အတွင်းဝတ်ရုံ ပန်းထိုးခြင်း
Vol. 3 Ch. 28
မည်သည့်အချိန်တွင်မဆို အစားအသောက်ကသာ အရေးအကြီးဆုံးဖြစ်၏။
ဤသည်မှာ လင်ဝမ်ယိ နှစ်ပေါင်းများစွာ မွေးမြူထားခဲ့သော အကျင့်စရိုက်တစ်ခုပင်။
ချွမ်ချီသည် သူမ၏ သခင်မလေးက အစားစားရသည်ကို နှစ်သက်ကြောင်း သိထားသဖြင့် လက်ချောင်းလေးများကို ချိုးကာရေတွက်ရင်း ချက်ချင်းပင် ပြောလာသည်။
"တော်ဝင်စားဖိုဆောင်က ဒီနေ့ ကျွဲခေါင်းသီးမှုန့်တွေ လာပို့ထားလို့… ကျွန်မက အဲဒါနဲ့ မုန့်လုပ်ထားတယ်… ခဏနေကျရင် ဆီနဲ့ကြော်ပြီး ပျားရည်လေးနဲ့ တွဲစားလိုက်ရင် ကောင်းနေမှာပဲ… ပြီးတော့ အိုးအသေးလေးထဲမှာ ဝက်လက်တစ်ဝက်လောက်ကိုလည်း ပေါင်းထားတယ် ကျွန်မ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ထားတော့ ဟင်းရည်က နို့နှစ်ရောင်လေးတောင် သန်းနေပြီ… သခင်မလေးက နန်းတွင်းရောက်ကတည်းက ပင်ပန်းနေရတာဆိုတော့ ဟင်းရည်ပူပူလေး သောက်ပြီး အားဖြည့်မှဖြစ်မယ် အရေးအကြီးဆုံးကတော့ ဒီနေ့ ကျွန်မ အချဉ်ရည်စပ်စပ်လေး လုပ်ထားတယ် ဝက်လက်ပေါင်းကို အဲ့ဒီအချဉ်ရည်လေးနဲ့တို့စားရင် အီတာလည်းပြေမယ် အရသာလည်း ပိုရှိသွားမှာ"
လင်ဝမ်ယိမှာ နားထောင်ရုံဖြင့် ဗိုက်ထဲမှ တဂွီဂွီပင်မြည်လာတော့သည်။
နန်းတော်ထဲတွင် အခြားလုပ်စရာ ကိစ္စကြီးကြီးမားမား မရှိသောကြောင့် ချွမ်ချီတစ်ယောက် ဟင်းချက်နည်းများအသစ်များ ချက်ကြည့်ရင်း လက်ရာပိုကောင်းလာတော့မည်ပင်။
"နင်သာ နန်းတော်အပြင်မှာ စားသောက်ဆိုင်ဖွင့်ရင် ပိုက်ဆံတွေ အများကြီးရပြီး သူဌေးဖြစ်လာမှာ"
လင်ဝမ်ယိက နောက်လိုက်သော်လည်း ချွမ်ချီကမူ ဂရုမစိုက်ပေ။
"ကျွန်မ နန်းတော်အပြင် မထွက်ချင်ပါဘူးနော်…ကျွန်မက သခင်မလေး အနားမှာပဲ တစ်သက်လုံး နေသွားမှာ"
"ကောင်မလေး နင် အိမ်ထောင်ပြုရင်ရော ငါ့နားမှာ နေ့တိုင်း လာနေလို့ ဖြစ်ပါ့မလား နင့်ခင်ပွန်းနဲ့ ကလေးတွေကိုကျ ဘယ်လိုလုပ်မလဲ"
"သခင်မလေးနော်…”
ချွမ်ချီမှာ အသက် သိပ်မကြီးသေးသူပီပီ ရုတ်တရက် ဤကိစ္စကို ထည့်ပြောလာသောအခါ ရှက်သွေးဖြာသွားသည်။
ထို့ကြောင့် သူမက ခြေဆောင့်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
လင်ဝမ်ယိသည် ဘေးနားရှိ ရေနွေးခွက်ကို ယူသောက်လိုက်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။
သူမ၏ အနိမ့်အမြင့်၊ အချိုးအကွေ့ပေါင်းစုံနှင့် တစ်နေ့တာလေး ကုန်ဆုံးသွားခဲ့လေပြီ။
ရှအန်းသည် သူမ၏ သခင်မလေး စိတ်အခြေအနေမှာ အခုတလော တက်ကြွလိုက်၊ တစ်ခါတစ်ရံ မှိုင်တွေလိုက် ဖြစ်နေသည်ကို သတိထားမိနေသဖြင့် ယခုလို စိတ်လက်ပေါ့ပါးသွားသည်ကို တွေ့လိုက်ရသော် သူမဝမ်းသာမိသွား၏။
ထို့ကြောင့် သူမက ဘေးနားမှနေ၍ ငြိမ်ငြိမ်လေးပင် ပြုစုပေးနေလိုက်သည်။
သူတို့သုံးယောက်သားမှာ ညစာစားပြီးနောက် သိပ်မကြာခင်မှာပင် အိပ်ရာဝင်ခဲ့ကြသည်။
နောက်ပိုင်းရက်များတွင် လင်ဝမ်ယိ၏ နေ့ရက်များသည် ယခင်ကထက် ပိုမို လွတ်လပ်ပေါ့ပါးလာခဲ့သည်။
ကွေ့ဖေးမယ်မယ်က ဝင်ရကူညီပေးလိုက်သဖြင့် လူတိုင်းက အလိုက်တသိပင် သူမကို ရှိန်သွားကြတာကြောင့် ဖြစ်နိုင်သည်။ သူမကို ပြဿနာရှာမည့်သူများ နည်းပါးသွားသဖြင့် သူမ၏ နန်းဆောင်လေးမှာ အေးချမ်းဆိတ်ငြိမ်သွားလေ၏။
သို့သော် တိတ်ဆိတ်သွားသည်ဆိုသော်လည်း အားလပ်နေသည်တော့မဟုတ်ချေ။
အရှင်မင်းကြီးအတွက် အတွင်းဝတ်ရုံပန်းထိုးခြင်းက လင်ဝမ်ယိ လက်ရှိ လုပ်ရမည့် ထိပ်တန်း ဦးစားပေး အလုပ်ပင် ဖြစ်သည်။
သူမ၏ ပန်းထိုးလက်ရာမှာ သူမအမေ ကိုယ်တိုင် သင်ကြားပေးထားခြင်းဖြစ်၍ ပန်းထိုးခြင်းက ပြဿနာမရှိ။
အိမ်မှာ နေခဲ့တုန်းကလည်း ဖခင်၊ အစ်ကိုနှင့် မောင်လေးတို့အတွက် အဝတ်အစားများ၊ ခြေအိတ်များကို ကိုယ်တိုင် ချုပ်ပေးခဲ့ဖူးသဖြင့် အထည်ဖြတ်ခြင်းကလည်း သူမအတွက် အခက်အခဲ မရှိပေ။
သို့သော် ဤအတွင်းဝတ်ရုံမှာ တစ်မိုးအောက်ရှိ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်အတွက်ဖြစ်သဖြင့် နည်းနည်းလေးပင် မှား၍မဖြစ်ချေ။
ဤအချက်တစ်ခုတည်းနှင့်ပင် လင်ဝမ်ယိမှာ အားကုန်စိုက်ကာ ကြိုးစားရလေတော့သည်။
လက်ရှိဝတ်နေသည့် အတွင်းဝတ်ရုံက မျက်စိကျိန်းလွန်းသည်ဟု အရှင်မင်းကြီး ပြောဖူးသည်ကို သူမ မှတ်မိလေ၏။ ထိုသို့ မျက်စိကျိန်းရသည့် အဓိကအကြောင်းအရင်းမှာ အဝါရောင်တောက်တောက် ပိုးသားပေါ်တွင် တစ်ထပ် ထပ်ပြီး ရွှေချည်မျှင်များနှင့် ပုလဲရောင်ချည်မျှင်များကို ရောစပ်ကာ နဂါးပုံ ထိုးထားသောကြောင့်ပင်။
မြင့်မြတ်သည်ကတော့ မြင့်မြတ်ပါ၏။ သို့သော် တောက်ပလွန်း၍ မျက်စိကျိန်းနေရခြင်းပေ။
ထို့ကြောင့် သူမ ယခု ရွေးချယ်လိုက်သော ပိုးသားနှင့် ချည်များမှာ အရောင်နုပြီး ရှင်းသန့်ရိုးစင်းသည်။
လင်ဝမ်ယိတစ်ေယာက် စဉ်းစားလိုက် တွေးလိုက်နှင့် နောက်ဆုံးတွင် တိမ်ကွက်ပုံစံ ပန်းထိုးဖို့ ဆုံးဖြတ်လိုက်သည်။
တိမ်ကွက်ပုံစံမှာ ပန်းထိုးရ လွယ်ကူသော်လည်း လင်ဝမ်ယိက ထိုအထဲတွင် သူမ၏ စိတ်ကူးလေးများကို ထည့်ထားသည်။
အပေါ်ယံကြည့်လျှင် အခြားသော တိမ်ကွက်များနှင့် မထူးခြားသော်လည်း သေချာ ဂရုစိုက်ကြည့်မည်ဆိုပါက ထိုအထဲတွင် နဂါးကိုယ်ထည်ကို ဝှက်ထားသည်ကို တွေ့မြင်နိုင်မည်။
နဂါးဟူသည် ကိုယ်လုံးကိုယ်ထည် မထင်ရှားဘဲ လျှို့ဝှက်ဆန်းကြယ်စွာ တည်ရှိတတ်စမြဲမို့ နဂါးက တိမ်တိုက်များကြားတွင် ပုန်းအောင်းနေသည့်ပုံစံဖော်ဖို့ သူမ တွေးလိုက်မိတာပင်။
ထိုအချက်က ဧကရာဇ်မင်းတစ်ပါး၏ အတွင်းဝတ်ရုံပုံစံနှင့်လည်း ကိုက်ညီသည်။
ပိုးသားပေါ်တွင် နဂါးကိုယ်ထည်မှာ ရှိသလိုလို မရှိသလိုလိုနှင့် တိမ်တိုက်များကြား ဖြတ်သန်းသွားလာနေသည့်ပုံ ဖြစ်ရမည်။
ထို့ကြောင့် သူမမှာ အပ်တစ်ချက်မထိုးခင်တိုင်း နောက်ဆုံးထွက်လာမည့် ပုံစံကို သေချာပုံဖော်ရသည်။
ထို့ကြောင့်လည်း လင်ဝမ်ယိ တစ်ယောက် ချည်ကြိုးကို ဖြည်လိုက် ထိုးလိုက်နှင့် အချိန်ကြာနေရတာ ဖြစ်၏။
ဘေးနားမှ ကြည့်နေသော ချွမ်ချီပင် မနေနိုင်တော့ဘဲ ဝင်ပြောမိသည်အထိပင်။
"ကျွန်မ သခင်မလေးကို ပြုစုလာတာ ဒီလောက်ကြာပြီ အခုလိုမျိုး နှေးနေတာကို ပထမဆုံး မြင်ဖူးတာပဲ သခင်မကြီး ပြောသလို နှေးနှေးလုပ်မှ တိကျသေသပ်တဲ့ လက်ရာကောင်း ထွက်တယ်ဆိုတာ တကယ်မှန်တာပဲနော်"
ပုံမှန်ဆိုလျှင် အင်္ကျီလက်အနားနှင့် အနားကွပ်များသာ ပန်းထိုးရသည့် အတွင်းဝတ်ရုံမျိုး မဆိုနှင့်…အပြင်ဝတ်ရုံနှင့် ဝတ်ရုံရှည်များကိုပင် လင်ဝမ်ယိက အလွန်ဆုံး လဝက်အတွင်း အပြီးချုပ်နိုင်သူဖြစ်၏။
သို့သော် ယခု အတွင်းဝတ်ရုံမှာမူ ဟိုထိုးလိုက် ဒီချုပ်လိုက်နှင့် လေးငါးရက် ရှိနေပြီဖြစ်သော်လည်း လက်တစ်ဖက်စာသာ ပြီးသေးသည်။
သို့သော် ဖြည်းဖြည်းချင်းလုပ်သည်ကလည်း သူ့အကျိုးနှင့်သူ ရှိပေသည်။
ချွမ်ချီက အထည်ကို ကိုင်ကာ ဘယ်ကြည့်ညာကြည့်ရင်း ပါးစပ်မှလည်း တတွတ်တွတ် ချီးမွမ်းနေတော့၏။
"သခင်မလေး အခုလို ကြိုးစားနေတာကို သခင်မကြီးသာ မြင်ရင် သေချာပေါက် ပျော်နေမှာပဲ… ကျွန်မဖြင့် ဒီလောက်လှတဲ့ ပန်းထိုးလက်ရာမျိုး တစ်ခါမှ မမြင်ဖူးဘူး"
ရှအန်းကလည်း ဘေးနားမှနေ၍ အပ်ပေါက်ထိုးပေးရင်း ဝင်ချီးမွမ်းသည်။
"ဟုတ်တယ် ဟုတ်တယ် ကျွန်မလည်း အရမ်းလှတယ်လို့ ထင်တယ် ပြီးတော့ သက်တောင့်သက်သာလည်း ရှိမယ့်ပုံပဲ"
လင်ဝမ်ယိ သုံးထားသော ချည်အရောင်များမှာ ဖျော့တော့နူးညံ့သော်လည်း အလွှာလိုက် အရောင်ကွဲ၏။
အရေးအကြီးဆုံးအချက်မှာ သူမသည် ပန်းမထိုးမီ ချည်များကို စန္ဒကူးနံ့သာဖြင့် ပေါင်းတင်ထား၏။ ထို့ကြောင့် လက်အနားမှ သင်းပျပျ မွှေးရနံ့လေး ရနေသည်။
သို့သော် ဖျော့ဖျော့လေးသာဖြစ်၍ ပုံမှန်ဆိုလျှင် သတိထားမိမည်မဟုတ်ပေ။
သို့သော် ဤကဲ့သို့သော ရနံ့မျိုးက ဝတ်ဆင်သူကို စိတ်လက်ပေါ့ပါးကာ သက်တောင့်သက်သာ ဖြစ်စေနိုင်သည်။
ထိုည အိပ်ဆောင်ဝင်တုန်းက အရှင်မင်းကြီးတစ်ယောက် မျက်မှောင်ကြုပ်ရင်း အိပ်ပျော်နေသည်ကို သတိရလိုက်၍ သူမ ထိုနည်းလမ်းကို သုံးလိုက်တာဖြစ်၏။
"ဒီလက်အနားက နမူနာပုံဖော်တာဆိုတော့ ကြာနေတာ ကျန်တဲ့နေရာတွေက လွယ်ပါတယ်"
လင်ဝမ်ယိက ရှင်းပြသည်။
လက်အနားကို ပုံဖော်ပြီးသွားပြီဖြစ်၍ ကျန်သည့်အပိုင်းများမှာ မြန်သွားပြီပင်။
နောက်ထပ် နှစ်ရက် သုံးရက်ဆိုလျှင် အကုန်ပြီးသွားတော့မည်ပေ။ သို့သော် ဝတ်ရုံကို သူမ အရှင်မင်းကြီးဆီ ဘယ်လိုပို့ပေးရမည်နည်း။
အိပ်ဆောင်ဝင်ရတဲ့အချိန်ကျ တခါတည်းယူသွားရမလား။
ဒါမှမဟုတ် လူကြုံနဲ့ သီးသန့်ပို့လိုက်ရမလား…။
ဘယ်နည်းလမ်းကမျှ မကောင်းဟု သူမခံစားနေရသည်။
သူမ၏ လက်ရှိအခြေအနေအရ လူအများသတိထားမိသွားလျှင် သိပ်မအဆင်ပြေလှ။
သူမတွေးနေချိန်မှာပင် ရှောင်လုကျစ်က အပြင်ဘက်မှ အပြေးရောက်လာပြီး အမောတကောနှင့် ပြောသည်။
"သခင်မလေး သုန်ကုန်းကုန်း ရောက်လာပါတယ်"
ဟင်…။
သုန်ကုန်းကုန်းက ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ…။
သူမ စိတ်ထဲတွင် တွေးလိုက်သော်လည်း အပြင်ပန်းတွင်မူ ရှောင်လုကျစ်ကို အမြန် ပြောလိုက်သည်။
"ဝင်လာခိုင်းလိုက်…"
ချွမ်ချီနှင့် ရှအန်းတို့လည်း သုန်ကုန်းကုန်းက အရှင်မင်းကြီး၏ အပါးတော်မြဲမှန်း သိထားသဖြင့် ဧည့်ခံရန် လက်ဖက်ရည်ဖျော်သူကဖျော်၊ ထိုင်ခုံယူသူကယူနှင့် အလုပ်ရှုပ်သွားကြသည်။
သုန်ယွီကျုံးက ဝင်လာသည်နှင့် လင်ဝမ်ယိတစ်ယောက် လက်ထဲတွင် အတွင်းဝတ်ရုံကို ကိုင်လျက် ပန်းထိုးနေသည်ကို တွေ့လိုက်ရသည်။
သူက မျက်လုံးမှေးသည်အထိ ပြုံးလိုက်ရင်း ဆိုသည်။
"အရှင်မင်းကြီးနဲ့ သခင်မလေးက တကယ်ကို စိတ်ချင်းဆက်နေကြတာပါလား… မနေ့ကတောင် အရှင်မင်းကြီးက သခင်မလေးရဲ့ အတွင်းဝတ်ရုံ ပြီးမပြီး လာမေးကြည့်ပါဦးဆိုပြီး ဒီအစေခံကို မှာလိုက်သေးတယ်"
လင်ဝမ်ယိ ဝမ်းသာသွားသည်။ အဲဒီလိုသာဆိုလျှင် သူမလည်း အလုပ်ရှုပ် သက်သာသွားပြီပင်။
ထို့ကြောင့် သူမက လက်ထဲမှ အပ်ချည်ကို ချလိုက်ပြီး သုန်ယွီကျုံးကို ယဉ်ယဉ်ကျေးကျေးဖြင့် ပြောလိုက်သည်။
"သုန်ကုန်းကုန်း လာတာ အချိန်ကိုက်ပါပဲ…ဒီအတွင်းဝတ်ရုံက နောက်ထပ် သုံးရက်ဆိုရင် ပြီးပြီ… အဲ့ဒီကျရင် ကျွန်မ လူလွှတ်ပြီး လာပို့ခိုင်းလိုက်ရမလား… ဒါမှမဟုတ်"
လင်ဝမ်ယိက စကားကို ဆုံးအောင် မပြောလိုက်သော်လည်း သုန်ယွီကျုံးလို လူမျိုးက လင်ဝမ်ယိ မည်သည်ကို စိုးရိမ်နေမှန်း မသိဘဲ နေမည်လော။
ထို့ကြောင့် သူက ချက်ချင်းပြန်ပြောလိုက်သည်။
"သခင်မလေးရဲ့ လူတွေကို ဒုက္ခမပေးတော့ပါဘူး… အဲ့ဒီကျရင် ဒီအစေခံက ချိုးမင်ကို လာယူခိုင်းလိုက်ပါ့မယ်"
"သုန်ကုန်းကုန်းက တကယ်ကို အရာရာမှာ စေ့စပ်သေချာတာပါပဲ… ဒီလိုဆိုတော့ အဆင်ပြေသွားတာပေါ့"
အတွင်းဝတ်ရုံ ကိစ္စပြီးသွားသဖြင့် လင်ဝမ်ယိက ဆက်မေးလိုက်သည်။
"ဒါဖြင့် သုန်ကုန်းကုန်း ဒီကို ရောက်လာတာ ဘယ်ကိစ္စများ ရှိလို့ပါလဲ"
"ကြည့်စမ်း ဒီအစေခံ မေ့နေလိုက်တာ… အရှင်မင်းကြီးက အကောင်းစားမှင်တစ်တုံး ရထားလို့ သခင်မလေးကို လာကြည့်ပါဦးဆိုပြီး ဖိတ်ခိုင်းလိုက်တာပါ"
အကောင်းစားမှင်…။
သူ့ကို လာကြည့်ခိုင်းတာလား…။
လင်ဝမ်ယိသည် ထိုအမိန့်တော်ကြောင့် အမှန်ပင် ဦးနှောက်ေခြာက်သွားရ၏။
သူမက အရှင်မင်းကြီးရှေ့တွင် သူမ၏ စာပေစွမ်းရည်များကို တစ်ခါမျှ ထုတ်မပြဖူးပါဘဲနှင့် အဘယ့်ကြောင့် သူမကို လာခေါ်ရသနည်း။
သို့သော်လည်း တကူးတက လူပါလွှတ်ပြီး လာခေါ်သည့်အတွက် သူမအနေဖြင့် ငြင်း၍မရချေ။
ထို့ကြောင့် သူမက အပြုံးလေးတစ်ခုကို ဆင်မြန်းလိုက်ရင်း ပြောလိုက်သည်။
"သုန်ကုန်းကုန်း ခဏလောက် စောင့်ပေးပါဦး ကျွန်မ အဝတ်အစားလဲ ပြင်ဆင်ပြီးတာနဲ့ ချက်ချင်း လိုက်ခဲ့ပါ့မယ်"
"ဟုတ်ကဲ့ပါ ဒီအစေခံ အပြင်ကပဲ စောင့်နေပါ့မယ်"
သူက ပြောပြီးသည်နှင့် ရိုရိုသေသေ နောက်ဆုတ်သွားပြီး ဝင်းထဲတွင် ရပ်စောင့်နေလိုက်သည်။
ရှောင်လုကျစ်က ထိုင်ခုံအဝိုင်းလေး တစ်လုံး ယူလာပေးသော်လည်း သုန်ယွီကျုံးက ငြင်းလိုက်သည်။
"သခင်ရှေ့မှာ အစေခံက ထိုင်ရတယ်ဆိုတဲ့ ထုံးစံ ဘယ်မှာ ရှိလို့လဲ မင်းက ကြိုးကြိုးစားစားလေးတော့ရှိပေမဲ့ စည်းကမ်းတွေကိုတော့ သေချာ ဂရုစိုက် လေ့လာဦးမှ ဖြစ်မယ်"