မဟူရာရွှေကြယ်မြေပုံ ... ။
Vol. 74 Ch. 884
ဤသတ်ဖြတ်ခြင်း ဝင်္ကပါသည် အရိုင်းမြေကိုးပါးတွင် အကောင်းဆုံးသော အစီရင်ဖြစ်၏။ သို့သော် ဆဠမကြယ်အရာရှိ၏ ဓားချက်တစ်ချက်အောက်တွင် အက်ကြောင်း ထင်သွားခဲ့ရသဖြင့် လူတိုင်း၏ မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။
“ ဒီဓားက တကယ်ပဲ ထူးဆန်းနေတာပဲ။ ”
စုရီက ကြိမ်ကုလားထိုင်ကို ပြန်လည်သိမ်းဆည်းလျက် မတ်တပ်ထရပ်လိုက် တော့သည်။
တစ်ချိန်တည်းမှာပင် ဆဠမကြယ်အရာရှိသည် လူသတ်ငွေ့များ ဖုံးလွှမ်းလျက် အရှေ့သို့ လှမ်းတက်လာ၏။
သူ့လက်ထဲရှိ မိုးပြာဝိညာဉ်ဓားသည် ရွှေရည်ဖြင့် သွန်းထားသည့်အလားတောက်ပပြီး သေစေနိုင်လောက်သော အရှိန်အဝါများ ထုတ်ဖော်နေသည်။
ထိုအရှိန်အဝါ ဖိအားသည် ကောင်းကင်နတ်ဆိုးဧကရာဇ်၏ အရေပြားကို စပ်ဖျဉ်းသွားစေသည်။
“ သူ့ကို ... ငါပဲတာဝန်ယူလိုက်မယ် မင်းဝင်မပါနဲ့။ ”
စုရီက ကောင်းကင်နတ်ဆိုးဧကရာဇ်ကို မှာကြားကာ အရှေ့သို့လှမ်းထွက်လာ၏။ ရွှမ်ယု အဆင့်သို့ တက်လှမ်းပြီးနောက် စစ်မှန်သော ပြိုင်ဘက်ကို မျှော်လင့်နေခဲ့သည်။
“ ဒီနေ့ ... မင်းတို့အားလုံးကို ဒီမိစ္ဆာနယ်မြေထဲမှာ မြေမြှုပ်ပစ်လိုက်မယ်။ ”
ဆဠမကြယ်အရာရှိက ဒေါသထွက်နေပြီဖြစ်ရာ ဦးစွာစတင်တိုက်ခိုက် လာတော့သည်။ ဓား- ဓားချင်း ထိတွေ့သံသည် ကောင်းကင်ကို တုန်ဟည်းသွားစေ၏။
အကျိုးဆက်အနေဖြင့် စုရီတစ်ယောက် ပြိုင်ဘက်၏ဓားစွမ်းအင်ကြောင့် ပေအနည်းငယ် အကွာသို့ လွင့်ထွက်သွားရသည်။
ထိုရလာဒ်သည် သူ့တိုက်ပွဲဝင်ဆန္ဒကို တောက်လောင်လာစေ၏။ တစ်ဖက်လူသည် အကောင်းမွန်ဆုံး ဓားသွေးကျောက်ပေပင်။
များမကြာခင်တိုက်ပွဲမှာ ပြင်းထန်လာပြီး စုရီ၏အငွေ့အသက်သည် ပိုမိုသိပ်သည်းလျက် ဓားချက်များတည်ငြိမ်လာ၏။
“ ဟမ့် ... ။ ”
ဆဠမကြယ်အရာရှိသည်လည်း အခြေအနေ မဟန်ကြောင်း သိရှိလာခဲ့သဖြင့် အစွမ်းထက်ဆုံး တားမြစ်ဓားအရှိန်အဝါကို အသုံးချရန် ပြင်ဆင်လိုက်သည်။
“ ဝူး ... ။ ”
ပေတစ်ထောင်နီးပါးရှည်သော ရွှေရောင်ဓားအလင်းသည် သေမျိုးလောကကို ဖျက်ဆီးမည့်အလား အရှိန်အဟုန် ပြင်းပြင်းဖြင့် စုရီထံသို့ ပြေးဝင်လာတော့၏။
“ ဒါက ဆိုးတယ် ... ။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်က မျက်နှာအမူအရာပြောင်းသွား၏။ ဤသည်မှာ ကောင်းကင်ဆန္ဒဥပဒေမဟုတ်သော အခြား စွမ်းအားတစ်ခုဖြစ်သည်။
အစောပိုင်းဝင်္ကပါကို ချိုးဖြတ်စဉ်က ဆဋ္ဌမကြယ်အရာရှိမှ အသုံးပြုခဲ့ပြီး မယုံနိုင်ဖွယ် ထက်ရှမှုကို ပေးစွမ်းချေ၏။
ဆိုလိုသည်မှာ ဆဋ္ဌမမြောက် ကြယ်အရာရှိသည် စိတ်ရှည်သည်းခံနိုင်မှုများ ကုန်ဆုံးသွားပြီဖြစ်၏။ ထို့ကြောင့် သူ့ဝှက်ဖဲကို ထုတ်ဖော်ကာ တစ်ကြိမ်တည်းနှင့် အနိုင်အရှုံး ဆုံးဖြတ်ရန် ကြံရွယ်လိုက်ခြင်းပေပင်။
“ ဟမ့် ... ။ ”
ပြိုင်ဘက်ထံမှ အသက်အန္တရာယ် ပေးနိုင်သော ဓားစွမ်းအင်တစ်ခုရရှိလိုက်သဖြင့် ငရဲဘုံကိုးပါးဓားသည် ပြင်းစွာတုန်ခါလာတော့သည်။
ဤသည်မှာ ပြန်လည်ဝင်စားပြီးနောက် စုရီအတွက် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသော ထူးခြားမှုပေပင်။
“ ဟမ့် ... ။ ”
ထို့နောက်တွင် စကြာဝဠာနှလုံးသားကို ဝှေ့ယမ်းကာ ထိုရွှေရောင်ဓားအလင်းတန်းထံသို့ ဝှေ့ရမ်းပယ်ဖျက်လိုက်တော့၏။
ထိုအခါ မယုံနိုင်စရာ ကောင်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ယင်းသည် ဆဠမကြယ်အရာရှိကို များစွာ မျက်လုံးပြူးသွားစေ၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
“ ဝုန်း ... ။ ”
ရွှေရောင်ဓားအလင်းသည် စက္ကူကဲ့သို့ ပြိုကွဲသွားပြီး စုရီခန္ဓာကိုယ်အတွင်း အရူးအမူး ပြေးဝင်သွားတော့၏။
ထို့ကြောင့် ထိတ်လန့်တကြား အော်ဟစ်လျက် ချက်ချင်းဆုတ်ခွာလိုက်ရသည်။ ပြိုင်ဘက်သည် ကောင်းကင်ဆန္ဒဥပဒေကို တွန်းလှန်နိုင်သည်သာမက ဤဓားစွမ်းအင် အပေါ်ပင် စုပ်ယူနိုင်နေချေပြီ။
“ မင်းလွတ်မြောက်မယ်ထင်လား။ ”
“ မကောင်းတော့ဘူး ... ။ ”
စုရီက ရှေ့သို့လှမ်းတက်ကာ ဓားဖြင့် ထပ်မံခုတ်ပိုင်းချလိုက်၏။ ဆဠမကြယ်အရာရှိ ခမျာ ဆုတ်ခွာရန် အချိန်မရတော့ဘဲ ဓားနှင့် ဝှေ့ရမ်းကာပယ်ဖျက်လိုက်ရသည်။
“ ကလန် ... ။ ”
“ ခရစ် ... ။ ”
သို့သော် အစွမ်းထက်လှသော မိုးပြာဝိညာဉ်ဓားသည် အပိုင်းပိုင်းပြတ်သွားပြီး အော်ဟစ်ချိန်ပင်မရတော့ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
“ ဒါ ... ။ ”
တစ်ဖက်တွင် ကောင်းကင် နတ်ဆိုးဧကရာဇ်သည် အံ့အားသင့်နေသော အကြည့်ဖြင့် မျက်လုံးပြူးသွား၏။
စုရီသည် အနိုင်ရမည်ကို မှန်းဆနိုင်သော်လည်း ဤမျှပြတ်သားကြီးစိုးစွာ အနိုင်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကြည့်နေဆဲမှာပင် ကြယ်အရာရှိ၏ ဝိညာဉ်သည် မျက်ဝန်းများပြူးကျယ်လျက်ဖြင့် တစ်စစီပဲ့ကြွေသွားတော့သည်။ ဤမြင်ကွင်းက လူအုပ်ကြီးကို အံ့အားသင့်သွားစေသည်။
တစ်ဖက်တွင် စုရီသည် မြေပြင်ပေါ် ပြန့်ကျဲနေသော မိုးပြာဝိညာဉ်အပိုင်းအစများကို ကောက်ယူကာ စစ်ဆေးကြည့်လိုက်၏။
အစောပိုင်း တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဤဓားမှထွက်လာသော ထိုဓားစွမ်းအင်သည် ငရဲဘုံကိုးပါးဓားအတွင်းသို့ အလိုအလျောက် လာရောက်ပေါင်းစည်းခဲ့ချေပြီ။ အလွန်ပင် ဆန်းကြယ်လွန်းနေ၏။
အဝေးမှ ရပ်ကြည့်နေသော နတ်ဆိုးဧကရာဇ်များက အနားချဉ်းကပ်လာ သဖြင့် ကောင်းကင်နတ်ဆိုးဧကရာဇ်က လက်ပြကာ ဟန့်တားလိုက်သည်။
စုရီသည် သေဆုံးသွားသော ဆဠမကြယ်အရာရှိထက် ထိုဓားအပေါ်ပို၍ အာရုံစိုက်နေခဲ့ချေပြီ။ အဆုံး၌သက်ပြင်းချကာ ဓားကျိုးအပိုင်းအစများကို အမှုန့်အဖြစ် ချေမွှပစ်လိုက်တော့၏။
“ အစ်ကိုစု ... တစ်ခုခုမြင်လိုက်လား။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်မှ စိတ်ဝင်တစားမေးသည်။ စုရီကခေါင်းယမ်းကာ၊
“ ဒီဓားက သိပ်အစွမ်းထက်ကြီး မဟုတ်ပေမယ့် ... သူ့ထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားက နည်းနည်းထူးဆန်းနေရုံပါ ...
... ငါထင်ထားတာမမှားရင် အဲဒီဓားစွမ်းအင်တွေက တခြားဓားတစ်လက် ဆီကနေ လာတာပဲ။ ”
-ဟု ရှင်းပြလိုက်၏။
ထိုအခြားဓားသည် ကောင်းကင် ကိုးပါးနန်းတော်၏ အထွတ်အမြတ် နတ်ဘုရား ရတနာဖြစ်ရပေမည်။
ငရဲဘုံကိုးပါးဓားသည်ပင် ထိုအခြားဓားနှင့်တစ်စုံတစ်ရာ ပတ်သက်နေကြောင်း မှန်းဆချက်ပေးနိုင်၏။
ကောင်းကင်နတ်ဆိုးဧကရာဇ်က ဆဋ္ဌမကြယ်အရာရှိကျန်ရစ်ခဲ့သော သိုလှောင် လက်စွပ်ကိုစစ်ဆေးကာ ထူးခြားသည့် သားရေလိပ်တစ်လိပ် ထုတ်ယူလိုက်သည်။
“ အစ်ကိုစု ဒါက ထူးဆန်းတယ်။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်မှ စာလိပ်ကမ်းပေးလာ၏။ စုရီက စိတ်ဝင်စား သွားပြီး သားရေလိပ်ပေါ်ရှိ တားမြစ်ချက်ကို အဆုံးသတ်ဥပဒေစွမ်းအားဖြင့် ဖယ်ရှားကာ စစ်ဆေးကြည့်လိုက်သည်။
“ တာအိုတစ်သောင်း မွေးဖွားရာ မဟူရာရွှေကြယ်စု။ ”
သားရေစာလိပ်အတွင်း ရှေးဟောင်းအက္ခရာများဖြင့် ဝါကျတစ်ကြောင်း ရေးသားထားချေပြီ။ ဤသည်မှာ ရွှမ်ဟွမ် ကြယ်စု မွေးဖွားရာ မူလအစပေပင်။
“ ဒီမြေပုံက ... နတ်ဘုရားသင်္ချိုင်း နယ်မြေကို ပြနေတာပဲ။ ”
ကောင်းကင်နတ်ဆိုး ဧကရာဇ်မှ အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ နတ်ဘုရား သင်္ချိုင်းဟူသည် အရိုင်းမြေတစ်ခုလုံးတွင် နံပါတ် (၁)အန္တရာယ် အရှိဆုံးဒေသဖြစ်၏။
ထိုနေရာသို့ ဝင်ရောက်သူတိုင်းမှာ ရူးသွပ်သွားကြသည်။ သို့မဟုတ် အသက်ရှင်ပြီး ပြန်မလာနိုင်ချေ။
လွန်ခဲ့သော နှစ်ပေါင်း (၄၉၀၀၀)ခန့်က ဧကရာဇ်တစ်ပါးသည် ထိုအရပ်မှ ပြန်လာနိုင်ခဲ့ သော်လည်း ရူးသွပ်သွားပြီး အဆုံး၌၊
“ တစ်နေ့ကျရင် ရွှမ်ဟွမ်ကြယ်စုဟာ နတ်ဘုရားတွေကို မြေမြှုပ်တဲ့သချိုင်းကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ ”
-ဟု အော်ဟစ်ကာ သေဆုံးသွားခဲ့ဖူးသည်။
ထို့ကြောင့်ပင် ထိုအရပ်ကို နတ်ဘုရားသင်္ချိုင်းမြေအဖြစ် သတ်မှတ်ခဲ့ကြပြီး ထိပ်တန်းတားမြစ်မြေအဖြစ် သတ်မှတ်ခဲ့၏။
တစ်ဖက်တွင် စုရီသည်သားရေချပ်ကို ကိုင်ဆောင်လျက် ဤနယ်မြေသို့ စုရွှမ်ကြွယ် ဘဝဖြင့် (၃)ကြိမ်တိုင် သွားရောက်ခဲ့ဖူးကြောင်း ပြန်သတိရလာသည်။
ပထမအကြိမ်သည် ရွှမ်ကျောက် ဧကရာဇ်အဆင့်သို့ စတင်ဝင်ရောက်ချိန်ဖြစ်ကာ ပြင်ပဒေသ၌ပင် ကြောက်မက်ဖွယ်ရာများနှင့် ကြုံတွေ့ရသဖြင့် ဆုတ်ခွာခဲ့ရ၏။
ဒုတိယအကြိမ်တွင် ထိုနတ်ဘုရားသင်္ချိုင်း၏ မူလအစဒဏ္ဍာရီကိုစုံစမ်းရန် သွားခဲ့သော်လည်း လက်ဗလာဖြင့်သာ ပြန်ခဲ့ရသည်။
တတိယအကြိမ်၌မူ ရွှမ်ဟဲအဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိချိန်၌ သွားခဲ့ခြင်း ဖြစ်၏။ သို့သော် ထူးခြားသောအလင်းတန်း တစ်ခုသည် သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖျက်ဆီးပစ်ခဲ့သည်။
ဝိညာဉ်သည်ပင် ငရဲဘုံကိုးပါးဓား၏ ကာကွယ်ပေးမှုကြောင့်သာ လွတ်မြောက်ခဲ့ခြင်း ပေပင်။ မဟုတ်သော် သေဆုံးသွားနိုင်၏။
“ အစ်ကိုစု ဒီမြေပုံနဲ့ဆိုရင် ငါတို့နတ်ဘုရားသင်္ချိုင်းနယ်မြေထဲကို ဝင်ပြီး ရွှမ်ဟွမ်မိခင်ချီကို ရယူနိုင်မယ်မဟုတ်လား။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်က စိတ်လှုပ်ရှားလာသည်။ သို့သော် သူမအတွက် စုရီ၏တုန့်ပြန်စကားသည် ခေါင်းကိုရေအေးဖြင့် ပက်ဖြန်းလိုက်သကဲ့သို့ ရပ်တန့်သွားစေ၏။
“ အခွင့်အလမ်းကြီးမားလေ အန္တရာယ်များလေပါပဲ ငါအဲဒီနယ်မြေကို သုံးကြိမ်ရောက်ဖူးတယ် အသက်ဆုံးရှုံးလုနီးပါပဲ မင်းကောခံနိုင်ရည်ရှိမယ် ထင်လား။ ”
ထို့နောက် စုရီမှ စကားမဆိုတော့ဘဲ သားရေလိပ်ကိုသာ ပြန်လည်၍ စေ့စေ့စပ်စပ် ကြည့်ရှုနေခဲ့သည်။
များမကြာခင် ယခင်သတိမထားမိသည့် အချင်းအရာတစ်ခုကို သတိထားမိသောကြောင့် မျက်ဝန်းများ ချက်ချင်းတောက်ပသွားတော့၏။
***