← Chapters

အရှင်မင်းကြီးကို စာကြည့်ဆောင်တွင် တွေ့ခြင်း

Vol. 3 Ch. 29

အရှင်မင်းကြီးကို စာကြည့်ဆောင်တွင် တွေ့ခြင်း

Vol. 3 Ch. 29

အခြားသူများသာ ဤစကားကို ကြားလိုက်ရလျှင် ကြောက်လန့်တကြားဖြစ်သွားကြမည်ပင်။

သုန်ယွီကျုံးဆိုသည်မှာ အရှင်မင်းကြီး၏ အပါးတော်မြဲ မိန်းမစိုးချုပ်ပင် မဟုတ်လော။

ဤမျှကြီးမားသော နန်းတော်ကြီးထဲတွင် နန်းတွင်းရေးရာဌာနမှ အကြီးအကဲ ချွမ်ဖူပင်လျှင် သူ့ရှေ့ရောက်ပါက ရိုရိုကျိုးကျိုးနေရသည်ဖြစ်ရာ ရှောင်လုကျစ်ကဲ့သို့သော ရာထူးမရှိသည့် မိန်းမစိုးငယ်လေးဆိုလျှင်တော့ ဆိုဖွယ်ရာပင်မရှိတော့။

သို့သော် ရှောင်လုကျစ်ကမူ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ခါးကိုညွတ်လိုက်ကာ ချက်ချင်း ပြောလိုက်သည်။

"လမ်းညွှန်ပြသပေးတဲ့အတွက် သုန်ကုန်းကုန်းကို ကျေးဇူးတင်ပါတယ် ရှောင်လုကျစ် မှတ်သားထားပါ့မယ်"

သုန်ယွီကျုံးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး မြေတောင်မြှောက်ပေးလို့ရမည့် ကျောက်ရိုင်းတုံးလေးဟု စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။

သို့သော် ယခုအချိန်က စောလွန်းနေသေးသည်။

အခြားအရာများကို မဆိုနှင့်… တာရင်အဆင့်သာရှိသည့် လင်ဝမ်ယိ၏ အနီးကပ်အ‌စေခံနေရာကိုပင် သူမရသေးပေ။

သုန်ယွီကျုံးအနေဖြင့် သူ့ကို မြှောက်စားချင်စိတ် ရှိလျှင်ပင် အချိန်မတန်သေးသဖြင့် သတိပေးစကား တစ်ခွန်းသာ ပြောလိုက်သည်။

"အေး သေသေချာချာ ‌လေ့လာထား… နောက်ဆို အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာ"

ထိုစကားကို ကြားလိုက်ရလျှင် ရှောင်လုကျစ်တစ်ယောက် သဘောပေါက်သွား‌‌ေလသည်။

သူ့ဆရာက သူ့ကို လင်ဝမ်ယိဆီ လွှတ်လိုက်သည်မှာ မဆန်းတော့ပေ။ လင်ဝမ်ယီ‌ကို အလုပ်‌အကျွေးပြုသည်က အမှန်တကယ်ပင် အနာဂတ်ကောင်းကို ပိုင်ဆိုင်ရမည့် လမ်းစဖြစ်ပုံရသည်။

ထို့ကြောင့် သူလည်း လင်ဝမ်ယိအပေါ် အမြဲသစ္စာရှိမည်ဟု တွေးထားလိုက်၏။

အတွင်းဆောင်ထဲတွင်မူ ချွမ်ချီနှင့် ရှအန်းတို့သည် လင်ဝမ်ယိကို ပြင်ဆင်ပေးရန် အလုပ်ရှုပ်နေကြသဖြင့် အပြင်ဘက်မှ အကြောင်းအရာများကို ဂရုမစိုက်နိုင်ကြပေ။ လင်ဝမ်ယိကမူ သူမတို့နှစ်ယောက် စစ်ထွက်တိုက်တော့မလို ပြင်ဆင်နေကြသည်ကို ကြည့်ရင်း ပုံကြီးချဲ့နေကြတာပဲဟု တွေးလိုက်မိသည်။

ထို့ကြောင့် သူမက နှစ်သိမ့်သည့်အနေဖြင့် ပြောလိုက်သည်။

“ငါက အရှင်မင်းကြီးကို အဖော်ပြုဖို့သွားမှာ... စားပွဲသောက်ပွဲ သွားမှာမှ မဟုတ်တာ... ပုံမှန်ဝတ်နေကျအတိုင်းပဲ ပြင်ပေး... အရမ်းကြီး လျှောက်တွေးမနေကြနဲ့... သုန်ကုန်းကုန်း စောင့်နေရလိမ့်မယ်...”

“သခင်မလေးကလည်း... သခင်မလေးက ပုံမှန်ဆို အိပ်ဆောင်ဝင်ပြီး အရှင်မင်းကြီးကို ပြုစုရတာလေ... မီးရောင်ကလည်း မှိန်မှိန်လေးနဲ့ဆိုတော့ သခင်မလေး ဘယ်လောက်လှလဲဆိုတာ အရှင်မင်းကြီး သေချာ မြင်ပါ့မလား...”

ချွမ်ချီက ပြောရင်းဆိုရင်းပင် သူမတတ်ထားသမျှ ပညာကုန်သုံးကာ လင်ဝမ်ယိ၏ ဆံပင်ကို ထုံးဖွဲ့ပေးနေရင်း မည်သည့် ဆံထိုးနှင့် တွဲဖက်လိုက်လျှင် အကောင်းဆုံးဖြစ်မည်ကိုလည်း ခေါင်းထဲတွင် မနားတမ်း စဉ်းစားနေသည်။

“ဒီနေ့ကျတော့ နေကသာနေရော... ရာသီဥတုလည်း အရမ်းသာယာနေတာ... ဒီအချိန်လေးမှာမှ သေချာ ပြင်မသွားရင် သခင်မလေးက ဘယ်အချိန်မှ ပြင်ချင်လို့လဲ...”

ရှအန်းကလည်း ထိုအတိုင်းပင် တွေးထားသဖြင့် နန်းတွင်းဝတ်စုံများထဲမှ အရောင်တောက်တောက် တစ်ထည်ကို ရွေးထုတ်လာ၏။

သို့သော် လင်ဝမ်ယိက ငြင်းလိုက်သည်။

“နင် ပြောသလိုပဲလေ... နေက အရမ်းပူနေတာ... ငါသာ ရွှေရောင်တွေ ဝတ်လိုက်ရင် မျက်စိကျိန်းစရာကြီး ဖြစ်နေမှာပေါ့... အရှင်မင်းကြီး ဘာမကြိုက်လဲဆိုတာ နင်တို့ သိရဲ့သားနဲ့...”

ပြောရင်းနှင့် အတွင်းဝတ်ရုံဘက်သို့ မေးငေါ့ပြလိုက်ရာ ချွမ်ချီလည်း သဘောပေါက်သွားပြီး ပြောသည်။

"ဟုတ်ပါပြီ ဒါဆိုရင်လည်း ကျွန်မ သခင်မလေးရဲ့ ဆံထုံးကို ရိုးရိုးလေးပဲ ထုံးပေးပါ့မယ် သခင်မလေးက ပင်ကိုအလှ ရှိပြီးသားဆိုတော့ ဘယ်လိုပြင်ပြင် လှနေမှာပါ"

လင်ဝမ်ယိ ပြုံးလိုက်မိသည်။ ဒီကောင်မလေးကတော့ တကယ့်ကို အပြောကောင်းတာပဲ…။

"ငါ နန်းတွင်းစဝင်တုန်းက ဝတ်ခဲ့တဲ့ ဝတ်ရုံပဲ ယူပေးပါ… ပြီးတော့ အမေ ပေးလိုက်တဲ့ လက်ဝတ်ရတနာသေတ္တာလေးလည်း ယူခဲ့… ငါ ရွေးလိုက်ဦးမယ်"

"ဟုတ်ကဲ့ ကျွန်မ သွားရှာလိုက်ပါ့မယ်"

ရှအန်းက လက်ထဲမှ အဝတ်အစားကို ချလိုက်ပြီး နောက်ဘက်ရှိ ဗီဒိုထဲတွင် လက်ဝတ်ရတနာသေတ္တာကို သွားရှာသည်။

သေတ္တာမှာ သခင်မဝမ်က အထူးတလည် လုပ်ပေးထားခြင်းဖြစ်ပြီး အပြင်ပန်း ကြည့်လျှင် သိပ်မကြီးသော်လည်း အတွင်းပိုင်းမှာတော့ အံ့သြစရာကောင်းလောက်အောင် နေရာကျယ်သည်။

စုစုပေါင်း သုံးထပ်ပါရှိပြီး တန်ဖိုး သိပ်မရှိသော်လည်း ဆန်းသစ်သည့် ဆံထိုးနှင့် နားကပ်များကို ထည့်ထားသည်။ အောက်ဆုံးအထပ်တွင်မူ ငွေစက္ကူ အများအပြား ထည့်ပေးထားသည်။

နန်းတွင်းရောက်သည့်အခါ ပစ္စည်းသယ်ဖို့မလွယ်သော်လည်း…တစ်ခုခုဆုပေးစရာရှိလျှင်တော့ ‌ငွေစက္ကူများက အသုံးလိုသည်ပင်။

လင်ဝမ်ယိက ပင်လယ်ခရုခွံလေးများဖြင့် ပြုလုပ်ထားသော ပုစဉ်းရင်ကွဲပုံ ဆံထိုးတစ်ခုနှင့် ၎င်းနှင့်လိုက်ဖက်သော နားကပ်တစ်စုံကို ရွေးလိုက်သည်။

ကြည့်လိုက်လျှင် ရိုးရှင်းပုံရသော်လည်း နေရောင်အောက်တွင်တော့ ခရုခွံလေးများက သက်တံ့ရောင် ဖြာထွက်ကာ တောက်ပနေသည်။

ပန်းထိမ်ပညာရှင်က ဘေးပတ်ပတ်လည်တွင် အခြား ကျောက်မျက်ရတနာများကို တမင်မထည့်ထားသဖြင့် အရောင်က တောက်တောက်ပြောင်ပြောင်ဖြစ်မနေဘဲ နူးနူးညံ့ညံ့နှင့် ငြိမ့်ငြိမ့်လေး တောက်ပနေ၏။

မျက်နှာပေါ်တွင်လည်း မက်မွန်ရောင် မျက်နှာချေမှုန့် အနည်းငယ် လိမ်းခြယ်ကာ မျက်ခုံးမွှေးကို ပါးပါးလေးဆွဲပြီး နှုတ်ခမ်းပေါ်တွင် ဆိုးဆေး အနည်းငယ်တင်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

သုန်ယွီကျုံးသည် လင်ဝမ်ယိ၏ ရှင်းသန့်ကျော့ရှင်းသော အလှကို မြင်လိုက်ရသောအခါ ပို၍သဘောကျမိသွားသည်။

ယခင်အရှင်မင်းကြီး နတ်ရွာစံသွားပြီးနောက် လက်ရှိအရှင်မင်းကြီးသည် ရှစ်နှစ်သားအရွယ်နှင့် နန်းတက်ခဲ့ရပြီး တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် မိဖုရားခေါင်ကြီးရွှီနှင့် လက်ထပ်ထိမ်းမြားပြီးသည့်နောက် နန်းတွင်းထဲသို့ ကိုယ်လုပ်တော်များ တသုတ်ပြီး တသုတ်ပြီး ဝင်လာခဲ့ကြသည်။

ကိုယ်လုပ်‌ေတာ်များထဲတွင် ပြိုင်ဘက်ကင်း အလှပဂေးများရှိသလို၊ ထူးချွန်ထက်မြက်သော အမျိုးသမီးများလည်း ရှိကြသည်။

သို့သော် လင်ဝမ်ယိကဲ့သို့ ရွှံ့အိုင်ထဲမှ ကြာပန်းဖြူလေးလို ရှင်းသန့်သူမျိုးမှာမူ ရှားပါးလှ၏။

သူက ရှေ့ကိုအမြန် တိုးသွားလိုက်ပြီး ပြောလိုက်သည်။

"သခင်မလေး ကြွပါ"

"သုန်ကုန်းကုန်း လမ်းပြပေးပါဦး"

ရီဟွားနန်းဆောင် တံခါးဝတွင် လင်ဝမ်ယိကို လာကြိုသည့် ဝေါယာဉ်တစ်စီး ရပ်ထားသည်။ လူလေးယောက် ထမ်းရပြီး အလယ်တွင် ကြိမ်ကုလားထိုင်တစ်လုံး တင်ထားသည်။

လင်ဝမ်ယိ မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ မတိုးဘဲ ရပ်နေလိုက်၏။

နန်းတော်ထဲတွင် ဖင်အဆင့်နှင့် အထက်ရှိသော ကိုယ်လုပ်တော်မိားသာ ဝေါယာဉ်စီးခွင့်ရှိသည်။ သူမလို တာရင်အဆင့်သာ ရှိသည့် ကိုယ်လုပ်တော်အငယ်စားလေးက ဝေါယာဉ် စီးလိုက်ပါက မနက်ဖြန် ယီဟွားနန်းဆောင်၏ တံခါးဝတွင် ပြဿနာလာရှာသူများ အပြည့်ဖြစ်သွားတော့မှာပင်။

ထို့ကြောင့် သူမ သုန်ကုန်းကုန်းကို တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"သုန်ကုန်းကုန်း ကျွန်မတို့ လမ်းလျှောက်ပြီးပဲ သွားကြတာပေါ့… ကျွန်မ လမ်းလျှောက်မြန်ပါတယ်… ဝေါယာဉ် မစီးတော့ပါဘူး"

"သခင်မလေး ဒါက အရှင်မင်းကြီး ပေးသနားထားတာပါ စီးလိုက်လည်း ကိစ္စမရှိပါဘူး"

"အရှင်မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျွန်မက အဆင့်နိမ့်သူမို့ နန်းတွင်းစည်းမျဉ်းတွေကို ဖောက်ဖျက်လို့မဖြစ်ပါဘူး… သုန်ကုန်းကုန်း နားလည်ပေးပါ"

သုန်ယွီကျုံး ခေါင်းညိတ်လိုက်သည်။ သူမ စိုးရိမ်နေသည်ကို သူနားလည်ပါ၏။

"ဒီလိုဆိုရင်လည်း သခင်မလေး ဒီအစေခံနဲ့အတူ မြန်မြန်လေး လိုက်ခဲ့ပါ… ခရီးသိပ်မဝေးတော့ အဆင်ပြေမှာပါ"

"ကုန်းကုန်း အရင်ကြွပါ"

"သခင်မလေး ကြွပါ"

ယီဟွားနန်းဆောင်နှင့် ချန်အန်းနန်းဆောင်မှာ သိပ်မဝေးလှသဖြင့် ခဏလျှောက်ရုံနှင့် ရောက်သွားသည်။

လွန်ခဲ့သော နှစ်ခေါက် သူမလာခဲ့စဉ်က ညနေခင်းဖြစ်၍ မှောင်ရီဝိုးတဝါးနှင့်မို့ နန်း‌ေဆာင်ကို သေချာ မမြင်ရခဲ့ပေ။ ယခု နေမြင့်ချိန် ရောက်မှသာ လင်ဝမ်ယိတစ်ယောက် ချန်အန်းနန်းဆောင်၏ ခမ်းနားထည်ဝါမှုများကို တွေ့လိုက်ရတော့၏။

စဉ့်အုတ်ကြွပ်ပြားများက နေရောင်အောက်တွင် တလက်လက် တောက်ပနေပြီး အုတ်တစ်ချပ်တိုင်းကို သေသေချာချာ မွမ်းမံထားသည်ကို တွေ့ရသည်။

နန်းဆောင်ထဲတွင် အကျယ် ၉ ခန်း၊ အနက် ၅ ခန်းရှိပြီး သမံတလင်းကိုပင် စကျင်ကျောက်ဖြူများဖြင့် တည်ဆောက်ထား၍ ဧကရာဇ်နန်းဆောင်၏ ခမ်းနားထည်ဝါမှုတို့ အတိုင်းသားပေါ်လွင်နေသည်။

(T/N အကျယ် ၉ ခန်းဆိုတာက နန်းဆောင်ကို ရှေ့ကကြည့်လိုက်ရင် ဘယ်ကနေ ညာမှာ စုစုပေါင်း တိုင်လုံး ၉တိုင်ရှိပြီး အနက်ကတော့ အရှေ့ကနေ အနောက်ကို ၅တိုင်ရှိတယ်လို့ ပြောချင်တာပါ)

ပင်မဆောင်မှာ အရှင်မင်းကြီးနှင့် မှူးမတ်များ တွေ့ဆုံရာ နေရာဖြစ်သဖြင့် ကိုယ်‌လုပ်တော်များက အမိန့်မရှိဘဲ ဝင်ရောက်ခွင့် မရှိပေ။

ထို့ကြောင့် သုန်ယွီကျုံးက သူမကို အရှင်မင်းကြီး အစီရင်ခံစာများ ဖတ်ရှု စစ်ဆေးသည့် လက်ဝဲဆောင်သို့ ခေါ်သွား၏။

လိုက်ကာကို မကာ ဝင်လိုက်သည်နှင့် လင်ဝမ်ယိသည် စန္ဒကူးနံ့ သင်းပျပျလေးကို ရလိုက်သည်။

ဒါက ဘုရားတရား ကိုင်းရှိုင်းတဲ့ အဘိုးကြီး အဘွားကြီးတွေပဲ သုံးလေ့ရှိတာမဟုတ်လား... ဘယ်လိုဖြစ်လို့ ဒီမှာ အနံ့ရနေတာလဲ...

သူမ တွေးလို့မပြီးသေးခင်မှာပင် အတွင်းမှ ဩရှရှအသံတစ်ခု ထွက်ပေါ်လာသည်။

"လင်တာရင် ရောက်လာပြီလား"

သုန်ယွီကျုံးက လင်ဝမ်ယိကို ခေါ်ဆောင်သွားပြီး ရိုသေစွာ ဂါရဝပြုလိုက်သည်။

"လျှောက်တင်ပါတယ် အရှင်မင်းကြီး လင်တာရင် ရောက်ပါပြီ"

"ကျွန်တော်မျိုးမ လင်ဝမ်ယိ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ဤသည်မှာ လင်ဝမ်ယိ အရှင်မင်းကြီးကို တတိယအကြိမ်မြောက် တွေ့ရခြင်းပင်။ သို့သော် သူမ တွေ့ရသည်မှာတော့ ကြမ်းပြင်ပေါ်တွင် ခင်းထားသော ပန်းပွင့်ပုံ ပိုးကော်ဇောကြီးသာ။

"အင်း ထကြ"

သုန်ယွီကျုံး မတ်တပ်ရပ်လိုက်ပြီးနောက် အပြင်ကို တိတ်တိတ်လေးပြန်ထွက်သွားတော့၏။

အရှင်မင်းကြီးက လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး လင်ဝမ်ယိကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကိုယ်တော် ခေါင်းကိုက်နေတယ်… မင်း လာနှိပ်ပေး…"

မှင်တုံး လာကြည့်ခိုင်းတာ မဟုတ်ဘူးလား…။

ဘာလို့ ရောက်လာတာနဲ့ လာနှိပ်ခိုင်းနေတာလဲ…။

လင်ဝမ်ယိ အနည်းငယ် ကြောင်သွားသော်လည်း မငြင်းရဲပေ။ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး အရှင်မင်းကြီးရှေ့သို့ သွားကာ ပြောလိုက်သည်။

"ကျွန်တော်မျိုးမ မလာခင်က လက်ဆေးခဲ့ပါတယ်… အရှင်မင်းကြီး ပြတင်းပေါက်နားက ကုလားထိုင်မှာ ထိုင်လိုက်ပါလား…"

စာကြည့်စားပွဲပေါ်တွင် အရှင်မင်းကြီး စစ်ဆေးလို့မပြီးသေးသည့် အစီရင်ခံစာများ ရှိနေသဖြင့် သူမအနေဖြင့် ထိုနေရာသို့ သွားရန် မသင့်တော်ပေ။

နောင်တစ်ချိန် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သူမ တာဝန်မယူနိုင်ပါ။

ထို့ကြောင့် ပြတင်းပေါက်နားရှိ ကုလားထိုင်ပေါ်တွင် ထိုင်ခြင်းက ပို၍ သင့်လျော်ပေလိမ့်မည်။

အရှင်မင်းကြီးက သူမ၏ အပြုအမူကြောင့် အနည်းငယ် နားမလည်နိုင်သလို မော့ကြည့်လာသည်။ သို့သော် သူမက မျက်နှာချင်းမဆိုင်ဘဲ ခေါင်းငုံ့ထားသည်ကို တွေ့လိုက်ရသောအခါ သူသဘောပေါက်သွား၏။

"အင်း…မင်းက စည်းမျဉ်းတွေ နားလည်သားပဲ"

စားစရာတွေလာပို့ပြီး မျက်နှာလိုမျက်နှာရ လုပ်တတ်တဲ့ မိန်းမတွေနဲ့ မတူဘူးပဲ။

ထို့ကြောင့် မတ်တပ်ရပ်ကာ ကုလားထိုင်ဆီ သွားလိုက်ပြီး ဖိနပ်ချွတ်၍ တက်ထိုင်လိုက်ကာ လင်ဝမ်ယိကိုလည်း လာခဲ့ဖို့ လက်ဟန်ပြလိုက်သည်။

All Chapters