← Chapters

ချင်းတန်ပေးသော စတုတ္ထလက်ဆောင် ... ။

Vol. 74 Ch. 888

ချင်းတန်ပေးသော စတုတ္ထလက်ဆောင် ... ။

Vol. 74 Ch. 888

စုရီ၏ အေးစက်သောအသံသည် ​ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်သွား၏။ သူသည် ချင်းတန်အပေါ် အတိတ်က တပည့်မလေးကဲ့သို့ ဆက်ဆံရန် ခက်ခဲနေသေးသည်။

အကြောင်းမှာ ချင်းတန်သည် ကြယ်တာရာ အနက်ရှိုင်းဆုံးမှလာသော အမှတ်အသားတစ်ခု ရှိနေသောကြောင့်ပေပင်။

ဤအချက်တစ်ခုတည်းဖြင့် သူ့စိတ်ဝိညာဉ်၌ကြိုးထုံးဖြစ်စေပြီး လွန်ခဲ့သော နှစ်များအတွင်းတွင်လည်း သံသယဖြစ်ဖွယ် လုပ်ရပ်များလည်း ရှိနေသေး၏။

လူအပေါင်းတို့က ချင်းတန် မည်သို့ရွေးချယ်မည်ကို စိတ်လှုပ်ရှားမှုကြီးစွာ စောင့်ကြည့်နေကြစဉ် ချင်းတန်မှ ပြုံးပြလာခဲ့သည်။ ထို့နောက် သူမက၊

“ ဆရာ ... ဒီတပည့် ဆရာ့အတွက် ပြင်ဆင်ထားတဲ့ အံ့သြဖွယ်လက်ဆောင်အချို့ အရင် လက်ခံပေးပါဦး ... ပြီးရင် ...

... ဒီတပည့်ကိုယ်တိုင် ဆရာ့ကိုကြိုဆိုပါ့မယ် အဲဒီအချိန် ဆရာသိချင်တာမှန်သမျှတစ်ခုမကျန် တပည့် ဖြေကြားပေးပါ့မယ်။ ”

-ဟု ပြောကြားလာ၏။

“ အံ့သြဖွယ်ရာလက်ဆောင်လား ... ။ ”

အထက်ပါစကားကြောင့် လူတိုင်း ချင်းတန်၏စိတ်ကူးကို မှန်းရခက်ကုန်ကြသည်။ စုရီသည်ပင် မျက်မှောင်ကြုတ်လျက်၊

“ အောက်တန်းကျတဲ့ လှည့်ကွက်မျိုးတွေတော့ မဖြစ်စေနဲ့ မဟုတ်ရင် ငါ မင်းအပေါ် အရမ်းစိတ်ပျက်သွားလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဝှစ် ... ။ ”

ချင်းတန်တစ်‌ယောက် ပြုံးရုံသာပြုံးပြီး သူမလက်ကိုဝှေ့ယမ်းလိုက်ရာ လေထုအလယ် ပေ(၂၀)ခန့်မြင့်မားသော ကြေးကျောက်တိုင်ကြီး (၁၃)တိုင် ပေါ်ထွက်လာသည်။

ကျောက်တိုင်တိုင်းတွင် အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း (၁၃)ဦး ဒဏ်ရာဗရပွဖြင့် ချည်နှောင်ထား၏။

“ ဒါ ... ဖျင်ထျန်းဓားသူရဲကောင်း ယန်ကျိဟိန် မဟုတ်လား။ ”

“ ဟိုဘက်က ရွှေနင်ဧကရာဇ်ပဲ။ ”

“ သူ ... သူက လော့ယွင်ဧကရာဇ် မဟုတ်လား ... သူ ... ကြယ်ဗဟိုဒေသကြီးကို ထွက်သွားပြီလို့ သတင်းပြေးနေတာ မဟုတ်ဘူးလား။ ”

လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲဖြင့် ကျောက်တိုင်ကြီးများတွင် ဖမ်းဆီးခံထားရသော ဧကရာဇ်များထံ ကြည့်လိုက်ကြ၏။

ဤအကျဉ်းသား (၁၃)ဦးသည် စုရီ၏ ​အမည်ခံတပည့်(၅) ဦးနှင့် ဂိုဏ်းအကြီးအကဲ (၈)ဦးတို့ ဖြစ်နေသောကြောင့်​ပေပင်။

“ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀)၊ ဆရာထွက်ခွာသွားတုန်းက ဒီလူတွေအားလုံး ပင်းမိုနဲ့ ပူးပေါင်းခဲ့ကြပါတယ် ...

... အဲဒီတုန်းက သူတို့တွေ တပည့်လက်ကနေ ထွက်ပြေးလွတ်မြောက်သွား ပေမယ့်လည်း တပည့် ဒီရန်ငြိုးကိုမမေ့ခဲ့ပါဘူး အခုတော့ သူတို့ကိုတစ်ယောက်မကျန်ဖမ်းပြီး ဂိုဏ်းဆီ ပြန်ခေါ်လာနိုင်ခဲ့ပါပြီ။ ”

ချင်းတျန်က ထိုသူများ၏ ဝိညာဉ်မှ ရရှိထားသော ပင်းမိုနှင့် ပူးပေါင်းထားသည့် သတင်းအချက်အလက်များကို စုရီတစ်ယောက် စစ်ဆေးနိုင်ရန် မှတ်တမ်းအဖြစ်ထုတ်ပြ၏။

စုရီမှ စိတ်မဝင်စားတော့သဖြင့် မှတ်တမ်းအပေါ် လုံးဝလျစ်လျူရှုထားခဲ့သည်။ ကျင်းခွိုက်သည်သာ သူမဆရာသခင်ကိုယ်စား ကျောက်စိမ်းတုံးကိုဖမ်းယူပြီး စစ်ဆေးကြည့်၏။

ထို့နောက် ဝမ်ချွယ်နှင့် အခြားသော တပည့်များထံ လက်ဆင့်ကမ်းသွားလေသည်။ ချင်းတန်က သူ့ဆရာ စိတ်မဝင်စားသည်ကို မြင်ချိန်၌ ပြုံးလိုက်ပြီး၊

“ ဆရာ့မှာ ထင်မြင်ချက်မရှိတာမို့ ဒီလိုသစ္စာဖောက်တွေကို တပည့်ကိုယ်တိုင် ရှင်းလင်းပြီး ဆရာ့အတွက် အံ့ဖွယ်တစ်ခုအဖြစ် လက်ဆောင်ပေးချင်ပါတယ်။ ”

“ မလုပ်နဲ့ ... ။ ”

“ တောင်းပန်ပါတယ် ... ဘိုးဘေးစု ... ငါတို့မှားမှန်းသိပါပြီ။”

“ ဆရာ ... ဒီတပည့်တွေကို ခွင့်လွှတ်ပေးပါ။ ”

“ အား ... ။ ”

ချင်းတန်မှ လက်ဝှေ့ရမ်းလိုက်ရာ ကျောက်တိုင်များ မီးတောက်လောင်လာပြီး အော်ဟစ်သံများညံလျက် သစ္စာဖောက် (၁၃)ဦး ပြာအဖြစ်သို့ ပြောင်းသွားတော့သည်။

မြင်ကွင်းသည် တဆိတ် မြန်ဆန်လွန်းသဖြင့် လေထုကိုတိတ်ကျသွားစေ၏။ စုရီမှဂရုမစိုက်ဘဲ လက်နောက်ပစ်ကာ ရပ်နေဆဲပေပင်။

“ ဝှစ် ... ။ ”

“ ကလန် ... ချွင် ... ထန် ... ထန် ... ။ ”

သည့်နောက် ချင်းတန်က သူမလက်ကို ထပ်မံမြှောက်ပြလိုက်ရာ မြင့်မြတ်သောရတနာ လက်နက်(၄၀)ခန့် ​​လေထဲဝဲပျံလာသည်။

၎င်းတို့သည် စုရီအတိတ်ဘဝက စုဆောင်းသိမ်းဆည်းထားသော ဧကရာဇ်အဆင့် မြင့်မြတ်သောရတနာများ ဖြစ်ကြ၏။

“ ဆရာ ဒီရတနာတွေက ဆရာထွက်သွားပြီးတဲ့နောက် ပျောက်ဆုံးသွား ခဲ့ပါတယ် ... တပည့်နှစ်ပေါင်းများစွာ လိုက်လံ စုံစမ်းပြီး ဆရာပြန်လာမယ့်နေ့မှာ လက်ဆောင်ပေးဖို့ စုဆောင်းထားတာပါ။ ”

ဤသည်မှာ ဒုတိယမြောက် အံ့သြဖွယ်ရာလက်ဆောင်ပင်။ လူအများသည် ချင်းတန်ရည်ရွယ်ချက်ကို ယခုထိတိုင်ဝေခွဲမရ ဖြစ်နေကြဆဲပေပင်။

သူတို့နားလည်သည်မှာ သူမသည် သူမကိုယ်သူမ အပြစ်ကင်းကြောင်း သက်သေပြ နေခြင်းဖြစ်သည်။ ယင်းသည် ဆရာသခင်ထံမှ ခွင့်လွှတ်မှုကို တောင်းခံနေခြင်းမျိုးဖြစ်၏။

“ နောက်ထပ် ရှိသေးလား။ ”

စုရီမှ တည်ငြိမ်စွာ မေးလိုက်သည်။

“ ဟုတ်ကဲ့ ... ရှိပါသေးတယ် ... ။ ”

ချင်းတန်က ရိုသေစွာ ဖြေကြားပြီး သစ်သားသေတ္တာငယ်တစ်လုံးကို ဖွင့်ပြလိုက်ရာ သွေးအိုင်ထဲခေါင်းပြတ်ကြီး ပေါ်လာသည်။

“ ပင်းမိုလား ... ။ ”

“ ဟမ့် ... ပင်းမိုက သေသွားပြီမဟုတ်ဘူးလား ... ။ ”

အဆိပ်ဘုရင်ထျန်းဟူက အော်ဟစ်လိုက်သည်။ ချင်းတျန်က စုရီထံ စိုက်ကြည့်လျက်၊

“ တစ်ချိန်က ဆရာ့မှာ အမွှာကြာပန်းရတနာဆိုတဲ့ သဘာဝလွန် ရတနာတစ်ပါးရှိခဲ့ပါတယ် ... ပင်းမိုက ဒါကို လုယူသွားပြီ သူ့အတွက်ကိုယ်ပွားတစ်ခု ...

... သီးခြားလေ့ကျင့်​ပေးထားခဲ့တယ် ဒီတပည့်က မြို့ငယ်လေးတစ်ခုမှာ အဲဒီကိုယ်ပွား ပင်းမိုကို ရှာ​ဖွေဖမ်းနိုင်ခဲ့ပါတယ်။ ”

-ဟု ရှင်းပြလိုက်သည်။

ထိုစကားကြောင့် ကျင်းခွိုက်နှင့် တပည့်များသည် မျက်ခုံးပင့်လျက် သူတို့၏ ဆရာသခင်ထံ မော့ကြည့်လိုက်၏။

ဆရာသခင်မှ မှန်းဆသကဲ့သို့ အမှန်ပင် ပင်းမိုသည် လှည့်ကွက်များကိုကစားနေခဲ့သည်။ ချင်းတန်သည်သာ သတိမထားလိုက်သော် လွတ်မြောက်သွားနိုင်၏။

ဤသို့ဖြင့် ချင်းတန်သည် သစ္စာဖောက်များကို ရှာဖွေဖမ်းဆီခြင်း၊ စုရီ၏ ရတနာများကို ပြန်လည်ပေးအပ်ခြင်းနှင့် ပင်မိုကိုလက်စတုံးခြင်း ဟူသော လက်ဆောင်သုံးခုကို တင်ဆက်လာခဲ့သည်။

သို့တိုင် စုရီသည် ထူးခြားမှုမပြသေးဘဲ သူမကိုသာ စိုက်ကြည့်နေဆဲဖြစ်သည်။ ထိုစဉ်က ချင်းတန်သည် ခေါင်းတလားဖွင့်ကာ ရတနာများ ရှာဖွေပြီး ပိုင်ရီကိုပင် ရိုက်နှက်မောင်းထုတ်ခဲ့၏။

ထိုအချင်းအရာများသည် ဤလက်ဆောင်များဖြင့် မလုံလောက်သေးချေ။ ကောင်းကင်နတ်ဆိုးဧကရာဇ်မှ စုရီသဘောထား အပေါ် နားလည်၏။

ဤကလေးမသည် ကြယ်မြစ်ဂိုဏ်းနှင့် ပတ်သက်နေခဲ့​ပြီး အဖိုးကြီးစုထံသို့ အခြားသော အထောက်အထားဖြင့် စိမ့်ဝင်လာသူဖြစ်သည်။

“ ဆရာ ... ဒါက မင်းအတွက်မလုံလောက်သေးဘူးလား ... ။ ”

ချင်းတန်မှ ပြုံးပြီး သက်ပြင်းချ၏။ သူမ၏လုပ်ဆောင်ချက်များသည် ထို့ထက်ပို၍ လေးနက်ချေပြီ။ သို့သော် ဆရာသခင်သည် လစ်လျူရှုထားဆဲဖြစ်၏။

“ တာအိုချင်းတန် ... မင်း ဘယ်လို နည်းလမ်းတွေပဲသုံးပါစေ စုရွှမ်ကြွယ်လိုလူကို လှည့်စားလို့ရမှာ မဟုတ်ဘူးလို့ ငါပြောသားပဲ ဒီကမ္ဘာကြီးတစ်ခုလုံးက မင်းအပေါ် ...

... သစ္စာဖောက်တစ်ယောက်အဖြစ် မြင်နေကြပြီ မင်းကိုသူတို့နဲ့ တသားတည်းလူ မဟုတ်ကြဘူး နောက်ဆုံး‌တော့ ကြယ်ဗဟို ဒေသကနေလာတဲ့ အပြင်လူပါပဲ။ ”

ရုတ်တရက် အေးစက်ခန့်ညားသော အသံနှင့်အတူ လူတစ်စုကောင်းကင်၌ထွက်ပေါ် လာခဲ့သည်။ အဖွဲ့ကိုဦးဆောင်လာသူသည် ကြယ်ခန်းမသခင် ရှန့်ထျန်းချီပေပင်။

ဤသည်မှာ ကြယ်မြစ်ဂိုဏ်းဖြစ်ပြီး ကြယ်တာရာဗဟိုဒေသမှလာသော အင်အားကြီး အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။

အရိုင်းမြေကိုးပါးမှ ကျင့်ကြံသူများအတွက် ထိုဒေသသည် ဒဏ္ဍာရီလာ နယ်မြေတစ်ခုကဲ့သို့ မသိနားမလည်နိုင်သည့် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေ၏။

ရှေးဟောင်း သက်ရှိရုပ်ကြွင်းများဖြစ်သော ဖုန်းကျူနှင့်ယွဲ့ရင်တို့ကဲ့သို့ ဘိုးဘေးကြီးများသာ တည်ငြိမ်နေသေးသည်။

သို့သော်လည်း သူတို့သည်လည်း မျက်မှောင်ကြုတ်လျက်ဖြင့် အခြေအနေအပေါ် အကဲခတ်နေကြ၏။ စုရီ၏တပည့်များဖြစ်သော ကျင်းခွိုက်တို့သည်သာ လူတိုင်းထက် ပို၍ တည်ငြိမ်နေနိုင်ခဲ့သည်။

“ ငါက ငါ့ဆရာကို ... သစ္စာဖောက် ဖြစ်နေရင်တောင် မင်းတို့ကြယ်မြစ်ဂိုဏ်းနဲ့ ဘာဆိုင်လဲ။ ”

ချင်းတန်က ရှန့်ထျန်းချီထံအေးစက်စွာ လှည့်ကြည့်ပြီးမေးမြန်းခဲ့၏။ ရှန့်ထျန်းချီခမျာ ထိုဆက်ဆံရေးကြောင့် မျက်ခုံးပင့်လျက်၊

“ တာအိုချင်းတန် ... ငါတို့က စုရွှမ်ကြွယ်ကိုသတ်ဖို့ ရှိနေတာမဟုတ်ဘူးလား မင်းဘာလို့ အေးစက်နေရတာလဲ ... ပြီးတော့ မင်းက ကြယ်ဗဟိုဒေသကနေလာတဲ့သူပါ ...

... ဒီလိုလူမျိုးက နှစ်ပေါင်းများစွာ လှည့်စားပြီး သူ့မျက်စိအောက်မှာအသက်ရှူ နေခဲ့တာနဲ့တင် စုရွှမ်ကြွယ်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်သည်။ ဤစကားကြောင့် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။

“ ဟမ့် ... ဧကရီချင်းတန်က ... အဲဒီကြယ်ဗဟိုဒေသကနေ လာတာလား ဘယ်လောက် ရက်စက်လိုက်လဲ ...

... အဖိုးကြီးစုရဲ့ မျက်စိအောက်မှာ နှစ်ပေါင်းများစွာ လိမ်လည်ခိုလှုံနေခဲ့တယ် သည်းမခံချင်စရာပါ။ ”

“ ဒါဆိုအဲဒီထဲက သူက အကြီးအကဲစုရဲ့ဘေးမှာ ရည်ရွယ်ချက်တစ်ခုနဲ့ ဝင်ရောက်နေခဲ့တာပေါ့ ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလဲ။ ”

လူအများ၏ အံ့သြတုန်လှုပ်စွာ ဝေဖန်မှုများကို ချင်းတန်သည် မတုန်မလှုပ် လျစ်လျူရှုငြိမ်သက်နေဆဲပေပင်။

ယင်းအစား သူမမျက်လုံးများသည် ရှန့်ထျန်းချီကို သနားကရုဏာသက်နေသော အကြည့်များဖြင့် စကားဆိုလိုက်၏။

“ မင်းတကယ် ကြောက်နေတာပဲ ... မင်းရဲ့ဂိုဏ်းချုပ်တံငါသည် မြေအောက်ကမ္ဘာမှာ တစ်ခုခုဖြစ်နေပြီမို့ ... ငါနဲ့ငါ့ဆရာ ပူးပေါင်းမှာကို အရမ်းစိုးရိမ်နေလား။ ”

ထိုစကားကြောင့် ရှန့်ထျန်းချွယ်ခမျာ မျက်နှာပျက်သွားပြီး ဒေါသတကြီးဖြင့်၊

“ ဟမ့် ... ချင်းတန် ဒီအချိန်အထိ စုရွှမ်ကြွယ်ကို ဆရာလို့ခေါ်နေတုန်းလား မင်း မရှက်ဘူးလား။ ”

-ဟု အော်ဟစ်လိုက်၏။ ချင်းတန်မှ ဒေသထွက်နေသော သူ့ထံကြည့်ကာပြုံးပြီး လျစ်လျူရှုလျက်၊

“ ဆရာ ... ဒီတပည့် ဆရာ့အတွက် စတုတ္ထမြောက် အံ့သြဖွယ်ရာလက်ဆောင်ကို တင်ဆက်ပေးပါ့မယ် ဒါကိုမြင်ရင် တပည့်အပေါ် ဆရာ့ရဲ့အမြင်တွေ ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”

စကားဆုံးသည်နှင့် သူမခန္ဓာကိုယ်ကိုလှည့်ကာ ရှန့်ထျန်ချွယ်ထံ လျှောက်လှမ်းသွားတော့သည်။ စုရီက စကားမဆိုဘဲ ရပ်ကြည့်နေဆဲဖြစ်၏။

“ ချင်းတန် ... မင်းက ငါတို့ဂိုဏ်းနဲ့ တိုက်ချင်နေတာလား ဒီအတွက်အကျိုးဆက်ကို စဉ်းစားထားပြီးပြီလား။ ”

ရှန့်ထျန်းချွယ်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်သည်။ ဤနှစ်များအတွင်း သည်အမျိုးသမီး၏ မောက်မာမှုများကို သည်းခံနေခဲ့ရသည်မှာ သူမအပေါ် မမြင်နိုင်သောကြောင့်ဖြစ်၏။

ယနေ့တွင် ထိုအန္တရာယ်ပေးနိုင်သော အမျိုးသမီးသည် အရူးတစ်ယောက်အလား ရှုပ်ထွေးသည့် လုပ်ရပ်များပြသလာသည်။ နားမလည်နိုင်အောင် ပေပင်။

“ ဟမ့် ... ရန်ငြိုးဖွဲ့တော့ရော ဘာများဖြစ်မှာလဲ အခြားသူတွေက မင်းတို့ရဲ့ ကြယ်မြစ်ဂိုဏ်းကို ကြောက်ကောင်း ကြောက်နိုင်ပေမယ့် ငါ မပါဘူး။ ”

ချင်းတန် ခန္ဓာကိုယ်မှ နတ်ဘုရားမ တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော ရောင်ဝါများ ထွက်ပေါ်လာသည်။

“ ငါ မင်းတို့ကို သည်းခံလာတာ တကယ်ကြာနေပြီ ဒီနေ့တော့ ငါဆက်ပြီး သည်းခံနေစရာမလိုတော့။ ”

စကားဆုံးသည်နှင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံမှ နတ်ဘုရား ဆင်းသက်လာသကဲ့သို့ ဓားစွမ်းအင်တစ်ခု ချက်ချင်းကျဆင်းလာတော့သည်။

“ မင်း ... ။ ”

ရှန့်ထျန်းချွယ်တစ်ယောက် ထိတ်လန့်သွား၏။ တိမ်တိုက်များဖယ်ခွာလျက် မြေပြင်များတုန်ဟည်းသွားစေသည့် ဓားတစ်လက် ပေပင်။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ဓားလဲ။ ”

မြင်ကွင်းသည် သက်ရှိရုပ်ကြွင်း ဘိုးဘေးကြီးများကိုပင် တုန်လှုပ်သွားစေ၏။ သူတို့သည်သာဆိုသော် ထိုဓားကိုရှောင်တိမ်းရန် နည်းလမ်းမရှိချေ။ ဝှက်ဖဲပေါင်း မြောက်များစွာ သုံးပြီး ခုခံရပေမည်။ သို့တိုင် အာမမခံနိုင်ချေ။

စုရီသည်ပင် မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ သူ့အတွက်မူ ထိုသို့ သက်ရှိရုပ်ကြွင်းကြီးများကဲ့သို့ စိတ်မသက်မသာ ဖြစ်မှုမျိုး မဟုတ်ချေ။ ယင်းအစား ချင်းတန်၏ ဓားနည်းစနစ်ကို မှတ်မိနေသောကြောင့်ဖြစ်၏။

“ မိစ္ဆာမ မင်းသေလိုက်စမ်း ... ။ ”

ရှန့်ထျန်းချွယ်တစ်ယောက် ရှောင်တိမ်းရန် နည်းလမ်းမရှိသဖြင့် မဆိုင်းမတွဘဲ သူကျင့်ကြံမှု အားလုံးထုတ်သုံးကာ ပြန်လည်ခုခံလိုက်ရ၏။

“ ဘောင်း ... ။ ”

ပြင်းထန်လှသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ လေဟာနယ်ချက်ချင်း ပြိုကျ သွားတော့၏။

အကျိုးဆက်အနေဖြင့် ရှန့်ထျန်းချွယ်တစ်ယောက် လွင့်ထွက်သွားကာ ဓားလှိုင်းများသည် အခြားသောအဖွဲ့ဝင်များထံ ရိုက်ခတ်လဲပြိုကုန်စေသည်။

ဤသည်မှာ လက်ဗလာဖြင့် တိုက်ခိုက်ခဲ့ခြင်းပေပင်။ ချင်းတန်ခွန်အားသည် မယုံနိုင်စရာဖြစ်၏။ ထို့နောက်တွင် နောက်ထပ် တိုက်ခိုက်မှုများ ထပ်မံရောက်ရှိသွားပြီး ကြယ်မြစ်ဂိုဏ်း၏ ဧကရာဇ် (၉)ဦးစလုံးသည် အသက်ပျောက်သွားတော့သည်။

“ ဘယ်လောက် ကြီးစိုးလိုက်လဲ။ ”

ကောင်းကင်နတ်ဆိုးဧကရာဇ်က မနာလိုစွာအော်ဟစ်လိုက်၏။ ဤမိန်းကလေး ကဲ့သို့ တစ်စုံတစ်ဦးသည် သူမ၏ပြိုင်ဘက်သာ ဖြစ်လာသော် မည်မျှကောင်းမည်နည်း။

တစ်ဖက်လူသည် အဖိုးကြီးစုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် တိုက်ပွဲဝင်နိုင်သည်။ ကြယ်ဗဟိုဒေသမှလာကြောင်း သိရှိထားခြင်း မရှိပါက အဖိုးကြီးစု၏ကိုယ်ပွားအဖြစ် ထင်မှားမိပေမည်။

တစ်ဖက်တွင် ကျင်းခွိုက်တို့ တပည့်အုပ်စုသည် ချင်းတန်၏ခွန်အားကို မြင်ပြီး မျက်မှောင်ကြုန်ကုန်၏။

သူတို့၏ ဂျူနီယာညီမလေးတွင် လျှို့ဝှက်ချက်များစွာ ရှိပုံပေပင်။ တလျှောက်လုံး ခွန်အားကို ဖုံးကွယ်ထားချေ၏။ အထူးသဖြင့် ဤဓားရေးသည် ဆရာ့အမွေမဟုတ်ချေ။

သက်ရှိရုပ်ကြွင်းကြီးများအတွက်မူ စိတ်လှုပ်ရှားမှုများ ပြသလာခဲ့၏။ ဤသည်မှာ ကြယ်ဗဟိုဒေသကြီး၏ စစ်မှန်သော ဓားတာအိုပေပင်။

ထိုစဉ် ချင်းတန်သည်လည်း ခြောက်စက္ကန့်ဖြင့် ရှန့်ထျန်းချွယ်ကို ဖမ်းမိကာ တာအိုခန္ဓာကို တစ်စစီဖျက်ဆီးပစ်လိုက်၏။

“ မင်း ... မင်းဘယ်သူလဲ။ ”

ချင်းတန်၏ တိုက်ပွဲဝင်စွမ်းအားသည် သူမျှော်လင့်ထားသည်ထက်များစွာ သာလွန်နေ ချေပြီ။ ထို့ကြောင့် ရှန့်ထန်းချွယ်ဝိညာဉ်သည် ထိတ်လန့်တကြား မေးမြန်းလိုက်၏။

တစ်ဖက်လူ၏ မူလကို မသိမရမချင်း သူ့ဝိညာဉ်ငြိမ်းချမ်းမည်မဟုတ်ချေ။ ချင်းတန်မှ ပြုံးလျက် လက်ဝှေ့ရမ်းကာ၊

“ ငါက ကောင်းကင်လှိုဏ်ဂူရဲ့ ... ဆက်ခံသူပါ၊ ငါ့ဆရာရဲ့ နဝမမြောက်တပည့် ဧကရီချင်းတန်ပဲ။ ”

-ဟု ဖြေကြားလိုက်၏။

သူမ အသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေပြီး ရှန့်ထျန်းချွယ်၏စိတ်ဝိညာဉ်ကို သံသယများဖြင့် ပျောက်ကွယ်သွားစေသည်။

အစမှအဆုံးတိုင် စက္ကန့်အနည်းငယ်သာ ကြာချေ၏။ လေထုအလယ် သွေးရနံ့များထုံမွှန်း ကျန်ရစ်ခဲ့တော့သည်။

ချင်းတန်က ကြယ်မြစ်ဂိုဏ်းမှ ကျွမ်းကျင်သူများကို ပုရွက်ဆိတ်သတ်သကဲ့သို့ ဂရုမစိုက်တော့ဘဲ စုရီထံ လှည့်ကြည့်၏။

ထို့နောက် လှပသောမျက်ဝန်းများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ယှက်သန်းလာပြီး တိုးညှင်းသောလေသံဖြင့် မေးမြန်းလိုက်တော့သည်။

“ ဆရာ ... ဒါက ဒီတပည့်ပေးတဲ့ စတုတ္ထမြောက်အံ့သြဖွယ်ရာ လက်ဆောင်ပါပဲ ဆရာကျေနပ်ရဲ့လား။ ”

***

All Chapters