ရဟန်းအိုနှင့် အပ်ချုပ်သမား ... ။
Vol. 74 Ch. 886
ကောင်းကင်လှိုဏ်ဂူ၏ တောင်ထိပ်တစ်နေရာတွင် ချင်းတန်သည် ကုလားထိုင်တစ်လုံးဖြင့် လဲလျောင်းနေ၏။
“ တာအိုချင်းတန် ... စုရွှမ်ကြွယ်က သုံးလအတွင်း မင်းရဲ့ကောင်းကင်လှိုဏ်ဂူဆီ လာမယ်လို့ သတင်းလွှင့်ထားပါတယ် ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းမှာအစီအစဉ်ရှိလား။ ”
ရုတ်တရက် အမျိုးသားတစ်ယောက် ကောင်းကင်းမှ ဆင်းသက်လာပြီး ချင်းတန်ကို မေးမြန်းလာတော့သည်။
ဤသည်မှာ ကြယ်မြစ်ဂိုဏ်း၏ ကောင်းကင်ခန်းမသခင် ရှန့်ထျန်းချွယ်ဖြစ်၏။ သူမျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖုံးကွယ် ထားလျက် တည်ငြိမ်ဟန်ပြသထားသည်။
တစ်ဖက်တွင် ချင်းတန်သည် မျက်ဝန်းများပင် ဖွင့်မကြည့်ဘဲ၊
“ ဒီကောင်းကင်လှိုဏ်ဂူက ... ငါ့ဆရာရဲ့အိမ်ပဲ သူပြန်လာတာ သဘာဝ မဟုတ်လား။ ”
-ဟု ပြန်လည်မေးမြန်းလာ၏။
ရှန့်ထျန်းချွယ်တစ်ယောက် မျက်ခုံးပင့်သွားသည်။ ထို့နောက် တစ်စုံတစ်ရာ ပြောကြားရန် ပြင်နေစဉ် ချင်းတန်သည် မျက်ဝန်းများဖွင့်ကြည့်လာပြီး၊
“ ဒါနဲ့ မင်းတို့ရဲ့ တံငါသည်ကိုယ်ပွားက မရဏကမ္ဘာကနေ ဘာလို့ပြန်မလာသေးတာလဲ ငါသိချင်တယ် သူတစ်ခုခုဖြစ်သွားပြီလား။ ”
-ဟု ရုတ်တရက် မေးမြန်းလာတော့၏။
ထိုမေးခွန်းကြောင့် ရှန့်ထျန်းချွယ်၏ အကြည့်များအေးစက်သွားကာ၊
“ ငါတို့ဂိုဏ်းချုပ် ဘာမှ မဖြစ်ပါဘူး ... စုရွှမ်ကြွယ်ပြန်လာရင် မင်းကိုခွင့်လွှတ်မယ် ထင်နေလား။ ”
-ဟု ပြန်လည်မေးမြန်းလိုက်၏။
ချင်းတန်က သူ့ကို လျစ်လျူရှုလိုက်ပြီး တိမ်ပင်လယ်ထံသို့ ငေးကြည့်နေတော့သည်။ ထိုအမူအရာက ရှန့်ထျန်းချွယ်အပေါ် ဒေါသများ ထွက်လာစေ၏။ ဤအမျိုးသမီးမှာ မာနကြီး လွန်းချေပြီ။
“ မင်းလည်း ကြယ်တာရာဗဟို ဒေသကနေလာပြီး စုရွှမ်ကြွယ်ရဲ့တပည့်အဖြစ် ဖောက်ဝင်ခဲ့တယ် မဟုတ်လား ...
... ဒီတစ်ခုတည်းနဲ့တင် မင်းကို သူသတ်ဖို့လုံလောက်နေပြီ သူ့ရဲ့ ခွင့်လွှတ်မှုကို တောင်းဆိုနိုင်မယ်လို့များ ထင်နေတာလား။ ”
“ ဟမ့် ... ငါ့ဘယ်မှာ ငါ့ဆရာကို လှည့်စားမယ်လို့ ပြောမိလို့လဲ။ ”
“ ဒါဆို ... မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။ ဘာလို့အခုချိန်ထိ လျှို့ဝှက်နေရတာလဲ။ ”
“ အခုချိန်မှာ ငါ့ကိစ္စတွေထက် ... မင်းကိုယ်မင်း ပိုသတိထားသင့်တယ်လို့ရော မင်းမထင်ဘူးလား ... ပင်းမိုသေပြီး စုန့်ချိုင်က ထွက်ပြေးသွားရတယ် ... မကြာသေးခင်က နတ်ဆိုးဘိုးဘေးမြေမှာလည်း ...
... ကောင်းကင်ကိုးပါးနန်းတော်ရဲ့ ကြယ်အရာရှိအသတ်ခံလိုက်ရတယ် ပြီးတော့ မင်းရဲ့တံငါသည်ကိုယ်ပွားလည်း ပြန်မလာနိုင်သေးဘူး ...
... ဒီလိုအခြေအနေမျိုးမှာ မင်း ငြိမ်ငြိမ်ထိုင်နေလို့ မရတော့ဘူးဆိုတာ ငါ နားလည်နိုင်ပါတယ်။ ”
ထိုစကားလုံးများသည် ရှန့်ထျန်းချွယ်နှလုံးသားကို ဓားပါးလေးများနှင့် ထိုးစိုက်လိုက်သကဲ့သို့ မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားစေ၏။
သို့သော် ချင်းတန်က သတိမထားမိပုံ မပေါ်ဘဲ သက်ပြင်းချပြီး ကုလားထိုင်မှထကာ တောင်ထိပ်သို့ လှမ်းတက်သွားတော့သည်။
“ ဟမ့် ... မေ့လိုက်ပါ မင်းက ကြယ်မြစ်းဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ် မရှိမှတော့ ငါသွားတော့မယ်။ ”
ရှန့်ထျန်းချွယ်မှ လက်ဝှေ့ရမ်းလျက် လှည့်ထွက်လိုက်သည်။ အဝေးမှ ချင်းတန်က ပြုံးပြီး၊
“ ဘာတွေ အလျင်လိုနေတာလဲ ... ငါတို့မှာသုံးလကျန်သေးတယ် ငါ့ဆရာသခင်နဲ့ ငါ့ရဲ့ကစားပွဲကို မင်းမကြည့်ချင်ဘူးလား။ ”
-ဟု ပြောကြားလိုက်၏။
ရှန်ထျန်းချွယ်မှ ရုတ်တရက် ခြေလှမ်းများရပ်တန့်သွားပြီးနောက် ချင်းတန်ထံ ပြန်လှည့်ကြည့်၏။ အနက်ဝတ် အမျိုးသမီး၏ ကျောပြင်သည် တိမ်ပင်လယ်သို့လှမ်းတက်ကာ မှုန်ဝါးပျောက်ကွယ်နေပြီဖြစ်သည်။
“ ကောင်းပြီ ... အဲဒီနေ့မှာ စုရွှမ်ကြွယ်ရဲ့ဒေါသကို မင်းတစ်ယောက်တည်း ဘယ်လိုရင်ဆိုင်မလဲဆိုတာ ငါလာကြည့်မယ်။ ”
“ ဟားဟားဟား ... ။ ”
ထိုအချိန်တွင်း တိမ်ပင်လယ်အတွင်း ပျံသန်းနေသော ချင်းတန်မှ စကားမဆိုတော့ဘဲ အော်ဟစ်ရယ်မောလိုက်တော့၏။
တစ်ဆက်တည်းမှာပင် အနောက်ဘက်ကောင်းကင်သို့ မျှော်ကြည့်ပြီး တစ်ကိုယ်တည်း ညည်းတွားလိုက်ချေပြီ။
“ နောက်ဆုံးတော့ ဒီမုန်တိုင်းကြီးက အထွတ်အထိပ်ကိုရောက်လာပြီ အဲဒီဘုန်းကြီး ထွက်မပြေးသွားဖို့ ငါမျှော်လင့်ပါတယ် ... ။ ”
***
အနောက်ဘက် သုခဘုံ၊ ဗောဓိပင်အိုကြီးအောက်တွင် အိုမင်းနေသော ရဟန်းကြီးတစ်ပါးသည် မျက်လုံးများကို မှိတ်ထားလျက် တရားမှတ်နေ၏။
ဗောဓိပင်၏ အကိုင်းအခက်များကြားမှ ဖြာကျနေသော အလင်းသည် သူ့ခန္ဓာကိုယ်ကို သန့်ရှင်းသောရောင်ခြည်များအလား သိုင်းခြုံပေးထားသည်။
“ ဆရာ ... စုရွှမ်ကြွယ်က သုံးလနေရင် ကောင်းကင်လှိုဏ်ဂူကို ပြန်မယ်လို့ ကြေငြာ ထားပါတယ်။ ”
တောက်ပသော အဝါရောင်သင်္ကန်းကို ဝတ်ဆင်ထားသောကျိယွမ်မှ လက်နှစ်ဖက်ဖြင့် အရိုအသေပေးဟန်ပြကာ ဦးညွှတ်လိုက်သည်။ သို့တိုင် ရဟန်းအိုကြီးမှာ တုန့်ပြန်မှု မပြချေ။ ထို့ကြောင့် ကျိယွမ်မှ ထပ်မံ၍၊
“ ဒီတပည့်က ဆရာ့ကို ကိုယ်တိုင်သွားချင်လားလို့ မေးချင်ပါတယ်။ ”
-ဟု မေးမြန်းလိုက်သည်။
“ ကျိယွမ်၊ မင်းနည်းနည်း စိတ်မရှည်ဖြစ်လာပြီ။ ”
ဤတစ်ကြိမ်တွင် ရဟန်းအိုကြီးက ညင်သာစွာသက်ပြင်းချလျက် တုန့်ပြန်လိုက်၏။ ကျိယွမ်ခမျာ ထိတ်လန့်သွားပြီးနောက် ချက်ချင်းတိတ်ဆိတ်သွားသည်။
သူ့အမြင်၌ စုရွှမ်ကြွယ်သည် သုံးလအတွင်းကောင်းကင်လှိုဏ်ဂူသို့ ပြန်မည် ဖြစ်ရာ စီစဉ်မှုများပြုလုပ်ထားစေလို၏။
“ စုရွှမ်ကြွယ်က ကြောက်စရာကောင်းတယ်။ ”
ရဟန်းအိုကြီးက မျက်လုံးများ ဖွင့်လိုက်ပြီး၊
“ သူ အရိုင်းမြေကို ပြန်ရောက်လာတဲ့ အချိန်ကစပြီး သူဟာ ပြိုင်ဘက်ကင်းခွန်အားကို ဆက်တိုက်ပြသနေတယ် ...
... ဒါဟာ သူ့ရဲ့အရည်အချင်းနဲ့ မဆုတ်မနစ်နှလုံးသားရဲ့ စစ်မှန်တဲ့ခံယူချက်ပဲ သူ့ပြိုင်ဘက်အနေနဲ့ ဒီလိုအစွမ်းထက်တဲ့ ရန်လူကိုရင်ဆိုင်ဖို့ဆိုရင် ...
... သံသယနဲ့ ကြောက်ရွံ့မှုတွေကို ဖြစ်ပေါ်လာစေလိမ့်မယ် ငှက်အုပ်တစ်အုပ်က လေးသမားတွေကို နေရာတိုင်းမှာ မြင်နေရ သလိုမျိုး တည်ငြိမ်မှုဆုံးရှုံးသွားနိုင်တယ်။ ”
-ဟု ပြောကြားလိုက်၏။ ကျိယွမ်က စကားမဆိုချေ။ ရဟန်းအိုကြီးမှ စကားဆက်၏။
“ ငါပြောချင်တာက စုရွှမ်ကြွယ်လို ဇာတ်ကောင်တစ်ယောက်ကို ရင်ဆိုင်ရတဲ့အခါ မင်းတည်ငြိမ်နေရမယ် မဟုတ်ရင် သူနဲ့ရင်ဆိုင်ဖို့ အရည်အချင်း နိမ့်ပါးလာလိမ့်မယ် ...
... ဥပမာအနေနဲ့ ချင်းတန်ကိုကြည့် ... သူမကတောင်ကြီးတစ်လုံးလို တည်ငြိမ်နေပြီး မလှုပ်မယှက်နဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်တွေကို အခုချိန်ထိ မဖော်ပြသေးဘူး ...
... သူမလိုလူမျိုးသာ စုရွှမ်ကြွယ်နဲ့ ယှဉ်ပြိုင်ဖို့အတွက် အရည်အချင်း ပြည့်မီမယ် ဟုတ်ပါတယ် ဒါကလည်း ... စုရွှမ်ကြွယ်ဟာ ဘယ်သူလဲဆိုတာပေါ် မူတည်နေပါတယ်။ ”
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိယွမ်ထံတွင် ထူးဆန်းသည့်အမူအရာမျိုး ဖြတ်ပြေးသွား၏။ ရဟန်းအိုကြီးက ထိုအရာကို ဂရုမစိုက်ဘဲ၊
“ တကယ်တော့ ချင်းတန်ရဲ့ တုံ့ပြန်မှုတွေဟာ ငါတို့နဲ့မသက်ဆိုင်လှပါဘူး ဒါပေမယ့် ဒီအခွင့်အရေးအပေါ် အသုံးချပြီး စုရွှမ်ကြွယ်ရဲ့မူလကို ဆုံးဖြတ်နိုင်ဖို့ပါပဲ။ ”
-ဟု ပြောကြားလိုက်သည်။
ဤတစ်ကြိမ်တွင် ရဟန်းအိုကြီး၏ မှုန်ဝါးနေသောမျက်လုံးများသည် အေးစက်စက် အလင်းရောင်များ တောက်ပလာခဲ့၏။
“ ဒါက ဒီနှစ်တွေ တစ်လျှောက်လုံး ငါစောင့်မျှော်နေခဲ့တဲ့ အဓိကအကြောင်းအရာပဲ အမှန်တရားပေါ်လာတဲ့အခါ ဘာလုပ်သင့်လဲ ငါတို့ဆုံးဖြတ်မယ်။ ”
ကျိယွမ်က ခေါင်းညိတ်ပြပြီး၊
“ တပည့် နားလည်ပါပြီ ... ဆရာရဲ့ သင်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု တည်ငြိမ်စွာ ပြောကြားလိုက်၏။
“ ဒီနှစ်တွေတစ်လျှောက် ငါဒီမှာပုန်းအောင်းနေခဲ့တာ ဘာကြောင့်လဲလို့ မကြာခင် လူတိုင်းနားလည်လာပါလိမ့်မယ်။ ”
ထိုစကားကြားချိန်တွင် ကျိယွမ်သည် ပို၍တိတ်ဆိတ်သွား၏။ အချိန်အတော်ကြာခဲ့ ပြီးနောက် သတ္တိမွေးသလို ခေါင်းငုံ့လျက်၊
“ ဆရာ၊ ကျရှုံးနိုင်ခြေကိုရော စဉ်းစားထားဖူးလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ အရှုံးလား ... အဟား စဉ်းစားတာပေါ့ တစ်ခါထက်မက ငါစဉ်းစားဖူးပါတယ် ... ငါဟာ အဲဒီဓားသမားရဲ့လက်မှာ ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားထားခဲ့ရတယ် ဒီနေ့အထိမေ့မရဘူး။ ”
ထိုစကားများ ပြောကြားနေစဉ်မှာပင် ခြောက်သွေ့နေသော သူ့နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ လှောင်ပြုံး ပြုံးတော့၏။
“ ဒီရင်ဘတ်ထဲက ဒဏ်ရာက လည်ချောင်းမှာကပ်နေတဲ့ အရိုးတစ်ချောင်းလိုပဲ မရှင်းမထုတ်နိုင်သရွေ့ ငါ့စိတ်တွေငြိမ်းမှာ မဟုတ်ဘူး။ ”
ကျိယွမ်က တိတ်ဆိတ်သွားသည်။ သူ့ဆရာသည် ဓားသမားလက်ချက်နှင့် အရှုံးကို ကြုံတွေ့ထားရပြီး ကျင့်ကြံမှုသည်လည်း နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့ရ၏။ ထိုစဉ် ရဟန်းအိုကြီးသည် ပလ္လင်ပေါ်မှ ခုန်ဆင်းလျက်၊
“ အခုတော့ ... ဒီလိုဖုန်ဆိုးမြေကြီးမှာ နှစ်ပေါင်းများစွာ သည်းခံနေပြီးနောက်တော့ ငါ့အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို မြင်တွေ့ခဲ့ရပြီ ...
... သုံးလနေရင် ငါ့ရင်ဘတ်ထဲက ကြိုးထုံးကိုဖြတ်ထုတ်ပြီး လည်ချောင်းထဲက အရိုးကိုဖယ်ရှားရမယ် အခုချိန်မှာ စုရွှမ်ကြွယ်က ငါတွေ့ချင်နေတဲ့သူဖြစ်ဖို့ မျှော်လင့်ရပါတယ် ...
... မဟုတ်ရင် အချိန်ကုန်ပြီး ... ကြိုးစားအားထုတ်မှုတွေအားလုံး ဖြုန်းတီးရာ ရောက်သွားလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်တော့၏။
သူ့မျက်နှာပေါ်တွင် အချိန်ကြာမြင့်စွာ တောင့်တနေခဲ့သည့် ခံစားချက်မျိုးဖြတ်ပြေး သွားလေသည်။
“ ဝှစ် ... ။ ”
ထိုစဉ်ကျိယွမ်သည် ရုတ်တရက် တစ်ခုခုကိုခံစားမိပြီး လေထဲသို့လက်လှမ်းကာ ဖမ်းဆုပ်လိုက်တော့၏။
ဤသည်မှာ ကြာပန်းတံဆိပ်တစ်ခုပေပင်။ ၎င်းကိုစစ်ဆေးပြီးနောက် ကျိယွမ်တစ်ယောက် အံ့အားသင့်စွာဖြင့်၊
“ ဆရာ ... နှလုံးသားပြခန်းရဲ့ အဲဒီမိန်းကလေးက ဆရာနဲ့တွေ့ဖို့ တောင်းဆို လာပါတယ်။ ”
-ဟု သတင်းပို့လိုက်သည်။
ရဟန်းအိုကြီးက ထိုသတင်းကို အံ့အားသင့်ခြင်းမရှိခဲ့ဘဲ မျှော်လင့်ထားဟန်ဖြင့် တည်ငြိမ်နေခဲ့ပြီး အဆုံး၌ သက်ပြင်းချကာ၊
“ စုရွှမ်ကြွယ်ကိုကိုင်တွယ်ဖို့ ငါ့လက်ကိုငှားချင်နေတာပဲ သူ့ကို မင်းကိုယ်တိုင် သွားတွေ့ပြီး ထွက်သွားဖို့ပြောလိုက်ပါ။ ”
-ဟု ငြင်းဆန်လိုက်၏။
ကျိယွမ်မှ ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။ သို့သော်ခဏအကြာတွင် ကျောက်စိမ်းသေတ္တာတစ်လုံးနှင့်အတူ ကျိယွမ် ပြန်ရောက်လာ၏။
“ ဆရာ ... အဲဒီမိန်းကလေးက ဒီကျောက်စိမ်းသေတ္တာထဲမှာ ဘာရှိလဲဆိုတာ အရင်ကြည့်ပြီးရင် ထွက်သွားမယ်လို့ ပြောပါတယ်။ ”
ရဟန်းအိုကြီးက ကျိယွမ်လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို တစ်ချက်ကြည့်ကာ အနည်းငယ် တိတ်ဆိတ်သွားသည်။ ထို့နောက် ခေါင်းညိတ်လျက်၊
“ လာခွင့်ပြုလိုက် ... ။”
-ဟု တုန့်ပြန်ပြောကြားလာ၏။
ဤဆုံးဖြတ်ချက်သည် ကျိယွမ်ကိုပင် အံ့အားသင့်သွားစေသည်။ သေတ္တာတစ်လုံးဖြင့် သူ့ဆရာစိတ်ပြောင်းသွားသည်ကို ပထမဆုံး အကြိမ် မြင်ဖူးခြင်းပေပင်။
ကြယ်တာရာဗဟိုဒေသရှိ နှလုံးသားပြခန်းဂိုဏ်းကို တည်ထောင်သူနှင့် ထိုဘီလူးကြီးများပင် သူ့ဆရာ၏ဆန္ဒအပေါ် ပြောင်းလဲ၍မရချေ။
“ လွန်လွန်ကဲကဲတွေ စဉ်းစားနေစရာ မလိုပါဘူး ကြာမြင့်စွာတည်းက သူ့မျိုးနွယ်စုရဲ့ ကျေးဇူးပြုတာကို ငါခံစားခဲ့ရတယ် ... သွားခေါ်လာခဲ့ပါ။ ”
“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”
ရဟန်အိုကြီးက ကျိယွမ်အတွေးများကို နားလည်နေဟန်ဖြင့် ရှင်းပြလိုက်သည်။ ကျိယွမ် တစ်ယောက် နှလုံးသားတစ်ခုလုံး တုန်ခါသွားပြီး နောက်ထပ် တွန့်ဆုတ်မနေဝံ့တော့ဘဲ ချက်ချင်းလှည့်ထွက်သွားတော့၏။
များမကြာခင် ရိုးရှင်းသောဝတ်စုံဖြင့် နူးညံ့သိမ်မွေ့လှသည့် မိန်းကလေးတစ်ယောက် ကျိယွမ်နှင့်အတူ လိုက်ပါလာသည်။ သူမက ရဟန်းအိုကြီးကို မြင်ချိန်တွင် ပြုံးရွှင်သွားကာ၊
“ ဒီဂျူနီယာရို့ရှက အပ်ချုပ်သမားကို နှုတ်ဆက်ပါတယ်။ ”
-ဟု အရိုအသေပေးလာတော့၏။
***