ပြောသည်။
"ဖန့်မားမား ဒီလိုပြောတော့လည်း ကျွန်မ အားမနာတော့ပါဘူး... နန်းတော်ထဲမှာက စည်ကားတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ အထီးကျန်စရာပါ... မားမားရဲ့ စကားကြားရတော့ ကျွန်မ စိတ်ထဲ အများကြီး သက်သာသွားတယ်..."
ဖန့်မားမားက အပေါ်ယံသာ စကားကောင်း ပြောတတ်သူ မဟုတ်… သူမအတွက် စိတ်ရင်းစေတနာကသာ အဓိက ဖြစ်၏။
နှစ်ယောက်သားမှာ ယွင်ရှို့ပန်းထိုးဆိုင် အကြောင်း ခေါင်းစဉ်တပ်ပြီး အချိန်တော်တော်ကြာအောင် စကားပြောဖြစ်ခဲ့ကြသည်။
နန်းတွင်း စည်းမျဉ်းတွေသာ မရှိလျှင် လင်ဝမ်ယိ တစ်ယောက် ဖန့်မားမားကို ညစာပါ စားသွားဖို့ ဖိတ်ခေါ်မိဦးမည်။
ရှောင်လုကျစ်က ဖန့်မားမားကို ရိုရိုသေသေ လိုက်ပို့ပြီး ပြန်လာမှ ချွမ်ချီနှင့် ရှအန်းတို့ သူမ အနားကပ်လာကြသည်။
"သခင်မလေး... ဒီ ဖန့်မားမားက ဘယ်ကလဲဟင်... သခင်မလေးနဲ့ စကားပြောတာ တော်တော် ကြာတယ်နော်..."
"သူကလည်း သုန်မိသားစု ဘက်ကပဲ..."
သုန်မိသားစု။။
ထိုနာမည်ကို ကြားလိုက်သည်နှင့် ချွမ်ချီရော ရှအန်းပါ အံ့ဩသွားကြသည်။
"သခင်ကြီးက တကယ် စွမ်းတာပဲ... နန်းတော်ထဲထိတောင် လူထည့်ထားနိုင်တယ်..."
လင်ဝမ်ယိ ရယ်လိုက်မိသည်။
"နင်ကလည်း... ဒါက အရင်က ရေစက်ဟောင်းတွေပါ... အဖိုးသာ အဲဒီလောက် စွမ်းရင် အခုလောက်ဆို တော်ဝင်ကုန်သည် ဖြစ်နေလောက်ပြီပေါ့..."
ချွမ်ချီက နှုတ်ခမ်းဆူလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမ မျက်လုံးထဲမှာတော့ သုန်သခင်ကြီးက အတော်ဆုံးပဲ…။ အမတ်ချုပ်အိမ်တော်က လူတွေ အကုန်လုံးထက် ပိုတော်တယ်…။
ရှအန်းကတော့ လင်ဝမ်ယိအတွက် စိတ်ရင်းမှန်နှင့် ဝမ်းသာပေးသည်။
"ဒီ ဖန့်မားမား ရှိနေရင် နောက်ဆို ကျွန်မတို့ ပိတ်စတွေအတွက် မပူရတော့ဘူး…”
ထိုစကားကို ကြားတော့ သုံးယောက်သား ပြိုင်တူ ရယ်မောလိုက်ကြသည်။
အမှန်ပင်…တခြားဟာတွေတော့ မသေချာပေမဲ့ ပိတ်စကောင်းတွေကတော့ မရှားတော့မှာ အသေအချာပါပဲ။
"တညနေလုံး ရှုပ်ယှက်ခတ်နေတာ ဗိုက်တောင် ဆာလာပြီ... ရှအန်း... နင် ပိတ်စတွေနဲ့ ပိုးချည်တွေကို သေချာ သိမ်းထားလိုက်... မနက်ဖြန်ကျမှ ငါ စချုပ်တော့မယ်..."
"ဟုတ်ကဲ့ပါ သခင်မလေး..."
ရှအန်းက ပစ္စည်းတွေ ယူပြီး ထွက်သွားတော့မှ… လင်ဝမ်ယိက ချွမ်ချီဘက် လှည့်မေးလိုက်သည်။
"ဒီည ညစာ ဘာစားမလဲ..."
***