သီးသန့်နားနေဆောင်မှာ ပထမဆုံးတွေ့ကြခြင်း
Vol. 3 Ch. 30
လင်ဝမ်ယိလည်း လိမ်လိမ်မာမာလေး ရှေ့တိုးသွားလိုက်သည်။ အရှင်မင်းကြီး၏ အနေအထားကို ကြည့်ရသည်မှာ သူမ ဖိနပ်မချွတ်ဘဲ ကုလားထိုင်ပေါ်တက်ပြီး နှိပ်ပေး၍ ရမည့်ပုံမပေါ်ပေ။
ထို့ကြောင့် သူမလည်း သူလုပ်သလိုပင် လိုက်လုပ်ရတော့သည်။
နူးညံ့သော လက်ချောင်းလေးများက အရှင်မင်းကြီး၏ နားထင်စပ်သို့ ရောက်လာသောအခါ တောင့်တင်းနေသည့် သူ၏ခန္ဓာကိုယ်ဟာ ဖြည်းဖြည်းချင်း ပြေလျော့သွားတော့သည်။
နှစ်ယောက်စလုံးက စကားတစ်ခွန်းမှမဆိုဖြစ်ကြပေ။ တစ်ယောက်က အာရုံစိုက်ပြီး နှိပ်ပေးနေသလို နောက်တစ်ယောက်ကလည်း ဇိမ်ယူနေသည်။
နေရောင်အောက်တွင် လင်ဝမ်ယိသည် လင်ဝမ်ယိသည် အရှင်မင်းကြီးကို သေသေချာချာ အကဲခတ်ကြည့်လိုက်မိသည်။
အရင်ရက်တွေထက်စာလျှင် သူသည် ပိုပြီး ပင်ပန်းနွမ်းနယ်နေပုံရ၏။
တိုင်းရေးပြည်ရာ ကိစ္စရပ်များကြောင့် စိတ်ရှုပ်နေရသလား မသိ။ အရှင်မင်းကြီး၏ မျက်ခုံးစပ်နားတွင်ပင် အရေးအကြောင်း ပါးပါးလေးကို သူမ တွေ့လိုက်ရ၏။
အမြဲ မျက်မှောင်ကြုပ်နေရတာကြောင့် ဖြစ်လာသည့် အရေးအကြောင်းများပင်။
ထို့ကြောင့် သူမက နှိပ်ပေးရင်း လက်ဖြင့် မျက်ခုံးတန်း တစ်လျှောက် ဘေးနှစ်ဖက်သို့ ဆွဲဆန့်ပေးလိုက်သည်။
အရှင်မင်းကြီးက သူမကို မတားဘဲ သက်တောင့်သက်သာဖြစ်စွာ ဇိမ်ပင်ယူနေလိုက်သေး၏။
လူတစ်ယောက်တွင် လုပ်စရာကိစ္စများ ရှိနေသည့်အခါ အချိန်ကုန်သည်မှာ မြန်ဆန်လှပေ၏။
သူမလာတုန်းက နေ့လယ်သာရှိသေးသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်အချိန်သို့ ရောက်သွားလေပြီ။
လင်ဝမ်ယိမှာ နှိပ်ရလွန်း၍ လက်များပင် ထုံကျဉ်နေလေပြီ။ သို့သော်လည်း အရှင်မင်းကြီးက သူမကို ဟိုနေရာနှိပ်ခိုင်း ဒီနေရာနှိပ်ခိုင်းနှင့် နှိပ်ခိုင်းနေဆဲပင်။ ခေါင်းနှိပ်ပြီးတော့ ပခုံး၊ ပခုံးနှိပ်ပြီးတော့ ကျော။
သူမမှာ ခြေထောက်တွေပါ နှိပ်ပေးခဲ့ရ၏။
အရှင်မင်းကြီးကတော့ ဇိမ်ကျနေသော်လည်း လင်ဝမ်ယိမှာ ဒုက္ခရောက်နေရသည်။
အရှင်မင်းကြီးကို အဖော်ပြုပေးရတဲ့ အကျိုးဆက်က ခံလိုက်ရတာနော်…။
သည်နေ့ လက်ဝဲဆောင်ပြန်ရောက်လျှင် သူမ၏ လက်များမှာ သုံးစား၍ ရလောက်တော့မည်မထင်။
သူမ နှိပ်နေရာမှ တဖြည်းဖြည်းအားလျော့လာခါမှ အရှင်မင်းကြီးက ဖြည်းဖြည်းချင်းပြောလာသည်။ သူ၏အသံထဲတွင် ပျင်းရိငြီးငွေ့မှုများ စွက်နေလျက်။
"ဘယ်အချိန် ရှိပြီလဲ"
"အရှင်မင်းကြီး ရှန်အချိန် ရောက်ခါနီးပါပြီ"
ထိုစကားကို ကြားသည်နှင့် ယွီဝမ်ဟုန်က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အသံခပ်မာမာဖြင့် လှမ်းခေါ်လိုက်တော့သည်။
"သုန်ယွီကျုံး"
သုန်ကုန်းကုန်းသည် ချက်ချင်းပင် ခါးကိုင်းကာ ဝင်လာသည်။
"အရှင်မင်းကြီး ဒီအစေခံ ရှိပါတယ်"
"စတုတ္ထဦးရီးတော် ရောက်လာပြီလား"
"လျှောက်တင်ပါတယ် စတုတ္ထမင်းသားကြီးက ဘေးဆောင်မှာ စောင့်နေတာ ကြာပါပြီ"
အရှင်မင်းကြီး ယွီဝမ်ဟုန်က နဖူးကို ရိုက်လိုက်ပြီး စိတ်ပျက်သည့်ဟန်ဖြင့် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
"ကိုယ်တော် ဦးရီးတော်နဲ့အတူ ချန်ယင်းနန်းဆောင်မှာ ဇာတ်ပွဲကြည့်မယ်လို့ ကတိပေးထားတာ အချိန်နောက်ကျနေပြီ"
လင်ဝမ်ယိ ငြိမ်နေလိုက်သည်။ ဒါ သူမကိစ္စ မဟုတ်ပေ။ သူမသည် အရှင်မင်းကြီးအနေနှင့် အမှန် အမှားကို ခွဲခြားတတ်ကာ သူမကို အပြစ်မပေးဖို့သာ မျှော်လင့်မိ၏။
"အရှင်မင်းကြီး ဒီအစေခံ ဖိနပ်စီးပေးပါမယ်… ဖြည်းဖြည်းသွားပါ"
အရှင်မင်းကြီးက စတုတ္ထဦးရီးတော်နှင့်အတူ ဇာတ်ပွဲကြည့်မည့်ကိစ္စမှာ အရေးကြီးကိစ္စဆွေးနွေးရန်ဖြစ်သဖြင့် အချိန်ဆွဲ၍ မဖြစ်ပေ။
သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးမှ လင်ဝမ်ယိတစ်ယောက် ကုလားထိုင်ပေါ်တွင် ထိုင်နေသေးသည်ကို သတိရသွားသည်။
ထို့ကြောင့် သူသည် နောက်ပြန်လှည့်လိုက်ပြီး သူမကို ပြောလိုက်၏။
"မင်း သီးသန့်နားနေဆောင်မှာ သွားထိုင်စောင့်နေချေ… လိုအပ်တာရှိရင် သူတို့ကို ခေါ်ခိုင်းလိုက် ကိုယ်တော် ပြန်လာမှ အတူတူ ညစာစားကြတာပေါ့"
ထို့နောက် သူသည် အလျင်စလို ထွက်သွားတော့သည်။
လင်ဝမ်ယိမှာတော့ ကုလားထိုင်ပေါ်တွင် ခွေခွေလေးကျန်ရစ်ခဲ့ကာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
သူမမှာ “အမိန့်တော်အတိုင်းပါ” ဟု ပြန်လျှောက်တင်ရန်ပင် အချိန်မရလိုက်၊ သူက ထွက်သွားလေပြီ။
ဟူး တကယ်ပဲ ရာထူးမြင့်လေ အနိုင်ကျင့်လို့ကောင်းလေဆိုတာ…အခု အရှင်မင်းကြီးနဲ့ သူနဲ့ရာထူးချင်းက မိုးနဲ့မြေလိုကွာနေတာမဟုတ်လား…။
ဘယ်တတ်နိုင်ပါ့မလဲ…။
အရှင်မင်းကြီး ထွက်သွားပြီးနောက် အပြင်ဘက်မှ မိန်းမစိုးတစ်ဦး ဝင်ရောက်လာသည်။
"ကျွန်တော်မျိုး ချိုးမင်ပါ သခင်မလေးကို ဂါရဝပြုပါတယ်"
"ချိုးကုန်းကုန်း ထပါ သီးသန့်နားနေဆောင်က ဘယ်ဘက်မှာလဲ"
"ကျွန်တော်မျိုး လိုက်ပို့ပေးပါ့မယ်"
သူတို့နှစ်ယောက်သား စာကြည့်ဆောင်မှထွက်ပြီး အရှေ့ဘက်စင်္ကြံလမ်းအတိုင်း လျှောက်လာကြသည်။ သူမ အိပ်ဆောင်ဝင်ခဲ့ဖူးသည့် အတွင်းဆောင်နေရာကို ရောက်လာသဖြင့် ထိုနေရာပဲဟု သူမထင်လိုက်သည်။
သို့သော် ချိုးမင်က သူမကို ဘယ်ဘက်ကို ခေါ်ပြီး စဉ့်အုတ်ကြွပ်မိုးများ၊ သစ်သားတိုင် အနီရောင်များဖြင့် ဆောက်လုပ်ထားသော နန်းဆောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
ဝင်လိုက်သည်နှင့် ဝမ်ကုကျူ (အတိတ်ကို ပြန်လည်အောက်မေ့ရာနေရာ) ဟု ရေးထားသော ကမ္ပည်းပြားအား အလယ်တွင် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
ဒါက ဘာသဘောလဲ။
ထိုအခါမှ ချိုးမင်က ပြောပြသည်။
"ဒီနေရာက အရှင်မင်းကြီးရဲ့ အိပ်ဆောင်ပါ… သခင်မလေး ခဏလောက် ထိုင်နေပါဦး…ကျွန်တော်မျိုး သူတို့ကို လက်ဖက်ရည်နဲ့ မုန့်တွေ လာပို့ခိုင်းလိုက်ပါ့မယ်"
အိပ်ဆောင်လား…။
ဒါဆို သူမတို့ အိပ်ဆောင်ဝင်ရတဲ့ အတွင်းဆောင်က ဘာလဲ။
သူမ ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ ချိုးမင်က ချက်ချင်းပင် ရယ်မောကာ ဖြေသည်။
"အတွင်းဆောင်က ကိုယ်လုပ်တော်တွေ အရှင်မင်းကြီးကို ပြုစုတဲ့ နေရာပါ…ဒီနားနေဆောင်ကတော့ အရှင်မင်းကြီး တစ်ယောက်တည်း အနားယူတဲ့ နေရာပါ… သခင်မလေးကို အရှင်မင်းကြီးက မျက်နှာသာပေးထားတာ… ကျွန်တော်မျိုး အရှင်မင်းကြီးကို ပြုစုလာတာ ဒီလောက်ကြာပြီ…ဒီနေရာကို ဝင်ခွင့်ရတဲ့ ကိုယ်လုပ်တော်ဆိုတာ လက်ချိုးရေလို့ ရပါတယ်"
လင်ဝမ်ယိ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
ချိုးမင်ပြောပုံအရ ဒီနေရာကို ဝင်ခွင့်ရသူတိုင်းက အရေးပေးခံရသူများ ဖြစ်သော်လည်း သူမတစ်ယောက်တည်း ဝင်ခွင့်ရသည်တော့မဟုတ်။
ဒါကို သူမ အနှိပ်ကောင်း၍ အရှင်မင်းကြီးနှင့်အတူ ညစာစားခွင့်ရပြီး မျက်နှာသာပေးခံရသည်ဟုပင် ယူဆရမလား။
သို့သော် တန်ရာတန်ကြေးကလည်း နည်းနည်းတော့ များလွန်းသည်။
သူမ လက်ကို မြှောက်ကြည့်လိုက်တော့ သူမ လက်ချောင်းထိပ်လေးများမှာ နီရဲနေပြီး လက်မောင်းတွေလည်း ကိုက်ခဲနေပြီ ဖြစ်သည်။
သူမက အမြဲတမ်းအလိုလိုက်အကြိုက်ဆောင်ခံခဲ့ရသည် မဟုတ်သော်လည်း တစ်နာရီကျော်ကြာ မနားတမ်း နှိပ်ပေးရသည်ကိုတော့ လင်ဝမ်ယိမပြောနှင့်…ရှအန်းသည်ပင် ခံနိုင်မည် မဟုတ်ပေ။
"ပြောပြပေးလို့ ချိုးကုန်းကုန်းကို ကျေးဇူးတင်ပါတယ် ရေနွေးလေးများ ရှိမလား ကျွန်မ လက်လေးစိမ်ချင်လို့"
"ရှိပါတယ် ရှိပါတယ် သခင်မလေး စိတ်အေးအေးထားပြီး ထိုင်နေပါ ကျွန်တော်မျိုး သွားယူခိုင်းလိုက်ပါ့မယ်"
သူက ပြောပြီးသည်နှင့် ကိုယ်ကိုကိုင်းညွတ်ကာ ပြန်ထွက်သွားသည်။
လင်ဝမ်ယိ အခန်းထဲကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤနေရာမှာ အတွင်းဆောင်နှင့် လုံးလုံးမတူဘဲ နေရာတိုင်းမှာ ရိုးရိုးရှင်းရှင်းလေးနှင့် နွေးနွေးထွေးထွေးရှိ၏။
အခန်းက သိပ်မကျယ်လှပေ။ သူမ နေထိုင်သည့် လက်ဝဲဆောင်ထက် နည်းနည်းလေးသာ ပိုကျယ်သည်။
ဘယ်ဘက်တွင် အိပ်ခန်းရှိပြီး အနက်ရောင်နောက်ခံပေါ်တွင် ရွှေချည်ဖြင့် ကွပ်ထားသော မီးအိမ်ပုံစံ တံခါးဘောင်ဖြင့် ဧည့်ခန်းကို ခြားထားသည်။ ညာဘက်တွင်မူ သိပ်မကြီးသော နံ့သာသားပန်းပု စားပွဲတစ်လုံးရှိပြီး အပေါ်တွင် မင်အိုးတစ်လုံး၊ ကျောက်စိမ်းဖြင့် ထွင်းထုထားသော စုတ်တံထည့်ခွက်နှင့် စုတ်တံတင်ကျောက်တို့ ရှိသည်။
စားပွဲပေါ်တွင် ရေးလက်စ စာရွက်ဖြူတစ်ရွက်ကို ဖြန့်ထားသည်။
လင်ဝမ်ယိ ထိုစာရွက်ပေါ်တွင် စစ်ရေးစစ်ရာများ ပါနေမည်စိုးသဖြင့် အနားတိုးပြီး မကြည့်ရဲပေ။
သို့သော် ပြတင်းပေါက်အောက်တွင် ထားရှိသော ကြွေပန်းအိုးလေးမှာမူ အလွန်လှပ၏။
ဤနေရာရှိ ပစ္စည်းများမှာ သိမ်မွေ့လှပပြီး ထူးခြားသည်ကတော့ အဝါရောင်တောက်တောက်များမရှိသည်ပင်။
အဝါရောင်သည် ဧကရာဇ်မင်း၏ သင်္ကေတ ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် လူကို စိတ်ကျဉ်းကျပ်စေသည်။
ထိုအရောင်ဟာ ဘာကိုမှ စိတ်ရှိတိုင်းမလုပ်လိုက်ရန်နှင့် ကိုယ့်အဆင့်အတန်းကို အမြဲ သတိရနေစေရန် သတိပေးနေသကဲ့သို့ပင်။
ထို့ကြောင့် ဤနေရာမှ သက်တောင့်သက်သာခံစားချက်က လူကို စိတ်လက်ပေါ့ပါးသွားစေ၏။
လင်ဝမ်ယိ စဉ်းစားကြည့်လိုက်တော့ သူမ၏ လုပ်ထားသည့် အတွင်းဝတ်ရုံမှာ သည်အခန်းနှင့် ကိုက်ညီသည်ဟု ထင်မိသည်။
အကယ်၍ သည်အခန်းထဲတွင် ဝတ်မည်ဆိုလျှင် အဝါရောင်တောက်တောက်မှာ အမှန်တကယ်ပင် မျက်စိကျိန်းစရာ ဖြစ်နေပေလိမ့်မည်။
သူမစဉ်းစားနေစဉ်မှာပင် အပြင်ဘက်မှ နန်းတွင်းအစေခံများ တန်းစီ ဝင်ရောက်လာကြသည်။
"သခင်မလေး ဘာသောက်ချင်လဲ မသိလို့ ကျွန်တော်မျိုး သူတို့ကို ကျန်ရှီးချွန်း လက်ဖက်ရည် ပြင်ခိုင်းလိုက်ပါတယ်"
'ကျောက်ကြိတ်စက်ထဲက လက်ဖက်မှုန့်လေးတွေ လွင့်ပျံလာသလို... နို့နှစ်ရောင် အမြှုပ်လေးတွေနဲ့ ကျန်းရှီချွင်း လက်ဖက်ရည်ကို ဖန်တီးလိုက်တယ်...'
ဖူကျန့်ပြည်နယ်၊ ကျန်းရှီမြစ်ဝှမ်းမှ ထွက်ရှိသဖြင့် ကျန်းရှီချွင်းလက်ဖက်ရည်ဟု နာမည်ရသွားတာဖြစ်ပြီး အထူးသဖြင့် ထိုဒေသရှိ မြောက်ပိုင်းဥယျာဉ်မှ ဆက်သသော လက်ဖက်ခြောက်မှာ ကမ္ဘာကျော်၏။
နန်းတော်မှလွဲလျှင် အခြားမင်းသားများ၏ အိမ်တော်အနည်းငယ်တွင်သာ ထိုလက်ဖက်ရည်ကို တွေ့နိုင်သည်။
လင်ဝမ်ယိ ရုံဟယ့်ဆောင်မှာနေတုန်းက တစ်ခွက်မျှပင် မသောက်ဖူးခဲ့သော်လည်း အရှင်မင်းကြီး၏ သီးသန့်နားနေဆောင်တွင်တော့ တစ်အိုးလုံးလာချပေးသွား၏။
ချက်ချင်းပင် သူမ၏ မောပန်းနွမ်းနယ်မှုများ အစပျောက်သွားလေတော့၏။
လက်ဖက်ရည်နှင့် တွဲစားရန် ပဲစိမ်းမုန့်နှင့် သစ်အယ်သီးမုန့်များ ပါသော်လည်း လင်ဝမ်ယိကမူ ချွမ်ချီလုပ်သည့် နွားနို့မက်မွန်မုန့်နှင့် တွဲစားရလျှင် ပိုကောင်းမှာ ဟုတွေးလိုက်မိသည်။
သူမသည် လက်ဖက်ရည်သောက်လိုက်ရသဖြင့် အစောက စိတ်လှုပ်ရှားနေမှုများ လျော့ကျသွားလေ၏။
သူမမှာ အရှင်မင်းကြီးနှင့် အတူညစာစားဖို့အတွက် ဗိုက်ချောင်အောင်ထားဖို့ကိုပင် မေ့သွားတော့သည်။
လက်ဖက်ရည်က ဗိုက်မဝစေသော်လည်း ဗိုက်တင်းသွားသလို ခံစားမျိုးတော့ ရစေ၏။
ညရောက်၍ အရှင်မင်းကြီးပြန်ရောက်လာချိန်တွင်တော့ သူမဟာ စားပွဲပေါ် ခေါင်းမှီလျက် အိပ်ပျော်နေလေပြီ။
သူမ၏ မင်ရောင်ကဲ့သို့ နက်မှောင်သော ဆံနွယ်၊ နှင်းပွင့်ကဲ့သို့ ဖြူဥသော အသားအရေ၊ ပါးပြင်မို့မို့ထက်တွင် ပန်းသွေးရောင်သန်းနေပြီး ပိတ်ထားသော မျက်ခွံများပေါ်မှ မျက်တောင်ကော့ကော့လေးများဟာလည်း ယပ်တောင်လေးများသဖွယ် ထင်ရှားနေသေး၏။
အရှင်မင်းကြီးသည် တံခါးကိုဖွင့်ပြီး ဝင်လာလိုက်ချိန်တွင် တွေ့လိုက်ရသော ဤမြင်ကွင်းကြောင့် ရင်ထဲသိမ့်ခနဲတုန်ယင်သွားရလေ၏။