မျက်ကန်းမာန ... ။
Vol. 74 Ch. 877
ကောင်းကင်သန့်စင်ခြင်းဝင်္ကပါသည် ထျန်းဝူနတ်တောင်၏ ဝိညာဉ်သွေးပြန်ကြောကို လောင်ကျွမ်းကာ ဧကရာဇ်အားလုံး၏ စွမ်းအားကို ပေါင်းစည်းထားခြင်းဖြစ်၏။
၎င်းကို ချိုးဖျက်ခံလိုက်ရချိန်တွင် ထွက်ပေါ်လာသည့် အဖျက်စွမ်းအားများသည် မယုံနိုင်လောက်အောင် ပြင်းထန်သည်။
“ အား ... ။ ”
“ မဟုတ်ဘူး ... ။ ”
လေဟာနယ်ပြိုကျသွားပြီး စူးရှသော အော်ဟစ်သံများသည် နေရာအနှံ့အပြားတွင် ပဲ့တင်ထပ်သွား၏။
ရွှမ်ကျောက်ဧကရာဇ် (၇၂)ပါးသည် ပြင်းထန်သောမီးထဲတွင် လောင်ကျွမ်းနေသော ကောက်ရိုးများကဲ့သို့ ခန္ဓာကိုယ်နှင့်ဝိညာဉ်များ ချက်ချင်းပျက်စီးပြာကျသွား၏။
ရွှမ်ယုအဆင့် ဧကရာဇ် (၂၄)ပါးတွင် ဆယ်ပါးကျော်သည် အဖျက်စွမ်းအင်များကြောင့် သေဆုံးကာ ဆယ်ဦးဒဏ်ရာအပြင်းအထန် ရကုန်လေသည်။
ထိုသို့သွေးထွက်သံယို ရှုပ်ထွေးသော မြင်ကွင်းသည် အသက်ရှင်လျက်ငရဲနှင့်တူ၏။ ပွဲကြည့်ပရိသတ်များသည် တုန်လှုပ်သွားကြပြီး အသက်ရှူရန် မေ့လျော့ကုန်သည်။
ဧကရာဇ်များခမျာ ပေါင်းပင်များကဲ့သို့ ပျက်စီးသွားသည့် မြင်ကွင်းမျိုးသည် အံ့အားသင့် မယုံနိုင်စရာပေပင်။
“ တားမြစ်ဝင်္ကပါတွေက ပေါင်းစပ် စွမ်းအားတစ်ခုပဲ ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ ... ချို့ယွင်းချက်တစ်ခုကို မြင်နိုင်ရင် တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်ပါတယ်။ ”
အဆိပ်ဘုရင်ထျန်းဟူက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် တားမြစ်ဝင်္ကပါဟူသည် သက်မဲ့ဖြစ်၏။
ချို့ယွင်းချက်တစ်ခုကို ရှာတွေ့နိုင်သရွေ့ ကျွမ်းကျင်သော သားသတ်သမားသည် နွားကို အမဲဖျက်လိုက်သကဲ့သို့ လွယ်ကူနိုင်မည်။
မီးခိုးနှင့်ဖုန်မှုန့်များ ကင်းစင်သွားပြီး အလွန်ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
ကောင်းကင်နယ်မြေကြီး၏ ထိပ်တန်းကောင်းချီး မင်္ဂလာနယ်မြေတစ်ခု ဖြစ်သော ထျန်းဝူနတ်တောင်သည် ပြိုကျပြီး လုံးဝပျောက်ကွယ်သွား၏။
အခြားသူများမဆိုနှင့် ရွှမ်ဟဲအဆင့် ဧကရာဇ်သုံးပါးသည်ပင် အဝတ်အစားများစွာ စုတ်ပြဲလျက် ခန္ဓာကိုယ်တွင် သွေးများစွန်းထင်း နေခဲ့သည်။
ယခုအခါတွင် ပင်းမိုတစ်ယောက် လုံးဝတည်ငြိမ်မနေနိုင်တော့ချေ။ ဓားနှစ်ချက် အတွင်း ရှုံးနိမ့်ခဲ့ရခြင်းကြောင့် တာအိုနှလုံးသား အပေါ် များစွာထိခိုက်သွားစေ၏။
ကောင်းကင်သန့်စင်ခြင်း ဝင်္ကပါကြီး ပျက်စီးသွားသောအခါ ထိုဧကရာဇ်များသည် ဖုန်မှုန့်များကဲ့သို့ ပျောက်ကွယ်သွားသည်ကို မြင်ရခြင်းသည် ပို၍ဆိုး၏။
ကျန်ရှိနေသော ဧကရာဇ်များသည် မြေပြင်ပေါ်တွင် အတုံးအရုံးဖြင့် ပြန်ထရန် ဆန္ဒမရှိတော့ချေ။ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု အငွေ့အသက်များ ပြည့်နှက်နေကြသည်။
ဤအချက်ကြောင့် ကစားပွဲကို ပြောင်းလဲလိုသော် ထိုတာအိုဂိုဏ်းများအပေါ် အားကိုး၍ မရတော့ကြောင်း မြင်သာ၏။
“ ဖြန့်ကျက် ... ။ ”
အံကြိတ်လျက် အသက်ကို ပြင်းပြင်းရှူလျက်ဖြင့် စာလိပ်တစ်လိပ်ထုတ်ကာ လေထဲပစ်တင်လိုက်သည်။
ဤသည်မှာ ပန်းချီကားတစ်ချပ်ဖြစ်၏။ မြင်ကွင်းသည် ငရဲပြည်ကဲ့သို့ သွေးရောင်ကမ္ဘာ မြင်ကွင်းကြီးတစ်ခုပေပင်။
အလောင်းများ၊ သွေးပင်လယ်များ၊ အရိုးဖြူဖြူများ၊ နတ်ဆိုးကြီးများ၊ ဘီလူးများ၊ မိစ္ဆာများ လှုပ်ရွလှုပ်ရွဖြင့် လှည့်လည်သွားလာ နေသည့် မကောင်းဆိုးရွားကမ္ဘာကြီးဖြစ်၏။
ယင်းသည် ပန်းချီကားတစ်ချပ်သာ ဖြစ်သော်လည်း သွေးလွှမ်းနေသောငရဲဘုံကြီး၏ တံခါးပေါက်တစ်ခု ပွင့်လာသလိုပေပင်။ ၎င်းမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ကြောက်စရာကောင်းလှသည်။
ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားပြီး ကောင်းကင်၌ထူးခြားသော ဥပဒေများစုပုံလာ၏။
“ ဒါ ... ။ ”
အဝေးရှိ လူအုပ်ကြီးသည်ပင် ရေခဲဂူထဲ ပြုတ်ကျသွားသကဲ့သို့ တုန်လှုပ်သွားကြသည်။
“ မကောင်းဘူး ... ။ ”
ဧကရာဇ်များခမျာ ဖိနှိပ်ခံလိုက်ရပြီး အသက်ရှူကြပ်ကုန်၏။
“ မင်းတို့ရဲ့ အာရုံခြောက်ပါးကို မြန်မြန်ပိတ်ထားပါ အဲဒီပန်းချီရဲ့အရှိန်အဝါကို ခံစားကြည့်ဖို့ မကြိုးစားနဲ့။ ”
ထွတ်မြတ်ကိုးပါးနန်းတော်၏ ဘိုးဘေးက မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲ သွားပြီး ချက်ချင်းအော်ဟစ်သတိပေး၏။
ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလျက် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာလေသည်။ အသက် အန္တရာယ်ရှိသော ခြိမ်းခြောက်မှုကို ခံစားမိပြီး မည်သူမျှ နတ်အာရုံ မသုံးဝံ့တော့ချေ။
ပန်ချီကားအရှိန်အဝါသည် ကြောက်စရာကောင်းပြီး ထိုပန်ချီကားထဲရှိ ပုဂ္ဂိုလ်များကို မနှောက်ယှက်ဝံ့ကြသည်မှာ သဘာဝပေပင်။
အားနည်းသော ဧကရာဇ်များသည် ကြောက်ရွံ့ထိတ်လန့်သွားကြပြီး ကျင့်ကြံမှုကို ချက်ချင်းအသက်သွင်းကာ ရတနာများဖြင့် ကာကွယ်ထားလိုက်ရသည်။
ပန်ချီကားထဲတွင် နတ်ဆိုးများနှင့် မကောင်းဆိုးရွားဝိညာဉ်များသည် ကြယ်များ ခူးဆွတ်ကာ လကိုသိမ်းပိုက်နေ၏။
“ ဒီပန်းချီကားရဲ့ အရှိန်အဝါက ဧကရာဇ်အဆင့် ရတနာတွေထက်တောင် အများကြီးသာလွန်နေတယ် ... ဒါပန်းချီဆရာ ကိုယ်တိုင်ဖန်တီးထားတဲ့ ရတနာလား။ ”
စုရီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားတော့၏။ ပန်းချီကားအတွင်းမှ ထူးခြားသော သဘောသဘာဝကို သူ ခံစားမိသည်။
ထိုပန်းချီကားအတွင်းမှ သတ္တဝါများသည် တစ်ချိန်က ကမ္ဘာ့ဘုရင်အဆင့် တန်ခိုးကြီးသော ပုဂ္ဂိုလ်များဖြစ်နိုင်၏။
“ ထာဝရ နတ်ဆိုး နယ်မြေ ... ။ ”
ဆရာတော်ကျိယွမ်က ပန်းချီကားကို မြင်သောအခါ ၎င်းမူလအပေါ် ချက်ချင်းမှတ်မိ သွားလေသည်။
“ ဒါဆို ဒီရတနာက ... ။ ”
ရှေးခေတ် တန်ခိုးကြီးသတ္တဝါများ သည်လည်း ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့် ခံစားလိုက်ရ၏။ ပင်းမိုနှင့် စုရီ စကားဝိုင်းမှသည် အရိုင်းမြေကိုးပါးပြင်ပတွင် ကမ္ဘာ့ဘုရင်အဆင့် ကျင့်ကြံသူများရှိကြောင်း နားလည်ထားသည်။
ဤသည်မှာ ၎င်းတို့အတွက် အံ့အားသင့်စရာဖြစ်ပြီး လုံးဝအသစ်အသစ်သော ကမ္ဘာတစ်ခု ပွင့်လာသကဲ့သို့ပေပင်။
ယခု ပင်းမို ထုတ်ဖော်ပြသလာသော ရတနာသည် ထိုဘုရင်အဆင့်သတ္တဝါများစွာကို ဖိနှိပ်ထားနိုင်သည့် တစ်စုံတစ်ရာ ဖြစ်နေလိမ့် မည်ဟု မမျှော်လင့်ထားချေ။
ကောင်းကင်နှင့်မြေကြီးသည် ဖိနှိပ်ချုပ်ချယ်မှုစွမ်းအားများ ပို၍တိုးပွားလာပြီး အေးစက်သောအရှိန်အဝါသည် အရာအားလုံးကို တိတ်ဆိတ်သွားစေတော့၏။
“ ကြယ်တာရာဗဟိုဒေသမှာ ရှိနေတဲ့ ကမ္ဘာဘုရင်တွေက သက်ဆိုင်ရာဒေသတွေကို လွှမ်းမိုးနိုင်တဲ့ ဧရာမသတ္တဝါကြီးတွေပဲ ...
... သူတို့က ဧကရာဇ်နယ်ပယ်ကိုတောင် ကျော်လွန်နေတာမို့ အကန့်အသတ်မဲ့စွမ်းအား ပိုင်ဆိုင်ထားကြတယ် ...
... ဒါပေမယ့် သူတို့ဘယ်လောက် အစွမ်းထက်နေပါစေ အဆုံးမှာတော့ နှလုံးသား ပြခန်းဂိုဏ်းက ဂိုဏ်းချုပ်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ် ...
... သူတို့ရဲ့ ခန္ဓာကိုယ်တွေကို သန့်စင်ပြီး ဝိညာဉ်တွေကို ဒီပန်းချီကားထဲမှာ ချုပ်နှောင် ထားခဲ့တယ် ...
... ဆရာ ... မင်းဒါမျိုးလုပ်နိုင်တယ်လို့ ထင်လား ... ဂိုဏ်းချုပ်နဲ့ယှဉ်ရင် မင်းကိုယ်မင်း မောက်မာလွန်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေက အလကားဘဝမြင့်တာ သက်သက်ပဲလို့ ငါပြောခဲ့တာကို ယုံပြီလား။ ”
ပင်းမိုက ထိုင်နေရာမှ ထရပ်ကာ လှောင်ပြောင်ပြောကြားလိုက်သည်။ စုရီမှ တုန်လှုပ်ခြင်းမရှိဘဲ၊
“ ဒီပန်းချီကားက ငါ့ကိုသစ္စာဖောက်ဖို့ မင်းရရှိထားတဲ့ ယုံကြည့်မှုလား။ ”
-ဟု မေးမြန်းလိုက်သည်။
စုရီက လေထုအလယ် ရပ်လျက်ဖြင့် သူ့မျက်လုံးများက ရှေးဟောင်းနတ်ဆိုးမြေပုံထံ လှည့်ကြည့်လိုက်တော့၏။
“ မဟုတ်ဘူး။ ”
ပင်းမိုက ခေါင်းခါပြီး၊
“ ဒါက သစ္စာဖောက်တာ မဟုတ်ဘူး မြင့်မားတဲ့လမ်းကြောင်းကို ရှာဖွေနေတာပါ ဉာဏ်ပညာရှိတဲ့ ငှက်တစ်ကောင်က နားခိုဖို့ ပိုကောင်းတဲ့ သစ်ပင်ကို ရွေးချယ်ရတယ်။ ”
-ဟု တုန့်ပြန်သည်။
“ မင်းကိုယ်မင်း ငှက်တစ်ကောင်နဲ့ နှိုင်းယှဉ်နေတာလား မင်းက ငှက်တစ်ကောင် ထက်တောင် နိမ့်ကျတယ်လို့ ငါထင်တယ် ...
... မင်းအတွက် ငါ့ထက်သာတဲ့ ဆရာတစ်ယောက်ကိုရှာချင်နေရင် ငါမတားဘူး၊ နှလုံးသားပြခန်းဂိုဏ်းရဲ့ ခွေးအဖြစ်ရွေးချယ်တာ ငါဘာမှမပြောလိုဘူး ဒါပေမယ့်ဘာလို့ ...
... ငါ့နာမည်နဲ့ မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ပြီး မင်းရဲ့ဂျူနီယာ ညီအစ်ကို မောင်နှမတွေကိုလှည့်စား အမြတ်ထုတ်ဖို့ ကြိုးစားနေရတာလဲ။ ”
ခွေးတစ်ကောင်သည်ပင် သူ့သခင်ဟောင်းအပေါ် မမေ့နိုင်ကြချေ။ ပင်းမိုသည်မူ ပြင်ပအင်အားစုထံ ဝင်ရောက်ရန် သူ့ကိုသစ္စာဖောက်သွားသည်။
“ ဆရာ ... ဒီလောက် နှစ်တွေ ကုန်လွန်သွားတာတောင် ဒီတပည့်ရဲ့အတွေးကို ဆရာနားမလည်သေးဘူးပဲ မေ့လိုက်ပါ။ ”
ပင်းမိုက ပြန်မဖြေဘဲ ညင်သာစွာ သက်ပြင်းချလျက် အင်္ကျီလက်ကိုဝှေ့ယမ်းပြီး၊
“ ဖိနှိမ် ... ။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။
“ ဝူး ... ။ ”
လေထုအလယ်ရှိ ရှေးဟောင်း နတ်ဆိုးနယ်မြေမြေပုံက ရုတ်တရက်ကျယ်ပြန့် လာကာ ကောင်းကင်နှင့် မြေကြီးကြား ပေါင်းစပ်သွားတော့၏။
အဆိပ်ဘုရင် ထျန်းဟူလို တွင်းအောင်း ကြွက်အိုကြီးများပင် အလျင်အမြန် ဆုတ်ခွာ သွားခဲ့သည်။
ပန်းချီကားတစ်ချပ်၏ အရှိန်အဝါသည် ကြောက်စရာကောင်းလွန်းပြီး အန္တရာယ်ရှိသော ခြိမ်းခြောက်မှုကို ပေးစွမ်းနေ၏။
“ ဝှစ် ... ။ ”
သို့သော် တစ်ဖက်တွင် စုရီသည် ဂရုမစိုက်ခဲ့ဘဲ ထိုပန်းချီကား၏နယ်မြေအတွင်း တွန့်ဆုတ်ခြင်းမရှိ လှမ်းဝင်သွားတော့သည်။
“ ဘီလူးစု ... ။ ”
အဆိပ်ဘုရင်ထျန်းဟူနှင့် အခြားသော ကြွက်အိုကြီးများမှာ မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။
ဘီလူးစုတစ်ယောက် ရူးသွားပြီလော။ ဤပန်းချီကားသည် ကမ္ဘာဘုရင်များစွာကိုပင် ဖိနှိမ်ထားနိုင်၏။
တစ်ဖက်တွင်ပင်းမိုသည် ထိုမြင်ကွင်းမျိုး မျှောလင့်ပြီးဖြစ်ရာ ကျေနပ်စွာပြုံး၏။ ယခုကဲ့သို့ လုပ်ရပ်များကြောင့်ပင် ဘဝင်မြင့်လွန်းသည်ဟု မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
“ ဆရာ၊ နောက်ဆုံးတော့ ခင်များကို သတ်ပစ်မယ့်အရာက ခင်ဗျားရဲ့ အဲဒီမျက်ကန်း မာနကြောင့်ပဲဆိုတာ ဒီတပည့်သိနေတယ် ဟားဟားဟား ... ။ ”
***