စကြာဝဠာအတွင်းမှ အရူးအမျိုးသမီး။
Vol. 74 Ch. 881
ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ ပြိုကွဲသွားပြီး ပင်းမိုအသတ်ခံလိုက်ရကာ နတ်ဓားရှင်သည် စုရီအဖြစ်ပြန်ဝင်စားလာကြောင်း သတင်းမှာ တောမီးပမာပြန့်နှံ့သွားချေပြီ။
တစ်ဆက်တည်းမှာပင် ဒဏ္ဍာရီသည် တိုက်ပွဲအတွင်း ရွှမ်ယုအဆင့်တက်လှမ်းလျက် သမိုင်းအသစ်ကို ရေးထိုးသွားသည်။
ဤသတင်းသည် အရိုင်းမြေကိုးပါးတွင် မုန်တိုင်းတစ်စင်းကဲ့သို့ပျံ့နှံ့နေပြီး စုရီဟူသော အမည်သည် အတုအယောင်မဟုတ်ဘဲ စစ်မှန်သောနတ်ဓားရှင် ပြန်လည်ဝင်စားခြင်း ဖြစ်ကြောင်း အကြွင်းမဲ့ယုံကြည်သွားကြ၏။
နန်ယွမ်ပြည်နယ်၊ တုန်းဟဲမြို့ လမ်းဘေး အရက်ဆိုင်တစ်ဆိုင်တွင် မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦးသည် တစ်ကိုယ်တည်း အရက်သောက်နေ၏။
“ အဲဒီပင်းမိုက နတ်ဓားရှင်ရဲ့ အရိပ်အောက်မှာ တစ်ချိန်ကဘယ်လောက် တောက်ပခဲ့ရလဲ ... အခုတော့ သစ္စာဖောက် ခွေးတစ်ကောင်ဘဝနဲ့ သေရတာ တကယ့်ကို ထိုက်တန်ပါတယ်။ ”
မီးခိုးရောင်ဝတ် အမျိုးသားမျက်နှာသည် မည်းမှောင်နေပြီး ပတ်ဝန်းကျင်မှ စကားများကို စိတ်ထဲမှ ငြင်းဆန်နေခဲ့သည်။
“ အဆိပ်ဘုရင်ထျန်းဟူ ပြောတာမှန်တယ် ပင်းမိုဆိုတာ အချစ်ရဲ့ခွေးကလေးပဲ အဆုံးတော့ သူချစ်ရတဲ့ အမျိုးသမီးလက်ထဲမှာပဲ သေသွား ရရှာတယ်... ဟားဟားဟား။ ”
ဆိုင်အတွင်း ရယ်မောသံများ ညံသွားတော့သည်။ အချစ်အတွက် ဆရာသခင် အပေါ် သစ္စာဖောက်ခဲ့သည့် လုပ်ရပ်အပေါ် အဆုံးသတ်သည် ဟာသပေပင်။
“ ငါ ခွေးမဟုတ်ဘူး။ ”
အဆုံး၌ မီးခိုးရောင်ဝတ်ရုံနှင့် ထိုအမျိုးသားသည် အရက်ခွက်ကို အသာအယာ ချလိုက်ပြီး အံကြိတ်ရေရွတ်လိုက်တော့၏။
ထို့နောက် ဆိုင်အတွင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ ယနေ့တွင် ကောင်းကင် ပြည်နယ်မှထွက်ခွာကာ ထျန်းတုံပြည်နယ်သို့ သွားရောက်ရန် ဆုံးဖြတ်ထားချေပြီ။
ညအမှောင်တွင် ကောင်းကင်မှ မိုးတဖွဲဖွဲကျနေသောကြောင့် ဝါးခမောက်ကြီးကို ခပ်ငိုက်ငိုက်ဆောင်းလျက် မြို့ပြင်သို့ ဦးတည်လာခဲ့သည်။
“ ဒင် ... ဒင် ... ။ ”
မြို့ပြင်ရှိ တောင်ကုန်းတစ်ခုသို့ ရောက်ရှိလာသောအခါ ဗျက်စောင်းသံများ ရုတ်တရက် ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်၏။
မိုးရေစက်များအောက်တွင် ရိုးရှင်းသော အနက်ရောင်ဝတ်လုံနှင့် အမျိုးသမီးတစ်ယောက် ကျောက်တုံးပေါ်၌ ဗျက်စောင်းတီးနေသည်။
မိုးရေစက်များသည် သူမနှင့် သုံးပေအကွာတွင်ပျက်ပြယ်လျက် ထူးခြားသော ရောင်ဝါများ ထုတ်ဖော်ထားချေပြီ။
ညအမှောင်တွင် မိုးရွာကြီးထဲ၌ လူသူဆိတ်သုဉ်းနေသော တောင်ကုန်းထက် တစ်ယောက်တည်း ဗျပ်စောင်းကို တီးခတ် နေသည်မှာ အမှန်ပင် ထူးဆန်းနေ၏။
“ မူလခန္ဓာကိုယ်တောင် မလွတ်မြောက်နိုင်တာ ဒီလိုကိုယ်ပွားလေးနဲ့ ရုန်းကန်ချင်နေတာလား ... ။ ”
ရုတ်တရက် အနက်ဝတ် အမျိုးသမီးက ဗျပ်စောင်းကိုရပ်ကာ မော့ကြည့်ပြီး စကားဆို လာတော့သည်။
ဝါးခမောက်ဆောင်းထားသော မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားသည် ခန္ဓာကိုယ် တောင့်တင်းအေးခဲသွားကာ၊
“ မင်း ... ငါ့ကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ။ ”
-ဟု မေးမြန်းလိုက်လေသည်။
“ ဒင် ... ။ ”
အနက်ဝတ်အမျိုးသမီးက ဗျပ်စောင်းကြိုးကိုအသာအယာ ခတ်လိုက်ပြီး၊
“ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာတုန်းက ... ငါ့ဆီကနေ လုယူသွားတဲ့ ရတနာတွေထဲမှာ အမြွှာကြာပန်းတစ်ပွင့်ပါသွားတယ် ...
... အဲ့ဒီကြာပန်းက တစ်စုံတစ်ဦးကို သူ့ရဲ့မူလခန္ဓာကိုယ်နဲ့ သီးခြားလွတ်လပ်တဲ့ ကိုယ်ပွားတစ်ခု ဖန်တီးပေးနိုင်တယ် ...
... မူလခန္ဓာကိုယ် သေသွားရင်တောင် အဲဒီကိုယ်ပွားက ဆက်ပြီးအသက်ရှင်နိုင်တယ် အမွေနဲ့ မှတ်ဉာဏ်ကိုလည်း ဆက်ခံနိုင်တယ် ... ငါပြောတာ မှန်တယ်မလား ပင်းမို။ ”
-ဟု မေးမြန်းလိုက်သည်။
ဝါးခမောက်ဆောင်းထားသော အမျိုးသားခမျာ မျက်နှာ ပျက်ယွင်းသွားသည်။ လွန်ခဲ့သော နှစ်ပေါင်းငါးရာတည်းက သူ့အပေါ် သူမမှ စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပေမည်။
“ လူတွေက မင်းကိုအချစ်ကြောင့် မျက်စိကွယ်နေတဲ့ ခွေးလေးတစ်ကောင်ပါလို့ ထင်နေကြပေမဲ့ ငါတော့အဲ့ဒီလိုမထင်ဘူး။ ”
အနက်ဝတ်အမျိုးသမီးက ဗျပ်စောင်းကို သိမ်းဆည်းလျက် ထရပ်လိုက်ကာ၊
“ တကယ်တော့ ... မင်းက အခွင့်အရေးသမားပဲ ငါ့တို့ဆရာကကမ္ဘာကြီးကို အုပ်စိုးနေတုန်းက ဆရာ့နားမှာကပ်နေတယ် ...
... ငါတို့ဆရာ့ထက် အစွမ်းထက်တဲ့သူ ပေါ်လာတော့ ဆရာ့အပေါ် သစ္စာဖောက်တယ် ဒီလိုလူမျိုးက အချစ်ဆိုတာကို ဘယ်လိုများ နားလည်နိုင်မှာလဲ ...
... အခုလည်း စုန့်ချိုင်ကို လှေကားထစ်တစ်ခုလိုအသုံးပြုပြီး ကြယ်ဗဟို ဒေသရောက်တဲ့အခါ စွန့်ပစ်ဖို့ စီစဉ်နေတာ မဟုတ်လား။ ”
ဤတစ်ကြိမ်တွင် မီးခိုးရောင်ဝတ် အမျိုးသားသည် အသက်ပြင်းပြင်းရှူလျက် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်၏။
“ မင်း ဘာလိုချင်တာလဲ။ ”
အနက်ဝတ်အမျိုးသမီးက ချက်ချင်းပြန်မဖြေချေ။ ဝိုင်အိုးတစ်လုံးထုတ်ကာ မော့သောက်ချလိုက်ပြီး၊
“ ငါမင်းကို လိုက်ပို့ပေးမလို့ပါ ... မင်းနည်းလမ်းတစ်ခုရွေးလိုက် ... တစ်ချိန်က ငါတို့က ဆရာတူတပည့်တွေ ဖြစ်ခဲ့ဖူးတာမို့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ ”
-ဟု ဖြေကြားလိုက်၏။ သူမစကားကြောင့် ဝါးခမောင်ဆောင်းနှင့်လူသည် ကြောက်လန့်စွာ မျက်နှာဖြူဖျော့သွားပြီး၊
“ ချင်းတန်၊ ငါ့ကိုလွှတ်ပေးပါ ... ငါ မင်းအတွက် ကျွဲလိုနွားလိုအလုပ်အကျွေး ပြုပေးနိုင်ပါတယ်။ ”
-ဟု ချက်ချင်း အသနားခံတော့သည်။ သို့သော် အနက်ဝတ်အမျိုးသမီးက ခေါင်းယမ်း ပြလာ၏။
“ မင်းက ငါ့အတွက် အသုံးမဝင်ဘူး ဒါပေမယ်မင်းရဲ့ခေါင်းကတော့ ငါ့အတွက် အရေးကြီးတယ်။ ”
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
စကားဆုံးသည်နှင့် အမျိုးသမီးသည် လက်ကိုဓားကဲ့သို့ ဝှေ့ယမ်းလိုက်ရာ ဝါးခမောက် ပေါက်ကွဲလျက် ဦးခေါင်းကြီးလွင့်ဝဲသွားခဲ့၏။
ကျန်ရှိနေသော ခန္ဓာကိုယ်သည် အမှုန့်များအဖြစ် ချက်ချင်းပြောင်းလဲသွား တော့သည်။
တစ်ဖက်တွင် အနက်ဝတ်အမျိုးသမီးသည် သနားကြင်နာမှု အနည်းငယ်မျှပင်မပြဘဲ၊
“ အခြေအနေတွေအားလုံး ပြီးဆုံးသွားတဲ့အခါ နင့်အတွက် စက္ကူတွေကို မီးရှို့ပေးပြီး အမှန်တရား ငါပြောပြပါ့မယ် အခုတော့ ... သွားနှင့်လိုက်ပါ။ ”
-ဟု ရေရွတ်ကာ ဦးခေါင်းပြတ်ကြီးကို ကိုင်လျက် ပျံသန်းပျောက်ကွယ်သွားတော့၏။
အနောက်ဘက်သုခဘုံ ဗုဒ္ဓနယ်မြေ။ ရှေးဟောင်းဗောဓိပင်ကြီး တစ်ပင်အောက်တွင် ဝါးလုံးကဲ့သို့ ပိန်ချောင်နေသော ရဟန်းအိုကြီး တစ်ပါး ငြိမ်သက်စွာ တရားထိုင်နေ၏။
များမကြာမီ အဝါရောင်သင်္ကန်းကို ဝတ်ဆင်ထားသော ကျိယွမ်တစ်ယောက် ရောက်ရှိလာပြီး ၊
“ ဆရာ ... ထျန်းဝူနတ်တောင် တိုက်ပွဲ ပြီးဆုံးသွားပါပြီ။ ”
-ဟု သတင်းပို့လာ၏။
သူသည် ထိုတိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူဖြစ်သဖြင့် ကောလာဟလထက် ပို၍တိကျသောအချက်များ ဝေမျှနိုင်၏။
“ ဒါပေမယ့်ဆရာ တစ်စုံတစ်ဦးက ဝင်စားခြင်းဥပဒေကို နားလည်ရုံနဲ့ ဒီလောက် အထိ အံ့အားသင့်စရာကောင်းအောင် ...
... ပြောင်းလဲသွားနိုင်တာလား တပည့် မယုံနိုင်အောင် ဖြစ်နေမိပါတယ် အခုအချိန်မှာ စုရွှမ်ကြွယ်ဘယ်သူလဲဆိုတာ တကယ် သိချင်နေပါပြီ။ ”
အဆုံး၌ ကျိယွမ်သည် သံသယများကို သည်းမခံနိုင်တော့ဘဲ တင်ပြလိုက်တော့သည်။ ရဟန်းအိုကြီးမှ မျက်လုံးများ မှိတ်လျက်ဖြင့်၊
“ ငါတို့နှစ်ယောက်လုံးက ဝင်စားခြင်းလျှို့ဝှက်ချက်ကို နားမလည်ကြဘူး ကြယ်မြစ်ဂိုဏ်း၊ ကောင်းကင်ဘုံကိုးပါး နန်းတော်နဲ့ နှလုံးသားပြခန်းရဲ့ ...
... အဲဒီအဘိုးကြီးတွေတောင် ဒီလို ရှုပ်ထွေးတဲ့ ခံစားချက်မျိုးရနေတာမို့ ဒါက မှန်းဆချက်မပေးနိုင်တာ သဘာဝပါပဲ ... ။ ”
ကျိယွမ်မှ မျက်မှောင်ကြုတ်သွား၏။
“ ဒါဆို ဆရာရော စုရွှမ်ကြွယ်မူလကို မမြင်နိုင်ဘူးလား။ ”
“ မှန်တယ် ... ဒါပေမဲ့ စိတ်မပူနဲ့ စုရွှမ်ကြွယ်တစ်ယောက် ကောင်းကင်လှိုဏ်ဂူကို ပြန်သွားတဲ့အခါ အမှန်တရား ပေါ်ပေါက် လာလိမ့်မယ် ချင်းတန်ရဲ့ ဆုံးဖြတ်ချက်က သူ ဘယ်သူလဲ မီးမောင်းထိုးပြမှာပါ။ ”
ကျိယွမ်တစ်ယောက် မေးခွန်းအချို့ ဆက်မေးလိုသော်လည်း ပါးစပ်ပိတ်သွား၏။ အဘယ့်ကြောင့်ဆိုသော် ဘုန်းကြီးအိုကြီးသည် စကားဆက်ပြောလာသောကြောင့် ဖြစ်သည်။
“ ဒီအမျိုးသမီးက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၈၉၀၀)က ကြယ်ဗဟိုဒေသကြီးကနေပြီး လာခဲ့တာပါ စုရွှမ်ကြွယ်တောင် သူမကို ...
... မမြင်နိုင်ဘူး ဒါပေမယ့် သူမရဲ့ ရပ်တည်ချက်က စုရွှမ်ကြွယ်ဘယ်သူလဲဆိုတာ ပြလိမ့်မယ်လို့ ငါယုံတယ်။ ”
***
ထျန်းဝူနတ်တောင် တိုက်ပွဲပြီးနောက် နှစ်ရက်အကြာတွင် စုရီသည် အဆိပ်ဘုရင် ထျန်းဟူနှင့် စကားစမြည် ပြောဆိုနေခဲ့၏။
ဤထျန်းဟူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြယ်ဗဟိုဒေသသို့ ခရီးထွက်ခဲ့စဉ် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရသည်။
ထိုစဉ်က သူနှင့်အတူ သိုင်းဧကရာဇ်၊ တစ္ဆေဘုရင်တို့သည် လမ်းခုလတ်တွင် လျှို့ဝှက် ဆန်းပြားသော လှံကိုင်ဆောင်သူ အမျိုးသမီး တစ်ဦး၏ တားဆီးခြင်းခံခဲ့ရ၏။
ထိုအမျိုးသမီးက၊
“ ဒါကံကြမ္မာပဲ ... ငါ့ရဲ့ တိုက်ကွက် တစ်ကွက်ခံနိုင်တဲ့သူကို လက်အောက်ငယ်သား အဖြစ် ငါအကာအကွယ်ပေးမယ်။ ”
-ဟု ပြောကြားခဲ့သည်။
ယင်းသည် မောက်မာလွန်းပြီး သာမန်မဟုတ်သဖြင့် အဆိပ်ဘုရင်ထျန်းဟူနှင့် သူငယ်ချင်းများက ငြင်းပယ်ခဲ့သော်လည်း ထိုအမျိုးသမီးမှ လက်မခံချေ။
သူတို့သုံးယောက်ကို ချက်ချင်း အတင်းအကျပ် တိုက်ခိုက်လာ၏။ သုံးယောက် ပူးပေါင်းလျက် အသေအလဲ ခုခံလိုက်ရသည်။ သို့တိုင် မအောင်မြင်ခဲ့ချေ။ သူမ၏စွမ်းအားမှာ မယုံနိုင်စရာပေပင်။ အထွတ်အထိပ် ဧကရာဇ် သုံးပါး ပေါင်းစပ်ခုခံခြင်းသည် စက္ကူတစ်စလို ပဲ့ကြွေသွားရသည်။
အဆုံးတွင် သူမစကားအတိုင်း သိုင်းဧကရာဇ်နှင့် တစ္ဆေဘုရင်တို့ကိုခေါ်ဆောင် သွားပြီး အဆိပ်ဘုရင်ထျန်းဟူအား သူမအတွက် လက်အောက်ခံဖြစ်ရန် မထိုက်တန်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့သည်။
ထိုစကားကြောင့် စုရီမှ မျက်ခုံးပင့်မိ၏။ အဆိပ်ဘုရင်ထျန်းဟူကဲ့သို့ အဖိုးကြီးသည်ပင် အစေခံဖြစ်ရန် မထိုက်တန်ဟု တစ်စုံတစ်ဦးမှ ပြောကြားနေသည်မှာ အမှန်ပင် မောက်မာလွန်းချေပြီ။
ထို့ကြောင့် အဆိပ်ဘုရင်ထျန်ဟူမှ ပြန်လည်ပုံဖော်ပြသလာသော အမျိုးသမီး ပုံရိပ်ထံ သတိထားကြည့်လိုက်သည်။
ရိုးရှင်းသော အနက်ရောင်ဝတ်လုံနှင့် ကြေးနီမျက်နှာဖုံးစွပ်ထားသော အမျိုးသမီး တစ်ဦးပေပင်။ လက်ထဲတွင် ရှည်လျားသော လှံတစ်စင်းကို ကိုင်ဆောင်ထားသည်။
လှံလက်ကိုင်တွင် ဗုဒ္ဓဂိုဏ်းဝင်များ၏ သင်္ကေတဖြစ်သော ‘卍’အက္ခရာရေးထိုးထား ခဲ့၏။ သူမသည် စကြာဝဠာအတွင်း လှည့်လည် သွားလာလျက် အစွမ်းထက်သော ပြိုင်ဘက်ကို ရှာဖွေနေသူတစ်ဦးပေပင်။
“ အဖိုးကြီးစု ... နောင်မှာ မင်းကောင်းကင်ကြီးဆီကို ခရီးနှင်တဲ့အခါ အဲဒီအရူးမကို သတိထားပါ။ ”
အဆိပ်ဘုရင်ထျန်ဟူမှ အံကြိတ်လျက် သတိပေးလေသည်။ သူ့ကဲ့သို့ အထွတ်အထိပ် ဧကရာဇ်အိုကြီးကို အရည်အချင်းမပြည့်မီဟု ငြင်းပယ်ခံလိုက်ရခြင်းသည် များစွာ အရှက်ရနာကျင်စေ၏။ စုရီကမူ ပြုံးလျက်၊
“ နယ်ပယ်ကွာခြားချက်ကို ... အနာဂါတ်မှာငါလိုက်မီနိုင်မှာပါ ... တူညီတဲ့ နယ်ပယ်အတွင်းမှာဆိုရင်တော့ အဲဒီအမျိုးသမီး ငါ့ကိုနှိမ်နင်းနိုင်လိမ့်မယ်လို့ မထင်ဘူး။ ”
-ဟု နှစ်သိမ့်လိုက်လေသည်။
ထိုစဉ် ကျင်းခွိုက်ရောက်ရှိလာပြီး ပင်းမို၏ရုပ်ခန္ဓာကို မည်သို့စီမံရမည်နည်းဟု မေးမြန်းလာတော့၏။
“ သူ့ကို ခဏထားလိုက်ပါဦး ... ငါတို့ ကောင်းကင်လှိုဏ်ဂူကို ရောက်တဲ့အခါ တကယ် သေ၊ မသေဆိုတာကို အတည်ပြုရမယ်။ ”
စုရီအဖြေကြောင့် ကျင်းခွိုက်မှ အံ့အားသင့်စွာဖြင့်၊
“ ဆရာ ... ပင်းမို မသေသေးဘူးလို့ သံသယရှိနေတာလား။ ”
-ဟု မေးမြန်းတော့သည်။
“ ပင်းမိုက အလုပ်တစ်ခုလုပ်ရင် စေ့စပ်သေချာတယ် အဲ့ဒီနေ့ကတိုက်ပွဲမှာ ဒီလို အသေခံသွားတာက သူ့ရဲ့ပုံစံမဟုတ်ဘူး ...
... ငါရဲ့ ကောင်းကင်လှိုဏ်ဂူမှာ အမြွှာကြာပန်းလို့ခေါ်တဲ့ ကိုယ်ပွားဖန်တီးနိုင်တဲ့ သဘာဝရတနာတစ်ပါးရှိတယ် ...
... ဒါကြောင့် ဂိုဏ်းကို ငါတို့ ပြန်ရောက်တဲ့အခါ အဲ့ဒီရတနာတစ်ပါး ရှိ၊မရှိကို စစ်ဆေးကြည့်ရင် အဖြေပေါ်လာလိမ့်မယ်။ ”
တစ်ဖက်တွင် ဝမ်ချွယ်နှင့် အခြားတပည့်များသည် ကောင်းကင်လှိုဏ်ဂူသို့ ပြန်မည်ဟူသောစကားကြောင့် စိတ်လှုပ်ရှား သွားကြတော့သည်။
ကောင်းကင်လှိုဏ်ဂူဟူသည် သူတို့အားလုံး၏ အမြစ်ဖြစ်သကဲ့သို့ သူတို့၏ နေအိမ်များလည်း ဖြစ်ချေပြီ။
***