လှည့်စားခံရခြင်း ... ။
Vol. 74 Ch. 882
တစ်ဖက်တွင် စုရီတစ်ယောက် ချင်းတျန်ကို သတိရလာကာ အတွေးနက်သွား၏။ ချင်းတန်မှ တုံ့ပြန်မှုသည် ပုံမှန်ထက် ထူးခြားနေသည်။
ပင်းမိုနှင့် ရွှမ်ကြွယ်မဟာမိတ်တို့ တစ်စစီ ပျက်စီးသွားသည်အထိ သူမဘက်မှ မည်သည့် လှုပ်ရှားမှုမျှ မပြချေ။
“ ဆရာ ... ဘယ်တော့ ဂိုဏ်းကိုပြန်မှာလဲ။ ”
ကျင်းခွိုက်မှမေးသည်။ စုရီတစ်ယောက် အတွေးမှ လန့်နိုးလာပြီး၊
“ ငါပင်းမိုကို ပြင်ဆင်ဖို့ သုံးလ အချိန်ပေးခဲ့သလို၊ ချင်းတန်ကိုလည်း သုံးလ အချိန်ပေးမယ်။ ”
-ဟု ပြောကြားလိုက်၏။
ချင်းတန်တွင် မည်သို့သော နောက်ခံမျိုးရှိပါစေ မည်သည့်ထောင်ချောက် ဆင်ထားပါစေ သုံးလပြည့်ချိန်တွင် သူမအတွက် အရာအားလုံးကို အဆုံးသတ်ရန် သူ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ဆရာတပည့်များ စကားပြောဆို နေကြသဖြင့် အဆိပ်ဘုရင်က နှုတ်ဆက်ကာ ထွက်ခွာသွားတော့၏။ ထိုစဉ် ယန်စုနီနှင့် ယွီရှစ်ချန်သည် စုရီကိုနှုတ်ဆက်ရန် ရောက်ရှိလာသည်။
စုရီ၏ မြင့်မားလွန်းသည့် ဂုဏ်သတင်းပုဒ်ကြောင့် ယွီရှစ်ချန်မှ ယခင်ကဲ့သို့ ရင်းရင်းနှီးနှီး မဆက်ဆံဝံ့တော့ချေ။ သို့တိုင် စုရီက သူမပုခုံးကို အသာအယာပုတ်ကာ၊
“ ရှစ်ချန် ... ကျင့်ကြံမှုနဲ့ နောက်ခံဆိုတာ အပေါ်ယံတွေပဲ ... ငါက စုရွှမ်ကြွယ် ဖြစ်သလို စုရီလည်းဖြစ်တယ် ငါ့အတွက် ...
... လူတစ်ယောက်ရဲ့ နှလုံးသားက အရေးကြီးတယ် မင်းငါ့ကိုအရင်လိုပဲ အစ်ကိုစုလို့ ခေါ်နိုင်ပါတယ်။ ”
-ဟု နှစ်သိမ့်လိုက်သည်။
ထို့နောက် လရိပ်ဓားကို သူမထံ ပေးအပ်လိုက်ပြီး သုံးလအကြာ အခြေအနေများ ငြိမ်သက်သွားပါက ကောင်းကင်လှိုဏ်ဂူသို့ လာရောက်ကျင့်ကြံရန် ဖိတ်ခေါ်လိုက်၏။
ယွီရှစ်ချန် မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး ဝမ်းသာအားရဖြင့် ခေါင်းညိတ်နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
ယွီရှစ်ချန်တို့ ထွက်သွားပြီးနောက် ကောင်းကင်နတ်ဆိုးဧကရာဇ် ရောက်ရှိလာကာ စုရီအပေါ် ထူးဆန်းစွာကြည့်၏။
“ အစ်ကိုစု ... နင် ... အခု ပြန်လည်ဝင်စားပြီးနောက်မှာ ဒီလိုနုပျိုလှပတဲ့ ကောင်မလေးတွေကိုပဲ သဘောကျနေတာလား ငါ့ကိုငြင်းနေတာ ဒါကြောင့်လား။ ”
“ ဟမ့် ... အဓိပ္ပါယ်မဲ့တာတွေ ရပ်လိုက်စမ်း မင်းကိစ္စကိုပြောပါ။ ”
စုရီက သတိပေးလိုက်၏။ ကောင်းကင်နတ်ဆိုးဧကရာဇ်မှ အမူအရာ လေးနက်သွားပြီး သတင်းတစ်ခုဝေမျှသည်။
ယင်းသည် ဆဋ္ဌမကြယ်အရာရှိသည် စုရီနှင့်ချင်းတန်တို့ တိုက်ခိုက်တော့မည့်အချိန်ကို စောင့်ဆိုင်း၍ အခွင့်ကောင်းယူရန် ကြံစည်နေကြောင်းပေပင်။
ထို့ကြောင့် သူမသည် စုရီနှင့်အတူ ကြယ်မြစ်ဂိုဏ်းကို ဦးစွာအမြစ်ပြတ်ရှင်းလင်းရန် အကြံပြုလာခြင်းဖြစ်၏။ စုရီမှ ခေါင်းညိတ်ကာ ချက်ချင်း သဘောတူလိုက်သည်။
ယင်းကြောင့် ကောင်းကင် နတ်ဆိုးဧကရာဇ်သည် အံ့အားသင့်သွားပြီး၊
“ စုရွှမ်ကြွယ် ... နင်ဒီလောက် လွယ်လွယ်လေး သဘောတူလိမ့်မယ်လို့ ငါ မထင်ထားဘူး ... တကယ်ကျေးဇူးတင်ပါတယ် ဒီကျေးဇူးကို ငါ့ခန္ဓာကိုယ်နဲ့ပြန်ဆပ်မယ်။ ”
စကားဆုံးသည်နှင့် ကောင်းကင် နတ်ဆိုးဧကရာဇ်က စုရီအနားသို့ တိုးကပ်၍ ပွတ်သီးပွတ်သပ် လုပ်ဆောင်တော့သည်။
“ ဒီလိုတွေ ဆက်လုပ်နေရင် ငါ မကူညီတော့ဘူး။ ”
စုရီက သူမနဖူးကို တွန်းထုတ်ကာ ထရပ်လိုက်ပြီး တင်ပါးမို့မို့အပေါ် လက်ဖဝါးဖြင့် ဖြောင်းခနဲမြည်အောင် ခပ်ပြင်းပြင်း ရိုက်ချ ပစ်လိုက်တော့သည်။
“ သွားရအောင် ... ။ ”
“ နင် ... ။ ”
စုရီ၏ရိုက်ချက်ကြောင့် နာကျင်သွားပြီး မျက်နှာတပြင်လုံးနီမြန်းလျက် အလျင်အမြန် လိုက်ပါသွားရတော့၏။
( ဒီအဖိုးကြီး ငါ့တင်ပါးကို တကယ်ပဲ ရိုက်ခွဲချင်နေတာလား။ )
တစ်ရက် ကုန်လွန်ပြီးနောက် ... ။ နတ်ဆိုးဘိုးဘေးမြေသည် အရိုင်းမြေကိုးပါး၏ နံပါတ်တစ် နတ်ဆိုးဂိုဏ်းဖြစ်သည့်အလျောက် သုခဘုံတစ်ခုလို ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေ၏။
တောင်တန်းများ အထပ်ထပ်ဆင့်ပြီး တိမ်မြူများအုပ်ဆိုင်းကာ လျှို့ဝှက်ဆန်းကြယ် ချေပြီ။ ကောင်းကင်နတ်ဆိုးဧကရာဇ်က စုရီကို ခေါ်ဆောင်လျက် တားမြစ်နယ်မြေဖြစ်သော ကျန့်ဝူပလ္လင်သို့ တိုက်ရိုက်ဦးတည်ခဲ့၏။
ထိုပလ္လင်သည် မတ်စောက်သော တောင်ထိပ်ပေါ်တွင်တည်ရှိပြီး ပေတစ်ရာခန့် ကျယ်ဝန်းကာ ရှေးဟောင်းတာအိုစင်မြင့်ကြီး တစ်ခုနှင့် တူလှသည်။
ဒဏ္ဍာရီအရ ဤစင်မြင့်ကို ဂိုဏ်းတည်ထောင်သူဘိုးဘေးမှ ရှေးဟောင်း နတ်မိစ္ဆာအက္ခရာများဖြင့် သွန်းလုပ်ခဲ့ခြင်း ဖြစ်ချေ၏။
ဤနေရာ၌ ကျင့်ကြံပါက စိတ်ဝိညာဉ် အညစ်အကြေးများ ဆေးကြောနိုင်ပြီး လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အာရုံခြောက်ပါး အနှောင်အဖွဲ့ကို ဖြတ်တောက်နိုင်မည်။
တည်ကြည်သော တာအိုနှလုံးသားကို ရရှိစေနိုင်၏။ ထို့ကြောင့် သုတ်သင်ခြင်း-ကျန့်ဝူ ဟူသောအမည်ကို ပေးထားခြင်းပေပင်။
“ အစ်ကိုစု ... ဒီမှာခဏစောင့်ပါ ... ငါ အစီအစဉ်လေးတွေ လုပ်လိုက်ဦးမယ် ... ဒီနေ့ပဲ ကောင်းကင်ကိုးပါးနန်းတော်ကို အပြတ် ရှင်းကြတာပေါ့။ ”
ကောင်းကင်နတ်ဆိုး ဧကရာဇ်မှ ပြုံးလျက်ပြောကြားသည်။ စုရီတစ်ယောက် မျက်မှောင်ကြုတ်ကာ၊
“ ငါ့အမြင်အရတော့ တိုက်ရိုက် တိုက်ခိုက်တာအကောင်းဆုံးပဲ မဟုတ်လား ဘာလို့ လှည့်ကွက်တွေဆင်နေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ခဏနေရင် သိရမှာပါ။ ”
ကောင်းက်ငနတ်ဆိုးဧကရာဇ်မှ လျှို့ဝှက်သောအပြုံးဖြင့် ချက်ချင်းလှည့်ထွက် သွားတော့သည်။ စုရီသည် သက်ပြင်းချကာ ဆက်မပြောတော့ချေ။ လူတိုင်းတွင် ကိုယ်ပိုင် အကျင့်စရိုက်များရှိကြသည်။
သူ့အတွက်မူ ပြဿနာတစ်ရပ်ကို ဓားတစ်ချက်ဖြင့်သာ ဖြေရှင်းလိုသူ ဖြစ်ချေ၏။ များမကြာမီပင် လူအချို့ရောက်ရှိလာသည်။
ထိုသူများသည် အရေအတွက်အရ (၅၀)ကျော်ရှိပြီး အားလုံးသည် ဧကရာဇ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြကာ ခေါင်းဆောင်သည် ရွှမ်ဟဲအဆင့်ဖြစ်သည်။
“ ဘိုးဘေးရဲ့အမိန့်အရ ဒီပလ္လင်နားမှာ သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို ခင်းဖို့လာတာပါ အကြီးအကဲစု။ ”
နတ်ဆိုးဂိုဏ်းချုပ် မော့ယွီက စုရီကို အရိုအသေပေးလျက်ဆိုသည်။ စုရီကမူ ပြုံးပြီး ခေါင်းညိတ်လိုက်၏။ ဤအမျိုးသမီးသည် အလွန်အမင်း ဂရုစိုက်လွန်းချေပြီ။
“ ဝှစ် ... ။ ”
အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် စုရီတစ်ယောက်ပလ္လင်ပေါ်တွင် တစ်ကိုယ်တည်း ရပ်နေစဉ် အဝေးမှ လေတိုးသံများနှင့်အတူ လူအများ ထပ်မံရောက်ရှိလာ၏။
ထိုအဖွဲ့ကို ဦးဆောင်လာသူသည် ကောင်းကင်နတ်ဆိုးဧကရာဇ် ဖြစ်နေပြီး သူမ၏ ဘေးတွင် လူစိမ်းလူ(၉)ယောက် ပါလာသည်။
ထိုသူများ၏ အငွေ့အသက်အရ ကောင်းကင်ကိုးပါးမှ လူများဖြစ်ကြောင်း စုရီ သိလိုက်သည်။ အထူးသဖြင့်ရှေ့ဆုံးမှ အမျိုးသား ရောင်ဝါသည် အလွန်ထူးခြားလှ၏။
သူသည် ဆဌမကြယ်အရာရှိဖြစ်ပေမည်။ ကောင်းကင်နတ်ဆိုးဧကရာဇ်အဆိုအရ အသက် (၈၀၀၀)ဖြင့် ရွှမ်ဟဲအလယ်အလတ်အဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်တစ်ဦးဖြစ်သည်။
သို့သော် စုရီသည် တစ်စုံတစ်ခု မှားယွင်းနေသဖြင့် မျက်မှောင်ကြုတ်သွားရ၏။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နတ်ဆိုး ဧကရာဇ်အမူအရာသည် ပုံမှန်မဟုတ်ချေ။
“ ဒါဆို ကောလာဟလတွေထဲက ဒဏ္ဍာရီလာစုရွှမ်ကြွယ်ပေါ့ တကယ်ပဲ ထူးကဲ့တဲ့ လူတစ်ယောက်ပါပဲ။ ”
ဆဌမကြယ်အရာရှိက ပလ္လင်ပေါ်တွင် ရပ်နေသောစုရီကိုကြည့်ကာ မှတ်ချက်ပေး၏။ စုရီကမူ သူ့ကိုဂရုမစိုက်ဘဲ ကောင်းကင်နတ်ဆိုး ဧကရာဇ်ကိုသာ စိုက်ကြည့်လိုက်သည်။
ကောင်းကင်နတ်ဆိုးဧကရာဇ် မျက်ဝန်းများတွင် နောင်တနှင့် ဝေခွဲမရမှုများ ပြည့်နှက်နေပြီး သက်ပြင်းချလျက် စုရီကို ဖြေရှင်းချက်ပေးလာ၏။
“ အစ်ကိုစု ... ငါ့ကိုရက်စက်တယ်လို့ မထင်ပါနဲ့ ... ကိစ္စလေးအချို့ကြောင့် ငါ့နင့်ကို ဒီနေရာကို မျှားခေါ်လာခဲ့ရတာပါ။ ”
“ သေချာပြီလား ... ။ ”
သူမစကားကြောင့် စုရီတစ်ယောက် မျက်ဝန်းများမှေးစင်းသွားကာ ရောင်ဝါများ အေးစက်သွားတော့၏။ ကောင်းကင်နတ်ဆိုး ဧကရာဇ်က သက်ပြင်းချလျက်၊
“ တကယ်တော့ ... ငါနင်နဲ့လက်တွဲပြီး ကောင်းကင်ကိုးပါးနန်းတော်ကို တိုက်ထုတ်ဖို့ ဆန္ဒရှိပေမယ် အခုငါ့စိတ်ပြောင်းသွားပြီ ...
... ဒါပေမယ့် ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ ရှေးဟောင်းရတနာတွေထဲက ရွှမ်ဟွမ်မိခင်ချီထုတ်ယူနိုင်တဲ့ နည်းလမ်းကို ပေးပါ ဒါဆိုရင် အစ်ကိုစုရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါကတိပေးတယ်။ ”
-ဟု ပြန်လည်ပြောကြားလာသည်။ သူတို့စကားဝိုင်းကို စိတ်မရှည်တော့ဟန်ဖြင့် ဆဌမကြယ်အရာရှိက၊
“ ဘာလို့စကားတွေများနေရတာလဲ ... ပွင့်ပွင့်လင်းလင်းပြောလိုက် ငါက ဒီမိန်းမဂိုဏ်း အပေါ် ထိန်းချုပ်ထားတယ် သူ့ဂိုဏ်းသားတွေ အားလုံးရဲ့ အသက်က ...
... ငါ့လက်ထဲမှာ ဒါကြောင့် သူက သူ့ဂိုဏ်းပျက်စီးမှာကြောက်ပြီး မင်းကိုမျှားခေါ် လာတာပဲ။ ”
-ဟု ဝင့်ကြွားစွာပြောကြားတော့၏။ စုရီတစ်ယောက် ခဏတိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ မင်းရဲ့ ဂိုဏ်းအတွက် ဒီလမ်းကို ရွေးချယ်ခဲ့တာ ငါအပြစ်မတင်ပါဘူး ဒါပေမယ့် ငါ့ကိုအညံ့ခံဖို့ပြောချင်ရင်တော့ မင်းကို တကယ်စိတ်ပျက်မိလိမ့်မယ်။ ”
ကောင်းကင် နတ်ဆိုးဧကရာဇ်ခမျာ မျက်နှာဖြူလျော်သွားပြီး ဆဠမကြယ်အရာရှိကို လှည့်ကြည့်လျက်၊
“ နင် ... ကတိပေးထားတဲ့အတိုင်း သူ့အသက်ကို ချမ်းသာပေးပါ ... အစ်ကိုစု ငါတောင်းပန်ပါတယ်။ ”
-ဟု ဆိုကာ လက်ဝှေ့ယမ်းပြလိုက်သည်။
“ ဝမ် ... ။ ”
ချက်ချင်းပင် သတ်ဖြတ်ခြင်း ပလ္လင်ကြီးတစ်ခုလုံးမီးလျှံများ တောက်လောင် ဖုံးလွှမ်းလျက် စုရီအပေါ်ပိတ်ဆို့လာတော့၏။
***