အမှိုက်များ ဖယ်ရှားခြင်း။
Vol. 74 Ch. 880
နောက်ဆုံးအကြိမ်အဖြစ် ပင်းမို၏ သွေးမရှိတော့ဘဲ ဖြူလျော့နေသော မျက်ဝန်း များသည် လူအုပ်ကြီး၏ လှောင်ပြောင်လိုသော အကြည့်များကို မြင်သွားခဲ့သည်။
ခန္ဓာကိုယ် ကြေမွပျက်စီးသွားပြီး အသက်ဓာတ်များသည်လည်း အလျင်အမြန် ဆုတ်ယုတ်နေလျက်မှ ဝိညာဉ်သည် လေထဲပေါ်လာကာ၊
“ ငါအသက်ပေးပြီး ကာကွယ်လိုတဲ့ အမျိုးသမီးတစ်ယောက်က အမှိုက်တစ်စလို သဘောထားတယ် ... နောက်ဆုံးတော့လည်း ငါဟာ ဆရာ့ရဲ့ဓားအောက်မှာပဲ သေရတယ် ငါပင်းမိုဟာ တကယ့်ကို မိုက်မဲလွန်းတာပဲ။ ”
ပင်းမိုက တုန်ရီနေသော အသံဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် စုရီထံပါးသို့ လှည့်ကြည့်ကာ၊
“ ဆရာ ... တပည့်နောင်တမရဘူး ... ဆရာမမေ့ပါနဲ့ ဝင်စားခြင်းလျှို့ဝှက်ချက်ကို ပိုင်ဆိုင်ထားတဲ့ ဆရာ့ကို ကြယ်ဗဟိုဒေသက အင်အားစုတွေက ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။ ”
-ဟု သတိပေးလိုက်၏။
ဤသည်မှာ နောက်ဆုံး စကားပေပင်။ သူ့ဝိညာဉ်သည်ပင် လေထုအလယ်အမှုန့်အဖြစ် ကြေပျက်သွားတော့သည်။
နတ်ဓားရှင်၏ ဘုန်းတန်ခိုး ကြီးမားသော တပည့်ကြီးပင်းမိုဟူသည် ဤနည်းဖြင့် ဘဝနိဂုံး ချုပ်သွားချေပြီ။ စုန့်ချိုင်မှ နှာခေါင်းရှုံ့လျက် လျစ်လျူရှုကာ ကောင်းကင်ပေါ် မော့ကြည့်၏။
“ ဂျိန်း ... ။ ”
ကပ်ဘေးတိမ်တိုက်များသည် တစ်စတစ်စတိုး၍သိပ်သည်းကာ မိုးခြိမ်းသံများ ညံနေတော့သည်။ ဤကပ်ဘေးသည် သူမဘဝ မြင်ဖူးသမျှတွင် ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်ချေ၏။
“ စုရွှမ်ကြွယ် ... ပင်းမိုကို မင်းလက်နဲ့ သတ်နိုင်ခဲ့ပြီဆိုတော့ မင်းနဲ့မင်းရဲ့တပည့်ကြား ရန်ငြိုးငြိမ်းသွားပြီ ... ငါတို့ဒီမှာတင် ရပ်လိုက် ကြရအောင် ဒီကပ်ဘေးကို အောင်မြင်အောင် ကျော်ဖြတ်ပြီးရင် ငါတို့စကားပြောကြမယ်။ ”
စုန့်ချိုင်တစ်ယောက် မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားလေသည်။ သူမကပင် ဆက်၍၊
“ မင်းသာ သဘောတူရင် ငါမင်းကို ကြယ်ဗဟိုဒေသကြီးမှာ အထွတ်အထိပ်လမ်းကို ရောက်အောင် ဆောင်ကျဉ်းပေးမယ် ဒီကတိကို ငါ့ရဲ့တာအိုနှလုံးသားနဲ့ ကျိန်ဆိုနိုင်တယ်။ ”
-ဟု ညှိနှိုင်းလာတော့သည်။
လူအုပ်ကြီးခမျာ မှင်သပ်သွားကြ၏။ ထိုမျှမြင့်မားလှသည့် ကမ်းလှမ်းမှုကို မည်သည့် ဧကရာဇ်မဆို ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် စုရီကမူ အေးစက်စွာဖြင့် ပြုံးသည်။
“ ပင်းမိုကိုလည်း ဒီလိုဖျားယောင်းပြီး မြှူဆွယ်ခဲ့တာ မဟုတ်လား စိတ်မကောင်းပါဘူး ငါက သူ မဟုတ်ဘူး ... ငါ့ရဲ့လမ်းကိုဘယ်သူ့ရဲ့ အကူအညီမှ မလိုအပ်ဘူး။ ”
ပြတ်သားသော ထိုဆုံးဖြတ်ချက်ကြောင့် စုန့်ချိုင်မှ ဒေါသတကြီး မျက်မှောင်ကြုတ်လိုက် တော့သည်။
“ မင်း ... ငါနဲ့ရန်သူဖြစ်ရင် အဲဒီနှလုံးသားပြခန်းနဲ့ ရန်သူဖြစ်ရတာထက် ပိုဆိုးလိမ့်မယ် ... ငါ့ရဲ့နောက်ခံက ဒီဘဝ မင်းထင်တာထက် အများကြီး ပိုကြီးမားတယ်။ ”
ဤတစ်ကြိမ်တွင် စုရီကမူ တုန်ပြန်ခြင်း မပြုတော့ဘဲ ဓားဝှေ့ယမ်းကာ တိုက်ခိုက်လိုက် တော့သည်။
“ နင် ... ။ ”
ဓားချက်သည် ပြတ်သားပြီး မည်သည့် ခြိမ်းခြောက်မှုမျှ ဂရုမစိုက်ကြောင်းပြသနေ၏။ စုန့်ချိုင်ခမျာ အလျင်အမြန်ရှောင်တိမ်းလျက် အလွန်အမင်း ဒေါသထွက်လာသည်။
ယနေ့တွင် သူမသည် တစ်ဖက်လူကို နှိမ်နင်းရန် မဖြစ်နိုင်တော့ကြောင်း သိရှိသဖြင့် ဆုတ်ခွာရန်ပြင်လိုက်ရ၏။
“ စုရွှမ်ကြွယ် ... နင်ဒေါသထွက်နေတာ ငါသိပါတယ် ... နင့်ကိုစဉ်းစားဖို့အချိန်ပေးမယ် ငါ့ကို အဲ့ဒီရွှေဖားပြန်ပေးပါ ဒါဆို ငါတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလာလိမ့်မယ်။ ”
“ စဉ်းစားဖို့အချိန်ပေးမှာလား မလိုတော့ပါဘူး ... ။ ”
“ မလုပ်နဲ့ ... ။ ”
စုရီက လှောင်ပြုံးဖြင့် သတိမေ့နေသော မျက်လုံးသုံးလုံးရွှေဖားကြီးကို ထုတ်ယူလိုက်ပြီး၊ ဓားဖြင့် တစ်ချက်တည်း ခုတ်သတ် ပစ်လိုက်တော့သည်။
ငရဲဘုံကိုးပါးဓားရောင်ဝါသည် ရွှေဖား၏ဝိညာဉ်အတွင်း ကိန်းအောင်းနေသော ပန်းချီဆရာ၏ ဆန္ဒဝိညာဉ်ကိုပါ တစ်ပါတည်း ချေမှုန်းပစ်လိုက်လေသည်။
မျက်လုံးသုံးလုံး ရွှေဖား၏ ရုပ်အလောင်းသည် သူမရှေ့မှာပင် ပြာအဖြစ် လွင့်စင်သွားတော့၏။ ဤလုပ်ရပ်မှာ အလွန် ပြတ်သားပြီး မည်သည့် ပြန်လည်စေ့စပ်ရေး လမ်းစကိုမျှ ချန်မထားခဲ့ခြင်းပေပင်။
“ နင် ... ။ ”
စုန့်ချိုင် မျက်နှာသည် ဒေါသကြောင့် စိမ်းဖန်နေပြီဖြစ်သည်။ စုရီက ကောင်းကင်ကို မော့ကြည့်ကာ၊
“ မင်းမှာသတ္တိရှိရင် ငါနဲ့လာတိုက်ပါ မရှိတော့ရင်သွားတော့ ... အနာဂါတ်မှာ ငါ့ရှေ့ ပေါ်မလာစေနဲ့ မဟုတ်ရင် မင်းကိုငါကိုယ်တိုင် သတ်ပစ်မယ်။ ”
-ဟု အေးစက်စွာ ပြောကြားလိုက်သည်။
“ ငါကတိပေးတယ် နင်ရဲ့ဒီနေ့ ဆုံးဖြတ်ချက်အတွက် နောင်တရစေရမယ်။ ”
စုန့်ချိုင်က အံကြိတ်လျက် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ သူမနှင့် စုရီကြား ရန်ငြိုးသည် မီးနှင့်ရေကဲ့သို့ ပေါင်းစည်း မရတော့ချေ။
သည့်အတွက် စုရီသည် ဂရုမစိုက်ဘဲ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေသည်။ သူ၏အတိတ်ဘဝသည် လောကသခင်ဖြစ်ကာ ကြယ်ဗဟိုဒေသကို တုန်လှုပ်စေသူဖြစ်၏။
စုရွှမ်ကြွယ်အဖြစ် ပြန်လည် ဝင်စားခြင်းဟူသည် ထိုလောကသခင်အဆင့်ကို ကျော်လွန်ရန်ပေပင်။
ထို့ကြောင့် စုန့်ချိုင်မဆိုနှင့် ပန်းချီဆရာကဲ့သို့သော ဘီလူးကြီးများသည်ပင် သူ့မျက်စိထဲမဝင်ချေ။
“ ဂျိန်း ဒလိန်း လိန်း ... ။ ”
ကောင်းကင်တွင် အချိန်အတော်ကြာ အရှိန်ယူနေသော နောက်ဆုံးမိုးကြိုးကပ်ဘေး ကြီးသည် အဆုံး၌ကျဆင်းလာတော့၏။
ထျန်ဝူတောင်ကြီးတစ်ခုလုံး ပြင်းစွာ တုန်ခါသွားပြီး ဖြူဖွေးတောက်ပသောလျှပ်စီး အလင်းတန်းသည် ကြယ်မြစ်ကြီးတစ်စင်း သက်ဆင်းလာသကဲ့သို့ ပြုတ်ကျလာ၏။
လေဟာနယ် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အလွန်စူးရှသဖြင့် မည်သူမဆို မျက်လုံးများ မှိတ်ကျကုန်သည်။ ထိုဖိအားသည် စိတ်ပျက်အားငယ်မှုကိုပေး၏။
ကျင့်ကြံမှု မြင့်မားလေ၊ ထိုကပ်ဘေး၏ အန္တရာယ်ကို ပို၍ခံစားရလေပေပင်။ ယင်းသည် ရွှမ်ဟဲအဆင့် တာအိုခန္ဓာကိုယ်အပေါ် ပြာအဖြစ် ပြောင်းလဲနိုင်မည်။
ယင်းသည် တစ်စုံတစ်ဦးကို အမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်ထားခဲ့သော မရဏကပ်ဘေးကြီးပင်ဖြစ်သည်။
ထို့ကြောင့် စုရီ၏ မျက်ဝန်းတစ်စုံမှာ ချက်ချင်းအေးစက်သွား၏။ သူ့တာအိုခန္ဓာသည် ဤကပ်ဘေးကို ကျော်ဖြတ်ရန် မဖြစ်နိုင်ချေ။
အသိစိတ်ပင်လယ်အတွင်းရှိ ငရဲဘုံကိုးပါးဓားသည် အပြည့်အဝနိုးထလာခဲ့ပြီး သွေးနှင့်ချီကို လောင်မြိုက်စေ၏။
“ သွား ... ။ ”
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
အဆုံး၌ စကာဝဠာဓားကိုမြှောက်ကာ ပြန်၍ခုတ်ပိုင်းချလိုက်သည်။ ကြယ်မြစ်အလား ကျဆင်းလာသော ကပ်ဘေးအလင်းတန်းသည် စက္ကူချပ်တစ်ခုကဲ့သို့ အလယ်တည့်တည့်မှ ပြတ်တောက်သွားချေပြီ။
ယင်းသည် အဆုံးမဟုတ်ချေ။ မိုင်းပေါင်းသောင်းချီစုပြုံနေသော တိမ်တိုက်များ အားလုံး အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲ ပျက်ပြယ်သွားတော့သည်။
“ ဝှစ် ... ။ ”
စုရီသည် ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး ကပ်ဘေးမှကြွင်းကျန်ရစ်သော လျှပ်စီးအလင်းမှုန်များကို ခန္ဓာကိုယ်အတွင်းသို့ ဝေလငါးကြီးအလား စုပ်ယူလိုက်၏။
ကျင့်ကြံမှုသည်လည်း ရွှမ်ယုအဆင့်သို့ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။ တာအို ခန္ဓာ၊ ဝိညာဉ်နှင့် စွမ်းအင်များအားလုံးသည် အံ့အားသင့်ဖွယ် အသွင်ပြောင်းလာ၏။
လောကကြီးနှင့် ဦးညွှတ်မှုမျိုးပေပင်။ ရောင်စုံအလင်းတန်းများအလယ် ရပ်နေသော သူ့ပုံရိပ်သည် လူတိုင်းအပေါ် ဖိအားပေးနေ၏။
“ ဒါ ... ဒါက နတ်ဘုရားတစ်ပါးများလား။ ”
ယန်စုနီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ စုရီ၏ တာအိုလမ်းစဉ်သည် ရှေးယခင်ကတည်းက ယနေ့အထိ မည်သူမျှ မရရှိဖူးသော ရောင်ဝါပေပင်။
သူ့နောက်ကွယ်၌ ထူးခြားဆန်းပြားသော ဖြစ်စဉ်အမျိုးမျိုး ဖြစ်ပေါ်နေသည်။ နတ်ဆိုးများ၊ နတ်ဘုရားများ၊ သတ္တဝါကြီးများ၊ လျှပ်စီးများ၊ မုန်တိုင်းများ၊ ကပ်ဘေးများ စသည့် တရိပ်ရိပ် ဖြစ်ပေါ်လာ၏။
ကမ္ဘာဦးခေတ်များ၊ သမိုင်းများ၊ တာအိုများနှင့် ကြယ်မုန်တိုင်းများ၊ အာကာသ ပြတ်ရွေ့များ၊ အချိန်မြစ်ကြီး စသည်တို့ပင် ထိုသံသရာအတွင်း ဖြစ်ပေါ်နေသည်။
“ ဒီအဖိုးကြီးစုက အရင်ဘဝထက် ပိုပြီးတောင် နားမလည်နိုင်စရာပါပဲ။ ”
အဆိပ်ဘုရင်ထျန်းဟူက သက်ပြင်းချလိုက်၏။ ထိုစဉ် ထွတ်မြတ်ကိုးပါး နန်းတော်၏ ဘိုးဘေးကြီးသည် လေထုအလယ် ထွက်ပေါ်လာပြီး ဦးညွှတ်လိုက်လေသည်။
“ တာအိုစုရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ ”
သူ့လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်ရှိ ထောင်သောင်းမကသော ကျင့်ကြံသူများသည် ချက်ချင်းသတိဝင်လာကာ စုရီကို ဦးညွှတ်တော့သည်။
“ နတ်ဓားရှင်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ ”
စုရီက လူတိုင်းကို လက်ဝှေ့ရမ်းပြကာ ကောင်းကင်မှဆင်းသက်လာပြီး ဝိုင်တစ်အိုးကို အားရပါးရမော့သောက်လိုက်သည်။ ထို့နောက် သူ့အကြည့်များက လူအုပ်ကြီးထံ ဝေ့ဝဲလျက်၊
“ ဘယ်သူ ငါ့ကိုတိုက်ချင်သေးလဲ။ ”
-ဟု မေးခွန်းထုတ်လိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။ မည်သူမျှ အသက်ရှူသံပင် မထွက်ဝံ့ကြချေ။ စုရီက အနည်းငယ် စိတ်ပျက် သွားကာ သက်ပြင်းချလျက်၊
“ ယွီလောင် ... ပင်းမိုရဲ့ အလောင်းကို ကောက်လာခဲ့ပါ။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ ... ဆရာ ။ ”
ယွီလောင်က ကြွင်းကျန်သော ပြာမှုန်များအတွင်းမှ ပင်းမို၏ တာအိုခန္ဓာကိုယ် အစိတ်အပိုင်းများကို လိုက်လံစုစည်းတော့၏။
အဆိပ်ဘုရင် ထျန်းဟူက လှစ်ခနဲပျောက်ကွယ်သွားပြီး တာအိုဂိုဏ်းကြီး ခြောက်ဂိုဏ်းမှ ကြွင်းကျန်ရစ်သူများကို လိုက်လံသတ်ဖြတ်တော့သည်။
“ စီနီယာ ငါ့ကိုခွင့်လွှတ်ပါ။ ”
“ စီနီယာ ငါတစ်သက်လုံး မင်းရဲ့ ခွေးလေးဖြစ်ချင်ပါတယ်။ ”
“ စီနီယာ ... ။ ”
နေရာအနှံ့ ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးနေသော ဧကရာဇ်များ၏ အသံများကို ကြားနေရသည်။
ဤသည်ကား စုရီနှင့် ရန်သူဖြစ်ရခြင်း၏ အကျိုးဆက်ပင်။ ယနေ့မှစ၍ တာအိုဂိုဏ်းကြီး (၅)ဂိုဏ်းဟူသည် သမိုင်းစာမျက်နှာအတွင်း ပျောက်ကွယ်သွားရပေလိမ့်မည်။
စုရီက ထိုမြင်ကွင်းကိုရပ်ကြည့်ကာ ကြယ်ဗဟိုဒေသမှ အခြားသောအင်အားစုများ ထွက်ပေါ်မလာသည့်အပေါ် နှမျောနေခဲ့၏။
ထာဝရနတ်ဆိုးမြေပုံကို အနိုင်ယူကာ ရွှမ်ယုအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းသည် ထိုသူများအပေါ် သက်ရောက်မှုရှိသွားပုံပင်။
ယနေ့တိုက်ပွဲသည် ဤနည်းဖြင့် ပြီးဆုံးသွားကာ နတ်ဓားရှင် ပြန်ဝင်စားလာခြင်း သတင်းသည် ဖုံးဖိမရအောင် ပျံ့နှံ့သွားချေပြီ။
***